'ဂုဏ်သတ္တိတွေ အဆင့်တက်လို့ ရတဲ့ ရတနာသေတ္တာ သုံးလုံးရယ်၊ ပေါင်ယွမ်ကို သတ်လို့ရတဲ့ တစ်လုံးရယ်...'
စုစုပေါင်း ရတနာသေတ္တာ လေးလုံး။ ငါ့ရဲ့ ကံတရားက အခုအချိန်မှာ ပေါက်ကွဲထွက်လာပြီး ကျင့်စဉ်တစ်ခုလောက် ချက်ချင်းရရင် ကောင်းမှာပဲဟု ကျောက်ဖုန်း မျှော်လင့်တကြီး တွေးနေမိသည်။ ထို့နောက် သူက စိတ်ထဲမှ အမိန့်ပေးလိုက်သည်။
"ရတနာသေတ္တာတွေ အကုန်ဖွင့်စမ်း"
"ပထမအဆင့် ရတနာသေတ္တာ အားလုံးကို ဖွင့်ပါ"
စနစ်ဇယားမှ အသိပေးချက်များ ပေါ်လာတော့သည်။
[ဝရုန်းသုန်းကား လှံသိုင်း - (အဝါရောင်အဆင့် - အဆင့်မြင့်) ရရှိသည်။
[အာဏာရှင်လှံ ] - (လျှို့ဝှက်အဆင့် - အဆင့်နိမ့်) ရရှိသည်။
[ရွှေပြား ၅၀၀] ရရှိသည်။
[အခြေခံ ဆေးပညာ] ရရှိသည်။
'ကျင့်စဉ်တစ်ခု ရဖို့ဆိုရင် ပိုမြင့်တဲ့ ရတနာသေတ္တာတွေ လိုမယ်ထင်တယ်။ အခုထိ အများကြီး ဖွင့်ပြီးတာတောင် တစ်ခုမှ မတွေ့သေးဘူး' ဟု ကျောက်ဖုန်း အနည်းငယ် စိတ်ပျက်သွားမိသည်။
သို့သော်လည်း ရရှိလာသော ဆုလာဘ်များကို ကြည့်ရင်း သူ ပြန်လည် ကျေနပ်သွားသည်။ သူသည် နောက်ထပ် တိုက်ခိုက်ရေးနည်းစနစ်တစ်ခုနှင့် လျှို့ဝှက်အဆင့်ရှိသော မြင့်မြတ်သောလက်နက် တစ်ခုကို ရရှိခဲ့သည်။ ၎င်းမှာ အလွန်ရှားပါးပြီး အသက်ကယ်နိုင်သော ဖဲချပ်တစ်ခုပင်။ ရွှေပြား ၅၀၀ မှာလည်း ပြောစရာမလိုအောင် တန်ဖိုးရှိသည်။ သူ၏ လက်ရှိ လစာဖြင့်ဆိုလျှင် ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းမှသာ ဤပမာဏကို ရရှိနိုင်မည်ဖြစ်သည်။ ဤငွေဖြင့် သူ ရွာပြန်ကာ ချမ်းသာကြွယ်ဝသော သူဌေးကြီးအဖြစ် အနားယူနိုင်ပေသည်။
" [ဝရုန်းသုန်းကား လှံသိုင်း] ကို သင်ယူမယ်"
" ဆေးပညာ ဗဟုသုတတွေကို ရယူမယ်"
ကျောက်ဖုန်း အမိန့်ပေးလိုက်သည်။ နောက်တစ်ခဏတွင် သူ၏ တစ်ကိုယ်လုံး ရွှေရောင်အလင်းတန်းများ လွှမ်းခြုံသွားပြီး တိုက်ခိုက်ရေးပညာနှင့် ဆေးပညာဗဟုသုတများမှာ သူ၏ ဦးနှောက်နှင့် ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် စီးဝင်သွားတော့သည်။
'ဒီ လှံသိုင်းက ငါနဲ့ တကယ်ကို ကိုက်ညီတာပဲ။ ကြည့်ရတာ ဝရုန်းသုန်းကားဖြစ်နေပေမဲ့ လှုပ်ရှားမှုတိုင်းက သေစေနိုင်တယ်။ ငါ့ရဲ့ ကြီးမားတဲ့ ခွန်အားနဲ့ ပေါင်းစပ်လိုက်ရင် ရန်သူကို သတ်ရတာ ပိုလွယ်သွားပြီ။ အဝါရောင်အဆင့်မြင့် နည်းစနစ်ဆိုတော့ မခေဘူးပဲ။'
'အာဏာရှင်လှံ ကိုတော့ လောလောဆယ် ထုတ်သုံးလို့ မဖြစ်သေးဘူး။ သမိုင်းမှာ ဒီလှံကို သုံးခဲ့တဲ့သူက ရှီးချူးရဲ့ အရှင်သခင် ရှန့်ယွီ မဟုတ်လား။ ဒီအချိန်မှာ ရှန့်ယွီက မမွေးသေးဘူးလေ။'
'ပြီးတော့ ဆေးပညာ... ဒါက အဖိုးတန်ဆုံး ဆုလာဘ်ပဲ။ အခြေခံအဆင့်ဆိုပေမဲ့ ငါ့ကို နတ်ဆေးဆရာတစ်ယောက် မဖြစ်စေရင်တောင် ဆေးပညာ သီအိုရီတွေကို ကျွမ်းကျင်သွားစေတယ်။ အမေက ဆေးပညာမှာ ကျွမ်းကျင်တယ်၊ ညီမလေးကလည်း ထက်မြက်တယ်။ ငါတစ်ယောက်ပဲ ဘာမှမတတ်ခဲ့တာ။ ငါ အိမ်ပြန်သွားရင် အမေ တကယ် အံ့သြသွားမှာ သေချာတယ်' ကျောက်ဖုန်း ကျေနပ်စွာ ပြုံးလိုက်သည်။
ထိုစဉ် ဝေချွမ်က သူ၏ ဘေးသို့ ထော့နဲ့ထော့နဲ့ဖြင့် လျှောက်လာသည်။
"မင်းကတော့ကွာ... ဘာတွေ တွေးပြီး ကြောင်တောင်တောင် ထိုင်နေတာလဲ?" ဝေချွမ်က ရယ်မောရင်း မေးလိုက်သည်။
ကျောက်ဖုန်း ခေါင်းလှည့်ကာ အသာအယာ ပြုံးပြလိုက်သည်။ "ဘေးအန္တရာယ်ကနေ အသက်ရှင် လွတ်မြောက်လာတာကို ပြန်တွေးနေတာပါ"
ထိုစကားကို ကြားသောအခါ ဝေချွမ်သည်လည်း သူ၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားသည်။ "ဟုတ်တယ်... ငါလည်း ဒီတစ်ခါတော့ သေပြီလို့ ထင်ထားတာ။ အသက်ရှင်မယ်လို့ လုံးဝ မမျှော်လင့်ထားဘူး။ ငါတစ်ယောက်တည်း မဟုတ်ဘူး၊ ငါတို့တပ်ခွဲက ညီအစ်ကိုတွေ အများကြီး မင်းကြောင့် အသက်ရှင်ခဲ့တာ။ အမှန်အတိုင်း ပြောရရင် အခု အသက်ရှင်ကျန်တဲ့ လူရာဂဏန်းလုံးကို မင်း ကယ်ခဲ့တာပဲ။ မင်းသာ ငါတို့ကို ပြန်တိုက်ဖို့ ဦးမဆောင်ခဲ့ရင် ဟန်စစ်တပ်က ငါတို့ကို ခွေးသေဝက်သေ သတ်သွားမှာ"
ကျောက်ဖုန်းက ပြုံးလိုက်ရင်း "ကျွန်တော် ကယ်တာ မဟုတ်ပါဘူး။ ကျွန်တော်ရော ခင်ဗျားတို့ရော အားလုံး အတူတူ ကြိုးစားခဲ့ကြလို့ပါ"
"မဟုတ်ဘူး၊ မင်းသာ တန်ပြန်တိုက်စစ်ကို ဦးမဆောင်ခဲ့ရင် ငါတို့အားလုံး ထွက်ပြေးရင်းနဲ့ပဲ အသတ်ခံကြရမှာ" ဝေချွမ်က လေးနက်စွာ ပြောသည်။ "အသက်ရှင်ကျန်တဲ့လူတွေ အားလုံး မင်းကို အသက်ကြွေး တင်သွားပြီ"
"ကျွန်တော်တို့တွေက တပ်မတော်တစ်ခုတည်းက ရဲဘော်ရဲဘက် တွေပဲလေ၊ အဲ့ဒီလိုတွေ ပြောနေဖို့ မလိုပါဘူး" ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။
ယခုအချိန်တွင် ကျောက်ဖုန်းသည် ဝေချွမ်ကို ညီအစ်ကိုရင်းသဖွယ် အမှန်တကယ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။ မြားချက်ကို မိမိကိုယ်ဖြင့် ဝင်ကာပေးခဲ့ခြင်းမှာ သာမန်ခင်မင်မှုထက် ကျော်လွန်သော စစ်မှန်သည့် ရဲဘော်ရဲဘက်စိတ်ပင် ဖြစ်သည်။ 'ဒုက္ခရောက်ချိန်မှ လူအစစ်ကို သိရသည်' ဆိုသည့်အတိုင်း ဤတိုက်ပွဲက သက်သေပြခဲ့ပြီ။
"ဒါပေမဲ့..." ဝေချွမ်က သက်ပြင်းချလိုက်ရင်း ဝမ်းနည်းရိပ်များ ပေါ်လာသည်။ "ဒီတိုက်ပွဲက အရမ်းကို ကြေကွဲဖို့ ကောင်းတယ်။ ငါတို့ ထောက်ပို့တပ်သား တစ်သောင်းမှာ တစ်ဝက်ကျော်က အငိုက်မိပြီး သေကုန်ကြတယ်။ လိုက်တိုက်တုန်းကလည်း အများကြီး သေကြသေးတယ်။ လူတစ်သောင်းမှာ ခြောက်ရာ၊ ခုနစ်ရာလောက်ပဲ ကျန်တော့တယ်။ စစ်သူကြီး လော့ချောင်တောင် ဟန်တပ် စခန်းကို စီးနင်းတုန်းက ကျဆုံးသွားခဲ့တယ်"
"ဒါက စစ်သူကြီးချုပ်က အောင်မြင်မှုကို အရမ်းလောပြီး ဂုဏ်သိက္ခာကိုပဲ ကြည့်ခဲ့လို့ ဖြစ်ရတာ" ကျောက်ဖုန်းက ပြတ်သားစွာ ပြောလိုက်သည်။ "ချင်ဘုရင်ကြီး သိသွားရင်တော့ အပြင်းအထန် အပြစ်ပေးခံရမှာ သေချာတယ်"
"အောင်မြင်မှုကို လောလို့ ဟုတ်လား?" ဝေချွမ် အံ့အားသင့်သွားသည်။
"ငါတို့ ချင်စစ်တပ် အင်အားတစ်သိန်းနဲ့ ယန်မြို့ကို သိမ်းခဲ့တာ။ အကယ်၍ မြို့ထဲမှာ တပ်သား တစ်သောင်းလောက်ပဲ အပိုထားခဲ့ရင်တောင် ပုန်းနေတဲ့ ဟန်တပ်တွေ ဘာလုပ်နိုင်မှာလဲ?" ကျောက်ဖုန်းက တည်ငြိမ်သောအသံဖြင့် ရှင်းပြသည်။ "ဒါပေမဲ့ စစ်သူကြီးချုပ်က ရှေ့တန်းက အောင်မြင်မှုတွေကိုပဲ မက်မောပြီး မြို့ထဲမှာ စစ်သားအနည်းငယ်ပဲ ထားခဲ့တယ်။ ဒါကြောင့်လည်း အခုလို ရှုံးနိမ့်ခဲ့ရတာပေါ့"
ကျောက်ဖုန်း အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်သည်။ စစ်သူကြီးမှာ အပြစ်ပေးခံရမည်မှာ မြေကြီးလက်ခတ်မလွဲ။
"မင်းပြောတာ မှန်ရင်တော့ စစ်သူကြီး လီထိန် အပြစ်ပေးခံရတော့မှာပဲ" ဝေချွမ်က ခေါင်းညိတ် ထောက်ခံသည်။
"အထက်လူကြီးတွေ ကိစ္စကတော့ သူတို့ဘာသာ ဖြေရှင်းကြမှာပေါ့။ ငါတို့နဲ့ ဘာဆိုင်လို့လဲ" ကျောက်ဖုန်းက ဂရုမစိုက်သလို ပြုံးလိုက်သည်။ "အရေးကြီးဆုံးက ငါတို့ အသက်ရှင်ဖို့ပဲ"
ချင်ဘုရင်က လီထိန်ကို ဘယ်လိုအပြစ်ပေးမလဲ? ဝမ်ကျန့်ကိုရော ဘာလုပ်မလဲ? ၎င်းမှာ ကျောက်ဖုန်းနှင့် မသက်ဆိုင်ပေ။ သူ ဂရုစိုက်သည်မှာ အသက်ရှင်ရန်သာ။
"မင်းပြောတာ မှန်တယ်" ဝေချွမ်၏ စိုးရိမ်မှုများ ပျောက်ကွယ်သွားပြီး အပြုံးများ ပြန်လည် ပေါ်လာသည်။ "အထက်က ကိစ္စတွေ ငါတို့နဲ့ မဆိုင်ပါဘူး။ အသက်ရှင်ဖို့က အဓိကပဲ"
သို့သော် သူ၏ အကြည့်က ကျောက်ဖုန်းဆီသို့ ပြန်ရောက်သွားသည်။ ကျောက်ဖုန်း၏ လက်မောင်းနှင့် ပခုံးတို့တွင် မြားအချို့ စိုက်နေဆဲဖြစ်ပြီး ဒဏ်ရာဝန်းကျင်ရှိ သွေးများမှာ ခဲနေပြီ ဖြစ်သည်။
"စစ်မြေပြင် ဆေးဆရာကလည်း အခုထိ မလာသေးဘူး၊ အရမ်း နှေးတာပဲ" ဝေချွမ်က စိုးရိမ်တကြီး ပြောသည်။
"ဒါတွေက ဒဏ်ရာအသေးအဖွဲတွေပါ၊ အသက်အန္တရာယ် မရှိပါဘူး" ကျောက်ဖုန်းက ရယ်မောရင်း ပြောလိုက်သည်။ သူ၏ ကိုယ်ခံစွမ်းအားမှာ ၆၀၀ ကျော်နေပြီ ဖြစ်သည်။ ဤဒဏ်ရာမျိုး မဆိုထားနှင့်၊ ပိုပြင်းထန်လျှင်ပင် သူ အမြန် ပြန်လည် ကောင်းမွန်လာမည် ဖြစ်သည်။
"အသက်အန္တရာယ် မရှိရင်တောင် ဟန်စစ်သားတွေက မြားထိပ်မှာ ညစ်ပတ်တဲ့အရာတွေ သုတ်ထားလား မသိဘူးလေ။ အကယ်၍ 'ခုနစ်ရက်ဖျား' (မေးခိုင်ရောဂါ) တက်လာရင် ဒုက္ခရောက်ကုန်လိမ့်မယ်" ဝေချွမ်က ဇွတ်အတင်း စိုးရိမ်နေဆဲ။
ကျောက်ဖုန်း သူ ဆိုလိုသည်ကို နားလည်သည်။ မေးခိုင်ရောဂါမှာ ထိုခေတ်က ကုစရာမရှိသော သေစေနိုင်သည့် ရောဂါဖြစ်သည်။ သို့သော် သူ၏ ကိုယ်ခံစွမ်းအားနှင့်ဆိုလျှင် မြားတွင် ဘာပိုးမွှားပဲပါပါ သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။
"စိတ်အေးအေးထားပါ" ကျောက်ဖုန်းက ပြုံးရင်း ပြောသည်။ "ဟန်စစ်သားတွေက မြို့ထဲမှာ အကြာကြီး ပုန်းနေရတာဆိုတော့ မြားတွေကို အဆိပ်ခတ်ဖို့ အခွင့်အရေး ရှိမှာမဟုတ်ပါဘူး"
ဝေချွမ် ခေါင်းညိတ်လိုက်ပြီးနောက် ကျောက်ဖုန်း၏ ဘေးတွင်ရှိသော ဖြတ်ထားသည့် ခေါင်းကို လှမ်းကြည့်လိုက်သည်။ "မင်း ဒီတိုက်ပွဲမှာ အနည်းဆုံး လူနှစ်ရာ၊ သုံးရာလောက် သတ်ခဲ့တာပဲ။ ဒါပေမဲ့ ဒီခေါင်းက ဘာထူးခြားလို့လဲ? ဘာလို့ မင်းနဲ့အတူ သယ်လာတာလဲ?" ဝေချွမ်က စပ်စုလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျောက်ဖုန်း၏ မျက်နှာတွင် ဂုဏ်ယူသော အပြုံးတစ်ခု ပေါ်လာသည်။ "ဝေကြီး... ကျွန်တော်တော့ ချမ်းသာတော့မယ်။ ဒါ ဘယ်သူ့ခေါင်းလဲ သိလား?"
"ဟန်စစ်ဗိုလ်တစ်ယောက်ရဲ့ ခေါင်းလား?" ဝေချွမ်က ခန့်မှန်းကြည့်သည်။ "မင်း အရင်ကလည်း ဟန်စစ်သူကြီးချုပ်ရဲ့ သားကို သတ်ခဲ့ဖူးတာပဲ။ အခုလည်း နောက်ထပ် တစ်ယောက် ထပ်သတ်နိုင်ခဲ့ရင်တော့ တကယ်ကို ကြီးမားတဲ့ ကုသိုလ်ပဲ"
"ဒီခေါင်းက ကျွန်တော် အရင်က သတ်ခဲ့တဲ့လူနဲ့ တော်တော်ပတ်သက်တယ်ဗျ" ကျောက်ဖုန်းက ရယ်မောလိုက်သည်။
"ဟို ပေါင်ချိုး နဲ့ ဆိုင်တာလား?" ဝေချွမ်က ထိုခေါင်းကို သေချာ စိုက်ကြည့်ရင်း စဉ်းစားနေသည်။ ရုတ်တရက် အတွေးတစ်ခု ဝင်လာပြီး သူ ဝုန်းကနဲ ထရပ်လိုက်ကာ အလန့်တကြား အော်လိုက်သည်။
"မင်း... မင်းပြောတာ ဒါက ဟန်ပြည်နယ်ရဲ့ စစ်သူကြီးချုပ် ပေါင်ယွမ် ရဲ့ ခေါင်းလား?"
"ဟားဟားဟား!" ကျောက်ဖုန်း အားရပါးရ ရယ်မောလိုက်သည်။ "မှန်တာပေါ့။ ဒါ ပေါင်ယွမ်ရဲ့ ခေါင်းပဲ။ သူတို့ သားအဖ ပြန်ဆုံနိုင်အောင် ကျွန်တော် ပို့ပေးလိုက်တာလေ"