အခန်း ၇၅ - မြစ်ရင်ခွင်ထဲသို့ ဆန်အရက်တစ်အိုးတစ်ဝက်
သစ်သားသက်သက်ဖြင့် ပြုလုပ်ထားသော ဤလှေငယ်လေးမှာ ကိုယ်ထည်ပေါ့ပါးလှသဖြင့် လှိုင်းလေပြင်းထန်ချိန်တွင် ရှောင်ရွှန်းမြစ်ပြင်ထက်၌ လူးလွန့်မျောပါနေသကဲ့သို့ ခံစားရသည်။
လှေဦးနှင့် လှေပဲ့ပိုင်းတို့မှာ အလှုပ်ရှားဆုံး ဖြစ်သော်လည်း ကျိယွမ်ကမူ လှေဦး၌နေ၍ ထိုသို့ လူးလွန့်မှုကို ခံစားရသည်ကို အတော်ပင် သဘောကျမိသည်။ ရံဖန်ရံခါတွင် သူသည် ဖတ်လက်စစာအုပ်ကို ဘေးချကာ မြစ်ကမ်းဘေး ဝဲယာရှုခင်းများနှင့် ဖြတ်သန်းသွားလာနေသော အခြားလှေသင်္ဘောများကို ငေးမောကြည့်ရှုနေတတ်သည်။
ဆိပ်ကမ်းမှ ထွက်ခွာလာပြီး အတန်ကြာသောအခါ လှေတွင် ရွက်လွှင့်လိုက်ကြသည်။ လေသင့်နေသဖြင့် လှေအိုကြီးမှာ လှေကို ကိုယ်တိုင်လှော်ခတ်ရန် မလိုတော့ဘဲ ဦးတည်ရာကို ထိန်းကျောင်းပေးရန်သာ လိုတော့သည်။ သူ၏ တံငါသည်သီချင်းသံလည်း ရပ်တန့်သွားခဲ့ပြီ။
လှေရှင်အိုကြီးနှင့် လူငယ်လေးမှာ သားအဖများ ဖြစ်ကြသည်။ သူတို့၏ နေအိမ်မှာ လောင်ဟွာတောင်အနီးရှိ ကျေးရွာတွင် ရှိသည်။ ထိုရွာရှိ လူအများစုမှာ ဤကူးတို့ဆိပ်ကို အမှီပြု၍ အသက်မွေးကြသူများဖြစ်ပြီး အလုပ်မဖြစ်သည့်အခါတွင်မူ ငါးဖမ်းထွက်ကြသဖြင့် လှေပေါ်တွင် ငါးဖမ်းကိရိယာများ အစုံအလင် ရှိနေသည်။ အခွင့်သာလျှင် ထိုကိရိယာများကို ခနငှား၍ ငါးဖမ်းကြည့်ရန် ကျိယွမ် စိတ်ကူးထားမိသည်။
လှေထွက်လာပြီး နာရီဝက်ခန့်အကြာတွင် ကျိယွမ်သည် လှေဦးမှထကာ လှေအတွင်းထဲသို့ ဝင်ထိုင်ရန် ဆုံးဖြတ်လိုက်သည်။
အမိုးအကာအောက်ရှိ လှေအတွင်းပိုင်းမှာ တော်တော်လေး ကျယ်ဝန်းလှသည်။ လှေအနောက်ဘက်တွင် လှေရှင်များ၏ အသုံးအဆောင်ပစ္စည်းများ ထည့်ထားသည့် သစ်သားဘောင်ခတ်ထားသော အခန်းငယ်တစ်ခု ရှိသည်။ လှေကိုယ်ထည်တွင် ရိုက်ထားသည့် တန်းလျားရှည်နှစ်တန်းမှာ လူတစ်ဒါဇင်ကျော် ဆံ့သော်လည်း ညဘက်အိပ်စက်ရန် နေရာချန်ရမည်ဆိုပါက လူဆယ်ယောက်ထက် ပိုမဆံ့နိုင်ပေ။
ကျန်ရှိသော ခရီးသည်ခြောက်ဦးမှာ သီးခြားစီ ထိုင်နေကြသည်။ ပညာသင်ပညာရှိ နှစ်ဦးမှာ တိုးတိုးတိတ်တိတ် စကားပြောနေကြပြီး ကလေးငယ်မှာမူ သူ၏အဖိုးဖြစ်သူကို မှီကာ ငိုက်မြည်းနေသည်။
အပြင်ဘက်တွင် ရှိနေစဉ်ကတည်းက လှေအတွင်းရှိ အခြေအနေမှာ တစ်မျိုးဖြစ်နေသည်ဟု ကျိယွမ် ခံစားမိသည်။ အမိုးအကာအောက်သို့ ရောက်ရှိလာချိန်တွင် ထိုခံစားချက်မှာ ပို၍ ထင်ရှားလာသည်။ ထိုသို့ဖြစ်ရခြင်းမှာ မုတ်ဆိတ်ဗရပွနှင့် လူသန်ကြီးကြောင့် ဖြစ်ဟန်တူသည်။
ကျိယွမ်၏ အမြင်အာရုံမှာ မှန်အနောက်က ကြည့်နေရသကဲ့သို့ ဝေဝါးနေသော်လည်း လူတစ်ဦးချင်းစီ၏ အကြမ်းဖျင်းပုံသဏ္ဌာန်ကိုမူ မြင်နိုင်စွမ်းရှိသည်။ ထိုလူကြီး လှေပေါ်တက်လာစဉ်ကတည်းက သူသည် ဝေဝူဝေကဲ့သို့ပင် အလွန်ထွားကြိုင်းသန်မာကြောင်း ကျိယွမ် သတိပြုမိသည်။
အကယ်၍ ထိုလူကြီးသာ နောက်ဆုံးမှ တက်လာသူ မဟုတ်ခဲ့ပါက အခြားသူများ လှေပေါ်တက်ရဲကြပါ့မလားဟု ကျိယွမ် သံသယဖြစ်မိသည်။ မည်သို့ပင်ဆိုစေ၊ သုံးရက်တာမျှ အတူတူ ခရီးသွားကြရမည် ဖြစ်သဖြင့် ဤကဲ့သို့ တင်းမာနေသော အခြေအနေမှာ မကောင်းလှပေ။
ကျိယွမ် ဝင်လာသောအခါ လူအချို့က မသိမသာ လှမ်းကြည့်ကြသည်။ အချို့ကမူ လှေဦးတွင် စာဖတ်နေသော ထိုလူမှာ လှေရှင်နှင့် ဆွေမျိုးတော်စပ်သူဟု ထင်မှတ်နေကြသည်။
လူသန်ကြီး၏ ဘေးတစ်ဖက်တစ်ချက်တွင် နေရာလွတ် အများအပြား ရှိနေသည်ကို တွေ့ရသဖြင့် ကျိယွမ်က သူ၏ဘေးတွင်ပင် ဝင်ထိုင်လိုက်သည်။
“ဒီက ညီအစ်ကို… အခုလေးတင် အရက်သောက်လာတာလား”
လူသန်ကြီးက ကျိယွမ်ကို အံ့ဩတကြီး ကြည့်လိုက်သည်။ မိမိကို စကားပြောနေခြင်း ဟုတ်မဟုတ် အတည်ပြုလိုဟန် ရှိသည်။ ကျိယွမ်၏ မျက်နှာမှာ မိမိဘက်သို့ တည့်တည့်ရှိနေသည်ကို မြင်သောအခါမှ သူက အက်ရှရှအသံဖြင့် ပြန်ဖြေသည်။
“လှေမထွက်ခင်က ဆိပ်ကမ်းက အရက်ဆိုင်မှာ လူကြီးတွေက ဧည့်ခံကျွေးမွေးကြလို့ပါ။ အိမ်ချက်အရက်လေး ဝယ်ပြီး နည်းနည်းပါးပါး သောက်ခဲ့မိတယ်”
“ဩော်… ညီအစ်ကိုက ကျိုတောက်ခိုခရိုင်ကလား။ တော်တော်လေး ထွားကြိုင်းသန်မာတာပဲ… သိုင်းပညာများ သင်ယူဖူးသလား”
ကျိယွမ်၏ အမေးကြောင့် လူကြီးမှာ စိတ်ဝင်စားသွားပုံရပြီး လေသံမှာလည်း အနည်းငယ် မြင့်တက်လာသည်။
“ကျွန်တော် လီတာ့နယူးက တုန်းဝေရွာကပါ။ ငယ်ငယ်ကတည်းက ခွန်အားတော်တော်သန်တာ… ရွာကလူတွေဆိုရင် ကျွန်တော့်ကို နွားတစ်ကောင်လို အလုပ်လုပ်နိုင်တယ်လို့ ပြောကြတယ်။ ငယ်စဉ်ကတည်းက အမိုးတွေ တံတိုင်းတွေကို ကျော်ဖြတ်ပျံသန်းနိုင်တဲ့ သူရဲကောင်းတစ်ယောက်က ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပြီး လူဆိုးတွေကို နှိမ်နင်းဖို့ သိုင်းပညာသင်ပေးမှာကို မျှော်လင့်ခဲ့ဖူးတယ်… ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲဒီလို အတွေ့အကြုံမျိုး တစ်ခါမှ မကြုံခဲ့ရဘူး… အဲဒီနောက်မှာတော့…”
ထိုအကြောင်းကို ပြောပြနေရင်း လူကြီးမှာ စိတ်ပျက်သွားဟန် ရှိသည်။
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ခရိုင်မြို့တော်ကို ရောက်တော့ ခရိုင်ရဲ့ သိုင်းသင်တန်းက ဆရာကြီးက ကျွန်တော့်ကို မြင်ပြီး နှမြောစရာပဲတဲ့။ ကျွန်တော့်အသက်က သိုင်းပညာရဲ့ အခြေခံကို လေ့ကျင့်ဖို့ အသက်ကျော်သွားပြီမို့လို့ ဒီဘဝမှာ သိုင်းပညာနဲ့ ပတ်သက်ပြီး အောင်မြင်မှုရဖို့ ခဲယဉ်းသွားပြီလို့ ပြောခဲ့တယ်…”
သူ၏ အိပ်မက်လေး ပျက်စီးသွားရလေပြီ။
“ဩော်… ညီအစ်ကို… စိတ်မပျက်ပါနဲ့။ လမ်းဆိုတာ အမြဲရှိပါတယ်။ ကျွန်တော် သိသလောက်ဆိုရင် ဒီလောကမှာ အသက်အရွယ် ကန့်သတ်ချက်မရှိတဲ့ သိုင်းပညာတွေ ရှိပါသေးတယ်။ ညီအစ်ကို့ရဲ့ မွေးရာပါ ခွန်အားနဲ့ဆိုရင် နောင်တစ်ချိန်မှာ အောင်မြင်မှု မရမှာကို စိုးရိမ်စရာ မလိုပါဘူး”
“ဟဲဟဲ… အရှင်… ကျွန်တော့်ကို အားပေးနေဖို့ မလိုတော့ပါဘူး။ ဒီအိပ်မက်ကို စွန့်လွှတ်လိုက်တာ ကြာပါပြီ။ အခုက ချွန်းဟွေးစီရင်စုမှာရှိတဲ့ ဆွေမျိုးတွေဆီကို သွားလည်မလို့ပါ။ အဲဒီမှာ ကျွန်တော့်ဦးလေးက လုပ်ငန်းအသေးလေး တစ်ခုရှိတယ်၊ ခွန်အားရှိတဲ့ လူငယ်တစ်ယောက် လိုအပ်နေတာနဲ့ သွားကူမလို့။ အဲဒီမှာ ပိုက်ဆံစု၊ မိန်းမယူပြီး အေးအေးဆေးဆေးပဲ နေပါတော့မယ်!”
ဤလူသည် ကြည့်ရသည်မှာ ကြောက်စရာကောင်းပြီး အသံကျယ်သော်လည်း စိတ်ထားမှာမူ ရိုးသားဖြူစင်လှသည်။ သူသည် လူဆိုးတစ်ယောက် မဟုတ်ဘဲ မြို့ကြီးပြကြီးတွင် နေသားမကျဘဲ အေးချမ်းမှုကိုသာ လိုလားသည့် ရိုးသားသော တောသားတစ်ဦးသာ ဖြစ်သည်။
“ကောင်းပါပြီ… မင်း ဆုတောင်းတဲ့အတိုင်း ဖြစ်ပါစေ”
ကျိယွမ်က ပြုံး၍ အနည်းငယ် ဦးညွှတ်လိုက်ပြီး အခြားသူများဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ကျွန်တော်လည်း ချွန်းဟွေးစီရင်စုကို သွားလည်ဖို့ စီစဉ်ထားတာပါ။ နောက်လာမယ့် သုံးရက်လုံး ကျွန်တော်တို့ တစ်လှေတည်းစီး ခရီးဖော်တွေ ဖြစ်ကြမှာပေါ့”
ကျိယွမ်၏ ပွင့်လင်းရိုးသားပြီး တည်ငြိမ်သောအမူအရာကြောင့် လူသန်ကြီးအပေါ် ထားရှိသော ကြောက်စိတ်များ လျော့ပါးသွားကြသည်။ အခြားသူများလည်း အသီးသီး မိတ်ဆက်ကြပြီး လှေပေါ်ရှိ အခြေအနေမှာ ပိုမိုနွေးထွေးလာကာ အချင်းချင်း စကားစမြည် ပြောဆိုလာကြသည်။
ပညာသင်ပညာရှိ နှစ်ဦးမှာ ခရီးသွားရင်း ပညာရှာမှီးရန် ထွက်လာကြသူများ ဖြစ်သည်။ အဖိုးနှင့် မြေးဖြစ်သူမှာ ကွယ်လွန်သွားသော ဆွေမျိုးတစ်ဦး၏ ဈာပနသို့ သွားရန်ဖြစ်ပြီး ခန္ဓာကိုယ်ပိန်ပိန်နှင့် အသက်လတ်ပိုင်းလူကြီးမှာမူ ချွန်းဟွေးစီရင်စုတွင် အလုပ်ကိစ္စ ရှိသည်ဟုသာ ပြောဆိုသည်။
လှေရှင်၏ သားဖြစ်သူလည်း ရံဖန်ရံခါတွင် လာရောက်၍ စကားဝိုင်းတွင် ပါဝင်ကာ ဗဟုသုတအသစ်အဆန်းများကို နားထောင်တတ်သည်။
ညနေစောင်းသို့ ရောက်သောအခါ မြစ်ဝသို့ ရောက်ရှိလာပြီး အဝေးတွင် ပိုမိုကျယ်ပြောသော ချွန်းမူမြစ်ကြီးကို လှမ်းမြင်နေရပြီ ဖြစ်သည်။
“ကျွမ်းဇီ… ပိုက်ချဖို့ ပြင်ပေတော့!”
“ဟုတ်ကဲ့ အဖေ!”
လှေရှင်သားအဖ အချင်းချင်း လှမ်းအော်ပြောသံကို လှေအတွင်းရှိ လူအားလုံး ကြားလိုက်ရသည်။ ခရီးသည်အချို့လည်း စိတ်ဝင်တစားဖြင့် အပြင်သို့ ထွက်ကြည့်ကြရာ လှေရှင်လူငယ်မှာ ပိုက်ကွန်ကို ကိုင်၍ လှေဦးဘက်သို့ ထွက်လာသည်ကို တွေ့ရသည်။
“မြစ်ဝမှာ ငါးကြီးတွေ ဖမ်းရတာ အလွယ်ဆုံးပဲ။ ခဏစောင့်ကြပါဦး… ဒီည အားလုံးကို မြိန်ရည်ယှက်ရည် ကျွေးမွေးပါ့မယ်!”
လှေရှင်အိုကြီးမှာ လှေပဲ့ပိုင်းမှနေ၍ လှေကို ထိန်းကျောင်းရင်း ရွက်များကို လိပ်ကာ ခရီးသည်များကို ပြုံးရွှင်စွာ လှမ်းပြောသည်။
လှေရှင်လူငယ်မှာ ပိုက်ကွန်ကြီးကို လက်တွင်ကိုင်ကာ အနေအထားပြင်လိုက်ပြီးနောက် ခွန်အားစိုက်ထုတ်၍ ကျွမ်းကျင်စွာ ရှေ့သို့ ပစ်လိုက်သည်။ ပိုက်ကွန်မှာ မြစ်ပြင်ထက်တွင် စက်ဝိုင်းပုံစံ ပြန့်ကားသွားပြီး ရေပြင်ကို လွှမ်းခြုံသွားသည်။
“ဝုန်း…”
ပိုက်ကွန် ရေထဲသို့ ကျသွားသည့်အသံမှာ အလွန်နားဝင်ပီသူ ရှိလှသည်။ ပိုက်ကွန် နစ်မြုပ်သွားပြီး ခဏအကြာတွင် လှေရှင်လူငယ်က ပိုက်ကြိုးကို အားကုန်သုံး၍ ဆွဲတင်လေတော့သည်။
“ဖျတ်… ဖျတ်… ဖျတ်…”
ပိုက်ကွန်မှာ ရေပေါ်သို့ တစ်ဝက်ခန့်သာ တက်လာရသေးသော်လည်း ပိုက်ထဲတွင် မိနေသော ငါးများမှာ ရေထဲတွင် တဗုန်းဗုန်းနှင့် လူးလွန့်နေကြသည်။
“ဝါး… ဒီနေ့တော့ ကံကောင်းတာပဲ၊ ငါးကြီးတွေ တော်တော်မိထားတယ်! ဘယ်သူ ကူညီပေးနိုင်မလဲ”
လှေရှင်လူငယ်က ခရီးသည်များကို ဝမ်းသာအားရ လှမ်းခေါ်လိုက်သည်။ အလွန်စိတ်ဝင်စားနေသော ကျိယွမ်မှာ ချက်ချင်းပင် ထသွားခဲ့သည်။ လူသန်ကြီး လီတာ့နယူးကလည်း ကူညီရန် အမြန်ရှေ့တိုးလာသည်။
“ရှဲ… ရှဲ…”
“တဖတ်ဖတ်… တဖတ်ဖတ်…”
ပိုက်ကွန်ကို ဆွဲတင်လိုက်သောအခါ လှေဦးကြမ်းပြင်ပေါ်တွင် ငါးများမှာ တဖတ်ဖတ်နှင့် ခုန်ပေါက်နေကြသည်။
“ဟာ… အများကြီးပဲဟ!”
“အားလုံးပဲ စောင့်နေကြနော်၊ ကျွန်တော့်အဖေရဲ့ လက်ရာဖြစ်တဲ့ ငါးဦးခေါင်းဟင်းချိုနဲ့ ငါးခြောက်ပေါင်းကို စားရတော့မယ်!”
“ကောင်းတာပေါ့… ကောင်းတာပေါ့! ငါးစားရတော့မယ်၊ ငါးကြီးတွေ စားရတော့မယ်!”
လူကြီးများ၏ အာမေဍိတ်သံများနှင့် ကလေးငယ်၏ ပျော်ရွှင်စွာ အော်ဟစ်သံများ ရောယှက်နေသည်။
အလေးချိန် ပိဿာတော်တော်ရှိမည့် ငါးကြင်းကြီးတစ်ကောင်၊ မြက်စားငါးကြင်းတစ်ကောင်နှင့် ငါးခေါင်းပွကြီးများ၊ မြစ်ပုစွန်များ လှေပေါ်တွင် ခုန်ပေါက်နေသည်မှာ အားလုံးကို စိတ်လှုပ်ရှားစေသည်။ အကယ်၍ သူတို့သာ သင်္ဘောကြီးကို ရွေးချယ်စီးခဲ့ပါက ဤကဲ့သို့ မြင်ကွင်းမျိုးကို တွေ့မြင်ရမည် မဟုတ်ပေ။
လှေပဲ့ပိုင်းတွင် မြေမီးဖိုကလေးကို မွှေး၍ ထမင်းချက်ခြင်း၊ ငါးပေါင်းခြင်းနှင့် ဟင်းချိုချက်ခြင်းများကို ပြုလုပ်ကြသည်။ ချွန်းမူမြစ်ထဲသို့ ဝင်ရောက်လာပြီး မကြာမီမှာပင် မြစ်ရေငြိမ်သက်နေသော နေရာ၌ ကျောက်ချရပ်နားကာ ညစာ စတင်ချက်ပြုတ်ကြတော့သည်။
ထိုအချိန်တွင် မြစ်ကမ်းဘေး၌ အခြားသင်္ဘောကြီးတစ်စင်း ကျောက်ချရပ်နားထားသည်ကို တွေ့ရသည်။ ဤလှေငယ်လေးနှင့် နှိုင်းယှဉ်လျှင် ထိုသင်္ဘောကြီးမှာ မီးရောင်များ ထိန်ထိန်လင်းနေပြီး ဆူညံသံများနှင့် ရယ်မောသံများ အမြဲထွက်ပေါ်နေသည်။ သင်္ဘောပေါ်တွင် ပွဲလမ်းသဘင် ကျင်းပနေသကဲ့သို့ စောင်းသံများနှင့် တေးဂီတသံများ၊ သီချင်းဆို ကခုန်သံများကို ခပ်သဲ့သဲ့ ကြားနေရသည်။
ကျိယွမ်တို့ စီးလာသောလှေမှာ ရိုးရှင်းသော်လည်း အနောက်ဘက်တွင် အခန်းငယ်တစ်ခု ရှိနေသေးသည်။ လှေမိုးအကာမှာ အလင်းမပေါက်သော်လည်း ရှေ့ခန်းဆီးမှာ လေဒဏ်ကို မကာကွယ်နိုင်ပေ။ လှေအတွင်းရှိ လန်ထန်မီးအိမ်လေးမှာ မြစ်ပြင်လှိုင်းနှင့်အတူ ယိမ်းထိုးနေသည်။ နေ့ဘက်တွင် သီးခြားစီ နေခဲ့ကြသော လူတစ်စုမှာ ယခုအခါ စားပွဲတစ်ခုတည်းတွင် သဟဇာတဖြစ်စွာ ညစာစားနေကြသည်။
လှေရှင်အိုကြီး၏ လက်ရာမှာ မြစ်ငါးများ၏ အရသာကို ပေါ်လွင်စေလှသည်။ အထူးသဖြင့် မုန်ညင်းခြောက်ဖြင့် ပေါင်းထားသော ငါးမှာ ဂျင်း သို့မဟုတ် ကြက်သွန်မြိတ်များပင် မလိုဘဲ ဆားအနည်းငယ်သာ လိုအပ်သည်။ အိမ်ချက်ဆန်အရက်နှင့်အတူ မြိန်ယှက်စွာ စားသောက်နေကြသဖြင့် အားလုံးမှာ ပျော်ရွှင်နေကြသည်။
“ဗွမ်း~”
ခပ်သဲ့သဲ့ ရေပက်သံတစ်ခု ထွက်ပေါ်လာသည်။ အခြားသူများမှာ ဆက်လက်စားသောက်နေကြသော်လည်း ကျိယွမ်ကမူ အပြင်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။
“လူတစ်ယောက် ရေထဲကျသွားပြီ! တစ်ယောက်ယောက် ရေထဲကျသွားပြီ!!!”
အပြင်ဘက်မှ အော်ဟစ်သံများ ထွက်ပေါ်လာရာ လှေအတွင်းရှိ အခြားသူများလည်း ကြားသွားကြသည်။ ဘာဖြစ်သည်ကို ကြည့်ရန် အားလုံး အပြင်သို့ ထွက်လာကြသည်။
“ဟို သင်္ဘောကြီးပေါ်က လူတစ်ယောက် ရေထဲကျသွားတာ ထင်တယ်?”
“အေး… ဟုတ်ပုံရတယ်”
“ဟာ… အဲဒီလူကို ကယ်လိုက်နိုင်ပြီလား မသိဘူး”
ထိုသင်္ဘောကြီးမှာ သူတို့နှင့် ပေခြောက်ရာခန့် ဝေးကွာနေသည်။ အဝေးမှနေ၍ ရှင်းရှင်းလင်းလင်း မြင်ရန် ခဲယဉ်းလှသည်။ ထိုဘက်တွင် ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကိုသာ သိကြရသည်။ အထူးသဖြင့် ကျိယွမ်၏ အမြင်အာရုံမှာ အလွန်ညံ့ဖျင်းသဖြင့် အော်ဟစ်သံများကိုသာ ကြားနေရသည်။
သို့သော် ကျိယွမ်၏ ထူးကဲသော အကြားအာရုံကြောင့် ရေထဲကျသွားသူမှာ မကယ်ဆယ်နိုင်သေးကြောင်း သူ ရှင်းလင်းစွာ သိလိုက်သည်။ ထိုသူမှာ သူဌေးသား အရက်မူးနေသည့် လူငယ်တစ်ဦး ဖြစ်ဟန်တူပြီး ရေကူးလည်း မတတ်ပုံရသည်။
“ဗွမ်း~”
“ဗွမ်း~”
အဝေးမှနေ၍ တစ်စုံတစ်ယောက်က အဝတ်အစားများကို ချွတ်ကာ ရေထဲကျသွားသူကို ကယ်ရန် မြစ်ထဲသို့ ခုန်ချလိုက်သည်ကို တွေ့ရသည်။ သို့သော် မြစ်ပြင်မှာ သင်္ဘောကုန်းပတ်နှင့် ဝေးကွာလွန်းသဖြင့် ရှင်းလင်းစွာ မမြင်ရဘဲ မီးအိမ်အလင်းရောင်မှာလည်း ကန့်သတ်ချက် ရှိနေသည်။
“အို… နောက်ထပ် လူအချို့ပါ ခုန်ချကုန်ကြပြီ၊ ခုထိ မကယ်နိုင်ကြသေးဘူး ထင်တယ်!”
“အေးဗျာ…”
အရက်မူးပြီး ရေထဲကျသွားခြင်း၊ ရေလည်း မကူးတတ်ခြင်းတို့ကြောင့် ကျိယွမ် ခေါင်းခါလိုက်မိသည်။ ထိုလူမှာ ကံမကောင်းလှပေ၊ ကယ်တင်နိုင်ရန် ခဲယဉ်းလိမ့်မည်ဟု သူ တွေးမိသည်။ ကံဆိုးသည်မှာ ကျိယွမ်သည် တန်ခိုးရှင်တစ်ဦး မဟုတ်ပေ။ အကယ်၍ သူသာ ရေထိန်းပညာကို အသုံးပြု၍ ရေထဲသို့ ဆင်းရှာပါကလည်း ရေကူးကျွမ်းကျင်သော လှေရှင်များထက် ပို၍ အထောက်အကူ ဖြစ်လိမ့်မည် မဟုတ်ပေ။
“ဟင်!?”
ရုတ်တရက် ကျိယွမ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး အဝေးက မြစ်ပြင်ကို စိုက်ကြည့်လိုက်သည်။
“သခင်လေး ဟိုမှာ! သခင်လေး ဟိုမှာ! သူ ဟိုမှာ မျောနေပြီ၊ မြန်မြန်သွားကယ်ကြပါ! ဟိုလူတွေက မမြင်ကြဘူးလား။ သူ အဲဒီမှာလေ!”
သင်္ဘောပေါ်မှ တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သဖြင့် ရေထဲရှိ လှေရှင်များမှာ သူတို့ ဖြတ်လာခဲ့သည့် ဘက်သို့ ပြန်လှည့်ကူးသွားကြသည်။ အဖြူရောင်ဝတ်ထားသော လူငယ်လေး ရေပေါ်တွင် ပက်လက်မျောနေသည်ကို သူတို့ မြင်လိုက်ရသဖြင့် အပြိုင်အဆိုင် ကူးသွားကြပြီး သင်္ဘောနံဘေးသို့ ဆွဲယူလာကြသည်။
သင်္ဘောကြီးပေါ်မှ အောင်ပွဲခံသံ ခပ်သဲ့သဲ့ကို ကြားလိုက်ရသဖြင့် လှေငယ်ပေါ်ရှိ လူစုမှာလည်း သက်ပြင်းချနိုင်ကြတော့သည်။
“တော်သေးတာပေါ့… လူကို ကယ်လိုက်နိုင်ပြီ!”
“ဒီလောက် အချိန်တိုအတွင်းတော့ ရေနစ်သေဖို့ မဖြစ်နိုင်ပါဘူး”
“ကောင်းတာပေါ့… ကောင်းတာပေါ့!”
“ကဲ… ညစာ ဆက်စားကြရအောင်”
“ဟုတ်တယ်… စားကြရအောင်!”
ကျိယွမ်လည်း သူတို့နှင့်အတူ အခန်းထဲသို့ ပြန်ဝင်သွားသော်လည်း ခဏအကြာတွင် အပေါ့အပါးသွားလိုသည်ဟု အကြောင်းပြကာ အပြင်ဘက်သို့ တစ်ခေါက် ပြန်ထွက်လာခဲ့လေသည်။
လှေခန်းအတွင်း၌ အဘိုးအိုလှေထိုးသားသည် မိမိ၏အရက်ခွက်ထဲသို့ ထပ်ဖြည့်ရန် ဆန်အရက်ပုလင်းငယ်လေးကို မလိုက်သော်လည်း နှစ်ကြိမ်တိုင်တိုင် စောင်းငဲ့ကြည့်သည့်တိုင် အရက်ထွက်မလာသည်ကို တွေ့လိုက်ရ၏။
“ထူးဆန်းပါ့၊ မင်းပဲ အကုန်သောက်လိုက်တာလား”
“ဗျာ... ကုန်သွားပြီလား၊ ခင်ဗျား ဘယ်လောက်တောင် သောက်လိုက်လို့လဲ”
“ကိစ္စမရှိပါဘူး၊ ကိစ္စမရှိပါဘူး၊ ငါ့ဆီမှာ ကျန်ပါသေးတယ်၊ အိုးထဲကပဲ သွားခတ်လိုက်တော့”
......
ညနေခင်းလေပြေက အေးမြညင်သာလှသည်။ ကျိယွမ်သည် သူ၏လက်အင်္ကျီစအတွင်း၌ ဆန်အရက်လုံးလေးတစ်ခုကို ဝှက်ယူလျက် လှေဦးဆီသို့ တစ်ဦးတည်း ထွက်လာခဲ့၏။ သူသည် ညာဘက်လက်ကို ရှေ့သို့ ဝှေ့ယမ်းလိုက်ရာ အရက်လုံးလေးသည် ကွေ့ကောက်နေသော ရေနဂါးငယ်လေးအလား မြစ်လယ်ခေါင်သို့ တိတ်ဆိတ်စွာ ကျဆင်းသွားလေသည်။
“တံငါသည်ရဲ့ ဆန်အရက်အိုးတစ်ဝက်ကို လက်ခံပေးပါလို့ မျှော်လင့်ပါတယ်”
ထိုသို့ဆိုပြီးနောက် ကျိယွမ်သည် ဘာမျှမဖြစ်ခဲ့သည့်အလား လှေခန်းထဲသို့ တန်းတန်းမတ်မတ် ပြန်ဝင်သွားကာ အဘိုးအိုထုတ်ပေးထားသော အရက်အိုးထဲမှ မိမိဘာသာ အရက်ခတ်သောက်နေတော့သည်။ ထိုအချိန်တွင် မြစ်ရေမျက်နှာပြင်အောက် အရက်စက်များ ကျဆင်းသွားသည့် နေရာ၌ ငါးကြင်းနက်ကြီးတစ်ကောင်သည် ပျော်ရွှင်မြူးတူးစွာ ကူးခတ်နေလေတော့သည်။