အခန်း ၅၇ - ကျောက်ဖုန်း - ဟန်နန်းတော်ရဲ့ ဘဏ္ဍာတိုက်
ထိုစကားကို ကြားလိုက်ရသည်နှင့် ဟန်ဖေး၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ သိသိသာသာ ထင်ဟပ်သွားသည်။ "စစ်သူကြီးလီက ဘာကြောင့် ကတိမတည်တာလဲ"
"ခင်ဗျားက ငါတို့ မဟာဧကရာဇ်မင်းမြတ် ကိုယ်တိုင် အလိုရှိနေတဲ့သူပဲ။ အကယ်၍ ခင်ဗျားသာ သေသွားရင် ငါ သူ့ကို ဘယ်လို ရှင်းပြရမလဲ" ဟု လီထန်က ဖြည်းညင်းစွာ ပြောလိုက်သည်။ "ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ အရှင်မင်းသား"
ပြောပြီးသည်နှင့် သူသည် လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်သည်။ ဒုတိယစစ်သူကြီးတစ်ဦးသည် ဟန်ဖေး၏ ဘေးသို့ ချက်ချင်းပြေးသွားပြီး သူ၏လက်ထဲမှ ဓားကို လုယူလိုက်တော့သည်။
သမိုင်းမှတ်တမ်းတွေက မှန်နေတာပဲ။ ဧကရာဇ် ချင်ရှီဟွမ်က ဟန်ဖေးကို အရမ်းတန်ဖိုးထားခဲ့တာ။ ဒါပေမဲ့ ဒီလို တန်ဖိုးထားခံရတာကပဲ လျိုစီ ရဲ့ မနာလိုမှုကို နှိုးဆွပေးသလို ဖြစ်သွားပြီး နောက်ဆုံးမှာတော့ လျိုစီက ဟန်ဖေးကို ကောက်ကျစ်စွာနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တာပဲ။ 'ဥပဒေစိုးမိုးရေးဝါဒ' ရဲ့ အထွတ်အထိပ် ပညာရှင်ဖြစ်တဲ့ ဟန်ဖေးဟာ ချင်မင်းဆက်အတွက် သူ့ရဲ့ စွမ်းဆောင်ရည်တွေကို မပြသနိုင်ခင်မှာပဲ ကံဆိုးစွာနဲ့ အဆုံးသတ်ခဲ့ရတာပဲ။
သူတို့ကြားတွင် အကွာအဝေးတစ်ခု ရှိနေသော်လည်း ကျောက်ဖုန်း၏ ထက်မြက်လှသော အကြားအာရုံကြောင့် အရာအားလုံးကို ရှင်းလင်းစွာ ကြားနေရသည်။ သူသည် ဟန်ဖေး၏ ကံကြမ္မာကို ကောင်းကောင်းသိထားသည်။ သို့သော် သိထားလျှင်ပင် ယင်းမှာ သူနှင့် မသက်ဆိုင်သကဲ့သို့ ရှိနေသည်။
ကြည့်ရတာ ဟန်ဖေးက သေဖို့ ဆုံးဖြတ်ပြီးသားပဲ။ လျိုစီ ဝင်မနှောင့်ယှက်ရင်တောင် သူက အသက်ရှင်ချင်စိတ် မရှိသလို ချင်ပြည်နယ်အပေါ် သစ္စာစောင့်သိဖို့လည်း ဆန္ဒမရှိဘူး။
စကားလုံး အနည်းငယ်ဖြင့် ကမ္ဘာကျော် ပါရမီရှင်တစ်ဦးဖြစ်သော မင်းသားတစ်ပါးကို စည်းရုံးသိမ်းသွင်းနိုင်မည်ဟု ကျောက်ဖုန်း မယုံကြည်ပေ။ ရှေးလူဟောင်းကြီးများကို ထိုမျှလောက် ရိုးစင်းသည်ဟု ထင်မြင်ခြင်းမှာ အလွန်အမင်း မိုက်မဲရာ ရောက်ပေလိမ့်မည်။
"အရှင်ဟန်နဲ့ ဟန်အမတ်မင်းတွေကို ခေါ်သွားပြီး သေချာစောင့်ကြည့်ထားလိုက်" ဟု လီထန်က အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါခင်ဗျာ" ဘေးရှိ ယုံကြည်ရသော လက်ထောက်တစ်ဦးက ချက်ချင်း နာခံလိုက်ပြီး ဟန်ဖေးနှင့် ဟန်အမတ် ဒါဇင်ပေါင်းများစွာကို ခေါ်ဆောင်သွားတော့သည်။
ထို့နောက် လီထန်သည် နိုးနိုးကြားကြား ရှိနေသော လက်ရွေးစင် စစ်သည်များကို ဝေ့ကြည့်ကာ ဟိန်းဟောက်လိုက်သည် "တပ်ဖွဲ့တွေ အကုန် လူစုခွဲကြ!"
သက်ဆိုင်ရာ ခေါင်းဆောင်များ၏ အမိန့်အောက်တွင် စစ်တပ်သည် စနစ်တကျ လူစုခွဲသွားကြသည်။
"ငါ့အမိန့်ကို လက်ဆင့်ကမ်းလိုက်" လီထန်က အသံကျယ်ကျယ်ဖြင့် ထပ်မံ အမိန့်ပေးသည်။ "ချန်ထောင်း... မင်းရဲ့ ဝမ်ကျန်းတပ်ခွဲကို ဦးဆောင်ပြီး နန်းတော်ထဲကို ဝင်စောင့်ကြပ်ချေ။ နန်းတော်ကို ရှာဖွေပြီး အထဲကလူအားလုံးကို ဖယ်ရှားလိုက်။ နန်းတော်ထဲဝင်တဲ့အခါ ခုခံတဲ့သူမှန်သမျှကို ညှာတာမှုမရှိဘဲ သတ်ပစ်! ဟန်စစ်သည်တွေအားလုံးကို လက်နက်ချပြီး နန်းတော်ထဲက ထွက်သွားဖို့ အမိန့်ပေးလိုက်!"
"ကျွန်တော်မျိုး အမိန့်ကို နာခံပါတယ်" ဟု ချန်ထောင်းက ချက်ချင်း ပြန်ဖြေသည်။ ထို့နောက် သူသည် သူ၏ တပ်ဖွဲ့များကို ပြန်ကြည့်လိုက်ရာ သူ၏ အကြည့်မှာ ကျောက်ဖုန်းထံတွင် ခေတ္တရပ်တန့်သွားသည်။ "တပ်မှူး ကျောက်ဖုန်း... မင်းရဲ့လူတွေကို ဦးဆောင်ပြီး ရှေ့ကသွား။ လျိုဝူ... မင်းက မင်းရဲ့တပ်နဲ့ နောက်ကလိုက်ခဲ့"
"ဟုတ်ကဲ့ပါ" ကျောက်ဖုန်းက ချက်ချင်း နာခံလိုက်သည်။
လျိုဝူမှာမူ ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာဖြင့် အားနည်းနေပုံရသည်။ ဤတိုက်ပွဲတွင် ရှေ့တန်းတပ်ဖွဲ့မှာ ထက်ဝက်ကျော် ကျဆုံးခဲ့ပြီးနောက် လျိုဝူ၏ တပ်ခွဲမှာ အကျအဆုံး အများဆုံး ဖြစ်ခဲ့သည်။ သူ၏ လက်ရွေးစင် စစ်သည် ငါးထောင်အနက် နှစ်ထောင်ပင် မပြည့်တော့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ကျောက်ဖုန်း၏ တပ်ခွဲတွင် လူတိုင်း ဒဏ်ရာရထားကြသော်လည်း သူ၏ စစ်သည် ငါးထောင်အနက် လေးထောင်ကျော်မှာ အသက်ရှင် ကျန်ရစ်နေသေးသည်။
"ကျွင်းဟော့တို့ အားလုံး... ငါ့နောက်ကနေ နန်းတော်ထဲကို လိုက်ခဲ့ကြ!" ကျောက်ဖုန်းက အသံကျယ်ကျယ်ဖြင့် ခေါ်လိုက်သည်။
နိုင်ငံတစ်ခုရဲ့ နန်းတော်... ဟန်ဘုရင်က တော်ဝင်ဘဏ္ဍာတိုက်ထဲက ရတနာတွေကို ရွှေ့ဖို့ အချိန်ရပါ့မလား။ အကယ်၍ မရွှေ့ရသေးဘူးဆိုရင် ငါကိုယ်တိုင် ဝင်ကြည့်လို့ မရဘူးလား?
ထိုသို့ တွေးလိုက်မိသည်နှင့် ကျောက်ဖုန်း၏ စိတ်ထဲတွင် မျှော်လင့်ချက်များ ဝေစည်လာသည်။ အခြားသူသာဆိုလျှင်၊ ဝမ်ကျန်းတပ်မှူး တစ်ဦးပင် ဖြစ်လင့်ကစား နန်းတော်၏ ရတနာများကို ယူရန် မဖြစ်နိုင်ပေ။ သို့သော် ကျောက်ဖုန်းတွင် ၉ ကုဗမီတာ ကျယ်ဝန်းသော လက်ရှိတွင် ဗလာဖြစ်နေသည့် 'သိုလှောင်မှုဟင်းလင်းပြင်' ရှိသည်။ အကယ်၍ ရတနာတွေ အမှန်တကယ် ရှိနေခဲ့လျှင် သူယူသွားသည်ကို ဘယ်သူ သိနိုင်မည်နည်း။
ကျောက်ဖုန်း၏ စိတ်ဓာတ်မှာ ပြောင်းလဲသွားပြီ ဖြစ်သည်။ မိမိကိုယ်တိုင်အတွက်၊ မိမိ၏ အနာဂတ်အတွက်နှင့် တစ်နေ့တွင် သူ သိမ်းပိုက်မည့် နယ်မြေအာဏာစက်အတွက် ယခုကတည်းက အရင်းအမြစ်များကို စုဆောင်းထားရန်မှာ အရေးကြီးလှသည်။ ထို့နောက် ကျောက်ဖုန်းသည် နန်းတော်အတွင်းပိုင်းဆီသို့ ခပ်သွက်သွက် လျှောက်သွားတော့သည်။ သူ၏နောက်မှ ကျွင်းဟော့ ငါးဦးသည်လည်း သူတို့၏ တပ်များကို ဦးဆောင်ကာ ဝင်လာကြသည်။
"ကျန်တဲ့ တပ်မှူးတွေကတော့ သူတို့တပ်တွေကို ဦးဆောင်ပြီး ဟန်မြို့တော်ကို ပိတ်ဆို့ထားကြ! ငါ့အမိန့်မရှိဘဲ ဘယ်သူမှ မြို့ထဲက ထွက်ခွင့်မရှိစေနဲ့!" လီထန်က အေးစက်စွာ ကြေညာလိုက်သည်။ "အိမ်တိုင်းစေ့ကို ရှာဖွေကြ! ဟန်ဘုရင်ရဲ့ အရိပ်အယောင်ကို တွေ့တဲ့သူကို ထိုက်ထိုက်တန်တန် ဆုချမယ်။ ဟန်ဘုရင်က ဒီလောက် မြန်မြန် ထွက်ပြေးနိုင်လိမ့်မယ်လို့ ငါ မယုံဘူး"
ဘုရင်ကို မဖမ်းမိဘဲ ဟန်ပြည်နယ်ကို သိမ်းပိုက်ရခြင်းမှာ သူ၏အမြင်တွင် ကျရှုံးမှုတစ်ခုကဲ့သို့ ဖြစ်နေပြီး သူ၏ အောင်မြင်မှုကို အမည်းစက် ထင်ကျန်စေသည်။ လီထန်သည် ထိုသို့ အဖြစ်မခံနိုင်ပေ။
"ကျွန်တော်မျိုးတို့ အမိန့်ကို နာခံပါတယ်!" စစ်သူကြီးများ အားလုံးက တစ်ပြိုင်နက်တည်း ပြန်ဖြေကြသည်။
[ဟန်နန်းတော်အတွင်း၌!]
နေရာအနှံ့တွင် စိတ်ဓာတ်ကျဆင်းနေသော ဟန်စစ်သည်များသည် ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။ ကျောက်ဖုန်းက ချင်စစ်တပ်ကို ဦးဆောင်ပြီး နန်းတော်ထဲ ဝင်လာသည်ကို မြင်သောအခါ သူတို့၏ မျက်နှာများတွင် ကြောက်ရွံ့မှုများ ထင်ဟပ်လာသည်။ သူတို့ထဲမှ အများအပြားသည် ကျောက်ဖုန်းကို ထိတ်လန့်တကြား ကြည့်နေကြပြီး အလွန်အမင်း ကြောက်လန့်မှုကြောင့် ခန္ဓာကိုယ်များမှာလည်း မထိန်းနိုင်အောင် တုန်ရီနေကြသည်။
"အဲ့ဒါ 'သတ်ဖြတ်ခြင်းနတ်ဘုရား' ပဲ"
"သူပဲ..."
ဟန်စစ်သည် အများအပြားမှာ ကျောက်ဖုန်းကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိကြသည်။ သူတို့သည် ဟန်မြို့တော်၏ မြို့ပြင်နှင့် မြို့တွင်းတို့မှ ထွက်ပြေးလာခဲ့ကြသူများ ဖြစ်သည်။ မြို့တော် ကျဆုံးခြင်းနှင့် ချင်စစ်တပ် ယခုနေရာအထိ ရောက်ရှိလာခြင်းတို့တွင် ကျောက်ဖုန်းမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သူ၏ တပ်ခွဲမှာ မဆုတ်မနစ် ထိုးစစ်ဆင်ခဲ့ပြီး သူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်မှာ ဟန်စစ်သည်အားလုံး၏ နှလုံးသားထဲသို့ ကြောက်စိတ်ကို ရိုက်သွင်းခဲ့သည်။
သတ်ဖြတ်ခြင်းနတ်ဘုရား၊ ပျက်သုဉ်းခြင်း၏ နိမိတ်ဆောင်သူ။ ယင်းတို့မှာ သူတို့ ထွက်ပြေးစဉ် တီးတိုးရေရွတ်ခဲ့ကြသည့် နာမည်များဖြစ်ပြီး သူ့ကို နောက်ထပ် မတွေ့ရပါစေနှင့်ဟု ဆုတောင်းနေခဲ့ကြခြင်း ဖြစ်သည်။
ကျောက်ဖုန်းက ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဟန်စစ်သည်များ သူ့အပေါ် ခံစားနေရသော ထိတ်လန့်မှုကို အာရုံခံမိသော်လည်း သူ ဂရုမစိုက်ပေ။
"မင်းတို့ရဲ့ ဘုရင်က ထွက်ပြေးသွားပြီ! မင်းတို့ရဲ့ မင်းသား ဟန်ဖေးကလည်း ပြည်နယ်တံဆိပ်တုံးကို အပ်နှံပြီး ချင်ပြည်နယ်ကြီးဆီမှာ လက်နက်ချလိုက်ပြီ!" ကျောက်ဖုန်းက ပတ်ဝန်းကျင်ရှိ စစ်သည်များကို ဟိန်းဟောက်လိုက်သည်။ "အသက်ရှင်ချင်ရင် လက်နက်တွေကို ချက်ချင်းချပြီး နန်းတော်ထဲကနေ အခုပဲ ထွက်သွားကြ!"
သူ့စကားအဆုံးတွင်... ဂျိမ်း... ဝုန်း...
ဘေးပတ်လည်ရှိ ဟန်စစ်သည်များသည် သူတို့၏ လက်နက်များကို အမြန်ချလိုက်ကြပြီး တစ်လှမ်းနောက်ကျလျှင် အသတ်ခံရမည်ကို စိုးရိမ်သဖြင့် နန်းတော်ထဲမှ အလုအယက် ထွက်ပြေးသွားကြတော့သည်။
သူတို့ကတော့ အခြေအနေကို ကောင်းကောင်း နားလည်သားပဲ ဟု ကျောက်ဖုန်းက စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။
"တပ်မှူး..." ကျန်းဟန်က ဘေးမှနေ၍ ရယ်မောရင်း ပြောလိုက်သည်။ "ဟန်စစ်သည်တွေ ခင်ဗျားကို ကြည့်တဲ့ပုံကို တွေ့လား။ သရဲမြင်တဲ့အတိုင်းပဲ။ ကျွန်တော် ထင်တာတော့ ခင်ဗျားက သူတို့ရဲ့ အသိစိတ်တွေ လွတ်ထွက်သွားအောင်ကို ခြောက်လှန့်ထားတာပဲ"
"သူတို့ လက်နက်ချသွားပြီဆိုတော့ ဒါပဲပေါ့။ ဒီနေရာကို ဒုတိယတပ်ခွဲကိုပဲ ရှင်းခိုင်းလိုက်။ ငါတို့ကတော့ နန်းတော်ထဲကို ဆက်သွားကြမယ်" ဟု ကျောက်ဖုန်းက ပြောလိုက်သည်။ သူ၏ စိတ်ထဲတွင် ဟန်ပြည်နယ်၏ ဘဏ္ဍာတိုက်ကိုသာ အာရုံရောက်နေသည်။ နိုင်ငံတစ်ခု၏ ဘဏ္ဍာတိုက်ဆိုသည်မှာ သူ လက်လွှတ်မခံနိုင်သည့် ကြီးကျယ်သော အရာများ ရှိနေမည်မှာ အသေအချာပင်။
"နားလည်ပါပြီ" ဟု ကျန်းဟန်နှင့် အခြားသူများက မဆိုင်းမတွ ပြန်ဖြေကြပြီး ကျောက်ဖုန်း၏ နောက်မှနေ၍ နန်းတော်အတွင်းပိုင်းသို့ ဆက်လက် လိုက်ပါသွားကြသည်။
ကျောက်ဖုန်းက သူ၏တပ်ကို ဦးဆောင်ကာ ဝင်သွားပြီးနောက် လျိုဝူသည်လည်း သူ၏ ဒဏ်ရာရ စစ်သည်များနှင့်အတူ ဝင်လာခဲ့သည်။ မြေပြင်ပေါ်ရှိ စွန့်ပစ်ထားသော လက်နက်များနှင့် နန်းတော်ထဲမှ အလုအယက် ထွက်ပြေးနေကြသော ဟန်စစ်သည်များကို မြင်လိုက်ရသောအခါ သူသည် သူ၏လူများကို စနစ်တကျ ရှိနေစေရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ ဤတိုက်ပွဲတွင် သေမင်းတံခါးဝမှ သီသီလေး လွတ်မြောက်လာခဲ့ရသဖြင့် လျိုဝူမှာ ယခင်ကကဲ့သို့ တက်ကြွမှုများ မရှိတော့ပေ။
ဟန်နန်းတော်အတွင်း၊ ညီလာခံကျင်းပရာ ခန်းမကြီး၏ ရှေ့တွင်ရှိသော ရင်ပြင်ကျယ်ကြီး၌ နန်းတွင်းသူများနှင့် မိန်းမစိုး ထောင်ပေါင်းများစွာမှာ မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည်။ သူတို့အထဲတွင် လှပစွာ ဝတ်ဆင်ထားသော ကိုယ်လုပ်တော်များစွာလည်း ပါဝင်သည်။
ဟန်ဖေးက တကယ်ပဲ တော်တဲ့သူပဲ။ သူက နန်းတော်တစ်ခုလုံး လက်နက်ချဖို့ ကြိုတင် စီစဉ်ထားခဲ့တာပဲ။ မဟုတ်ရင် ငါတို့စစ်တပ် ဝင်တိုက်တဲ့အချိန်မှာ လူတွေက ဟိုပြေးဒီပြေး ဖြစ်နေရင် အများကြီး သေကြဦးမှာ ဟု ကျောက်ဖုန်းက စနစ်တကျ ဒူးထောက်နေကြသော နန်းတွင်းသူများကို ကြည့်ရင်း တွေးလိုက်မိသည်။ ယင်းမှာ ဟန်ဖေး၏ စီစဉ်မှုဖြစ်ကြောင်း သိသာလှသည်။
"တပ်မှူး..." ကျန်းဟန်က ဒူးထောက်နေသော ကိုယ်လုပ်တော်များကို လိုက်ကြည့်ရင်း ဖြီးဖြီးနှင့် ပြောလိုက်သည်။ သူတို့ထဲတွင် လှပသော မင်းသမီးများနှင့် တော်ဝင်ကိုယ်လုပ်တော်များစွာ ပါဝင်နေသည်။ "ဒီမှာ မင်းသမီးတွေနဲ့ ကိုယ်လုပ်တော်တွေ အများကြီးပဲ။ ကျွန်တော် ခင်ဗျားအတွက် နှစ်ယောက်လောက် ဖမ်းထားပေးပြီး ဒီည ခင်ဗျားရဲ့ တပ်စခန်းဆီ ပို့ပေးရမလား"