ကျောက်ဖုန်း၏ စကားကို ကြားလိုက်ရသောအခါ စစ်သူကြီးချုပ်ဝမ်ကျန့် ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။ အမှန်စင်စစ် ဤကဲ့သို့သော အချိန်မျိုးတွင် ကျောက်ဖုန်း၏ ရုတ်တရက် ပြောကြားချက်မှာ အခြေအနေနှင့် လုံးဝ မအပ်စပ်သလို ဖြစ်နေသောကြောင့်ပင်။
"မင်းမှာ ပြောစရာရှိရင်လည်း ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ" ဝမ်ကျန့်က အပြုံးဖျော့ဖျော့ဖြင့် ဆိုသည်။
ကျောက်ဖုန်းသည် ခေါင်းမော့လိုက်ပြီး သူ၏ ရဲရင့်ပြတ်သားသော အကြည့်ဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။ "စစ်သူကြီးချုပ် .. ကျွန်တော်နဲ့ စစ်သူကြီးရဲ့ သမီးတော် ဝမ်ယန့် တို့ဟာ တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးနေကြပါတယ်။ ကျွန်တော်တို့ရဲ့ အချစ်ကို စစ်သူကြီးအနေနဲ့ သဘောတူခွင့်ပြုပေးဖို့ တောင်းဆိုပါတယ်"
ထိုစကားကို ကြားသည်နှင့် ဝမ်ကျန့်၏ မျက်နှာထက်မှ အပြုံးများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းလာတော့သည်။
"မင်း... ဘာပြောလိုက်တာလဲ?" ဝမ်ကျန့်၏ အသံမှာ နိမ့်ဆင်းသွားပြီး ကျောက်ဖုန်းကို စိုက်ကြည့်လိုက်သည်။
"ကျွန်တော်နဲ့ ဝမ်ယန့်တို့ တစ်ဦးပေါ်တစ်ဦး မေတ္တာရှိနေကြပါတယ်။ စစ်သူကြီးအနေနဲ့ ကျွန်တော်တို့ကို သဘောတူပေးဖို့ ထပ်မံ တောင်းဆိုပါတယ်" ကျောက်ဖုန်းက မတွန့်မဆုတ် ပြန်ပြောသည်။
ဝမ်ကျန့်သည် သူ့ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေသည်။ ကျောက်ဖုန်း၏ အကြည့်မှာ တုန်လှုပ်ခြင်းမရှိဘဲ မည်သည့် ကြောက်ရွံ့မှုကိုမျှ မပြပေ။ ယောက်ျားတစ်ယောက်အနေနဲ့ ဒါဟာ ငါရင်ဆိုင်ရမယ့် အရာပဲ။
တော်တော်ကြာမှ ဝမ်ကျန့်က စကားစလာသည်။ "မင်း ယန့်အာ (ဝမ်ယန့်)ကို သိတာ ဘယ်လောက်ကြာပြီမို့လို့ ဒီလောက်အထိ ချစ်နေရတာလဲ?"
"မြင်မြင်ချင်း ချစ်မိခဲ့တာပါ" ကျောက်ဖုန်းက ဖြေသည်။
"မင်း ယန့်အာရဲ့ အသက်ကို ကယ်ခဲ့တာကို ငါသိပါတယ်။ အဲဒီကနေတစ်ဆင့် သံယောဇဉ် ဖြစ်လာနိုင်တာလည်း မဖြစ်နိုင်ဘူးလို့ ငါမဆိုလိုဘူး။ ဒါပေမဲ့ မင်း ဝမ်မိသားစုရဲ့ ကိစ္စတွေကို နားမလည်သေးဘူး။ ယန့်အာ အရွယ်ရောက်လာကတည်းက သူ့မှာ ဘာရွေးချယ်ခွင့်မှ မရှိခဲ့ဘူးဆိုတာကိုလည်း မင်း မသိဘူး။ သူ့အဖေဖြစ်တဲ့ ငါကိုယ်တိုင်တောင် သူ့အတွက် ရွေးချယ်ပေးနိုင်စွမ်း မရှိဘူး" ဝမ်ကျန့်က အကူအညီမဲ့သော လေသံဖြင့် ပြောလိုက်သည်။
အမှန်စင်စစ် သူသည် ကျောက်ဖုန်းကို တကယ်တမ်း ဒေါသထွက်နေခြင်း မဟုတ်ပေ။
"ဟန်နိုင်ငံကို အောင်နိုင်ခဲ့လို့ ရရှိမယ့် စစ်မှုထမ်းကောင်း ဘွဲ့ထူးအဆောင်အယောင် အားလုံးကို စွန့်လွှတ်ဖို့ ကျွန်တော် အသင့်ပါပဲ။ ဝမ်ယန့်အပေါ်ထားတဲ့ ကျွန်တော့်ရဲ့ အချစ်ကိုပဲ စစ်သူကြီး သဘောတူပေးဖို့ ကျွန်တော် လေးလေးနက်နက် တောင်းဆိုပါတယ်" ကျောက်ဖုန်းက ပြောရင်း အလေးအနက် ဦးညွှတ်လိုက်သည်။
ကျောက်ဖုန်း၏ ပြတ်သားသော အမူအရာကို ကြည့်ရင်း ဝမ်ကျန့်က ခေါင်းခါလိုက်သည်။ "ကျောက်ဖုန်း... ငါပြောတာကို မင်း သဘောမပေါက်သေးဘူး ထင်တယ်"
"စစ်သူကြီး ဆိုလိုတာကို ကျွန်တော် နားလည်ပါတယ်။ နန်းတွင်းထဲမှာ ပြောနေကြတဲ့ ဝမ်ယန့်ကို အကြီးဆုံး မင်းသားတော် ဖူစူး နဲ့ လက်ဆက်ပေးမယ့် ကိစ္စကို ဆိုလိုတာ မဟုတ်လား။ ပြီးတော့ ဘုရင်မင်းမြတ် ကိုယ်တိုင်ကလည်း ဒီကိစ္စကို သဘောကျနေတယ်ဆိုတာ... ဒါတွေကို ယန့်အာက ကျွန်တော့်ကို အကုန်ပြောပြပြီးပါပြီ" ကျောက်ဖုန်းက တဖြည်းဖြည်းချင်း ပြောလိုက်သည်။
ဝမ်ကျန့်က သူ့ကို ကြည့်ကာ လေးနက်စွာ ပြောသည်။ "မင်း သိနေရက်သားနဲ့ ဘာလို့ ဒီကိစ္စကို ထုတ်ပြောရဲသေးတာလဲ? ငါဟာ စစ်သူကြီးချုပ် ဖြစ်ပေမဲ့၊ ရာထူးက ဝန်ကြီး ၉ ပါးထက် မြင့်နေပေမဲ့ ငါပိုင်ဆိုင်သမျှ အားလုံးဟာ ဘုရင်မင်းမြတ် ပေးသနားထားတာတွေပဲ။ မင်းမြတ်က အမိန့်တော် ထုတ်ပြန်လိုက်ရင် ဘယ်သူက ငြင်းဆန်ရဲမှာလဲ? ဝမ်မိသားစု တစ်စုလုံးအတွက် ငါ ဘုရင့်အမိန့်ကို နာခံရမယ်။ အမိန့်တော်ကို ဆန့်ကျင်တာဟာ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် ကွပ်မျက်ခံရမယ့် ပြစ်မှုပဲ။ ဘုရင်မင်းမြတ်က စိတ်မဆိုးဘူးဆိုရင်တောင် နန်းတွင်းအရာရှိ အားလုံးက ဒီအတိုင်း ကြည့်နေကြမှာ မဟုတ်ဘူး"
"မင်းမြတ်က တကယ်ပဲ ဒီလက်ထပ်ပွဲကို အတင်းအကျပ် လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီလား?" ကျောက်ဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။
"ကျောက်ဖုန်း... မင်းက သတ္တိရှိပေမဲ့ နန်းတွင်းရဲ့ နိုင်ငံရေး အခြေအနေကို မမြင်နိုင်သေးဘူး။ မင်းမြတ်က ဒီလက်ထပ်ပွဲကို စီစဉ်ဖို့ ရည်ရွယ်နေတဲ့ သတင်းတွေက ပျံ့နေပြီ။ အဲဒီသတင်းနဲ့အတူ ငါ့ရဲ့ သားဖြစ်သူကိုလည်း မင်းမြတ်က လက်ထပ်ပွဲ စီစဉ်ပေးတော့မယ်ဆိုတဲ့ သတင်းကလည်း ပါနေတယ်။ ဒီနောက်က သတင်းကတော့ သေချာသွားပြီ၊ မင်းမြတ်က ငါနဲ့ ကိုယ်တိုင် ညှိနှိုင်းပြီးပြီ။ ဒါက ဘာကို ဆိုလိုသလဲဆိုတာ မင်း သိသလား?"စစ်သူကြီးချုပ် ဝမ်ကျန့်က ကျောက်ဖုန်းကို စိုက်ကြည့်သည်။
"ဒါတွေဟာ ဘုရင်မင်းမြတ်က တမင်တကာ ထုတ်လွှတ်လိုက်တဲ့ သတင်းတွေပဲ" ကျောက်ဖုန်း ချက်ချင်း သဘောပေါက်သွားကာ ပြန်ပြောလိုက်သည်။
"မင်း နားလည်သွားတာ ကောင်းပါတယ်။" ဝမ်ကျန့်က ခေါင်းညိတ်သည်။ "အမှန်အတိုင်း ပြောရရင် ဖခင်တစ်ယောက်အနေနဲ့ ယန့်အာကို သူ့ဘာသာ ရွေးချယ်ခွင့် ပေးချင်တာပေါ့။ ဒါပေမဲ့ ဘုရင့်အာဏာအောက်မှာ ငါ့မှာ ရွေးချယ်စရာ မရှိဘူး။ အကြီးဆုံး မင်းသားတော်နဲ့ လက်ဆက်ရတာဟာ ဂုဏ်ယူစရာလို့ ထင်ရပေမဲ့ တကယ်တမ်းတော့ ဒါဟာ ဝမ်မိသားစုကို မင်းမြတ်က ထိန်းချုပ်ဖို့ ကြိုးစားတဲ့ နည်းလမ်းပဲ။ ငါ့မှာ တခြား ရွေးချယ်စရာ မရှိဘူး!"
"ဘုရင့်အာဏာ... ဘုရင့်အာဏာ..." ကျောက်ဖုန်းက တိုးတိုးလေး ရေရွတ်လိုက်သော်လည်း သူ၏ မျက်နှာတွင် ကြောက်ရွံ့မှု အလျဉ်းမရှိပေ။ "စစ်သူကြီးချုပ်... ကျွန်တော်နဲ့ ယန့်အာတို့ဟာ နက်နက်ရှိုင်းရှိုင်း ပတ်သက်ပြီးသွားပါပြီ။ ဘုရင့်အာဏာကို ဆန့်ကျင်ရမယ်ဆိုရင်တောင် ကျွန်တော် သူ့ကို အရှုံးမပေးနိုင်ဘူး!"
စကားအဆုံးတွင် ဝမ်ကျန့်သည် ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်သည်။ အဆင့်မြင့် စစ်သေနာပတိ တစ်ဦး၏ ခံညှိအရှိန်အဝါ မှာ ဒီရေလှိုင်းကြီးကဲ့သို့ ကျောက်ဖုန်းထံသို့ အလုံးအရင်းနှင့် ကျရောက်လာတော့သည်။ သို့သော် ကျောက်ဖုန်းက ထိုအရှိန်အဝါကို တည်ငြိမ်စွာပင် ရင်ဆိုင်နေသည်။
တကယ်လို့ အခြေအနေတွေက ပြောင်းလဲလို့မရတော့ဘဲ ဝမ်ယန့်ကို အတင်းအကျပ် လက်ထပ်ပေးဖို့ လုပ်လာရင်တော့... ငါ သူ့ကို လုယူပြီး ထွက်ပြေးမယ်။ ငါ့ရဲ့ အစွမ်းတွေ ဒီလောက်မြင့်နေတာပဲ၊ ချင်နိုင်ငံကနေ ထွက်ပြေးသွားမယ်။ ဒီကမ္ဘာကြီးမှာ ငါ နေစရာ မရှိဘူးလို့ မယုံဘူး။ ချင်နိုင်ငံ ပျက်သုဉ်းတော့မယ့် အချိန်အထိ စောင့်ပြီးမှ ငါ ပြန်လာမယ်။ ဒါဟာ မိုက်ရူးရဲဆန်တယ်လို့ ထင်ရပေမဲ့ ငါ့မိန်းမကို တခြားလူနဲ့ အတင်းလက်ထပ်ပေးတာကိုတော့ ငါ ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူး။
ထိုအခိုက်အတန့်မှာပင်...
ရှပ်...!!
ဝမ်ကျန့်၏ ခါးကြားမှ ဓားမှာ အိမ်အတွင်းမှ ထွက်ပေါ်လာပြီး ဓားဦးမှာ ကျောက်ဖုန်း၏ လည်ပင်းတည့်တည့်သို့ ချိန်ရွယ်ထားသည်။
"မင်း ခုနက ပြောလိုက်တဲ့ စကားအတွက် ငါ မင်းကို သတ်လို့ရတယ်ဆိုတာ မင်း သိလား?" ဝမ်ကျန့်က အေးစက်စွာ ပြောသည်။
"စစ်သူကြီးက ကျွန်တော့်ကို သတ်ချင်တယ်ဆိုရင်လည်း သတ်လိုက်ပါ" ကျောက်ဖုန်းက လုံးဝ တည်ငြိမ်စွာ ဖြေသည်။
"ဘုရင့်အာဏာကို ဆန့်ကျင်မယ်လို့ ပြောတာဟာ ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုပဲ။ ချင်နိုင်ငံရဲ့ စစ်သူကြီး တစ်ယောက်ဖြစ်ပြီး မင်း ဘယ်လိုများ ဒီစကားမျိုး ပြောရဲရတာလဲ? ချင်ရဲ့ စစ်သူကြီးချုပ် အနေနဲ့ ငါ မင်းကို ဒီနေရာတင် ကွပ်မျက်လို့ရတယ်"
"ယန့်အာ အတွက်ဆိုရင်တော့ ဒါဟာ တန်ပါတယ်!" ကျောက်ဖုန်းက အပြတ်အသတ် ပြန်ပြောလိုက်သည်။
ကျောက်ဖုန်း၏ အမူအရာကို ကြည့်ရင်း ဝမ်ကျန့်က စိုက်ကြည့်နေသော်လည်း ဤလူငယ်၏ မျက်လုံးထဲတွင် မည်သည့် ကြောက်ရွံ့မှုကိုမျှ ရှာမတွေ့ပေ။ တင်းမာလှသော အချိန်အနည်းငယ် ကုန်ဆုံးပြီးနောက် ကျောက်ဖုန်းထံ ချိန်ထားသော ဓားမှာ ဖြည်းဖြည်းချင်း အောက်သို့ ကျဆင်းသွားသည်။
"မင်း ယန့်အာရဲ့ အသက်ကို ကယ်ခဲ့တယ်။ ငါသာ မင်းကို သတ်လိုက်ရင် အပြင်လူတွေက ဝမ်မိသားစုကို ဘယ်လို မြင်ကြမလဲ? မင်း ခုနက ပြောတဲ့ စကားတွေကို ငါ မကြားခဲ့ဘူးလို့ပဲ မှတ်ယူလိုက်မယ်" ဝမ်ကျန့်က တိုးညှင်းစွာ ပြောသော်လည်း သူ၏ အရှိန်အဝါမှာ သိသိသာသာ လျော့နည်းသွားပြီ ဖြစ်သည်။
"စကားကတော့ ထွက်သွားပြီးပြီ၊ ကျွန်တော့်ရဲ့ စိတ်ကလည်း ပြောင်းလဲမှာ မဟုတ်ဘူး။ စစ်သူကြီးအနေနဲ့ ကျွန်တော့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ပဲ တောင်းပန်ပါတယ်" ကျောက်ဖုန်းက ထပ်မံ ဦးညွှတ်လိုက်သည်။
ချင်ဘုရင်က ဘယ်လိုထင်မလဲ၊ လက်ထပ်ဖို့ အမိန့်ထုတ်မလားဆိုတာ ကျောက်ဖုန်းအတွက် အရေးမကြီးပါ။ သူ့အတွက် အရေးကြီးသည်မှာ ဝမ်ကျန့်၏ သဘောထားပင် ဖြစ်သည်။
"ငါ ပြောပြီးပြီလေ" ဝမ်ကျန့်က ခေါင်းခါသည်။ "ယန့်အာသာ သာမန်မိန်းကလေး တစ်ယောက်ဆိုရင် ငါ သဘောတူမှာပေါ့။ ဒါပေမဲ့ သူဟာ စစ်ဗိုလ်ချုပ်တွေရဲ့ ဝမ်မိသားစုမှာ မွေးဖွားလာသူ ဖြစ်တယ်။ သူ့ကံကြမ္မာဟာ သူ့လက်ထဲမှာ မရှိဘူး။ ငါကိုယ်တိုင်တောင် ဒါကို ပြောင်းလဲလို့ မရဘူး"
"တကယ်လို့ အဲဒီအခြေအနေအထိ ရောက်လာရင်တော့ ကျွန်တော် လက်ထပ်ပွဲကနေ သူ့ကို လုယူမယ်။ ယန့်အာ တခြားလူနဲ့ လက်ထပ်သွားတာကိုတော့ ကျွန်တော် ဒီအတိုင်း ကြည့်မနေနိုင်ဘူး၊ အဲဒီလူက အကြီးဆုံး မင်းသားတော် ဖြစ်နေရင်တောင်မှပေါ့" ကျောက်ဖုန်း၏ မျက်လုံးများထဲတွင် အေးစက်လှသော ပြတ်သားမှုများ တောက်ပနေသည်။
ထိုစကားကို ကြားသောအခါ ဝမ်ကျန့်က လှောင်ရယ်လိုက်သည်။ "လက်ထပ်ပွဲကနေ လုယူမယ် ဟုတ်လား? မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ! မြို့တော်ထဲမှာ နန်းတွင်းကိုယ်ရံတော် ၃ သောင်းနဲ့ ကင်းလှည့်စစ်သား ၂ သောင်း ရှိတယ်။ မင်း ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ? ကျောက်ဖုန်း... ငါပြောတာ နားထောင်စမ်း။ ယန့်အာကို မေ့လိုက်ပါ။ မင်းလည်း ဘာမှ မပြောင်းလဲနိုင်ဘူး၊ ငါလည်း ဘာမှ မတတ်နိုင်ဘူး"
"စစ်သူကြီးကရော... ကိုယ့်သမီးအကြောင်းကို တကယ် သိလို့လား?" ကျောက်ဖုန်းက ဝမ်ကျန့်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
"မင်း ဘာကို ဆိုလိုတာလဲ?" ဝမ်ကျန့်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။
"ကျွန်တော် ယန့်အာကို သိတာ မကြာသေးပေမဲ့... သူဟာလည်း ဒီအခြေအနေကို ဘယ်တော့မှ အရှုံးပေးမယ့်သူ မဟုတ်ဘူးဆိုတာ ကျွန်တော် သေချာပေါက် သိနေလို့ပါ" ကျောက်ဖုန်း၏ လေသံမှာ အလွန်လေးနက်လှသည်။
ဝမ်ကျန့်သည် ခဏမျှ တိတ်ဆိတ်သွားပြီး ရင်ထဲတွင် စိုးရိမ်စိတ်တစ်ခု ဝင်လာသည်။ အတွေးတစ်ခုက သူ၏ ခေါင်းထဲသို့ ရောက်လာပုံရသည်။ သူသည် ကျောက်ဖုန်းကို ကျောခိုင်းလိုက်ပြီး သူ၏ မျက်နှာအမူအရာကို မမြင်စေရန် ဖုံးကွယ်လိုက်သည်။
"တော်ပြီ။ မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ငါ ဆက်မကြားချင်တော့ဘူး။ ဒီနေ့ ဘာမှ မဖြစ်ခဲ့သလိုပဲ ငါ သဘောထားလိုက်မယ်။ မင်း ပြန်လို့ရပြီ!"