စစ်ပွဲ! သာမန်စစ်သားတစ်ယောက်အတွက်တော့ မှန်သည်၊ မှားသည်ဆိုသည့် မေးခွန်းမရှိပေ။ ဤအရာအားလုံးသည် နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းနေကြသော ဘုရင်များနှင့် အထက်လူကြီးများ ဖန်တီးသည့် စစ်ပွဲသာဖြစ်သည်။ ရည်မှန်းချက်! အကျိုးအမြတ်! ကောင်းကင်အောက်ရှိ အာဏာစက်! ဤအရာများသည် စစ်ပွဲ၏ တွန်းအားများပင်။ သို့သော် သာမန်စစ်သားများအတွက်မူ သေခြင်းတရားနှင့် ခွဲခွာခြင်း၊ ရဲဘော်ရဲဘက်စိတ်တို့မှ ဖြစ်ပေါ်လာသော နာကျည်းမှုများကို အာဏာရှိသူများက အသုံးချကောင်း အသုံးချနိုင်ပေလိမ့်မည်။
ဟန်စစ်သူကြီးပေါင်ယွမ်၏ ပြတ်တောက်နေသော ခေါင်းကို ကြည့်ရင်း ပတ်ဝန်းကျင်ရှိ စစ်သားများမှာ အံ့အားသင့်နေကြပြီး ကျောက်ဖုန်းအပေါ် ထားရှိသော သူတို့၏ အကြည့်များမှာ အလွန်အမင်း ရိုသေလေးစားမှုများအဖြစ် ပြောင်းလဲသွားသည်။
မြေပြင်တွင် ဒူးထောက်နေသော တပ်ရင်းမှူးသည် ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ကျောက်ဖုန်းထံသို့ လျှောက်လာခဲ့သည်။
"ကျွန်တော် ထောက်ပို့တပ်ရဲ့ ပဉ္စမမြောက်တပ်ရင်းမှူး လူဟောက်ပါ။ ကျဆုံးသွားတဲ့ ကျွန်တော်တို့ရဲ့ စစ်သည်အားလုံးကိုယ်စား ဒီကြီးမားတဲ့ ကျေးဇူးတရားအတွက် ကျောက်မောင်ကို အထူးပဲ ကျေးဇူးတင်ပါတယ်" ဟု တပ်ရင်းမှူးက အလွန်လေးနက်စွာ ကြေညာလိုက်သည်။
"ဒီခေါင်းကို ဆက်သဖို့ တပ်ရင်းမှူး လူ ကိုပဲ အကူအညီတောင်းပါရစေ" ကျောက်ဖုန်းက ပေါင်ယွမ်၏ ခေါင်းကို လူဟောက်ထံသို့ ကမ်းပေးလိုက်သည်။ "ဒါကိုသုံးပြီး ကျွန်တော်တို့ ထောက်ပို့တပ်ရဲ့ တိုက်ပွဲအောင်မြင်မှုတွေကို အစီရင်ခံလိုက်ပါ။ ကျွန်တော်တို့ စစ်သားတွေရဲ့ ရဲစွမ်းသတ္တိကို ပြလိုက်ပါ! ထောက်ပို့တပ်ဟာ ဖရိုဖရဲဖြစ်သွားခဲ့ပေမဲ့ ချင်ပြည်နယ်ရဲ့ စစ်ရေးသိက္ခာကိုတော့ ဘယ်တော့မှ သစ္စာမဖောက်ခဲ့ဘူးဆိုတာ သိပါစေ!"
ဤခေါင်းဖြတ်ခြင်းမှာ ကျောက်ဖုန်း၏ ကိုယ်ပိုင်အောင်မြင်မှုဖြစ်သော်လည်း ထောက်ပို့တပ်တစ်ခုလုံး၏ အောင်မြင်မှုအဖြစ်လည်း မှတ်ယူနိုင်ပေသည်။ ဤခေါင်းကြောင့် ထောက်ပို့တပ်၏ ကျော်ကြားမှုမှာ နေရာအနှံ့ ပျံ့နှံ့သွားလိမ့်မည်။ ယန်မြို့တွင် အငိုက်မိပြီး ရှုံးနိမ့်ခဲ့သော်လည်း သူတို့သည် အရှုံးမပေးခဲ့ကြောင်း အားလုံးကို သိစေလိမ့်မည်။ ဟန်စစ်သူကြီးချုပ် ဦးဆောင်သော ဟန်ထိပ်တန်းတပ်များကို မရှုံးမနိမ့် ရင်ဆိုင်ခဲ့ရုံသာမက ပေါင်ယွမ်ကိုပါ သတ်နိုင်ခဲ့ကြောင်း သက်သေပြနိုင်မည်ဖြစ်သည်။
လူဟောက်သည် ပေါင်ယွမ်၏ ခေါင်းကို လက်နှစ်ဖက်ဖြင့် စနစ်တကျ လက်ခံလိုက်သည်။
"စိတ်ချပါ ကျောက်မောင်။"
"ဒီခေါင်းကို ကျွန်တော် သေချာပေါက် ဆက်သပါ့မယ်။ ကျောက်မောင်ရဲ့ ကိုယ်ပိုင် တိုက်ပွဲအောင်မြင်မှုတွေကိုလည်း မျက်မြင်တွေ့ရှိခဲ့တဲ့ ရဲဘော်တွေအားလုံးက အမှန်အတိုင်း အစီရင်ခံပါလိမ့်မယ်" ဟု လူဟောက်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
စခန်းချရာနေရာတွင် တပ်ရင်းမှူးတစ်ဦးသည် ဝမ်ယန့်ကို အစီရင်ခံနေသည်။
"တပ်မမှူးကြီး... ထောက်ပို့တပ်ရဲ့ စစ်မြေပြင် ဆေးတပ်ဖွဲ့ ရောက်လာပြီး ဒဏ်ရာရသူတွေကို ကုသပေးနေပါပြီ။ ဒါ့အပြင် စစ်သူကြီး လီ ကိုယ်တိုင်လည်း ဒီကို အပြေးအလွှား လာနေပါတယ်"
"ဒီကိစ္စက အရမ်းကြီးသွားပြီ" ဝမ်ယန့်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ "ဟန်စစ်တပ်ကို အပြတ်ရှင်းနိုင်ခဲ့ပေမဲ့ ငါတို့ ချင်တပ်ရဲ့ အကျအဆုံးကလည်း မနည်းဘူး"
"တပ်မမှူးကြီး..." ဘေးမှ တပ်ရင်းမှူးက စိုးရိမ်တကြီးဖြင့် ပြောသည်။ "ဒီအခြေအနေကို စစ်သူကြီးချုပ်ဆီ အစီရင်ခံပြီးပါပြီ။ ဒီတစ်ခါတော့ စစ်သူကြီး လီ အပြင်းအထန် အပြစ်ပေးခံရဖို့ များပါတယ်"
ထိုစကားကို ကြားသောအခါ ဝမ်ယန့် တိတ်ဆိတ်သွားသည်။ ယန်မြို့သည် အတွင်းပိုင်းမှ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ ပေါင်ယွမ်က စစ်သားများကို ဝှက်ထားသည့် လှည့်ကွက်ကြောင့်လည်း ပါသော်လည်း အဓိက အကြောင်းရင်းမှာ လီထိန်၏ အောင်မြင်မှုအပေါ် မက်မောလွန်းခြင်းကြောင့်ပင်။ အကယ်၍ သူသာ ထိပ်တန်းစစ်သည် များကို ပို၍ ချန်ထားခဲ့လျှင် ယခုကဲ့သို့ စစ်သည် တစ်သောင်းကျော် ဟန်စပ်တပ်လက်ချက်ဖြင့် ကျဆုံးရမည် မဟုတ်ပေ။
"အနည်းဆုံးတော့ ဒီဟန်တပ်ကို အပြတ်ရှင်းနိုင်ခဲ့သလို ပေါင်ယွမ်လည်း သေသွားပြီပဲ" ဝမ်ယန့်က မှတ်ချက်ပေးလိုက်သည်။ "ချင်ပြည်နယ်အတွက် အန္တရာယ်ရှိတဲ့ ရန်သူတစ်ယောက် လျော့သွားတာပေါ့။ စစ်မြေပြင် စာရင်းဇယားတွေ ထွက်ပြီလား?"
"ရန်သူသေဆုံးမှု စာရင်းတွေတော့ ရပါပြီ။ ကျွန်တော်တို့ဘက်က အကျအဆုံး စာရင်းကိုတော့ တွက်ချက်နေဆဲပါ" ဟု ပြောကာ တပ်ရင်းမှူးက ဝမ်ယန့်ထံသို့ ဝါးစာချပ်များကို ကမ်းပေးလိုက်သည်။
သူမ ၎င်းတို့ကို ဖတ်ကြည့်လိုက်သည်။ "ပေါင်ယွမ်ကတော့ ဟန်စစ်သူကြီးချုပ်ဆိုတဲ့ နာမည်နဲ့လိုက်အောင် စစ်အင်အား ဝှက်ထားတာ တကယ်တော်တာပဲ။ ယန်မြို့ထဲမှာ စစ်သား ရှစ်ထောင်တောင် ဝှက်ထားပြီး ငါတို့ ချင်တပ်ကို ဒီလောက် ဆုံးရှုံးမှုကြီးအောင် လုပ်နိုင်ခဲ့တယ်"
"ဒါနဲ့ တပ်မမှူးကြီး..." ဝမ်ယန့် ဖတ်ပြီးသောအခါ တပ်ရင်းမှူးက နောက်ထပ် အစီရင်ခံစာတစ်ခုကို ထုတ်ပေးလိုက်သည်။ "ဒီမှာ နောက်ထပ် အစီရင်ခံစာတစ်ခု ရှိပါသေးတယ်။ ဒါကတော့ ယုံရခက်တဲ့ ကိစ္စပါပဲ"
"ယုံရခက်တယ်?" ဝမ်ယန့် အံ့သြသွားသည်။
"ထောက်ပို့တပ်က တပ်စုမှူး တစ်ယောက်က ရန်သူ သုံးရာနီးပါးကို သတ်ခဲ့တယ်လို့ ဆိုပါတယ်" တပ်ရင်းမှူးက တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။
"လူတစ်ယောက်တည်းက သုံးရာကို သတ်တယ် ဟုတ်လား?" ဝမ်ယန့် မျက်မှောင်ကြုတ်သွားသည်။ "အစီရင်ခံစာ မှားနေတာလား? ပြီးတော့ ဒီလောက် ရှုပ်ထွေးနေတဲ့ တိုက်ပွဲမှာ ဒီလောက် တိကျတဲ့ အရေအတွက်ကို ဘယ်လို တွက်နိုင်မှာလဲ?"
"တပ်မမှူးကြီး... ဒီအစီရင်ခံစာက လုံးဝ မှန်ကန်ပါတယ်" တပ်ရင်းမှူးက သေချာစွာ ပြောသည်။ "ဒီ ထောက်ပို့တပ် တပ်စုမှူး သတ်ခဲ့တဲ့လူတွေ အားလုံးမှာ တူညီတဲ့ ဝိသေသတစ်ခု ရှိပါတယ်၊ အဲ့ဒါကတော့ အားလုံး ခေါင်းဖြတ်ခံထားရတာပါ။ တစ်နေ့ခင်းလုံး ရေတွက်ကြည့်ရာမှာ ခေါင်းမပါတဲ့ ဟန်စစ်သား အလောင်း စုစုပေါင်း ၂၈၅ လောင်း တွေ့ရပါတယ်၊ အားလုံးက ဓားတစ်ချက်တည်းနဲ့ ခေါင်းဖြတ်ခံထားရတာပါ။ စာရင်းဇယားတွေ ပြီးတဲ့နောက်မှာ အသက်ရှင်ကျန်တဲ့ ထောက်ပို့တပ်သားတွေကို ကျွန်တော် ကိုယ်တိုင် မေးမြန်းကြည့်ခဲ့ပါတယ်၊ သူတို့အားလုံးက အဲ့ဒီ တပ်စုမှူးရဲ့ ကြောက်မက်ဖွယ် သတ္တိကို ကိုယ်တိုင် မြင်ခဲ့ကြတာပါ"
"ဒီလို စွမ်းရည်ရှိတဲ့ စစ်သည်တော်မျိုးက ထောက်ပို့တပ်ထဲမှာ ရှိနေတယ်... လူသုံးရာနီးပါးကို သတ်နိုင်ဖို့ဆိုတာ... တစ်ကမ္ဘာလုံးမှာရော ဒီလိုလုပ်နိုင်တဲ့သူ ရှိဖူးလို့လား?" ဝမ်ယန့် လုံးဝကို အံ့အားသင့်သွားတော့သည်။
"ဒီတိုက်ပွဲ အစီရင်ခံစာက တကယ်ကို တုန်လှုပ်စရာ ကောင်းလွန်းပါတယ်" တပ်ရင်းမှူးက ရိုသေစွာ ပြောသည်။
"ရှိတဲ့အတိုင်းသာ အစီရင်ခံလိုက်ပါ" ဝမ်ယန့်က တိုက်ရိုက်ပြောလိုက်ပြီးနောက် တပ်ရင်းမှူးကို ကြည့်လိုက်သည်။ "ဒါနဲ့... ပေါင်ယွမ်ကို သတ်ခဲ့တဲ့ စစ်သားကိုရော တွေ့ပြီလား?"
ဝမ်ယန့်၏ ရင်ထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်သွားသည်။ တိုက်ပွဲအတွင်းမှာ ရှုပ်ထွေးနေသဖြင့် သူမ၏ အသက်ကို ကယ်ခဲ့သော သူကို ကျေးဇူးတင်ရန် အခွင့်အရေး မရခဲ့ပေ။ ယခု တိုက်ပွဲပြီးပြီဖြစ်ရာ သူ့ကို ချက်ချင်း ရှာဖွေခိုင်းခြင်း ဖြစ်သည်။
သူမ၏ မေးခွန်းကို ကြားသောအခါ တပ်ရင်းမှူး၏ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။ သူက လက်ခုပ်တီးလိုက်ရာ စစ်သားတစ်ဦးသည် သစ်သားသေတ္တာတစ်လုံးကို သယ်၍ ထွက်လာသည်။
"တပ်မမှူးကြီး... ဒါက ပေါင်ယွမ်ရဲ့ ခေါင်းပါ။ သူ့ကို သတ်ခဲ့တဲ့သူကတော့ ရန်သူ သုံးရာနီးပါးကို သတ်ခဲ့တဲ့ အဲ့ဒီ လူစွမ်းကောင်းပါပဲ။ သူ့နာမည်က ကျောက်ဖုန်း တဲ့။ ငါတို့ ဟန်စစ်တပ်ကို ဒီလောက်မြန်မြန် ရှင်းနိုင်ခဲ့တာက ထောက်ပို့တပ်သားတွေ အသက်နဲ့လဲပြီး သူတို့ကို ဟန့်တားထားနိုင်ခဲ့လို့ပါ။ အဲ့ဒီမှာ ရန်သူ့စစ်ကြောင်းကို အရင်ဆုံး ဖောက်ထွက်နိုင်ခဲ့တာကလည်း ဒီ ကျောက်ဖုန်း ဆိုတဲ့ တပ်စုမှူးပါပဲ။ ဒီတိုက်ပွဲမှာ သူ့ရဲ့ ပါဝင်ပတ်သက်မှုက အလွန်ကြီးမားပါတယ်" ဟု တပ်ရင်းမှူးက အလေးအနက် အစီရင်ခံလိုက်သည်။
"ကျောက်ဖုန်း... ထောက်ပို့တပ် တပ်စုမှူး..." ဝမ်ယန့်က သူမဘာသာ တိုးတိုးလေး ရေရွတ်လိုက်ရင်း သူမ၏ မျက်လုံးများတွင် စပ်စုလိုစိတ်များ တောက်ပလာသည်။
"တပ်မမှူးကြီး... ဒါတွေကို ဖြစ်ပျက်ခဲ့တဲ့အတိုင်း အတိအကျ အစီရင်ခံရမှာလား?"
"အကုန်လုံးကို ရှိတဲ့အတိုင်းပဲ အစီရင်ခံလိုက်ပါ" ဝမ်ယန့်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ပါ တပ်မမှူးကြီး" တပ်ရင်းမှူးသည် အမိန့်ကို ခံယူကာ ထွက်ခွာရန် ပြင်လိုက်သည်။
"နေဦး" ဝမ်ယန့်က လှမ်းခေါ်လိုက်သည်။
"ဘာများရှိသေးလို့လဲ တပ်မမှူးကြီး?"
"အဲ့ဒီ ကျောက်ဖုန်း အခု ဘယ်မှာလဲ?" ဝမ်ယန့်က မေးလိုက်သည်။ "သူက ငါ့အသက်ကို ကယ်ခဲ့တာ။ ငါ သူ့ကို ကျေးဇူးတင်ကြွေး ရှိနေတယ်၊ ဒါကြောင့် ကိုယ်တိုင်သွားပြီး ကျေးဇူးတင်သင့်တယ်"
"အသက်ရှင်ကျန်တဲ့ ထောက်ပို့တပ်သားတွေ အားလုံးက ဒဏ်ရာရထားကြပါတယ်။ အခု သူတို့အားလုံး ဒဏ်ရာရစစ်သည်စခန်း မှာ ရှိနေပါတယ်"
"ကောင်းပြီ" ဝမ်ယန့် ခေါင်းညိတ်လိုက်သည်။
"ညီလေး... မင်းရဲ့ ကိုယ်ခံစွမ်းအားက တကယ်ကို ထူးခြားတာပဲ" ကျောက်ဖုန်းကို ပတ်တီးစည်းပေးနေသော စစ်ဆေးဆရာက အံ့သြတကြီး ပြောနေသည်။ "မင်းဆီမှာ မြားဒဏ်ရာ ငါးခုတောင် ရှိတာ၊ တစ်ခုမှ အရိုးကို မထိဘူး။ မင်းရဲ့ ကြွက်သားတွေကပဲ မြားတွေကို ဟန့်တားထားသလိုပဲ။ မင်း ဆယ်ငါးရက်လောက်ဆိုရင် လုံးဝ ပြန်ကောင်းသွားလိမ့်မယ်"
"ကျေးဇူးတင်ပါတယ် ဆရာ" ပတ်တီးစည်းပြီးသွားသောအခါ ကျောက်ဖုန်းက ပြောလိုက်သည်။
"ကျေးဇူးတင်စရာ မလိုပါဘူး" ဆေးဆရာက ပြုံးလိုက်သည်။ "ဒါက ငါတို့ရဲ့ တာဝန်ပဲလေ။ ကဲ... ငါ တခြားစစ်သားတွေကို သွားကုပေးရဦးမယ်"
စခန်းထဲကို ဝေ့ကြည့်လိုက်ရာ ဒုက္ခဝေဒနာ ခံစားနေရသော မြင်ကွင်းများကို တွေ့ရသည်။ ဒဏ်ရာရစစ်သည်စခန်းတစ်ခုလုံး ညည်းတွားသံများဖြင့် ပြည့်နှက်နေသည်။ စစ်မြေပြင်တွင် ဒဏ်ရာများကို သတိမထားမိကြသော်လည်း ယခု မြားများကို ဆွဲထုတ်ကာ ဆေးကုသမှုခံယူသောအခါ ပြင်းထန်သော နာကျင်မှုကို မခံစားနိုင်ကြတော့ပေ။ အော်ဟစ်ညည်းတွားသံများမှာ နားမခံသာအောင်ပင် ရှိလှသည်။
စခန်းအတွင်းရှိ ရာပေါင်းများစွာ၊ ထောင်နီးပါးရှိသော စစ်သည်များကို ကြည့်ရင်း ကျောက်ဖုန်း ရင်ထဲမှာ သက်ပြင်းချမိသည်။ 'သူတို့ထဲက ဘယ်နှစ်ယောက်များ အသက်ရှင်ကျန်ဦးမလဲ မသိဘူး'
မှတ်ချက်။ ။ ကျောက်ဖုန်းအား စစ်သည်တော်များ ကျောက်မောင် ဟုခေါ်ဆိုကြပါသည်။