အပိုင်း (၁၁၀) - အတည်ပြုခြင်း
ခေတ္တမျှ စဉ်းစားပြီးနောက် ကလိုင်းသည် တစ်စုံတစ်ခုကို အတည်ပြုရန်အတွက် အိမ်သို့ ပြန်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ 'ကံဆိုးခြင်း အထည်ရုပ်' က ထိုစက္ကူပေါ်မှ ပုံရိပ်ကို သူ့အား တမင်တကာ ပြသခဲ့ခြင်း မဟုတ်ပါက၊ ကပ္ပတိန်နှင့် ကျန်အဖွဲ့သားများသည် သူတို့၏ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများတွင် သဲလွန်စများကို သေချာပေါက် တွေ့ရှိလိမ့်မည်ဟု သူ ယုံကြည်သည်။ ထိုသို့ဆိုလျှင် သူ အစီရင်ခံသည်ဖြစ်စေ၊ မစီရင်ခံသည်ဖြစ်စေ သိပ်ပြီး မထူးခြားတော့ပေ။ သို့သော် ဆန့်ကျင်ဘက်ဖြစ်နေပါက ၎င်းမှာ သေသေချာချာ စဉ်းစားသင့်သော ကိစ္စတစ်ခု ဖြစ်လာမည်။ ၎င်းမှာ ကလိုင်း အတည်ပြုလိုသော အချက်ပင် ဖြစ်သည်။
သူသည် ဒါဖိုဒေးလ် လမ်း သို့ သွားမည့် အများပြည်သူသုံး မြင်းလှည်းကို စီးခဲ့သည်။ သူ အိမ်သို့ ပြန်ရောက်ချိန်တွင် တနင်္ဂနွေနေ့ ဖြစ်သောကြောင့် သူ၏ အစ်ကို ဘင်ဆင်နှင့် ညီမ မယ်လီဆာတို့မှာ မနိုးကြသေးပေ။ ဧည့်ခန်းမှာ မှောင်မိုက်ပြီး တိတ်ဆိတ်နေသည်။ ကလိုင်းသည် ရေနွေးအိုး တည်ကာ လက်ဖက်ခြောက် အနည်းငယ် ထည့်ပြီး ဂျုံပေါင်မုန့်နှင့်အတူ သောက်လိုက်သည်။ ထို့နောက် သူ၏ ကုတ်အင်္ကျီ၊ ဦးထုပ်နှင့် တုတ်ကောက်တို့ကို ကိုင်ကာ လှေကားဆီသို့ လျှောက်သွားခဲ့သည်။ ဆူညံသံ မထွက်စေရန် သူ၏ ခြေလှမ်းများကို မသိစိတ်မှနေ၍ ဖွဖွလေး နင်းသွားခဲ့သည်။
ဒုတိယထပ်သို့ ရောက်ခါနီးတွင် ရေချိုးခန်းတံခါးမှာ ရုတ်တရက် ပွင့်လာပြီး၊ ဂါဝန်အဟောင်းတစ်ထည် ဝတ်ဆင်ထားသော မယ်လီဆာမှာ အိပ်ချင်မူးတူး မျက်နှာဖြင့် ထွက်လာသည်။
"အစ်ကို ပြန်လာပြီလား..." မယ်လီဆာက အိပ်ချင်စူးစူးဖြင့် မျက်လုံးများကို ပွတ်ရင်း မေးသည်။
ကလိုင်းက ပါးစပ်ကို အုပ်ကာ သမ်းလိုက်ပြီး — "အေး... အစ်ကို အိပ်ဖို့ လိုနေပြီ။ နေခင်းစာ မစားခင်အထိ အစ်ကို့ကို မနှိုးနဲ့ဦးနော်"
မယ်လီဆာက တစ်စုံတစ်ခုကို သတိရသွားသဖြင့် ခေါင်းညိတ်ရင်း — "ဘင်ဆင်နဲ့ ကျွန်မက မနက်ပိုင်းမှာ စိန့်စီလီနာ ကက်သီဒရယ် ကို ဆုတောင်းဖို့နဲ့ ဝတ်ပြုပွဲတက်ဖို့ သွားကြမလို့။ နေခင်းစာက နည်းနည်း နောက်ကျနိုင်တယ်"
ထာဝရည နတ်ဘုရားမ ကို အလွန်အမင်း သဒ္ဓါတရား ထက်သန်လှသူများ မဟုတ်ကြသဖြင့်၊ သူမနှင့် ဘင်ဆင်တို့မှာ ဘုရားကျောင်းသို့ နှစ်ပတ်တစ်ကြိမ်သာ သွားကြသူများ ဖြစ်သည်။ ညဥ့်စောင့်ငှက် အဖွဲ့ဝင် ဖြစ်နေသော ကလိုင်းမှာမူ လျှို့ဝှက်အဖွဲ့အစည်း အဖွဲ့ဝင်၏ နောက်ယောင်ခံ လိုက်ခြင်းကို ခံရသည့် နောက်ဆုံးအကြိမ်ကတည်းက ဘုရားကျောင်းအတွင်းသို့ မဝင်ဖြစ်တော့ပေ။
မဟုတ်ဘူး... ငါက နေ့တိုင်း ဘုရားကျောင်းမှာ ရှိနေတာပါ၊ ဘုရားကျောင်းရဲ့ မြေအောက်ခန်းထဲမှာ ရောက်နေတာပဲ ကွာတာ... ကလိုင်းက မသိစိတ်မှနေ၍ မိမိကိုယ်ကိုယ် ခုခံကာကွယ်လိုက်သည်။ နတ်ဘုရားမက သူ့အား ဘာသာမဲ့အတုအယောင်အဖြစ် စွန့်ပစ်လိုက်မှာကို သူ အစိုးရိမ်ဆုံး ဖြစ်သည်။ အကယ်၍ အရေးကြီးသော အချိန်များတွင် သူ၏ မှော်အစီအရင်များက အလုပ်မလုပ်တော့ပါက သူ အကြီးအကျယ် ဒုက္ခရောက်ပေလိမ့်မည်။ သို့သော်လည်း အဘိုးအို နီးလ် အကြောင်းကို ပြန်စဉ်းစားကြည့်လျှင် နတ်ဘုရားမမှာ ညဥ့်စောင့်ငှက် များအပေါ် အတော်လေး ခွင့်လွှတ် နားလည်ပေးပုံရသည်ဟု ကလိုင်းက မိမိကိုယ်ကိုယ် ဖြေသိမ့်လိုက်သည်။
အတွေးများ ဖြတ်သန်းသွားပြီးနောက် သူက မယ်လီဆာကို ကြည့်ကာ ခေါင်းညိတ်ပြုံးပြလိုက်သည်။ "ရပါတယ်... ဒါဆိုရင် အစ်ကို ပိုပြီး အိပ်လို့ ရတာပေါ့"
မယ်လီဆာကို ဖြတ်ကျော်ကာ သူ၏ အိပ်ခန်းထဲသို့ ဝင်ပြီး တံခါးကို သော့ခတ်လိုက်သည်။ ထို့နောက်တွင်မူ သူသည် စိတ်ကို တင်းလိုက်ပြီး မှော်ဓားမြှောင်ကို ထုတ်ကာ ဝိညာဉ်နံရံကို တည်ဆောက်လိုက်သည်။ နာရီလက်တံ ပြောင်းပြန်အတိုင်း လေးလှမ်း လျှောက်ကာ မန္တန်ကို ရွတ်ဆိုရင်း ရူးသွပ်ဖွယ်ရာ ဟိန်းဟောက်သံများကို အံတုကာ မီးခိုးရောင် မြူထုအပေါ်သို့ ရောက်ရှိလာခဲ့သည်။
ပုံရိပ်ယောင် အဆုံးအစမဲ့သော ကမ္ဘာအတွင်း၌ သူသည် ကြေးဝါစားပွဲရှည်ကြီး၏ ထိပ်ဆုံးထိုင်ခုံတွင် ထိုင်နေသော တစ်ဦးတည်းသော ဝိညာဉ်သခင် ဖြစ်သည်။ တစ်မိနစ်ခန့် တိတ်ဆိတ်စွာ နေပြီးနောက် ကလိုင်းသည် ဆိတ်ရေတု စာရွက်တစ်ရွက်ကို ဖန်တီးကာ ဗေဒင်ဟောစာသားကို ရေးသားလိုက်သည်။
"ကံဆိုးခြင်း အထည်ရုပ် ပြသခဲ့သော ပုံရိပ်။"
ပြီးခဲ့သည့်ညက စက္ကူပေါ်က ထူးဆန်းသော ပုံရိပ်ကို ခဏတာ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသော်လည်း၊ သူ၏ စိုးရိမ်စိတ်ကြောင့် ပုံရိပ်၏ အကြမ်းဖျင်း ပုံဏ္ဍာန်ကိုသာ မှတ်မိခဲ့ခြင်း ဖြစ်သည်။ သို့သော် ဗေဒင်ဆရာ တစ်ဦးအတွက်မူ ၎င်းမှာ ပြဿနာ မဟုတ်ပေ။ သူ မှတ်မိနေသော၊ တစ်ခါမြင်ဖူးသော မည်သည့်အရာကိုမဆို သူ ပြန်လည် ဖော်ထုတ်နိုင်သည်။
mysticism သီအိုရီအရ၊ လူတစ်ယောက်၏ ဝိညာဉ်စွမ်းအားသည် သူ မြင်တွေ့ခဲ့ရသမျှ အရာအားလုံးကို မှတ်မိနေနိုင်စွမ်း ရှိသည်။ သင့်တော်သော နည်းလမ်းကို အသုံးပြုနိုင်သရွေ့ သူ မြင်ချင်သော မြင်ကွင်းကို အချိန်မရွေး ပြန်လည် ဖော်ထုတ်နိုင်သည်။ ဝိညာဉ်ကြားခံပုဂ္ဂိုလ် ဒါလီ က စိတ်ပညာ အဂ္ဂိရတ်ဆရာများ အကြောင်း ဖော်ပြခဲ့သော သီအိုရီမှာ မှန်ကန်သည်ဟု ကလိုင်း ခံစားရသည်။ လူသားတို့၏ မှတ်ဉာဏ်ဆိုသည်မှာ ပင်လယ်ရေပြင်ပေါ်တွင် ပေါ်ထွက်နေသော ကျွန်းငယ်လေးများသာ ဖြစ်ပြီး၊ ၎င်းမှာ များပြားလှသော အချက်အလက်များကို မထိန်းထားနိုင်ပေ။ သို့သော် လူတစ်ယောက်၏ ဝိညာဉ်အနှစ်သာရသည် အချက်အလက် အများစုကို မှတ်သားထားပြီး ၎င်းတို့ကို မသိစိတ် (subconscious) အဖြစ် ပြောင်းလဲလိုက်ကာ ပင်လယ်ပြင်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ ဝိညာဉ်စွမ်းအား ဆိုသည်မှာမူ ပင်လယ်ပြင်ကြီးတစ်ခုလုံး မဟုတ်လျှင်တောင်မှ ကျွန်းငယ်လေးကို ဝန်းရံထားသော ပင်လယ်ပြင် ဒေသတစ်ခုလုံး ပါဝင်နေသည် မဟုတ်ပါလား။
ဗေဒင်ဟော မန္တန်ကို ရွတ်ဆိုပြီးနောက် ကလိုင်းသည် နောက်သို့ မှီချကာ အာရုံခံစားမှု (Cogitation) မှတစ်ဆင့် အိပ်စက်ခြင်းသို့ ဝင်ရောက်လိုက်သည်။
ဝေဝါးပြီး တွန့်လိမ်နေသော ကမ္ဘာအတွင်း၌၊ သူသည် ချားနစ်စ် တံခါး ကြီးမှာ နောက်တစ်ကြိမ် အက်ကွဲ ပွင့်သွားသည်ကို မြင်တွေ့ရပြီး လေးလံသော ပွတ်တိုက်သံများကို ကြားလိုက်ရသည်။ အနက်ရောင် တော်ဝင်ဝတ်စုံဝတ် အထည်ရုပ်လေးမှာ တံခါးအဟအတွင်းသို့ တိုးဝင်လာပြီး၊ ၎င်းကိုင်ထားသော စက္ကူစကို ဖြန့်ပြလိုက်သည်။ ထိုစက္ကူပေါ်တွင် ထူးဆန်းသော သင်္ကေတများစွာမှာ စုပေါင်းလျက် ဒေါင်လိုက် မျက်လုံး တစ်ခုအဖြစ် ဖြစ်တည်နေသည်။
ကလိုင်းသည် ထိုပုံရိပ်ကို သေသေချာချာ အကဲခတ်ပြီးနောက် အိပ်မက်မှ ထွက်လာခဲ့သည်။ ၎င်းနောက် မီးခိုးရောင် မြူထုအပေါ်က ကမ္ဘာ၏ ထူးခြားမှုနှင့် မပြယ်လွင့်သေးသော မှတ်ဉာဏ်တို့၏ အကူအညီဖြင့် ထိုပုံရိပ်ကို ညိုဝါရောင် စက္ကူပေါ်တွင် ဖော်ထုတ်လိုက်သည်။ ထိုဒေါင်လိုက် မျက်လုံးမှာ သူ့အား မကောင်းဆိုးဝါးဆန်ဆန်နှင့် လျှို့ဝှက်ဆန်းကြယ်စွာ မော့ကြည့်နေသည်။
ကလိုင်းက စဉ်းစားပြီးနောက် မျက်လုံးပုံရိပ်၏ အောက်တွင် — "ဒါဟာ အန်တီဂိုနပ်စ် မိသားစု ချန်ထားခဲ့တဲ့ ရတနာရဲ့ သော့ချက်ပဲ" ဟု ရေးသားလိုက်သည်။
ဘောပင်ကို အောက်ချကာ သူ၏ လက်မောင်းစွပ်အတွင်း၌ ပတ်ထားသော ငွေရောင်ချိန်သီးကို ဖြုတ်လိုက်သည်။ သူသည် ဘယ်လက်ဖြင့် ကိုင်ထားရာ ဥဿဖရားချိန်သီးမှာ ဗေဒင်ဟောစာသားနှင့် ထူးဆန်းသော ဒေါင်လိုက် မျက်လုံးပုံရိပ်၏ အပေါ်တွင် တည်ငြိမ်စွာ တွဲလောင်းကျနေသည်။
ကလိုင်း မျက်လုံးမှိတ်ကာ စိတ်ကို ကြည်လင်အောင် ထားပြီး ထိုစာသားကို ရွတ်ဆိုလိုက်သည်။ ခုနစ်ကြိမ် ပြည့်ပြီးနောက် မျက်လုံးဖွင့်ကြည့်လိုက်ရာ ဥဿဖရားလေးမှာ ငွေကြိုးနှင့်အတူ နာရီလက်တံအတိုင်း စက်ဝိုင်းငယ်လေးများ ဆွဲကာ လည်ပတ်နေသည်ကို တွေ့လိုက်ရသည်။
၎င်းမှာ — အတည်ပြုခြင်း ပင် ဖြစ်သည်။
ဒေါင်လိုက် မျက်လုံးပုံရိပ်က တကယ်ပဲ အန်တီဂိုနပ်စ် မိသားစု ချန်ထားခဲ့တဲ့ ရတနာရဲ့ သော့ချက်ပဲပေါ့... ကလိုင်းသည် တွေးတောရင်း ခေါင်းညိတ်လိုက်သည်။ သူသည် ကြေးဝါစားပွဲအစွန်းကို လက်ချောင်းများဖြင့် ပုတ်ရင်း မိမိဘာသာ တီးတိုး ပြောလိုက်သည်မှာ —
"ရေး ဘီဘာ သေဆုံးသွားလို့ အန်တီဂိုနပ်စ် မိသားစုရဲ့ သွေးသားရင်းချာ တစ်ယောက်မှ မကျန်တော့ဘူး။ ဒါကြောင့် မှတ်စုစာအုပ်က အဲဒီစာအုပ်နဲ့ ထိတွေ့ခဲ့ပေမဲ့ အသက်ရှင်ကျန်နေတဲ့ ဗေဒင်ဆရာ ဖြစ်တဲ့ ငါ့ကိုပဲ အမွေဆက်ခံသူအဖြစ် သတ်မှတ်လိုက်တာလား?
"အဲဒါကြောင့်ပဲ ၃-၀၆၂၅ ကို လွှမ်းမိုးပြီး ရတနာရဲ့ သော့ချက်ကို အဲဒီအရုပ်ဆီမှာ ထားခဲ့တာလား၊ ပြီးတော့ ငါ ချားနစ်စ် တံခါး မှာ တာဝန်ကျတဲ့ အချိန်ကျမှ ငါ့ကို လာပြတာလား?
"ယုတ္တိပိုင်းအရတော့ ပြဿနာ မရှိသလိုပဲ၊ ဒါပေမဲ့ တစ်ခုခုကတော့ ယုံရခက်နေတုန်းပဲ။ မှတ်စုစာအုပ်က အန်တီဂိုနပ်စ် မိသားစုရဲ့ သွေးသားရင်းချာ မရှိတော့ဘူးဆိုတာကို ဘယ်လိုများ သေချာနေတာလဲ?
"ပြီးတော့ ငါက အဲဒီမိသားစုနဲ့ လုံးဝ မသက်ဆိုင်ဘူးလေ... အကယ်၍ ငါသာ သူတို့ရဲ့ သွေးသားဆိုရင် မူရင်းကလိုင်းက အစကတည်းက ကိုယ့်ကိုယ်ကိုယ် သတ်သေမှာ မဟုတ်ဘူး။
"အင်း... ဒီအကြောင်းကို ကပ္ပတိန် နဲ့ အဖွဲ့ဝင်တွေကို ပြောပြလို့ ရမလား တစ်ချက် ကြည့်ရဦးမယ်"
ကလိုင်းသည် အန်တီဂိုနပ်စ် မိသားစု၏ ရတနာ တည်ရှိရာ နေရာကိုပါ ထပ်မံ ဗေဒင်ဟောကြည့်သည်။ သို့သော်လည်း မအံ့သြဖွယ်ရာပင် အသေးစိတ် အချက်အလက်များကို မရရှိခဲ့ပေ။ ဆီးရီးယပ်စ် က မစ္စတာ ဇက် ထံ ရေးခဲ့သော စာထဲကအတိုင်းပင်၊ ကလိုင်း အနေဖြင့် ထိုရတနာမှာ ဟော်နာ့စစ် တောင်တန်း ၏ အဓိက တောင်ထိပ်နှင့် ရှေးဟောင်း ထာဝရည နိုင်ငံတော် တို့နှင့် ဆက်စပ်နေကြောင်းကိုသာ အတည်ပြုနိုင်ခဲ့သည်။
ဗေဒင်ဟောခြင်းများ အားလုံး ပြီးဆုံးသွားသောအခါ၊ ကလိုင်းသည် ယခင်က ဆုတောင်းသံများ ကြားခဲ့ရသော နီရဲသည့် ကြယ်စက်လုံးမှာ သဲ့သဲ့သော လှုပ်ခတ်မှုများ နောက်တစ်ကြိမ် ပြန်ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ သူသည် ဆုတောင်းသံများကို ဖြေကြားသည့် နည်းလမ်းကို အသုံးပြုကာ ထိုပုံရိပ်ယောင် ကြယ်စက်လုံးကို ထိတွေ့လိုက်သည်။
ထူးခြားသော အနက်ရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဆံပင်ညိုနှင့် လူငယ်လေးကို သူ နောက်တစ်ကြိမ် ထပ်မြင်ရပြန်သည်။ ထိုလူငယ်လေးမှာ မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကြည်လင်သော ဖန်လုံးကို မျက်နှာမူလျက် တစ်စုံတစ်ခုကို တီးတိုး ရေရွတ်နေဆဲ ဖြစ်သည်။
ဂျိုတွန် (Jotun) ဘာသာစကား အချို့ကို တမင်တကာ သင်ယူထားခဲ့သော ကလိုင်းသည် နောက်ဆုံးတွင် စာကြောင်းတစ်ကြောင်းကို နားလည်သွားခဲ့သည်။
"ဆုတောင်း... ကယ်တင်... ဖခင် နှင့် မိခင်။"
တကယ်ပဲ ဂျိုတွန် ဘာသာစကားပါလား... ဒီကမ္ဘာရဲ့ ဘယ်နေရာမှာ ဂျိုတွန် ဘာသာစကားကို သုံးနေသေးတာလဲ? အဲဒါက နှစ်ပေါင်း ထောင်ချီ ကြာနေပြီဖြစ်တဲ့ ရှေးဟောင်းပစ္စည်းကြီးလေ... နှမြောစရာပဲ၊ ဒီမီးခိုးရောင် မြူထုအပေါ်က လျှို့ဝှက်ဆန်းကြယ်တဲ့ အရှင်သခင်ကတော့ ဘာမှ မတတ်နိုင်ဘူး။ ငါ သူတို့ကို ကူညီချင်ရင်တောင်မှ ငါ့မှာ အဲဒီလို စွမ်းရည် မရှိသေးဘူး...
ကလိုင်းသည် ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။ သူသည် ထိုသူကို ခေတ္တမျှ ထပ်မံ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ငါ ဂျိုတွန် ဝေါဟာရတွေ ပိုသိလာပြီး သူ့ရဲ့ မိဘတွေ ဘာဖြစ်နေတာလဲဆိုတာကို နားလည်လာတဲ့ အခါကျမှပဲ ငါ ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ရတော့မှာပေါ့...
ကလိုင်းသည် သူ၏ ဝိညာဉ်စွမ်းအားကို ရုပ်သိမ်းကာ မိမိကိုယ်ကိုယ် ပတ်ပတ်လည် ဝန်းရံစေပြီး အောက်သို့ ဆင်းသက်လိုက်သည်။ သူ၏ အိပ်ခန်းသို့ ပြန်ရောက်သောအခါ ဝိညာဉ်နံရံကို ဖယ်ရှားလိုက်ပြီး၊ ဟောင်းနွမ်းသော်လည်း သက်သောင့်သက်သာရှိသော အဝတ်အစားများကို လဲဝတ်ကာ ကုတင်ပေါ်တွင် ခဏ အိပ်စက်လိုက်တော့သည်။
ကလိုင်းသည် မွန်းလွဲ ၁၂ နာရီခွဲအထိ အိပ်ပျော်နေခဲ့ပြီး၊ မယ်လီဆာက နေခင်းစာ ပြင်ဆင်ပြီး၍ တံခါးလာခေါက်ချိန်မှ နိုးလာခဲ့သည်။ အတော်လေး ခမ်းနားသော ထမင်းဝိုင်းကို စားသောက်ပြီးနောက်၊ မယ်လီဆာက သူမ၏ ဂါဝန်သစ်နှင့် ဇာဦးထုပ်ကို ထုတ်ကာ အပြင်ထွက်ရန် ပြင်နေသည်ကို သူ တွေ့လိုက်ရသည်။
"ဒီနေ့ နေခင်းပိုင်းမှာ တစ်ခုခု ရှိသေးလို့လား" ဟု ကလိုင်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။
ဘင်ဆင်မှာမူ ဆိုဖာပေါ်တွင် ထိုင်ကာ သူ၏ သဒ္ဒါစာအုပ်များကို မျက်မှောင်ကြုတ် ကြည့်နေသည်။ သူ ခေါင်းမော့မကြည့်ဘဲ မယ်လီဆာ့ကိုယ်စား ပြန်ဖြေလိုက်သည်မှာ — "ဘေးအိမ်က မဒမ် ရှော့ဒ် (Mrs. Shaud) က မယ်လီဆာ့ကို ပြောပြတယ်လေ၊ ဒီနေ့ နေခင်းပိုင်းမှာ မြူနီစီပယ် ခန်းမမှာ အိမ်တွင်းမှုကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ ဟောပြောပွဲ တစ်ခု ရှိတယ်တဲ့။ မယ်လီဆာ က အဲဒီကို သွားပြီး နေ့စဉ် အိမ်မှုကိစ္စတွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ သွားသင်မလို့တဲ့"
မယ်လီဆာက ခေါင်းညိတ်ပြီး — "ကျွန်မ ဆယ်လီနာ နဲ့ အဲလိဇဘက် တို့ကိုလည်း လာခဲ့ဖို့ ပြောထားတယ်" ဟု ဆိုသည်။
"ကောင်းတာပေါ့။ ဟောပြောတဲ့သူက တို့လို မိသားစုမျိုးဟာ အနည်းဆုံး အစေခံမလေး တစ်ယောက်တော့ ငှားသင့်တယ်လို့ နင့်ကို ပြောပြလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်" ဟု ကလိုင်းက နောက်ပြောင်လိုက်သည်။
မယ်လီဆာက ပြန်လည် ချေပရန် ပြင်နေသည်ကို သတိပြုမိလိုက်သဖြင့် သူက ချက်ချင်းပင် — "တို့တွေရဲ့ ကန့်သတ်ချက်ရှိတဲ့ အချိန်တွေကို ပိုပြီး တန်ဖိုးရှိတဲ့ ကိစ္စတွေမှာပဲ အသုံးချရမယ်လေ" ဟု ထပ်ဖြည့်ပြောလိုက်သည်။
မယ်လီဆာမှာ ကြောင်သွားရသည်။ ခေတ္တအကြာတွင် သူမသည် နှုတ်ခမ်းကို စူကာ သူမ၏ ဇာဦးထုပ်ကို ဆောင်း၍ အိမ်မှ ထွက်ခွာသွားခဲ့တော့သည်။
...
မွန်းလွဲ ၂ နာရီတွင် ကလိုင်းသည် ဘလက်သွန်း လုံခြုံရေး ကုမ္ပဏီ သို့ နောက်တစ်ကြိမ် ရောက်ရှိလာသည်။ ဧည့်ကြိုခန်းမတွင် ရှိနေသော ရိုဆန်း နှင့် ဒန်း စမစ် တို့က တစ်ပြိုင်နက်တည်း မေးလိုက်သည်မှာ — "နင် အိမ်ပြန်ပြီး မနားဘူးလား"
ကလိုင်းက ပြုံးလိုက်သည်။ "ကျွန်တော် ဗေဒင်ကလပ်ကို သွားမလို့ပါ၊ ဒါပေမဲ့ မနေ့ညက ဖြစ်ရပ်ကိုပဲ စဉ်းစားနေမိလို့ အရင်ဆုံး ဒီကို လာခဲ့တာပါ။ အဆင့်မြင့် သာသနာတော် ဆီက ဘာအကြောင်းပြန်ချက်များ ရပြီလဲခင်ဗျာ"
ဒန်းက ရိုဆန်းကို တစ်ချက် ကြည့်လိုက်ပြီး ဘာမှ မပြောဘဲ လှည့်ထွက်သွားသည်။ သူသည် အခန်းကန့်ကို ဖြတ်ကျော်ကာ သူ၏ ရုံးခန်းအတွင်းသို့ ဝင်သွားခဲ့သည်။ ရိုဆန်းက သူ၏ ကျောပြင်ကို ကြည့်ကာ မျက်နှာရှုံ့ပြရင်း — "တကယ်ပဲနော်... ကပ္ပတိန် ကတော့..." ဟု ဒေါသတကြီး တီးတိုး ပြောလိုက်သည်။
ကောင်းတယ်! ကလိုင်းက စိတ်ထဲမှ ချီးကျူးလိုက်သည်။ သူသည် ရယ်ချင်စိတ်ကို အောင့်ထားပြီး ဒန်း၏ နောက်မှ သူ၏ ရုံးခန်းအတွင်းသို့ လိုက်ဝင်ခဲ့သည်။
ကလိုင်းက တံခါးကို ပိတ်လိုက်ရာ ဒန်းက သူ၏ ဆေးတံကို တစ်ချက် ရှုံ့လိုက်ပြီးနောက် ပြောလိုက်သည်မှာ — "အဆင့်မြင့် သာသနာတော် ကတော့ အဲဒီ ထူးခြားတဲ့ လှုပ်ရှားမှုဟာ အန်တီဂိုနပ်စ် မိသားစု မှတ်စုစာအုပ် ကြောင့်လို့ ဆုံးဖြတ်လိုက်ပြီ။ အခု အဲဒီစာအုပ်ကို အဆင့် ၁ တံဆိပ်ခတ်နှိပ်ထားသော ပစ္စည်း (Grade 1 Sealed Artifact) အဖြစ် အဆင့်သတ်မှတ်ချက် ပြောင်းလိုက်ပြီ။ နှမြောစရာပဲ... ဆိုလိုတာက မင်းမှာ အဲဒီစာအုပ်ကို ဖတ်ရှုဖို့ လုံလောက်တဲ့ လုံခြုံရေး အဆင့်အတန်း မရှိတော့ဘူးပေါ့"
အဆင့် ၁။ အလွန်အမင်း အန္တရာယ်များသည်။ ဘုန်းကြီးတွေနဲ့ ညဥ့်စောင့်ငှက် အဖွဲ့ ကပ္ပတိန်တွေထက် မြင့်တဲ့သူတွေပဲ တကယ့် အခြေအနေကို သိနိုင်တာလား? ဒါဟာ ကပ္ပတိန် ကိုယ်တိုင်တောင် ဘာဖြစ်နေလဲဆိုတာ မသိဘူးလို့ ဆိုလိုတာပဲ... အလွန်အမင်း အန္တရာယ်များတယ်ဆိုတော့လည်း မဆန်းပါဘူးလေ... ကလိုင်းသည် နှမြောသလိုလိုနှင့် စိတ်သက်သာရာ ရသွားသလိုလို ခံစားလိုက်ရသည်။
ဒန်းက သူ့ကို တစ်ချက် ကြည့်ကာ ဆက်ပြောသည်မှာ — "အဆင့်မြင့် သာသနာတော် က တို့တွေကို ချားနစ်စ် တံခါး အနောက်မှာရှိတဲ့ တခြား ဘယ်ပစ္စည်းတွေများ မှတ်စုစာအုပ်ရဲ့ တိုက်စားမှုကို ခံထားရသေးလဲဆိုတာ စစ်ဆေးခိုင်းတယ်။ စစ်ဆေးပြီးသွားတဲ့ အခါမှာတော့ ၃-၀၆၂၅ တစ်ခုတည်းကပဲ ပုံမှန်မဟုတ်တာကို တွေ့ရတယ်၊ အဲဒါကြောင့် သူ့ရဲ့ ချိပ်ပိတ်ခြင်း နည်းလမ်းကို တို့တွေ ပြောင်းလဲလိုက်ပြီ"
"တခြား တစ်ခုခုရော ထပ်တွေ့သေးလားခင်ဗျာ" ကလိုင်းက စပ်စုချင်ယောင်ဆောင်ကာ မေးလိုက်သည်။
ဒန်းက ခေါင်းခါပြသည်။ "မတွေ့ပါဘူး"
ကလိုင်းက တွေးတောစွာ ခေါင်းညိတ်လိုက်သည်။ သူ ထိုအကြောင်းအရာကို ဆက်မပြောတော့ပေ။ စကားစမြည် အနည်းငယ် ပြောဆိုပြီးနောက် သူသည် နှုတ်ဆက်ထွက်ခွာခဲ့ပြီး၊ သူ၏ 'ပေါင်းစည်းခြင်း ခရီးစဉ်' ကို ဆက်လက် လုပ်ဆောင်ရန် ဗေဒင်ကလပ်ဆီသို့ ထွက်ခွာခဲ့တော့သည်။
...
မြူနီစီပယ် ခန်းမအတွင်း၌။
အရင်းနှီးဆုံး သူငယ်ချင်း သုံးယောက်ဖြစ်သော မယ်လီဆာ၊ ဆယ်လီနာ နှင့် အဲလိဇဘက် တို့သည် တံခါးအနီးတွင် ထိုင်ကာ ဟောပြောပွဲ စတင်ရန် စောင့်နေကြသည်။
"အကယ်၍ သူမရဲ့ ဟောပြောချက်က စိတ်ပျက်စရာကောင်းရင် တို့တွေ တိတ်တဆိတ် ထွက်ပြေးကြမယ်လေ" ဟု ဆယ်လီနာက စိတ်လှုပ်ရှားစွာ အကြံပြုလိုက်သည်။
အဲလိဇဘက်ကလည်း ချက်ချင်းပင် သဘောတူလိုက်သည်မှာ — "ဟုတ်တယ်... ဟဲရော့ဒ်စ် (Harrods) မှာ ဈေးသွားဝယ်ကြတာပေါ့"