အခန်း (၃) - မယ်လီဆာ (Melissa)
သူ၏ အစီအစဉ်ကို အတည်ပြုပြီးနောက်၊ ကျိုးမင်ရွီသည် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တစ်ခု ရသွားသကဲ့သို့ ချက်ချင်း ခံစားလိုက်ရသည်။ သူ၏ ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများအားလုံးသည် စိတ်၏ ထောင့်တစ်နေရာသို့ လွင့်စင်သွားခဲ့သည်။ ထိုအခါမှသာ ကလိုင်း၏ မှတ်ဉာဏ်အပိုင်းအစများကို သေသေချာချာ လေ့လာရန် စိတ်ကူးရတော့သည်။
ကျိုးမင်ရွီသည် အကျင့်ပါနေသည့်အတိုင်း မတ်တပ်ရပ်ကာ ပိုက်၏ အဆို့ရှင်ကို ပိတ်လိုက်သည်။ နံရံကပ်မီးခွက်၏ မီးတောက် တဖြည်းဖြည်း မှေးမှိန်သွားပြီး ငြိမ်းသွားသည်အထိ ကြည့်နေပြီးနောက် သူ ပြန်ထိုင်လိုက်သည်။
သူသည် မသိစိတ်ဖြင့် ခြောက်လုံးပူးသေနတ်၏ ကြေးဝါရောင် ကျည်အိမ်ကို ကစားနေရင်း၊ သူ၏ ခေါင်းဘေးဘက်ကို တေ့ပြီးချိန်ထားလိုက်သည်။ ရုပ်ရှင်ရုံထဲမှ အာရုံအစိုက်ဆုံး ပရိသတ်တစ်ဦးကဲ့သို့ ကြက်သွေးရောင်လွှမ်းနေသော အမှောင်ထုထဲတွင် သူ၏ မှတ်ဉာဏ်များကို ဖြည်းညှင်းစွာ ပြန်လည် ဖော်ထုတ်လိုက်သည်။
ခေါင်းကို ကျည်ဆန် ဖောက်ထွင်းသွားခြင်း၏ အကျိုးဆက်ကြောင့် ဖြစ်နိုင်သည်၊ ကလိုင်း၏ မှတ်ဉာဏ်များသည် ကွဲကြေနေသော ဖန်စများနှင့် တူနေသည်။ မှတ်ဉာဏ်များမှာ ဆက်စပ်မှုမရှိသည့်အပြင်၊ သိသိသာသာ ပျောက်ဆုံးနေသော နေရာများစွာလည်း ရှိနေသည်။ ဥပမာအားဖြင့်၊ ဤသေသပ်လှပသော ခြောက်လုံးပူးသေနတ်က သူ၏ လက်ဝယ်သို့ မည်သို့ ရောက်ရှိလာသနည်း၊ သူ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာလား သို့မဟုတ် အသတ်ခံခဲ့ရတာလား၊ မှတ်စုစာအုပ်ပေါ်ရှိ ‘ကျွန်တော်အပါအဝင် လူတိုင်း သေရမှာပဲ’ ဆိုသည့် စာသား၏ အဓိပ္ပာယ်၊ သို့မဟုတ် ဖြစ်စဉ်မတိုင်မီ နှစ်ရက်အလိုက သူ တစ်ခုခု ထူးဆန်းသည်များတွင် ပါဝင်ပတ်သက်ခဲ့သလား စသည့် မှတ်ဉာဏ်များ ဖြစ်သည်။
ဤမှတ်ဉာဏ် အပိုင်းအစများ ကွဲအက်နေရုံသာမက၊ ပျောက်ဆုံးနေသော အစိတ်အပိုင်းများလည်း ရှိနေသေးသည်။ သူ သိသင့်သိထိုက်သော ဗဟုသုတများနှင့် ပတ်သက်၍လည်း ထိုနည်းတူပင် ဖြစ်သည်။ လက်ရှိ အခြေအနေများအရ၊ အကယ်၍ ကလိုင်းသာ တက္ကသိုလ်သို့ ပြန်သွားရမည်ဆိုလျှင် သူ ဘွဲ့ရရန် မဖြစ်နိုင်တော့ကြောင်း ကျိုးမင်ရွီ ယုံကြည်သည်။ ၎င်းမှာ လွန်ခဲ့သော ရက်အနည်းငယ်ကမှ သူသည် တစ်ခါမှကို အနားမယူခဲ့ဘဲ ကျောင်းဝင်းထဲမှ ထွက်ခွာလာခဲ့ခြင်း ဖြစ်သော်လည်း သူက နောက် နှစ်ရက် နေရင် တင်ဂန် တက္ကသိုလ် သမိုင်းဌာနရဲ့ လူတွေ့စစ်ဆေးပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လိုသေးတယ်... လိုအန် ဘုရင့်နိုင်ငံရဲ့ တက္ကသိုလ်ဘွဲ့ရတွေမှာ ကိုယ့်မိခင်တက္ကသိုလ်မှာ ဆက်နေတဲ့ အစဉ်အလာ မရှိဘူး... သူ့ရဲ့ လမ်းညွှန်ဆရာက တင်ဂန် တက္ကသိုလ်နဲ့ ဘက်ခ်လန်း တက္ကသိုလ်တွေအတွက် ထောက်ခံစာတစ်စောင် ပေးထားတယ်...
...
ပြတင်းပေါက်မှတစ်ဆင့်၊ ကျိုးမင်ရွီသည် အနောက်ဘက်သို့ ဝင်သွားသော လမင်းနီကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ လမင်းကြီး တဖြည်းဖြည်း ဝင်သွားမှုမှသည် အရှေ့ဘက်မှ မှိန်ပျပျ အလင်းရောင်များ ထွက်ပေါ်လာပြီး မိုးကုတ်စက်ဝိုင်းကို ရွှေရောင်လွှမ်းသွားစေသည်အထိ ဆက်လက်ဖြစ်ပေါ်နေသည်။
ထိုအချိန်တွင် တိုက်ခန်းအတွင်း၌ ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။ မကြာမီတွင် သူ၏ တံခါးဆီသို့ ခြေသံများ နီးကပ်လာသည်။
"မယ်လီဆာ နိုးပြီပဲ... သူမက အမြဲတမ်း အချိန်တိကျတာပဲ။" ကျိုးမင်ရွီ ပြုံးလိုက်သည်။ ကလိုင်း၏ မှတ်ဉာဏ်များကြောင့်၊ မယ်လီဆာကို မြင်လိုက်ရခြင်းက သူမသည် တကယ်ပင် သူ၏ ညီမလေးဖြစ်သည်ဟု ခံစားရစေသည်။
ဒါပေမယ့် ငါ့ရဲ့တကယ့် ဘဝမှာတုန်းက ညီမလေးမှ မရှိတာ...
မယ်လီဆာသည် ဘင်ဆင်၊ ကလိုင်းတို့နှင့် မတူပေ။ သူမ၏ အခြေခံပညာရေးကို “ထာဝရ ညနတ်ဘုရားမ” ကျောင်းတော်မှ ဖွင့်လှစ်သော တနင်္ဂနွေကျောင်း အတန်းများတွင် သင်ယူခဲ့ခြင်း မဟုတ်ပေ။ သူမ ကျောင်းနေအရွယ်သို့ ရောက်သောအခါ၊ လိုအန် ဘုရင့်နိုင်ငံသည် ‘အခြေခံပညာရေးဥပဒေ’ ကို ပြဋ္ဌာန်းခဲ့သည်။ မူလတန်းနှင့် အလယ်တန်း ပညာရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး ရန်ပုံငွေ အထူးထောက်ပံ့ပေးခဲ့သဖြင့်၊ ပညာရေးတွင် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလာခဲ့သည်။
သုံးနှစ်မပြည့်မီ အချိန်အတွင်း ဘုရားကျောင်းများစွာကို ပေါင်းစည်းမည့် အခြေအနေအောက်တွင်၊ ဘာသာရေးအရ ကြားနေရေးမူဝါဒကို တင်းကြပ်စွာ ထိန်းသိမ်းရန် အစိုးရ မူလတန်းကျောင်းများစွာကို တည်ထောင်ခဲ့သည်။ ဤသည်မှာ ပညာရေးကို မုန်တိုင်းသခင်(Lord of Storms)၊ ထာဝရည နတ်ဘုရားမ(Evernight Godness) နှင့် ရေနွေးငွေ့နှင့် စက်ပစ္စည်းများရဲ့ ဘုရားသခင် (God of Steam and Machinery) တို့အကြား ပဋိပက္ခများတွင် ပါဝင်ပတ်သက်မှုမှ တားဆီးရန် ဖြစ်သည်။ တစ်ပတ်လျှင် ကြေးနီပဲနိ တစ်ပြားသာ ကျသင့်သော တနင်္ဂနွေကျောင်းနှင့် နှိုင်းယှဉ်ပါက၊ တစ်ပတ်လျှင် သုံးပင့်စ် ကျသင့်သော အစိုးရ မူလတန်းကျောင်းစရိတ်မှာ အနည်းငယ်ဈေးကြီးပုံပေါ်သည်။ သို့ရာတွင်၊ ရှေ့တစ်ခုက တနင်္ဂနွေနေ့တိုင်းသာ ပညာသင်ကြားပေးပြီး၊ နောက်တစ်ခုက တစ်ပတ်လျှင် ခြောက်ရက် အတန်းများ သင်ကြားပေးသည်။ အချုပ်အားဖြင့်ဆိုရသော်၊ ဈေးနှုန်းမှာ အလွန်သက်သာလှသဖြင့် အခမဲ့နီးပါး ဖြစ်နေသည်။
မယ်လီဆာသည် အခြားမိန်းကလေးအများစုနှင့် မတူပေ။ ငယ်စဉ်ကတည်းက သူမသည် ဂီယာများ၊ စပရိန်များနှင့် ဘောလ်ဘယ်ရင်များ ကဲ့သို့သော အရာများကို နှစ်သက်ခဲ့သည်။ သူမ၏ ရည်မှန်းချက်မှာ ရေနွေးငွေ့သုံးစက်တွေပြင်တဲ့ အပြင်ဆရာ တစ်ဦးဖြစ်လာရန် ဖြစ်သည်။ ပညာရေး အားနည်းခြင်း၏ ဆိုးကျိုးကို ခံစားခဲ့ရဖူးပြီး ပညာရေး၏ အရေးပါမှုကို သိသော ဘင်ဆင်သည်၊ ကလိုင်း၏ တက္ကသိုလ်ပညာရေးကို ပံ့ပိုးပေးခဲ့သကဲ့သို့ သူ၏ ညီမဖြစ်သူ၏ အိပ်မက်များကိုလည်း ပံ့ပိုးပေးခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ၊ တင်ဂန် နည်းပညာကျောင်းသည် အလယ်တန်းပညာရေးအဖြစ်သာ သတ်မှတ်ခံရသည်။ သူမအနေဖြင့် ဗဟုသုတများ ပိုမိုရရှိရန် ဘာသာစကားကျောင်း သို့မဟုတ် အစိုးရကျောင်းသို့ တက်ရောက်ရန် မလိုအပ်ပေ။ ယမန်နှစ် ဇူလိုင်လတွင်၊ အသက်ဆယ့်ငါးနှစ်အရွယ် မယ်လီဆာသည် ဝင်ခွင့်စာမေးပွဲများကို အောင်မြင်ခဲ့ပြီး တင်ဂန် နည်းပညာကျောင်း၏ ရေနွေးငွေ့နှင့် စက်ပစ္စည်းဌာနတွင် ကျောင်းသူတစ်ဦး ဖြစ်လာရန် သူမ၏ အိပ်မက်များကို အကောင်အထည်ဖော်နိုင်ခဲ့သည်။ ထို့ကြောင့် သူမ၏ အပတ်စဉ် ကျောင်းလခသည် ကိုးပင့်စ် ( penny/pence - အင်္ဂလိပ်စကားပြောနိုင်ငံတွေမှာ အသေးငယ်ဆုံးသော ငွေကြေးယူနစ်, ဥပမာ ကိုးပင့်စ် ဆိုတာ မြန်မာဆိုရင် ၉ပြားစေ့ ကိုဆိုလိုခြင်းဖြစ်သည်။ ) အထိ တက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ဘင်ဆင်၏ ကုမ္ပဏီသည် တောင်ပိုင်းတိုက်ကြီး ရှိ အခြေအနေများကြောင့် ထိခိုက်မှုရှိခဲ့သည်။ အမြတ်အစွန်းနှင့် စီးပွားရေး အရောင်းအဝယ် နှစ်ခုစလုံး သိသိသာသာ ကျဆင်းသွားခဲ့သည်။ ဝန်ထမ်း သုံးပုံတစ်ပုံကျော်ကို အလုပ်ဖြုတ်ခဲ့သည်။ သူ၏ အလုပ်ကို ဆက်လက်ထိန်းသိမ်းရန်နှင့် သူတို့၏ စားဝတ်နေရေးကို ဖြေရှင်းနိုင်ရန်အတွက်၊ ဘင်ဆင်သည် ပိုမိုပင်ပန်းခက်ခဲသော အလုပ်များကိုသာ လက်ခံနိုင်ခဲ့သည်။ သူသည် အချိန်ပိုများကို မကြာခဏ ဆင်းရခြင်း သို့မဟုတ် ကြမ်းတမ်းသော ပတ်ဝန်းကျင်ရှိသည့် နေရာများသို့ သွားရောက်ရခြင်းများ ရှိလာသည်။ ၎င်းမှာ လွန်ခဲ့သော ရက်အနည်းငယ်က သူ အလုပ်ရှုပ်နေခဲ့သော အကြောင်းအရင်းပင်ဖြစ်သည်။
ကလိုင်းအနေဖြင့် သူ၏ အစ်ကိုကြီး၏ ဝန်ထုပ်ဝန်ပိုးကို ကူညီမျှဝေရန် မတွေးခဲ့သည်တော့ မဟုတ်ပေ၊ သို့သော် သာမန်လူတန်းစားမှ မွေးဖွားလာပြီး သာမန် ဘာသာစကားကျောင်းတစ်ခုသို့ တက်ရောက်ခဲ့ရသူဖြစ်ရာ၊ တက္ကသိုလ်သို့ ဝင်ရောက်ချိန်တွင် သူသည် ကြီးမားသော စိတ်မလုံမှုခံစားချက်ကို ခံစားခဲ့ရသည်။ ဥပမာအားဖြင့်၊ မြောက်ပိုင်းတိုက်ကြီးရှိ ဘာသာစကားအားလုံး၏ မြစ်ဖျားခံရာဖြစ်သော ရှေးဟောင်း ဖေးဆက် ဘာသာစကားကို မူးမတ်များနှင့် သူဌေးလူတန်းစားများ၏ ကလေးငယ်များအားလုံး ငယ်စဉ်ကတည်းက သင်ယူခဲ့ကြသည်။ ဆန့်ကျင်ဘက်အားဖြင့်၊ သူသည် တက္ကသိုလ်ရောက်မှသာ ၎င်းနှင့် ပထမဆုံးအကြိမ် ထိတွေ့ခဲ့ရသည်။ သူ၏ ကျောင်းသားဘဝတစ်လျှောက်လုံးတွင် အလားတူ အခြေအနေများစွာကို ရင်ဆိုင်ခဲ့ရသည်။ ကလိုင်းသည် အစွမ်းကုန် နီးပါး ကြိုးစားခဲ့ပြီး အခြားသူများကို မီအောင် အနိုင်နိုင် လိုက် နိုင်ရန်အတွက် ညဥ့်နက်သည်အထိ နေကာ ကြိုစားသည့်အပြင် မနက်စောစော ထပြီး ကြိုးစားသော်လည်း နောက်ဆုံးတွင် သူ့ကို သာမန် ရလဒ်များဖြင့်သာ ဘွဲ့ရရှိစေ ခဲ့သည်။
သူ၏ အစ်ကိုကြီးနှင့် ညီမလေးအကြောင်း မှတ်ဉာဏ်များသည် တံခါးလက်ကိုင်ကို ဖွင့်လိုက်သည်အထိ ကျိုးမင်ရွီ၏ စိတ်ထဲတွင် လှုပ်ရှားနေဆဲဖြစ်သည်။ ထိုအခါမှသာ သူ လန့်နိုးလာပြီး သူ၏ လက်ထဲတွင် ခြောက်လုံးပူးသေနတ် ကိုင်ထားကြောင်း သတိရသွားသည်။
ဒါက ကန့်သတ်ထားတဲ့ ပစ္စည်းပဲ! ကလေးတွေကို လန့်သွားစေလိမ့်မယ်! ပြီးတော့ ငါ့ခေါင်းပေါ်မှာ ဒဏ်ရာက ရှိနေသေးတယ်!
မယ်လီဆာက အချိန်မရွေး ရောက်လာနိုင်သဖြင့်၊ ကျိုးမင်ရွီသည် သူ၏ နားထင်ကို ဖိကာ စားပွဲအံဆွဲကို ကမန်းကတမ်း ဆွဲဖွင့်လိုက်ပြီး သေနတ်ကို ပစ်ထည့်ကာ ဆောင့်ပိတ်လိုက်သည်။
"ဘာဖြစ်တာလဲ" ဆူညံသံကို ကြားသောအခါ မယ်လီဆာက စပ်စုလိုစိတ်ဖြင့် ကြည့်လိုက်သည်။
သူမသည် လူငယ်ဘဝ၏ အကောင်းဆုံး အချိန်တွင် ရှိနေဆဲဖြစ်သည်။ အာဟာရပြည့်ဝသော အစားအစာများ သိပ်မစားရသဖြင့် သူမ၏ မျက်နှာမှာ ပိန်ပါးပြီး အနည်းငယ် ဖြူရော်နေသော်လည်း၊ သူမ၏ အသားအရေမှာ တောက်ပနေဆဲဖြစ်ပြီး မိန်းမပျိုလေးတစ်ဦး၏ အငွေ့အသက်များကို ထုတ်လွှင့်နေသည်။
ကျိုးမင်ရွီသည် သူ၏ ညီမလေး၏ အညိုရောင် မျက်လုံးများက လှမ်းကြည့်နေသည်ကို မြင်သောအခါ၊ မိမိကိုယ်ကို အတင်းတည်ငြိမ်အောင်ထားပြီး လက်ဘေးရှိ ပစ္စည်းတစ်ခုကို ကောက်ကိုင်လိုက်ကာ ခြောက်လုံးပူးသေနတ် ရှိနေခြင်းကို ဖုံးကွယ်ရန် အံဆွဲကို တည်ငြိမ်စွာ ပိတ်လိုက်သည်။ သူ၏ အခြားလက်တစ်ဖက်ကို နားထင်ပေါ် တင်လိုက်ရာ၊ ထိတွေ့မှုအရ ဒဏ်ရာ ပျောက်ကင်းသွားပြီဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်!
သူသည် ငွေရောင် စပျစ်နွယ်ရွက်ပုံ အိတ်ဆောင်နာရီကို ထုတ်ယူလိုက်ပြီး အပေါ်ပိုင်းကို ညင်သာစွာ ဖိလိုက်ရာ ၎င်း၏ အဖုံး ပွင့်သွားသည်။ အထဲမှာတော့ မောင်နှမများ၏ ဖခင်ပုံဖြစ်သည်။ တော်ဝင်တပ်မတော် တပ်ကြပ်ကြီး ချန်ရစ်ခဲ့သော အဖိုးတန်ဆုံး ပစ္စည်း ဖြစ်သည်။ သို့သော် တစ်ပတ်ရစ် ပစ္စည်းဖြစ်သောကြောင့်၊ မကြာသေးမီ နှစ်များအတွင်း နာရီပြင်ဆရာကို ပြင်ခိုင်းခဲ့သော်လည်း အခါအားလျော်စွာ ချို့ယွင်း လေ့ရှိသည်။ သူ၏ အဆင့်အတန်းကို မြှင့်တင်ရန် ၎င်းကို ယူဆောင်သွားလေ့ရှိသော ဘင်ဆင်ကို အကြိမ်များစွာ အရှက်ရစေခဲ့သဖြင့်၊ အဆုံးတွင် ၎င်းကို အိမ်၌သာ ပစ်ထားခဲ့သည်။
မယ်လီဆာ သည် စက်ပစ္စည်းပိုင်းတွင် ပါရမီပါသည်ဟု ဆိုရမည်ဖြစ်သည်။ နာရီ၏ အလုပ်လုပ်ပုံ သဘောတရားများကို နားလည်ပြီးနောက်၊ သူမသည် နည်းပညာကျောင်းမှ ကိရိယာများကို ငှားရမ်းကာ အိတ်ဆောင်နာရီကို ကလိခဲ့သည်။ မကြာသေးမီက၊ သူမက ၎င်းကို ပြင်ဆင်ပြီးပြီဟုပင် ဆိုခဲ့သေးသည်!
ကျိုးမင်ရွီသည် နာရီ၏ ပွင့်နေသော အဖုံးကို ကြည့်လိုက်ရာ စက္ကန့်လက်တံ မလှုပ်ရှားနေသည်ကို မြင်လိုက်ရသည်။ မသိစိတ်အရ သူသည် အိတ်ဆောင်နာရီကို သော့ပေးရန် အပေါ်ခလုတ်ကို လှည့်လိုက်သည်။ သို့သော် အကြိမ်အနည်းငယ် လှည့်လိုက်သော်လည်း တင်းနေသော စပရိန်သံကို မကြားရပေ။ စက္ကန့်လက်တံသည် ငြိမ်သက်နေဆဲပင်။
"ပြန်ပျက်သွားပြန်ပြီ ထင်တယ်။" သူက စကားစပ်ရန် ကြိုးစားရင်း သူ၏ ညီမကို ကြည့်လိုက်သည်။
မယ်လီဆာသည် သူ့ကို ခံစားချက်ကင်းမဲ့သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး အိတ်ဆောင်နာရီကို ယူရန် သွက်လက်စွာ လျှောက်လာခဲ့သည်။ သူမသည် ထိုနေရာတွင် ရပ်ကာ အိတ်ဆောင်နာရီ အပေါ်ရှိ ခလုတ်ကို အပေါ်သို့ ဆွဲတင်လိုက်သည်။ ရိုးရှင်းသော လှည့်ကွက် အနည်းငယ်ဖြင့်၊ စက္ကန့်လက်တံ၏ တောက်-တောက် မြည်သံ ထွက်ပေါ်လာသည်။
ခလုတ်ကို အပေါ်ဆွဲတင်တာက များသောအားဖြင့် အချိန်ညှိဖို့ မဟုတ်ဘူးလား... ကျိုးမင်ရွီ ၏ မျက်နှာထားသည် ချက်ချင်း ဘာမှမသိတော့သလို ဖြစ်သွားသည်။
ထိုအချိန်တွင် ဝေးကွာသော ဘုရားကျောင်းကြီးတစ်ခုမှ ခေါင်းလောင်းသံ ထွက်ပေါ် လာသည်။ ခေါင်းလောင်းသံသည် ခြောက်ချက်မြည်ပြီး ဝေးကွာကာ လွင့်မျော နေသော အသံမျိုး ဖြစ်သည်။ မယ်လီဆာသည် ၎င်းကို နားထောင်ရန် ခေါင်းစောင်းလိုက်ပြီး ခလုတ်ကို ထပ်မံ၍ အပေါ်သို့ ဆွဲတင်လိုက်သည်။ ထို့နောက်၊ အချိန်ကို ကိုက်ညီစေရန် ၎င်းကို လှည့်လိုက်သည်။
"အခု အဆင်ပြေသွားပြီ" ဟု သူမက ခံစားချက်မပါဘဲ ရိုးရိုးလေး ပြောလိုက်သည်။ ထို့နောက် အပေါ်ခလုတ်ကို ပြန်ဖိချလိုက်ပြီး အိတ်ဆောင်နာရီကို ကျိုးမင်ရွီထံ ပြန်ပေးလိုက်သည်။ ကျိုးမင်ရွီသည် ရှက်ရွံ့စွာဖြင့် ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။ မယ်လီဆာသည် သူမ၏ အစ်ကိုကြီးကို စူးရှသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် လှည့်ကာ ဗီရိုဆီသို့ လျှောက်သွားသည်။ သူမသည် ရေချိုးခန်းသုံး ပစ္စည်းများနှင့် တဘက်ကို ယူကာ ထွက်သွားရန် တံခါးကို ဖွင့်လိုက်သည်။ အများသုံး ရေချိုးခန်းဆီသို့ ဦးတည်သွားခဲ့သည်။
ဘာလို့ သူမရဲ့ မျက်နှာအမူအရာက ရှုတ်ချပြီး လက်မြှောက်အရှုံးပေးလိုက်တဲ့ ပုံပေါက်နေရတာလဲ။ အဲဒါက ဉာဏ်ရည်မမီတဲ့ အစ်ကိုတစ်ယောက်အပေါ်ထားတဲ့ အချစ်နဲ့ စိုးရိမ်ပူပန်မှု အကြည့်လား။
ကျိုးမင်ရွီသည် ခေါင်းငုံ့ကာ ရယ်မောလိုက်သည်။ သူသည် ကလစ်ခနဲ မြည်အောင် အိတ်ဆောင်နာရီ၏ အဖုံးကို ပိတ်လိုက်ပြီးနောက် ပြန်ဖွင့်လိုက်သည်။ သူ၏ ပျံ့လွင့်နေသော အတွေးများသည် မေးခွန်းတစ်ခုအပေါ် အာရုံစိုက်နေစဉ် ဤလုပ်ရပ်ကို ထပ်ခါတလဲလဲ လုပ်နေမိသည်။
ကလိုင်းက အသံတိတ်ကိရိယာ မပါဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်။ အင်းလေ၊ လောလောဆယ်တော့ အဲဒါကို သတ်သေတာလို့ပဲ သတ်မှတ်လိုက်မယ်။ သူ သတ်သေခြင်းက တော်တော်လေး ဆူညံသွားစေသင့်တယ်၊ ဒါပေမယ့် နံရံတစ်ချပ်ပဲ ခြားတဲ့ အခန်းမှာနေတဲ့ မယ်လီဆာက လုံးဝ သတိမထားမိခဲ့ဘူး။ သူမ အရမ်း အိပ်မောကျနေတာလား။ ဒါမှမဟုတ် ကလိုင်းရဲ့ သတ်သေမှုက အစကတည်းက လျှို့ဝှက်ချက်တွေနဲ့ ဖုံးလွှမ်းနေတာလား။
ကလစ်! အိတ်ဆောင်နာရီ ကိုဖွင့်လိုက်သည်။
ကလောက်! အိတ်ဆောင်နာရီ ကိုပိတ်လိုက်သည်။
မယ်လီဆာသည် မျက်နှာသစ်ရာမှ ပြန်လာပြီး အိတ်ဆောင်နာရီကို အဆက်မပြတ် ဖွင့်လိုက်ပိတ်လိုက် လုပ်နေသော သူမအစ်ကို၏ မသိစိတ်လုပ်ရပ်ကို မြင်လိုက်ရသည်။ သူမ၏ အကြည့်တွင် စိတ်ပျက်မှုများ ထပ်မံ ဖုံးလွှမ်းသွားပြီး ချိုသာသော အသံဖြင့် ပြောလိုက်သည်၊
"ကလိုင်း၊ ကျန်နေတဲ့ ပေါင်မုန့်တွေ အကုန် ထုတ်လိုက်။ ဒီနေ့ လတ်လတ်ဆတ်ဆတ်တွေ ဝယ်ဖို့ မှတ်ထားဦး။ အသားနဲ့ ပဲတွေလည်း ရှိတယ်။ အစ်ကို့ရဲ့ လူတွေ့စစ်ဆေးပွဲက မကြာခင် ရောက်တော့မယ်။ အစ်ကို့အတွက် သိုးသားနဲ့ ပဲစွပ်ပြုတ် လုပ်ပေးမယ်။"
သူမ ပြောနေစဉ် ထောင့်တစ်နေရာမှ မီးဖိုတစ်ခုကို ဆွဲထုတ်လိုက်သည်။ မီးသွေးအချို့ဖြင့် ရေနွေးအိုးတစ်အိုး တည်လိုက်သည်။ ရေမဆူမီ၊ သူမသည် ဗီရို၏ အောက်ဆုံးအံဆွဲကို ဖွင့်ကာ ရတနာတစ်ခုကဲ့သို့ အဆင့်နိမ့် လက်ဖက်ခြောက်ဘူး တစ်ဘူးကို ထုတ်ယူလိုက်သည်။ သူမသည် လက်ဖက်ခြောက် ဆယ်ရွက်ခန့်ကို အိုးထဲသို့ ပစ်ထည့်လိုက်ပြီး အစစ်အမှန် လက်ဖက်ရည်ကဲ့သို့ ဟန်ဆောင်လိုက်သည်။
မယ်လီဆာသည် လက်ဖက်ရည် ခွက်ကြီး နှစ်ခွက်ကို ငှဲ့လိုက်ပြီး ကျိုးမင်ရွီနှင့်အတူ ရိုင်းပေါင်မုန့် နှစ်ချပ်ကို လက်ဖက်ရည်နှင့် တွဲဖက် စားသောက်ခဲ့သည်။
လွှစာမှုန့်တွေ သို့မဟုတ် ဂျုံမှုန့် ဂလူတန် တွေ အလွန်အကျွံ မရောထားပေမယ့်၊ စားချင်စရာတော့ မကောင်းဘူး...
ကျိုးမင်ရွီသည် အားနည်းနေဆဲဖြစ်ပြီး အလွန်ဆာလောင်နေသည်။ သူသည် စိတ်ထဲမှ ညည်းညူနေရင်း ပေါင်မုန့်ကို လက်ဖက်ရည်နှင့်အတူ မျိုချရန် အတင်းကြိုးစားခဲ့သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် မယ်လီဆာ စားသောက်ပြီးစီးသွားသည်။ သူမ၏ အင်္ကျီလက်ပြတ်အထိ ရောက်နေသော ဆံပင်အနက်ရောင်ကို သပ်ရပ်အောင် လုပ်ပြီးနောက်၊ ကျိုးမင်ရွီကို ကြည့်ကာ ပြောလိုက်သည်၊
"ပေါင်မုန့် ကို လတ်လတ်ဆက်ဆက်ရွေးပြီး ဝယ်ဖို့ သတိရနော်။ ရှစ်ပေါင်ပဲ လိုတယ်။ ရာသီဥတုက ပူတော့ ပေါင်မုန့်က အလွယ်တကူ သိုးသွားလိမ့်မယ်။ ပြီးတော့ သိုးသားနဲ့ ပဲတွေလည်း ဝယ်ခဲ့။ ဝယ်ဖို့ မမေ့နဲ့နော်!"
တကယ်ပဲ၊ သူမက သူမရဲ့ ထုံထိုင်းတဲ့ အစ်ကိုအတွက် စိုးရိမ်ပူပန်မှု ပြသနေတာပဲ။ သူမက အလေးပေးဖို့အတွက် နောက်တစ်ကြိမ်တောင် ထပ်ပြောရသေးတယ်...
ကျိုးမင်ရွီ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ။"
လိုအန် ဘုရင့်နိုင်ငံ၏ ပေါင် အလေးချိန် အတိုင်းအတာနဲ့ပတ်သက်၍၊ ကျိုးမင်ရွီသည် ကလိုင်း၏ ကြွက်သားမှတ်ဉာဏ် (Muscle Memory) ကို သူ၏ ကိုယ်ပိုင် အသိနှင့် ညှိကြည့်လိုက်သည်။ ၎င်းမှာ သူအရင်ဘဝထဲက ရင်းနှီးကျွမ်းဝင်သော ကီလိုဂရမ် တစ်ဝက်ခန့်နှင့် နီးစပ်သည်ဟု သူ ခန့်မှန်တွက်ဆလိုက်သည်။
မယ်လီဆာသည် ဆက်၍ ဘာမျှ မပြောတော့ပေ။ သူမ မတ်တပ်ရပ်ပြီး နေရာကို ရှင်းလင်းလိုက်သည်။ နေ့လယ်စာအတွက် နောက်ဆုံးကျန်သော ပေါင်မုန့်အပိုင်းအစကို ထုပ်ပိုးပြီးနောက်၊ သူမတို့၏ မိခင် ချန်ရစ်ခဲ့သော စုတ်ပြဲနေသည့် မျက်နှာဖုံးဦးထုပ်ကို ဆောင်းလိုက်ပြီး၊ စာအုပ်များနှင့် စာရေးကိရိယာများ ထည့်ရန် သူမကိုယ်တိုင် ချုပ်ထားသော အိတ်ကို ကောက်ကိုင်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ တနင်္ဂနွေနေ့ မဟုတ်သဖြင့်၊ သူမ တက်ရောက်ရမည့် အတန်းများ တစ်နေ့လုံး ရှိနေသည်။ သူတို့၏ တိုက်ခန်းမှ တင်ဂန် နည်းပညာကျောင်းသို့ လမ်းလျှောက်ပါက မိနစ်ငါးဆယ်ခန့် ကြာသည်။ တစ်ကီလိုမီတာလျှင် ပဲနိ တစ်ပြားကျသင့်ပြီး၊ မြို့တွင်း၌ လေးပင့်စ်၊ မြို့စွန်၌ ခြောက်ပင့်စ် ကန့်သတ်ချက်ရှိသော အများပြည်သူသုံး မြင်းလှည်းများ ရှိသည်။ ငွေစုရန်အတွက်၊ မယ်လီဆာသည် အချိန်မတိုင်မီ ကြိုတင်ထွက်ခွာပြီး ကျောင်းသို့ လမ်းလျှောက် သွားလေ့ရှိ သည်။
ပင်မတံခါးကို ဖွင့်လိုက်ပြီးနောက် ခဏအကြာတွင် သူမ ခြေလှမ်းတန့်သွားကာ ကိုယ်ကို တစ်ဝက်လှည့်၍ ပြောလိုက်သည်၊
"ကလိုင်း၊ သိုးသားနဲ့ ပဲတွေကို အများကြီး မဝယ်နဲ့။ ဘင်ဆင်က တနင်္ဂနွေနေ့မှာ ပြန်လာလောက်တယ်။ အော်၊ ပြီးတော့ ပေါင်မုန့် ရှစ်ပေါင်ပဲ လိုတယ်ဆိုတာ သတိရနော်။"
"ကောင်းပါပြီ။ စိတ်ချပါ" ဟု ကျိုးမင်ရွီသည် စိတ်ပျက်လက်ပျက်ဖြင့် ဖြေလိုက်သည်။
တစ်ချိန်တည်းမှာပင်၊ သူ၏ စိတ်ထဲတွင် ‘တနင်္ဂနွေနေ့’ ဟူသော စကားလုံးကို အကြိမ်အနည်းငယ် ထပ်ခါတလဲလဲ ရေရွတ်နေမိသည်။ မြောက်ပိုင်းတိုက်ကြီး တွင်၊ တစ်နှစ်ကို အလားတူပင် ဆယ့်နှစ်လ ခွဲထားသည်။ နှစ်စဉ် ရက်ပေါင်း ၃၆၅ ရက် သို့မဟုတ် ၃၆၆ ရက် ရှိသည်။ တစ်ပတ်ကိုလည်း အလားတူပင် ခုနစ်ရက် ခွဲထားသည်။ လများကို ခွဲခြားခြင်းမှာ နက္ခတ္တဗေဒ လေ့လာတွေ့ရှိချက်များ၏ ရလဒ်ဖြစ်သည်။ ၎င်းက ကျိုးမင်ရွီကို သူသည် အပြိုင်ကမ္ဘာတစ်ခုတွင် ရှိနေသလားဟု သံသယဝင်စေသည်။
ရက်များ ခွဲခြားခြင်းနှင့် ပတ်သက်၍မူ ၎င်းမှာ ဘာသာရေး၏ ရလဒ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းတိုက်တွင် ထာဝရတောက်ပသော နေမင်း၊ မုန်တိုင်းသခင်၊ အသိပညာနှင့် ဉာဏ်ပညာ ဘုရားသခင်၊ ထာဝရညနတ်ဘုရားမ၊ မိခင်ကမ္ဘာမြေ၊ စစ်မက်ဘုရားသခင် နှင့် ရေနွေးငွေ့နှင့် စက်ပစ္စည်း ဘုရားသခင် ဟူသော ရှေးရိုးစဉ်လာ ဘုရားသခင် ခုနစ်ပါး ရှိသောကြောင့် ဖြစ်သည်။
သူ၏ ညီမလေး တံခါးပိတ်ပြီး ထွက်သွားသည်ကို ကြည့်ရင်း၊ ကျိုးမင်ရွီ ရုတ်တရက် သက်ပြင်းချလိုက်သည်။ မကြာမီ သူ၏ အတွေးများသည် သူ့မှတ်ဉာဏ်ထဲမှ ကံကောင်းစေသော ယတြာ(အစီအရင်) အပေါ်သို့ အာရုံရောက်သွားသည်။
“စိတ်မကောင်းပါဘူး၊ ငါ တကယ်ပဲ အိမ်ပြန်ချင်နေပြီ...”