"မင်းမှာ တကယ်တမ်း အစွမ်းအစရှိလို့ အထက်ကို တက်လှမ်းဖို့ အခွင့်အရေးရလာရင် မင်း တက်လှမ်းရမယ်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အထက်ကိုရောက်အောင် တက်ပါ။"
"ဒီကမ္ဘာကြီးက လူတွေကို ဝါးမြိုနေတာကွ။"
"မင်းမှာ အာဏာနဲ့ သြဇာမရှိရင် အိမ်ပြန်ရောက်သွားရင်တောင် မင်း အနှိမ်ခံရဦးမှာပဲ။ မင်းရဲ့ လယ်ကွက်တွေကို သူတပါးက ပရိယာယ်နဲ့ လုယူသွားနိုင်သလို၊ မင်းရဲ့ မိသားစုဝင်တွေပါ ကျွန်အဖြစ် အဓမ္မ ခိုင်းစေတာ ခံရနိုင်တယ်။"
"မင်းရဲ့ အပြစ်ကင်းစင်မှုတွေနဲ့ စိတ်ကူးယဉ်မှုတွေကို စွန့်လွှတ်လိုက်စမ်း။"
"မင်းက ငယ်သေးတော့ မမြင်ဖူးသေးဘူး။ ဒါပေမဲ့ တစ်နေ့ မင်းမြင်လာရတဲ့အခါ... မင်းမှာ အာဏာနဲ့ သြဇာသာမရှိရင် မင်း လျှောက်နေတာက လမ်းဆုံးနေတဲ့ လမ်းပဲဆိုတာ သိလာလိမ့်မယ်။"
ညအမှောင်ထုအောက်တွင် ဝေချွမ်သည် ကျောက်ဖုန်းကို စိုက်ကြည့်ရင်း လေးနက်သောလေသံဖြင့် ပြောနေသည်။ ဝေချွမ်၏ တင်းမာသော အကြည့်ကြောင့် ကျောက်ဖုန်း၏ မျက်နှာပေါ်မှ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ဝေချွမ်သည် နောက်ပြောင်နေခြင်းမဟုတ်ဘဲ အလေးအနက် ပြောနေခြင်းဖြစ်ကြောင်း သူ သိလိုက်သည်။
"ဝေကြီး..." ကျောက်ဖုန်းက မမေးဘဲ မနေနိုင်တော့ဘဲ မေးလိုက်သည်။ "ဝေကြီးရဲ့ မိသားစုမှာ တစ်ခုခု ဖြစ်ခဲ့လို့လား?"
"ငါလား? ဟဲ..." ဝေချွမ်၏ မျက်လုံးများထဲတွင် နာကျည်းမှုရိပ်များ ပြည့်နှက်သွားသည်။ "မြို့နယ်ထဲက အာဏာရှိတဲ့ မှူးမတ်တစ်ယောက်က ငါ့ညီမလေးကို အဓမ္မဖမ်းခေါ်သွားတာကို ငါ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတာ။ သူမ စော်ကားခံခဲ့ရတယ်... အခုတော့ သူမ ရူးသွားပြီ။"
"ဝေကြီး... အရာရှိတွေဆီ သွားမတိုင်ဘူးလား?" ကျောက်ဖုန်း ထိတ်လန့်တကြား မေးလိုက်သည်။ "မုဒိမ်းမှုက မိန်းမစိုးဖြစ်အောင် လုပ်တဲ့ ဒဏ်ပေးရမှာလေ ။"
"အရာရှိတွေဆီ သွားတိုင်ရမယ်?" ဝေချွမ်၏ မျက်လုံးများထဲတွင် လှောင်ပြောင်သည့် အရိပ်အယောင်များ ပေါ်လာသည်။ "ချင်ဥပဒေက တင်းကျပ်တယ်ဆိုတာ လူတိုင်းသိကြပေမဲ့ အဲ့ဒီဥပဒေကို ကျင့်သုံးတာက အာဏာရှိသူတွေရဲ့ လက်ထဲမှာ ရှိနေတယ်ဆိုတာ သူတို့ မသိကြဘူး။ မင်းက သာမန်အရပ်သားဆိုရင်တော့ ဟုတ်တာပေါ့၊ ဥပဒေက တင်းကျပ်တယ်။ ဒါပေမဲ့ မင်းက အာဏာရှိတဲ့ မိသားစုကဆိုရင် အဲ့ဒီ တင်းကျပ်လှပါတယ်ဆိုတဲ့ ချင်ဥပဒေက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ?"
"ဘုရင်ကြီးအတွက်တော့ ချင်ဥပဒေက တစ်ပြည်လုံးကို အုပ်ချုပ်နေတာ ဖြစ်နိုင်ပေမဲ့ ငါ့အိမ်က (ရှူ ) ဒေသမှာကွ၊ မြို့တော်နဲ့ အရမ်းဝေးတယ်။ ဘုရင်ကြီးရဲ့ အာဏာက ငါတို့ဆီအထိ မရောက်ဘူး။"
"ငါနဲ့ ငါ့အဖေ သွားတိုင်ခဲ့ကြတယ်။ အဆုံးမှာတော့ အဲ့ဒီမှူးမတ်ရဲ့ သားက ငါတို့ကို ပြန်ပစ်မှတ်ထားတော့တာပဲ။ သူက ငါ့အဖေကို ရိုက်သတ်ခိုင်းခဲ့သလို၊ ငါ့ကိုလည်း ဒဏ်ရာအပြင်းအထန် ရအောင် လုပ်ခဲ့တယ်။"
"သူကတော့ အခုထိ တရားဥပဒေရဲ့ အပြင်ဘက်မှာ လွတ်လွတ်လပ်လပ် သွားလာနေတုန်းပဲ။"
"အရာရှိတွေလား? ချင်ဥပဒေလား?"
"ရှန်းယန်မြို့နဲ့ ပတ်ဝန်းကျင်မှာတော့ ချင်ဥပဒေက ဘယ်သူမှ မဆန့်ကျင်ရဲတဲ့ နတ်ဘုရားရဲ့ အမိန့်တော် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဝေးလံတဲ့ အရပ်တွေမှာတော့ အဲ့ဒီဥပဒေက အသုံးမကျတဲ့ အရာပဲ။"
"ပြစ်ဒဏ်တွေက အရာရှိကြီးတွေနဲ့ မသက်ဆိုင်ဘူး !"
"ချင်ဥပဒေဆိုတာ သာမန်လူတွေအတွက်ပဲ။"
"ကျောက်မောင်... အဲ့လောက် အပြစ်ကင်းမနေနဲ့။"
ထိုစကားကို ကြားသောအခါ ကျောက်ဖုန်း တိတ်ဆိတ်သွားသည်။ သူ ဤကမ္ဘာတွင် ပြန်လည်မွေးဖွားလာခဲ့သည်မှာ ၁၅ နှစ်ကျော်ပြီ။ သို့သော် သူ၏ ဗဟုသုတမှာ သူ၏ ဇာတိရွာနှင့် ဤစစ်စခန်းအတွင်း၌သာ ကန့်သတ်ထားသည်။ သူ၏ ရွာတွင် အိမ်နီးချင်းများမှာ တစ်ဦးနှင့်တစ်ဦး ကြည့်ရှုစောင့်ရှောက်ကြသည်။ ယခုအချိန်အထိ ကျောက်ဖုန်းသည် ဝေချွမ်ပြောသော အရာမျိုးနှင့် တစ်ခါမှ မကြုံဖူးပေ။
သူသည် ချင်ဥပဒေကို အလွန်တင်းကျပ်သည်ဟု အမြဲတွေးခဲ့ဖူးသည်။ နောင်ခေတ်လူများကပင် 'ချင်၏ ရက်စက်သော အုပ်ချုပ်မှု' ဟု ခေါ်ဝေါ်ကြသည်။ သို့သော် ယခု ဝေချွမ်၏ စကားများက သူ့ကို မှင်တက်သွားစေသည်။
"ချင်ဥပဒေဆိုတာ သာမန်လူတွေအတွက်ပဲ။"
"ပြစ်ဒဏ်တွေက အရာရှိကြီးတွေနဲ့ မသက်ဆိုင်ဘူး။"
ကျောက်ဖုန်းသည် ထိုစကားများကို တိုးတိုးလေး ရွတ်ဆိုနေမိသည်။ ဤခေတ်၏ စစ်မှန်ပြီး အရောင်မခြယ်ထားသော ကမ္ဘာကြီးနှင့် သူ ထိပ်တိုက်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
"ကဲ... ထားလိုက်ပါတော့" ဝေချွမ်က ကျောက်ဖုန်း၏ ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။ "ကျောက်မောင်... အဲ့ဒါတွေကို အရမ်းကြီး စဉ်းစားမနေနဲ့။ ငါက မင်းကို ဒီကမ္ဘာကြီးက မင်းထင်သလောက် ရိုးရှင်းတာ ဒါမှမဟုတ် ကြင်နာတတ်တာ မဟုတ်ဘူးဆိုတာ ပြောပြချင်ရုံပါ။"
"ငါ ဒီနေ့ ယမမင်းနဲ့ တွေ့ဖို့ လက်တစ်လုံးအလိုပဲ ရှိခဲ့တာ။ ငါ သွားအိပ်တော့မယ်၊ မင်းလည်း အိပ်တော့။"
"ငါတို့ မနက်ဖြန် ယန်မြို့ကို ထွက်ကြမယ်။"
ဝေချွမ်သည် အားနည်းသော အပြုံးတစ်ခုနှင့်အတူ လှည့်ထွက်ကာ သူ၏ တဲဆီသို့ လျှောက်သွားသည်။ ကျောက်ဖုန်းမှာတော့ မီးပုံလေးရှေ့တွင် ဆက်ထိုင်နေရင်း ဝေချွမ်၏ စကားများကို ပြန်လည် စဉ်းစားနေမိသည်။
'ငါ တကယ်ပဲ အပြစ်ကင်းလွန်းနေခဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ နှစ်နှစ်အတွင်းမှာ ငါစုဆောင်းမိတဲ့ ဂုဏ်သတ္တိတွေက အမေနဲ့ ညီမလေးကို ကာကွယ်ဖို့ လုံလောက်မှာပါ။ အကယ်၍ တစ်ယောက်ယောက်က သူတို့ကို အနိုင်ကျင့်ရဲရင် ငါ သူတို့ မျိုးနွယ်စု တစ်ခုလုံးကို အမြစ်ပြတ်အောင် သတ်ပစ်မယ်။'
'လောလောဆယ်တော့ ထောက်ပို့တပ်မှာ နေရတာ အဆင်ပြေပါတယ်။ အဆုံးမှာတော့ ချင်ပြည်နယ်က အခုအချိန်မှာ အင်အားအလွန်ကြီးမားနေတယ်။ သူက တစ်ကမ္ဘာလုံးကို စည်းလုံးစေပြီး ချင်ဘုရင်က သမိုင်းမှာ ပထမဆုံး ဧကရာဇ်ဖြစ်တဲ့ ချင်ရှီဟွမ် ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ဒီလောက် အင်အားကြီးတဲ့ မင်းဆက်က ဒုတိယမျိုးဆက်မှာတင် ပြိုလဲသွားမယ်ဆိုတာ ဘယ်သူသိမှာလဲ?'
'ငါက သာမန်လူတစ်ယောက်ပဲ။ ငါ့မှာ ပြန်လည်မွေးဖွားလာသူတစ်ဦးရဲ့ အစွမ်းရှိပေမဲ့ ငါ့ရဲ့ လက်ရှိစွမ်းအားက ဒီကမ္ဘာကြီးကို လွှမ်းမိုးဖို့ မနီးစပ်သေးဘူး။ အနာဂတ်အတွက် ငါ ပိုပြီး သန်မာလာအောင် လုပ်ရမယ်။ ရာထူးတွေ၊ ဘွဲ့ထူးတွေ ရလာဖို့ဆိုတာ စဉ်းစားလို့ ကောင်းပေမဲ့ ငါ တစ်လှမ်းချင်းစီပဲ သွားသင့်တယ်။ အသက်ရှင်ဖို့က အရေးကြီးဆုံးပဲ။'
ဝေချွမ်၏ စကားများက သူ့ကို များစွာ တွေးတောစေခဲ့သည်။ ကျောက်ဖုန်းသည် စိတ်ထဲမှ အမိန့်ပေးလိုက်သည်။ "ပထမအဆင့် ရတနာသေတ္တာကို ဖွင့်လိုက်။"
[ပထမအဆင့် ရတနာသေတ္တာကို ဖွင့်လိုက်သည်။ ပထမအဆင့် ဝိညာဉ်သီးနှံ - နတ်ဘုရားရနံ့ ဖာလာစေ့ တစ်စေ့ ရရှိပါသည်။]
'နတ်ဘုရားရနံ့ ဖာလာစေ့... ဒါကို တစ်စေ့စားရင် နှလုံးသွေးကြောတွေကို ကာကွယ်ပေးပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေတယ်၊ ဒါပေမဲ့ နောက်ထပ် လိုအပ်တဲ့ တခြားဆေးနှစ်လုံး မရှိရင် အသုံးမကျဘူးပဲ။ ရတနာသေတ္တာ တစ်လုံးကို နှမြောစရာကြီး။'
ဖာလာစေ့ကို မြင်သောအခါ ကျောက်ဖုန်း အနည်းငယ် စိတ်ပျက်သွားသည်။ "ဂုဏ်သတ္တိ ဇယားကို ဖွင့်လိုက်။"
ပိုင်ရှင်: ကျောက်ဖုန်း
အသက်: ၁၅ နှစ်
ခွန်အား: ၃၃၆
မြန်နှုန်း: ၂၁၆
ကိုယ်ခံစွမ်းအား: ၂၁၈
စိတ်ဝိညာဉ်: ၂၁၁
သက်တမ်း: ၈၆ နှစ် နှင့် ၈၈ ရက်
သိုလှောင်အိတ်: ၂ ကုဗမီတာ
ဤအရာများမှာ လွန်ခဲ့သည့် သုံးရက်အတွင်း စစ်မြေပြင်တွင် အလောင်းပေါင်း ရာနှင့်ချီ၍ သယ်ဆောင်ပြီးနောက် ရရှိလာသော ဂုဏ်သတ္တိများ ဖြစ်သည်။
'မနက်ဖြန် ငါတို့ ယန်မြို့ကို သွားမယ်။ သမိုင်းအရ အဲ့ဒီမြို့က ဟန်ပြည်နယ်က ချင်ကို အပြင်းအထန် ခုခံမယ့် ခံတပ်ကြီးပဲ။ အဲ့ဒီမှာ ကျဆုံးသူတွေက သောင်းချီရှိမှာပဲ၊ ဒီနယ်စပ်တိုက်ပွဲထက် အဆပေါင်းများစွာ ပိုများလိမ့်မယ်။ ဂုဏ်သတ္တိတွေရေ... မနက်ဖြန် ငါ လာခဲ့မယ်။'
ယန်မြို့ခရီးစဉ်ကို တွေးရင်း ကျောက်ဖုန်းမှာ မျှော်လင့်ချက်များဖြင့် ရင်ခုန်နေတော့သည်။
မနက်စောစောစီးစီးတွင် ထမင်းချက်တပ်ဖွဲ့ က အစားအစာများ ပြင်ဆင်နေသည်။ ထောက်ပို့တပ်သားများ ဗိုက်ဝအောင် စားသောက်ပြီးနောက် ချီတက်ရန် ပြင်ဆင်ကြသည်။
ဝေချွမ်၏ ရှေ့တွင် ထောက်ပို့စစ်သား ကိုးဆယ်ကျော်မှာ လူစုလျက် ရှိနေသည်။ မည်သူမျှ ချပ်ဝတ်တန်ဆာ ဝတ်ဆင်မထားသော်လည်း ခါးတွင် ဓားတစ်လက်စီ ရှိကြသည်။ ဤခေတ်တွင် ချပ်ဝတ်တန်ဆာမှာ အလွန်စျေးကြီးသဖြင့် စစ်သားတိုင်းကို မထုတ်ပေးနိုင်ပေ၊ အင်အားကြီးသော ချင်ပြည်နယ်တွင်ပင် ထိုနည်းအတိုင်းပင်။ ထောက်ပို့စစ်သားများကို ဓားသာပေးထားပြီး ချပ်ဝတ်တန်ဆာ မပေးပေ။ ဘွဲ့ထူးရထားသော တိုက်ခိုက်ရေးစစ်သည် များကိုသာ ချပ်ဝတ်တန်ဆာ ထုတ်ပေးလေ့ရှိသည်။
"ကျောက်ဖုန်း ဘယ်မှာလဲ"
ထိုစဉ် ကျောက်ဖုန်း၏ တပ်ရင်းမှူး လော့ချောင် သည် ဝါးစာချပ်များကို ကိုင်ဆောင်ကာ လျှောက်လာသည်။
"ဒီမှာပါ၊ ဒီမှာ!" ဝေချွမ်က ချက်ချင်း လှည့်အော်လိုက်သည်။
တပ်ခွဲရှိ စစ်သားတိုင်း၏ မျက်လုံးများက လှည့်ကြည့်လိုက်ကြသည်။ တပ်ရင်းမှူးကို မြင်သောအခါ ကျောက်ဖုန်းကို ဆုလာဘ်ပေးတော့မည်ဟု သူတို့ အလိုလို သိလိုက်ကြသည်။ တပ်ရင်းမှူးသည် သေတ္တာများကို သယ်ဆောင်လာသော စစ်သားနှစ်ဦးနှင့်အတူ လျင်မြန်စွာ ချဉ်းကပ်လာသည်။
"စစ်သူကြီးချုပ် ရဲ့ အမိန့်တော်အရ!" တပ်ရင်းမှူးက လူတိုင်းမြင်နိုင်ရန် ဆုလာဘ်စာချပ်ကို အပေါ်သို့ မြှောက်ကိုင်ကာ ကြေညာလိုက်သည်။ "ထောက်ပို့တပ်၊ ပထမတပ်ရင်းမှ ကျောက်ဖုန်းသည် ဟန်တပ်မှူးကြီး ပေါင်ချိုးကို သတ်ဖြတ်နိုင်ခဲ့သဖြင့် ကြီးမားသော စွမ်းဆောင်မှု ပြုလုပ်နိုင်ခဲ့သည်!"
"ချင်ပြည်နယ်၏ စစ်မှုထမ်းကောင်းစနစ်နှင့်အညီ သူ့ကို တပ်ကြပ်ကြီး အဖြစ် ရာထူးသုံးဆင့် တိုးမြှင့်ပေးအပ်လိုက်ပြီး ပထမအဆင့် မြို့စားဘွဲ့ကိုလည်း အပ်နှင်းလိုက်သည်။ ထို့ပြင် သူ့ကို တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာ အသစ်တစ်စုံနှင့် ဓားသစ်တစ်လက်ကိုလည်း ဆုချီးမြှင့်လိုက်သည်!"
"ကျောက်ဖုန်း..." ဝေချွမ်က အလျင်အမြန် တိုက်တွန်းလိုက်သည်။ "ကျေးဇူးတင်စကား ပြောလိုက်ဦး!"
ကျောက်ဖုန်း ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် ဦးညွှတ်လိုက်သည်။ "ကျောက်ဖုန်း ကျေးဇူးတင်ရှိပါကြောင်း အစီရင်ခံပါတယ်"
တပ်ရင်းမှူးသည် ကျောက်ဖုန်းနားသို့ လျှောက်လာသည်။ သူသည် နောက်မှ စစ်သားများထံမှ ဓားနှင့် ချပ်ဝတ်တန်ဆာကို ယူကာ ဝါးစာချပ်များနှင့်အတူ ကျောက်ဖုန်းထံသို့ အပ်နှင်းလိုက်သည်။ ကျောက်ဖုန်းက ၎င်းတို့ကို လက်နှစ်ဖက်ဖြင့် လက်ခံရယူလိုက်သည်။
တပ်ရင်းမှူး လော့ချောင်က ပြုံးလိုက်သည်။ "ကျောက်ဖုန်း... မင်း တကယ်တော်ပါတယ်။ စစ်သူကြီးချုပ်ရဲ့ ရှေ့မှာ ငါတို့ ထောက်ပို့တပ်အတွက် ဂုဏ်ယူစရာတွေ ယူဆောင်ပေးခဲ့တယ်။ ဟန်တပ်မှူးကြီး တစ်ယောက်၊ နောက်ပြီး ဟန်စစ်သူကြီးချုပ်ရဲ့ သားကို ငါတို့ ထောက်ပို့စစ်သားတစ်ယောက်က သတ်လိုက်တယ်ဆိုတာ... ဒါက တကယ့်ကို အဖြစ်အပျက်ကြီးပဲ!"
"ကျွန်တော်မျိုးက ကံကောင်းသွားလို့ပါ" ဟု ကျောက်ဖုန်းက ပြန်ဖြေသည်။
"ကံကောင်းတာဖြစ်ဖြစ်၊ မဖြစ်ဖြစ်... မင်း ဒါကို လုပ်နိုင်ခဲ့တာပဲ" တပ်ရင်းမှူးက သူ၏ ပခုံးကို ပုတ်လိုက်သည်။ "ငါ့နာမည်က လော့ချောင် ပါ။ နောင်မှာ တစ်ခုခု လိုအပ်ရင် ငါ့ဆီ လာခဲ့ပါ"
ထို့နောက် သူသည် အခြားသော ထောက်ပို့စစ်သားများကို လှည့်ပြောလိုက်သည်။ "ကျောက်ဖုန်းက ရန်သူစစ်သူကြီးကို သတ်ပြီး ရာထူးနဲ့ ဘွဲ့ကို ရရှိခဲ့တယ်။ ဒါက ငါတို့ မဟာချင်ပြည်နယ်ရဲ့ စစ်မှုထမ်းကောင်းစနစ်ပဲ! မင်းတို့က ဘယ်သူဖြစ်နေပါစေ... ရန်သူကိုသတ်ပြီး စွမ်းဆောင်မှု ပြုလုပ်နိုင်ရင် ဆုလာဘ် ရလိမ့်မယ်! မင်းတို့အားလုံးလည်း ကျောက်ဖုန်းလိုပဲ နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ပြီး အောင်မြင်မှုတွေ ရရှိနိုင်ကြပါစေလို့ ငါ မျှော်လင့်ပါတယ်!"
တပ်ရင်းမှူး၏ အားပေးစကားမှာ ဟိန်းထွက်နေတော့သည်။