အခန်း(၁) - ကမ္ဘာမြေကြီး ဝါးမြိုခံရခြင်း
ပူပြင်းလှသည့် နွေရာသီသည် ကုန်ဆုံးလုနီးပါးဖြစ်နေပြီး ရာသီဥတုက တရွေ့ရွေ့နှင့် အေးမြစပြုလာနေပြီဖြစ်သည်၊၊ လမ်းမများပေါ်တွင်မူ ပေါ့ပါးသော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူအများကို နေရာအနှံ့ တွေ့မြင်နေရဆဲဖြစ်ပြီး လမ်းဘေးဝဲယာတွင်လည်း အမြဲလိုလို တွေ့ရတတ်သည့် အဖိုးအို၊ အဖွားအိုများ ရှိနေကြဆဲပင် ဖြစ်သည်၊၊
“နောက်ထပ် အေးချမ်းတဲ့ နေ့တစ်နေ့ပါပဲ”
ဖန်းကျဲသည် အိမ်အပြန်လမ်းအတိုင်း ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းရင်း ရေရွတ်လိုက်မိသည်၊၊
နှစ်ပေါင်း ၂၀ ကျော်တိုင်တိုင် လူပျိုကြီးဘဝဖြင့် ဖြတ်သန်းလာခဲ့သည့် လူငယ်တစ်ယောက်အနေဖြင့် နောက်ဆုံးတွင်မှ အနားယူရက် တစ်ရက် ရရှိခဲ့သော်လည်း အခြားသူများကဲ့သို့ အားလပ်ရက်အပြီး ပင်ပန်းနွမ်းနယ်မှုကို ဖန်းကျဲ မခံစားရပါ၊၊ သူသည် မနက်ဖြန် အလုပ်ပြန်တက်ရတော့မည်ကို တွေးမိရုံမျှဖြင့် စိတ်အနည်းငယ် ညစ်ညူးနေမိရုံသာ ဖြစ်သည်၊၊
“ဟေ့ ဟိုမှာ ကြည့်စမ်း၊ အဲဒါ ဘာကြီးလဲ၊ မြန်မြန်... ဗီဒီယိုရိုက်ထား၊ ရိုက်ထားကြစမ်း၊၊”
ရုတ်တရက် လမ်းပေါ်ရှိ လူတစ်ယောက်က အံ့အားသင့်တကြီး အော်ဟစ်လိုက်သည်၊၊ ဖန်းကျဲသည်လည်း အသိစိတ်ဖြင့် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်သွားရတော့သည်၊၊
“ဒါ... ဒါ ဘာကြီးလဲ၊ တကယ့်ကို ထူးဆန်းပြီး ရှားရှားပါးပါး မြင်ကွင်းမျိုးပါလား၊၊”
ဖန်းကျဲသည်လည်း အခြားသူများနည်းတူ သူ၏ ဖုန်းကို ထုတ်ကာ ကောင်းကင်ယံဆီသို့ ချိန်ရွယ်လိုက်မိသည်၊၊
မူလက ပြာလဲ့နေသော ကောင်းကင်ကြီးသည် ယခုအခါ လုံးဝ ပိန်းပိတ်အောင် မှောင်မိုက်သွားခဲ့ပြီ ဖြစ်သည်၊၊ ၎င်းမှာ ဘာမှမမြင်ရသည့် အမှောင်ထုမျိုး မဟုတ်ဘဲ လေထုအလွှာ၏ အပြင်ဘက်မှနေ၍ ကြယ်တာရာ ကောင်းကင်ယံကြီးကို တိုက်ရိုက် ကြည့်ရှုနေရသကဲ့သို့ အမှောင်မျိုး ဖြစ်သည်၊၊
သို့သော်လည်း ယင်းဆန်းကြယ်လှသည့် ကြယ်တာရာ ကောင်းကင်ယံကြီးထဲတွင် ကြီးမားကျယ်ပြန့်သော ထူးဆန်းသည့် လှိုင်းထန်မှုများ အကြောင်းရင်းမရှိဘဲ ပေါ်ပေါက်လာခဲ့သည်၊၊
ဖြူဖွေးသော လှိုင်းလုံးကြီးများသည် တရွေ့ရွေ့နှင့် လိမ်ယှက်လာပြီး ကြီးမားသော အစုအဝေးကြီးတစ်ခု ဖြစ်ပေါ်လာကာ ကောင်းကင်အလယ်တည့်တည့်တွင် အက်ကြောင်းကြီးတစ်ခု ပွင့်ဟသွားတော့သည်၊၊ ထိုအက်ကြောင်းကြီးသည် တဖြည်းဖြည်း ပိုမိုကြီးမားလာပြီး ကောင်းကင်ယံတွင် ကြီးမားလှသော မဟာတွင်းနက်ကြီးတစ်ခု ပေါ်လာကာ ကမ္ဘာမြေဆီသို့ ဦးတည်ရွေ့လျားလာနေသကဲ့သို့ပင် ဖြစ်သည်၊၊
“ငါတော့ နာမည်တောင် စဉ်းစားပြီးပြီ ‘ချောက်နက်ကြီးရဲ့ မဟာတွင်းနက်’ တဲ့၊ မင်းတို့အားလုံးကော ဘယ်လိုထင်လဲ၊၊”
ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသည့် ဘေးနားမှ လိုက်ဖ်လွှင့်သူတစ်ဦးက ကောင်းကင်ကြီးကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း သူ၏ ဖော်လိုဝါများကို အော်ဟစ်ပြောဆိုနေသည်၊၊ သို့သော် ၎င်းမှာ ရိုးရိုးမြင်ကွင်းတစ်ခုမျှသာ မဟုတ်သည်ကို သူတို့ မသိရှိကြသေးချေ၊၊
ယခု အချိန်အခါသမယတွင် ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံအသီးသီးမှ ပညာရှင်များသည် ကောင်းကင်ယံရှိ ကြီးမားလှသော အရာဝတ္ထုကြီးကို မပြတ်မကွက် စောင့်ကြည့်လေ့လာရင်း ဒေတာအချက်အလက် အမျိုးမျိုးကို ပျာပျာသလဲ တွက်ချက်နေကြရသည်၊၊ ထိုအရာဝတ္ထုကြီးကြောင့်ပင် ကမ္ဘာပေါ်ရှိ နေရာအသီးသီးမှ လူသားအားလုံး ၎င်းကို မြင်တွေ့နေကြရခြင်း ဖြစ်သည်၊၊
ထိုမဟာတွင်းနက်ကြီးသည် ကမ္ဘာမြေမျက်နှာပြင်သို့ တစတစ နီးကပ်လာကာ ပို၍ ပို၍ ကြီးမားလာပြီး နောက်ဆုံးတွင်မူ ၎င်း၏ အတွင်းပိုင်း၌ ဟာလာဟင်းလင်း ပြင်ကြီးတစ်ခုကိုသာ မြင်တွေ့ရတော့သည်၊၊
အကြောင်းရင်းကို မသိရသော်လည်း လူတိုင်း၏ ရင်ထဲတွင် ကြီးမားလှသော ထိတ်လန့်ကြောက်ရွံ့မှု ဝေဒနာကို ခံစားလိုက်ကြရသည်၊၊ စိတ်ဓာတ်ကြံ့ခိုင်မှု အားနည်းသူ အချို့ဆိုလျှင် ထိတ်လန့်တကြား အော်ဟစ်ရင်း ရမ်းသန်းပြေးလွှားနေကြပြီ ဖြစ်သည်၊၊
ဖန်းကျဲသည်လည်း သူ၏ နှလုံးခုန်သံများ မြန်ဆန်လာသည်ကို ခံစားလိုက်ရပြီး လက်ထဲမှ ဖုန်းမှာလည်း ပြုတ်ကျလုမတတ် တုန်ရင်နေမိသည်၊၊ သူသည် နောက်သို့ ဆုတ်ခြေလှမ်းပြင်ရင်း စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရရှိရန်အတွက် တစ်ခုခုကို ဆွဲကိုင်ထားရန် ညာဘက်လက်ကို အသိစိတ်မဲ့စွာ ဆန့်တန်းလိုက်မိသည်၊၊
ရုတ်တရက် ဖန်းကျဲသည် သူ၏ လက်ထဲတွင် တုတ်ကဲ့သို့သော အရာတစ်ခုကို ဆုပ်ကိုင်မိလိုက်သည်ဟု ခံစားလိုက်ရသည်၊၊
သို့သော်လည်း သူ လှည့်၍ အတည်မပြုနိုင်သေးခင်မှာပင် ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရပြီး ထိုမဟာတွင်းနက်ကြီးက ကမ္ဘာမြေကြီးတစ်ခုလုံးကို အမိအရ ဝါးမြိုပစ်လိုက်ပြီ ဖြစ်သည်၊၊
အကယ်၍ ပြင်ပအာကာသမှနေ၍ ကြည့်ရှုမည်ဆိုပါက ထိုမဟာတွင်းနက်ကြီးသည် ကမ္ဘာမြေကြီးကို သကြားလုံးတစ်လုံးကဲ့သို့ ဝါးမြိုကာ ဝါးစားပစ်လိုက်သကဲ့သို့ မြင်တွေ့ရမည် ဖြစ်သည်၊၊ ကြီးမားလှသော ဂြိုဟ်ကြီးတစ်လုံးသည် ယင်းကဲ့သို့ပင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့သည်၊၊
ဖြူဖွေးသော မဟာတွင်းနက်ကြီးသည် အသိစိတ်ရှိနေသကဲ့သို့ ဘယ်ညာသို့ တွန့်လိမ်လှုပ်ရှားသွားပြီး အခြားစားသုံးနိုင်မည့်အရာ မရှိတော့သည်ကို သိရှိသွားသည့်အလား ဟာလာဟင်းလင်းပြင်ကြီးထဲသို့ ပျောက်ကွယ်သွားခဲ့သည်၊၊
ဂြိုဟ်ကြီးတစ်လုံးသည် ကမ္ဘာဦးကတည်းက မရှိခဲ့ဖူးသည့်အလား ကွယ်ပျောက်သွားခဲ့ပြီဖြစ်ပြီး ကြယ်တာရာ ကောင်းကင်ယံကြီးသည်လည်း ပြန်လည်တိတ်ဆိတ်သွားခဲ့သည်၊၊
ကမ္ဘာမြေကြီး ပျက်စီးသွားသည့် အချိန်တွင် အချိန်ကာလကြီးသည် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားပြီး အရာအားလုံး လှုပ်ရှားမှု မရှိတော့ချေ၊၊ သို့သော်လည်း လူသားတို့၏ အတွေးအာရုံများမှာမူ ဆက်လက် တည်ရှိနေဆဲပင် ဖြစ်သည်၊၊ ဖန်းကျဲသည် မိမိပတ်ဝန်းကျင်ရှိ ကမ္ဘာကြီး တဖြည်းဖြည်းနှင့် အပိုင်းပိုင်းအစစ ပြိုပျက်သွားသည်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်၊၊
နောက်ဆုံးတွင်မူ သူကိုယ်တိုင်ပင်လျှင် ကမ္ဘာမြေအပျက်အစီး အပိုင်းအစတစ်ခုပေါ်တွင် ရပ်လျက် မသိရှိရသော နေရာတစ်ခုဆီသို့ လွင့်မျောကျဆင်းသွားရတော့သည်၊၊
မကြာမီအချိန်၌ ဖန်းကျဲသည် သူ၏ ခန္ဓာကိုယ် တည်ငြိမ်မှု ပြန်လည်ရရှိလာသည်ကို ခံစားလိုက်ရသည်၊၊ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ ဘေးပတ်ပတ်လည်သည် တောအုပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်၊၊ သို့သော်ငြား သူ၏ ခြေထောက်အောက်တွင်မူ ကတ္တရာလမ်းမကြီး ရှိနေဆဲပင် ဖြစ်သည်၊၊
ကွဲအက်သွားသော မြေပြင်အပိုင်းအစများသည် အံဝင်ခွင်ကျ ပြန်လည်စေ့စပ်နေသော်လည်း မည်သို့ပင် ကြည့်ရသည်ဖြစ်စေ သဘာဝမကျလှချေ၊၊
ထိုအချိန်တွင်ပင် လူတိုင်း၏ စိတ်အာရုံထဲ၌ ခန့်ညားထည်ဝါလှသော အသံကြီးတစ်သံ ပဲ့တင်ထပ်၍ မြည်ဟည်းလာတော့သည်၊၊
“မိုးကောင်းကင်အလွှာစုံ အမဲလိုက်ကွင်းပြင်မှ ကြိုဆိုပါသည်၊၊ သင်တို့၏ ကမ္ဘာမြေသည် ဝါးမြိုဖျက်ဆီးခြင်း ခံလိုက်ရပြီဖြစ်ပြီး ဤကမ္ဘာမြေ၏ ထောင့်အသီးသီးသို့ ပြန့်ကြဲသွားခဲ့ပြီ ဖြစ်သည်၊၊ ဤနေရာတွင် မတူညီသော ကမ္ဘာအသီးသီးမှ သက်ရှိသတ္တဝါမျိုးစုံ ရှိနေကြသည်၊၊ သင်တို့၏ တာဝန်မှာ ဤနေရာတွင် ရှင်သန်ကျန်ရစ်နေရန်ပင် ဖြစ်သည်၊၊ အသစ်ဝင်ရောက်လာသော မျိုးနွယ်စုတစ်ခုအနေဖြင့် သင်တို့သည် သီးသန့်စွမ်းရည်တစ်ခုကို ကျပန်းရရှိကြမည် ဖြစ်သည်၊၊”
ထိုအသံကြီးသည် စက်ရုပ်တစ်ရုပ်ကဲ့သို့ မည်သည့် ခံစားချက်မျှ မပါရှိဘဲ နားဝင်ဆိုးလှသည့် အသံမျိုး ဖြစ်သည်၊၊
သို့သော်လည်း ဤအချိန်တွင် ထိုအသံ သို့မဟုတ် ထိုပြောဆိုသူ၏ သဘောထားကို မည်သူမျှ ဂရုမစိုက်နိုင်ကြတော့ပါ၊၊ ယခုကဲ့သို့ ရုတ်တရက် ကြီးမားလှသော အပြောင်းအလဲကြီးနှင့် ကြုံတွေ့ရသည့်အခါ မိမိတို့၏ ကံကြမ္မာ မည်သို့ဖြစ်မည်ကိုသာ လူတိုင်း သိရှိလိုနေကြသည်၊၊
ခဏအကြာတွင် ထိုအသံကြီးက ထပ်မံ၍ မြွက်ဟလာပြန်သည်၊၊
“မင်းရဲ့ စွမ်းရည်ကတော့ အဆောက်အအုံ တည်ဆောက်ရေးအမျိုးအစား ‘နယ်မြေရှင်ဂေဟာ’ ပဲ ဖြစ်တယ်၊၊”
“မိမိရဲ့ အစဦးစွမ်းရည်ကို တန်ဖိုးထားပါ၊၊ ဒါက မင်းတို့ ရှင်သန်ဖို့အတွက် အကြီးမားဆုံး အာမခံချက် ဖြစ်လိမ့်မယ်၊၊ အခု မင်းတို့မှာ သုံးရက်တာ အသားကျအောင် နေထိုင်ရမယ့်ကာလ ရှိတယ်၊၊ သုံးရက်ပြည့်ပြီးရင်တော့ အကာအကွယ် စနစ်တွေ ပျောက်ကွယ်သွားလိမ့်မယ်၊၊”
ဖန်းကျဲ၏ နောက်ဘက်ရှိ မြေပြင်သည် ရုတ်တရက် တုန်ခါသွားပြီး တဲအိမ်ငယ်လေးတစ်လုံးသည် မြေကြီးထဲမှ ရုတ်ချည်း ပေါ်ထွက်လာခဲ့သည်၊၊
ထို့နောက်တွင် ထိုတဲအိမ်ငယ်ကို ဗဟိုပြု၍ အချင်းဝက် မီတာ တစ်လုံးထဲသောဂဏန်း ခန့်ရှိသော စက်ဝိုင်းပုံစံ အကာအကွယ်အတားအဆီးတစ်ခု ပေါ်လာပြီး သူ၏ ဂေဟာကို လုံးဝ ဝန်းရံပိတ်ဆို့လိုက်သည်၊၊ ဤနေရာသည် ဘေးကင်းလုံခြုံသော ဇုန်နယ်မြေ ဖြစ်ဟန်တူသည်၊၊
ဘေးကင်းလုံခြုံသော ဇုန်နယ်မြေ ဖြစ်တည်လာသည်နှင့် တစ်ပြိုင်နက် ဖန်းကျဲသည် တစ်စုံတစ်ခုသော အရာမှာ ထိတ်လန့်တကြားဖြစ်သွားပြီး အဝေးသို့ အသည်းအသန် ထွက်ပြေးသွားသည်ကို သတိပြုမိလိုက်သည်၊၊
သို့သော်လည်း သစ်ပင်များ အကာအကွယ်ဖြစ်နေသောကြောင့် ထိုအရာက ဘာလဲဆိုသည်ကို ဖန်းကျဲ သဲသဲကွဲကွဲ မမြင်လိုက်ရပါ၊၊ ထို့နောက်တွင် ဖန်းကျဲသည် ပြင်ပတွင် တစ်စုံတစ်ခုသော အရာများ ပုန်းအောင်းနေပြီး သူ၏ တည်နေရာကို ချောင်းမြောင်းကြည့်ရှုနေသကဲ့သို့ ခံစားလိုက်ရသည်၊၊
“ဒုက္ခလှလှတော့တွေ့ပြီ” ဖန်းကျဲသည် မိမိဘာသာ ရေရွတ်လိုက်မိသည်၊၊
သူသည် ဘယ်ဘက်လက်ထဲရှိ ဖုန်းကို ကြည့်လိုက်ရာ ယခုအခါ လိုင်းလုံးဝမရှိတော့ဘဲ ဘက်ထရီကုန်သွားပါက အလှပြပစ္စည်းတစ်ခုမျှသာ ဖြစ်တော့မည် ဖြစ်သည်၊၊ ထို့နောက် ညာဘက်လက်ကို ကြည့်လိုက်သောအခါ စောစောက ပျာပျာသလဲနှင့် အသိစိတ်မဲ့စွာ ဖမ်းဆွဲမိခဲ့သော အရာမှာ တစ်စုံတစ်ဦး ချန်ထားခဲ့သည့် သံဂေါ်ပြားတစ်ချောင်း ဖြစ်နေသည်၊၊
ဖန်းကျဲသည် စိတ်ထဲမှနေ၍ တောင်းပန်လိုက်ပြီးနောက် တဲအိမ်ငယ်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်၊၊
“ဘာပဲဖြစ်ဖြစ်၊ အထဲဝင်ပြီး အကဲခတ်ကြည့်ရမှာပဲ၊ ဒါက ငါ့ရဲ့ တစ်ခုတည်းသော အားကိုးရာ ဖြစ်လိမ့်မယ်၊၊”
တဲအိမ်ငယ်ထဲသို့ ဝင်လိုက်သည်နှင့် ဖန်းကျဲ၏ ရှေ့မှောက်တွင် စခရင်အချက်အလက်ပြကွက် တစ်ခု ပေါ်လာသည်ကို ချက်ချင်း မြင်တွေ့လိုက်ရသည်၊၊
နယ်မြေသခင်တဲအိမ် — အဆင့် ၁
အသုံးချ အဆောက်အအုံများ — မရှိပါ
စစ်သည်အင်အား — မရှိပါ
“ဒါက တကယ့်ကို လိုတာထက်ပိုပြီး ရိုးရှင်းလွန်းနေပါလား” ဖန်းကျဲသည် မိမိဘာသာ ရေရွတ်ရင်း ဒေသတွင်း စကားပြောခန်း ကို တွေ့ရှိသွားကာ ချက်ချင်းပင် နှိပ်၍ ဝင်ကြည့်လိုက်သည်၊၊ ယခုကဲ့သို့ နေရာအသစ်သို့ ရုတ်တရက် ရောက်ရှိလာသည့်အခါ အခြားသူများ မည်သို့ရှိနေကြသည်ကို ဖန်းကျဲ အသိစိတ်ဖြင့် သိရှိလိုနေမိသည်၊၊
“အားလုံး အသက်ရှင်ကြသေးရဲ့လား၊ ငါတို့ တကယ်ပဲ ဘယ်နေရာကို ရောက်နေကြတာလဲ၊၊”
“ဘယ်သူက ငါ့ကို နောက်ပြောင်နေတာလဲ၊ မြန်မြန် ငါ့ကို ပြန်ပို့ပေးစမ်း၊ ငါက ဘယ်သူလဲဆိုတာ မင်းတို့ သိကြလို့လား၊၊”
“အကယ်၍ တစ်ယောက်ယောက်က ငါ့ကို ကာကွယ်ပေးပြီး ပြန်ပို့ပေးနိုင်ရင် ငါ သိန်းငါးဆယ် ပေးမယ်၊ ငါ ဝမ်ရှင်းရှင်းက အာမခံတယ်၊၊”
လူပေါင်းစုံထံမှ စာတိုများစွာသည် ဖန်းကျဲ၏ ရှေ့မှောက်တွင် အလျင်အမြန် ဖြတ်သန်းသွားကြသော်လည်း အားလုံးက လက်ရှိအခြေအနေကို သိရှိလိုကြသည့်အကြောင်းအရာများသာ ဖြစ်ကြသည်၊၊ ကမ္ဘာမြေကြီး ရုတ်တရက် ပျက်စီးသွားခြင်းကြောင့် လူတိုင်း ထိတ်လန့်တုန်လှုပ်နေကြရပြီ ဖြစ်သည်၊၊
“ဟားဟားဟားဟား... နောက်ဆုံးတော့ ငါ့ရဲ့ ကမ္ဘာကို ရောက်လာခဲ့ပြီပဲ၊ ငါက ဒီကမ္ဘာရဲ့ ဘုရင်ပဲ၊ ငါ့ရှေ့မှာ လာပြီး ဒူးထောက်ခစားကြစမ်း၊၊”
ဖန်းကျဲ မျက်လုံးများ ပြူးကျယ်သွားရသည်၊၊ ဤမျှလောက်အထိ ထင်ယောင်ထင်မှားဖြစ်ပြီး မိမိကိုယ်မိမိစွမ်းအားရှင်လို့ထင်သောရောဂါ ဖြစ်နေသူ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပါ၊၊ အခြားသူများက သူ့ကို တကယ် ယုံကြည်ကြလိမ့်မည်ဟု ထိုသူက ထင်နေပါသလော၊၊ မျှော်လင့်ထားသည့်အတိုင်းပင် ၎င်း၏အောက်တွင် ဆဲဆိုသံများ ဆက်တိုက် ပေါ်ထွက်လာတော့သည်၊၊