အခန်း ၇၁ - ကျန်းထိုင် နန်းဆောင်အတွင်း၌
"ဘာမှမဟုတ်ပါဘူး။"
"နောက်ဆိုရင်လည်း ကျောက်ဖုန်းရဲ့ သတင်းကို ကျွန်တော် စုံစမ်းပေးထားပါ့မယ်၊ တစ်ခုခုကြားတာနဲ့ ချက်ချင်းလာပြောပြပါ့မယ်" ဟု ရွာလူကြီးဝူက ပြုံးလျက် ဆိုသည်။ ကျောက်ကတော်နှင့် သမီးဖြစ်သူတို့ကလည်း ကျေးဇူးတင်စကား ထပ်ခါတလဲလဲ ပြောကြသည်။
ရွာလူကြီး ပြန်သွားပြီးနောက် ကျောက်ယင်းက သူမ၏ မိခင်ဘက်သို့ လှည့်ကာ "အမေ... အခုတော့ စိတ်အေးအေးထားလို့ ရပြီနော်။ အကိုက ထောက်ပံ့ရေးတပ်မှာဆိုတော့ တကယ့်ကို ဘေးကင်းပါတယ်" ဟု ပြုံးလျက် ပြောလိုက်သည်။
"သူ ဘေးကင်းကင်း ပြန်လာနိုင်ရင်ပဲ အမေ ကျေနပ်ပါပြီ" ကျောက်ကတော်ကလည်း ပြုံးလျက် ပြန်ဖြေသည်။ ရွာလူကြီးဆီမှ သတင်းကြောင့် သူတို့ သားအမိနှစ်ဦးလုံး ရင်ထဲမှ အလုံးကြီး ကျသွားရသည်။
"အမေ အခန်းထဲသွားပြီး နားလိုက်တော့နော်၊ ဒီဆေးပင်တွေကို သမီးပဲ ရှင်းလိုက်ပါ့မယ်။"
"ကောင်းပြီလေ။"ကျောက်ဖုန်းအမေ ကျောက်ကတော်က ခေါင်းငြိမ့်ကာ အထဲဝင်သွားတော့သည်။ ယခုအခါ သူမတွင် မျှော်လင့်ချက်တစ်ခု ရှိလာပြီဖြစ်သည်။ နောက်တစ်နှစ်ဆိုလျှင် သူမ၏ သားလေး အိမ်ပြန်ရောက်လာတော့မည်။
[ရှန်းယန်မြို့!]
နန်းတော်နှင့် မလှမ်းမကမ်းတွင် ကြီးကျယ်ခမ်းနားသော အိမ်တော်ကြီးတစ်ခု ရှိသည်။ အနက်ရောင်နှင့် အနီရောင် ရောယှက်နေသော ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် 'ဝမ်ယန့်' (တပ်မမှူးဝမ်ယန့်) သည် ရထားလုံးပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာသည်။ အိမ်တော်တံခါးဝတွင် အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက ဝမ်းသာအားရ ပြေးလာသည်။
"ယန်အာ(ဝမ်ယန့်)... နောက်ဆုံးတော့ ပြန်လာပြီပေါ့!" ဝမ်ယန့်ကို မြင်သည်နှင့် ထိုအမျိုးသမီးက ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။ "အမေက မင်းအတွက် စိုးရိမ်နေတာ... ကဲ၊ တစ်ယောက်ယောက် သွားပြီး ထမင်းပြင်ခိုင်းလိုက်စမ်း!"
ဝမ်ယန် ရှေ့သို့ လှမ်းလာပြီး သူမ၏ မိခင်ကို အရိုအသေပေးကာ "အမေ" ဟု နှုတ်ဆက်လိုက်သည်။
"ပြန်ရောက်လာရင် ပြီးတာပါပဲ" ဝမ်ကတော်က ဝမ်ယန့်၏ လက်ကိုဆွဲကာ အိမ်တော်ထဲသို့ ခေါ်သွားသည်။ ဝမ်ယန်သည် "စစ်သူကြီးအိမ်တော်" ဟု ရေးထားသော ဆိုင်းဘုတ်ကို မော့ကြည့်လိုက်သည်။ အိမ်တော်ထဲသို့ ဝင်လာရင်း သူမ စိတ်ထဲတွင် ခါးသီးစွာ ပြုံးမိသည်။
ငါ ပြောင်းလဲဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်၊ အဝေးကြီးကိုလည်း ထွက်ပြေးခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးတော့လည်း ငါ ဒီကိုပဲ ပြန်လာခဲ့ရတာပဲ။ ဒါပေမဲ့... ငါ တစ်ခုတော့ ပြောင်းလဲနိုင်ခဲ့ပါတယ်။ ငါ့ရဲ့ နှလုံးသားက အလိုရှိတဲ့ အမျိုးသားကို ငါ့ရဲ့ ကိုယ်ခန္ဓာကို ပေးအပ်ခဲ့ပြီးပြီ...
[မဟာချင်နန်းတော်၊ ကျန်းထိုင် နန်းဆောင်အတွင်း၌!]
မျက်နှာဖုံးစွပ်ထားသော ဝတ်စုံပြည့်နှင့် အမျိုးသားတစ်ဦးသည် 'ရင်ကျန့်' ( စုန့်ရှီဟွမ်) ကို အစီရင်ခံနေသည်။
"မဟာဧကရာဇ်မင်းမြတ်ကို တင်ပြပါတယ်။ စစ်သူကြီးဝမ်ကျန့်ရဲ့ သမီး ရှန်းယန်ကို ပြန်ရောက်လာပါပြီ။"
နန်းဆောင်အတွင်း၌ အိတ်ဖွင့်ပေးစာများကို စစ်ဆေးနေသော ရင်ကျန့်သည် ခဏတာ ရပ်တန့်သွားသည်။ သူ၏ မျက်နှာအမူအရာမှာ မပြောင်းလဲဘဲ လက်ဝေ့ယမ်းကာ "သိပြီ" ဟုသာ တိုးတိုးလေး ပြန်ဖြေသည်။
ရှေ့တန်းတွင် စစ်တပ်ကို အမိန့်ပေးနေရသော စစ်သေနာပတိကြီးတစ်ဦးမှာ ဘုရင်အတွက် အမြဲတမ်း သတိထားရမည့်သူ ဖြစ်သည်။ ဘုရင်တစ်ပါးအနေဖြင့် သူ၏ စစ်သူကြီးကို ယုံကြည်သော်လည်း ကြိုတင်ကာကွယ်မှုကတော့ လိုအပ်သည်သာ။ ဝမ်ကျန့် စစ်ချီသွားစဉ် သူ၏ သားနှင့် သမီးပါ လိုက်ပါသွားခြင်းကို ချင်ပြည်နယ်၏ ထောက်လှမ်းရေးအဖွဲ့ဖြစ်သော 'ဟေးပင်းထိုင်' က မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
"နောက်ထပ် တင်ပြစရာကတော့..." မျက်နှာဖုံးစွပ် အမျိုးသားက ဆက်ပြောသည် - "ဟေးပင်းထိုင်က ကျောက်ပြည်နယ်ဘက်ကို စုံစမ်းစစ်ဆေးမှုတွေ အာရုံစိုက်ထားပါတယ်။ အခုတော့ အခြေအနေတွေ ရှင်းလင်းသွားပါပြီ။ ကျောက်ယန် နန်းတက်ပြီးနောက်မှာ သူနဲ့အတူ စာသင်ဖက်ဖြစ်ခဲ့တဲ့ 'ကောခိုင်' ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ပြီးတော့ ပြည့်တန်ဆာမတစ်ဦးကိုလည်း မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်ထားပါတယ်။"
"အရှင်မင်းမြတ်က ကျောက်ပြည်နယ်ရဲ့ အိမ်ရှေ့စံဟောင်း 'ကျောက်ယိ' ကို သူ့ပြည်နယ်ဆီ ပြန်လွှတ်ပေးလိုက်တုန်းက သူက လှုပ်ရှားမှုအချို့ လုပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ကျောက်ယန်ကို မယှဉ်နိုင်ဘဲ အခုတော့ အလုံးစုံ နှိမ်နင်းခံထားရပါပြီ။ သူက ကျောက်ပြည်နယ်ရဲ့ တော်ဝင်မိသားစုကို ဦးဆောင်နေဆဲ ဖြစ်ပေမဲ့ နန်းပလ္လင်ကို ပြန်လုဖို့ အခွင့်အရေးတော့ မရှိတော့ပါဘူး" ဟု ထောက်လှမ်းရေးအရာရှိ 'တွန့်ရော့' က အစီရင်ခံသည်။
"ကျောက်ယိ..." ရင်ကျန့်က တွေးတောရင်း ဆိုသည်။ "ငါ သူ့ကို ပြန်လွှတ်လိုက်တာက ကျောက်ယန်ကို အာရုံလွှဲဖို့နဲ့ ကျောက်ပြည်နယ်အတွင်းမှာ ပဋိပက္ခတွေ ဖြစ်အောင် လုပ်ဖို့ပဲ။ ဒါပေမဲ့ ကျောက်ယိမှာ အောင်မြင်နိုင်တဲ့ အရည်အချင်း မရှိတာကတော့ နှမြောစရာပဲ။" သူက သက်ပြင်းချလိုက်သည်။ "တကယ် နှမြောစရာပဲ။"
"အရှင်မင်းမြတ်ရဲ့ ဗျူဟာက အလုံးစုံ မရှုံးနိမ့်ပါဘူး" ဟု တွန့်ရော့က ဆိုသည်။ "ကျောက်ယိက ကျောက်ပြည်နယ်ရဲ့ တရားဝင် အိမ်ရှေ့စံ ဖြစ်ခဲ့ဖူးသူလေ။ ကျောက်ယန် နန်းတက်တာက ကျောက်ပြည်နယ်မှာ အငြင်းပွားစရာတွေ ရှိနေဆဲပဲ။ ကျောက်ယန်က ကျောက်ယိကို နှိမ်နင်းထားနိုင်ပေမဲ့ သူ့ကို သတ်ဖို့တော့ မဝံ့ရဲသေးဘူး။"
"ဒါ့အပြင် ကျောက်ပြည်နယ်ရဲ့ နာမည်ကြီး စစ်သူကြီး သုံးဦးထဲက လျန်ဖော် နဲ့ လီမူ တို့ နှစ်ယောက်လုံးက ကျောက်ယိကို ထောက်ခံကြတယ်။ ပြီးတော့ ကျောက်ယန် ခန့်ထားတဲ့ ဝန်ကြီးချုပ် ကောခိုင်ကလည်း လောဘကြီးပြီး အသုံးမကျတဲ့သူပဲ။ အပေါ်ယံမှာ ကျောက်ပြည်နယ်က အေးချမ်းနေသလို ထင်ရပေမဲ့ အတွင်းထဲမှာတော့ မုန်တိုင်းတွေ ထန်နေပါတယ်။"
"ပြီးတော့ ချင်တပ်မတော်က ဟန်ပြည်နယ်ကို တိုက်တုန်းက ကျောက်ပြည်နယ်က ဘာမှ မလှုပ်ရှားနိုင်တာကလည်း အရှင်မင်းမြတ်က ကျောက်ယိကို ပြန်လွှတ်ပေးလိုက်လို့ နန်းတွင်းမှာ ရှုပ်ထွေးနေခဲ့လို့ပါပဲ" ဟု တွန့်ရော့က ရိုသေစွာ ဆိုသည်။
"ကျောက်ယန်က နန်းပလ္လင်ကို လှည့်ကွက်တွေနဲ့ လုယူခဲ့တာ" ရင်ကျန့်က ပြောသည် - "ကန့်ကွက်မှုတွေကို နှိမ်နင်းဖို့အတွက် သူက နယ်မြေချဲ့ထွင်ဖို့ ကျိန်းသေ ကြိုးစားလာလိမ့်မယ်။ သူသာ ဝံ့ရဲရင် ငါလည်း ကျောက်ပြည်နယ်ကို တိုက်ဖို့ ဝံ့ရဲရမှာပဲ။ ဒါပေမဲ့ အဲ့ဒါက အခုချက်ချင်းတော့ မဟုတ်သေးဘူး။ ကျောက်ပြည်နယ်ရဲ့ အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ထား။ တစ်ခုခု လှုပ်ရှားတာနဲ့ ငါ့ဆီ တိုက်ရိုက် အစီရင်ခံ။"
"စိတ်ချပါ အရှင်မင်းမြတ်" တွန့်ရော့က ပြန်ဖြေသည်။ "ကျွန်တော်မျိုး အနီးကပ် စောင့်ကြည့်ထားပါ့မယ်။"
"ကျောက်ပြည်နယ်က ငြိမ်နေပြီ။ ဒါဆို ဝေ ပြည်နယ်ကကော?" ရင်ကျန့်က မေးသည်။ "'ဝေဝူကျိ' က သာမန်လူတော့ မဟုတ်ဘူး။"
"မှန်ပါတယ်၊ ဝေဝူကျိက သာမန်လူ မဟုတ်ပါဘူး" တွန့်ရော့က အစီရင်ခံသည်။ "သူက ကျောက်ပြည်နယ်ဆီ စေတမန်တွေ အကြိမ်ကြိမ်လွှတ်ပြီး ဟန်ပြည်နယ်ကို ကူညီဖို့ စစ်ကူတောင်းခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ဘေးကနေ ကူညီမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ကျောက်ယန်က ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။ အဲ့ဒီနောက် ဝေဝူကျိက ချူ ပြည်နယ်ဆီက 'ဟွမ်ရှဲ့' ဆီမှာ အကူအညီတောင်းပြန်တယ်၊ ဒါပေမဲ့ ငြင်းခံရပြန်ရော။ လက်ရှိမှာ ချင်နဲ့ ချူရဲ့ ဆက်ဆံရေးက မဆိုးတာကြောင့်လည်း ပါတာပေါ့။"
"ဝေဝူကျိ..."မင်းကြီးရင်ကျန့်က ခပ်ပြုံးပြုံးဖြင့် ဆိုသည်။ "သူက ပါးနပ်တဲ့သူပဲ၊ လက်ရှိ အခြေအနေကို ကောင်းကောင်း မြင်နိုင်တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူလည်း ခေတ်ရေစီးကြောင်းကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။"
"အရှင်မင်းမြတ်" တွန့်ရော့က စိတ်လှုပ်ရှားစွာဖြင့် တင်ပြသည် - "မနေ့က သတင်းအရ မဟာချင်ရဲ့ လက်ရွေးစင် တပ်သားတွေက ဟန်မြို့တော်ကို ဝိုင်းထားနိုင်ပြီလို့ သိရပါတယ်။ မကြာခင်မှာ သတင်းကောင်း ရောက်လာတော့မှာပါ။"
ထိုစဉ် 'ကျောက်ကောက်' သည် ခန်းမထဲသို့ အပြေးအလွှား ဝင်လာပြီး ဦးညွှတ်ကာ လျှောက်တင်သည် - "မဟာဧကရာဇ်မင်းမြတ်ကို တင်ပြပါတယ်။ အိမ်ရှေ့စံမင်းသားကြီး (ဖူစု)၊ ဝန်ကြီးချုပ်၊ နန်းတွင်းအရာရှိချုပ်နဲ့ တခြားအမတ်မင်းတွေ နန်းဆောင်အပြင်မှာ အခစားဝင်ဖို့ စောင့်နေကြပါတယ် ဘုရား။"
မင်းကြီးရင်ကျန့်က ဘာမှမပြောဘဲ တွန့်ရော့ကို တစ်ချက် ကြည့်လိုက်သည်။ တွန့်ရော့က အဓိပ္ပာယ်ကို နားလည်ပြီး ဦးညွှတ်ကာ နန်းဆောင်၏ အနောက်ဘက်မှတစ်ဆင့် လျင်မြန်စွာ ထွက်ခွာသွားသည်။ တွန့်ရော့ တည်ရှိနေခြင်းမှာ ချင်ပြည်နယ်၏ လျှို့ဝှက်ချက်ပင် ဖြစ်သည်။ ရင်ကျန့် တစ်ဦးတည်းသာ သူ၏ မျက်နှာကို မြင်ဖူးသည်။ ဝေဟင်ယံ ဝန်ဆောင်မှုပေးသည့် ကျောက်ကောက်ပင်လျှင် တွန့်ရော့ ဆိုသော အမည်ကိုသာ သိပြီး သူ ဘာလုပ်သည်ကို မသိချေ။
တွန့်ရော့ ထွက်သွားပြီးနောက် ရင်ကျန့်က ကျောက်ကောက်ကို ကြည့်ကာ တစ်လုံးတည်းသော အမိန့်ကို ပေးလိုက်သည် - "ဝင်ခိုင်းလိုက်!"
ကျောက်ကောက်က အရိုအသေပေးကာ အပြင်သို့ လှမ်းအော်လိုက်သည် - "မဟာဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်အရ... အမတ်မင်းများ နန်းဆောင်အတွင်းသို့ အခစား ဝင်နိုင်ပြီ!"
အမိန့်ရသည်နှင့် ဖူစု (ဦးဆောင်သော ချင်ပြည်နယ်၏ အရေးပါသော အမတ်မင်းများ အားလုံး ခန်းမထဲသို့ ဝင်လာကြသည်။ သူတို့ထဲတွင် ဝမ်ဝမ်၊ လီဆီ ယွီလျောင်၊ မုန့်ယိ၊ ဖုန်းချွိကျိ နှင့် ကျိန့်ကော် တို့ ပါဝင်သည်။
"ကျွန်တော်မျိုးတို့ မဟာဧကရာဇ်မင်းမြတ်ကို အရိုအသေပေးပါတယ်!" အမတ်မင်းများ အားလုံး တပြိုင်နက် ဦးညွှတ်လိုက်ကြသည်။
"ထကြစမ်း" မင်းကြီးရင်ကျန့်အသံသည်ခန်းမဆောင်အတွင်းဟိန်းထွက်သွားလေသည။သူ၏ အကြည့်မှာ ယွီလျောင် ဆီသို့ ရောက်သွား၍"မင်းတို့အားလုံး အတူတူ လာကြတယ်ဆိုတော့ ကျိန်းသေ ပျော်စရာသတင်း တစ်ခုခု ပါလာလို့ ဖြစ်မယ်။"
"အရှင်မင်းမြတ်က တကယ်ကို ဉာဏ်အမြော်အမြင် ကြီးမားလှပါတယ်" ယွီလျောင်က ဆိုသည်။ "ကျွန်တော်မျိုး စစ်သေနာပတိကြီးဆီကနေ အရေးပေါ် အစီရင်ခံစာ ရထားပါတယ်။ အရှင်မင်းမြတ် ကြည့်ရှုတော်မူပါဦး။"
ယွီလျောင်သည် သူ၏ ဝတ်ရုံထဲမှ မဖွင့်ရသေးသော စစ်မြေပြင် အစီရင်ခံစာကို ထုတ်လိုက်သည်။ ကျောက်ကောက်က အမြန်လာယူပြီး ရင်ကျန့်ထံ ဆက်သလိုက်သည်။
"မဖွင့်ကြည့်ရသေးဘဲနဲ့ ဒါက သတင်းကောင်းမှန်း မင်း ဘယ်လိုသိသလဲ?" မင်းကြီးရင်ကျန့်က ခပ်ပြုံးပြုံးဖြင့် မေးလိုက်သည်။
"အကယ်၍ ဒါက အောင်ပွဲသတင်း မဟုတ်ဘူးဆိုရင် စစ်သေနာပတိကြီးက ဒီလောက် အရေးတကြီး ပို့လာမှာ မဟုတ်ဘူးလေ ဘုရား" ယွီလျောင်က ယုံကြည်မှုရှိစွာ ဖြေသည်။
ရင်ကျန့်က ပြုံးလျက် အစီရင်ခံစာ၏ တံဆိပ်ကို ခွာလိုက်သည်။ ပထမဆုံး စာကြောင်းကို ဖတ်လိုက်သည်နှင့် ရင်ကျန့်၏ မျက်နှာတွင် အားရကျေနပ်သော အပြုံးတစ်ခု ပေါ်လာတော့သည်။