အခန်း ၆၇- ရဲတင်းသော ခန့်မှန်းချက်
သို့သော် လူအနည်းငယ်ကတော့ ထောင့်စွန်းတွင်ရှိနေသည့် ကျိယွမ်ကို အမှန်တကယ်ပင် သတိထားမိလိုက်ကြသည်။ စားသောက်ဆိုင်ဝန်ထမ်းက သူ့ကို ဘေးဘက်သို့ ခေါ်ဆောင်သွားစဉ်ကတည်းက လူအများအပြား မြင်တွေ့ခဲ့ကြပြီးသား ဖြစ်သည်။
ကျိယွမ်နှင့် ဆိုင်အကူတို့မှာ တိုးတိုးသာ စကားပြောနေကြသဖြင့် အခြားသူများမှာ ရှင်းရှင်းလင်းလင်း မကြားရပေ။ ထို့ကြောင့် သူတို့၏ အမြင်တွင်မူ ဤဖြစ်ရပ်မှာ ဆင်းရဲနွမ်းပါးပြီး နွမ်းဖတ်ကာ ကံမကောင်း အကြောင်းမလှဖြစ်နေသည့် လူတစ်ယောက်သည် 'ဟွေခဲ့' စားသောက်ဆိုင်သို့ အစားလာတောင်းခြင်းဟုသာ ထင်မှတ်နေကြသည်။ ဆိုင်အတွင်းရှိ လူများကလည်း ထိုသူကြောင့် သူတို့၏ စီးပွားရေးကို ထိခိုက်မည်စိုးသဖြင့် နောက်ဆုံးတွင် လူမမြင်ရသည့် ထောင့်စွန်းတစ်နေရာ၌ သွားထိုင်ခိုင်းလိုက်သည်ဟု ယူဆနေကြသည်။
ကျိယွမ်၏ ပုံပန်းသဏ္ဌာန်ကို ကြည့်ရုံမျှဖြင့် သူသည် ဤမျှများပြားသော ဟင်းပွဲများကို မှာယူလိမ့်မည်ဟု မည်သူမျှ မထင်မှတ်နိုင်ကြပေ။ သူသည် ရေနွေးတစ်ခွက်၊ ပေါင်းမုန့်အနည်းငယ်နှင့် အလွန်ဆုံးရှိလှမှ အချဉ်တစ်ပွဲလောက်သာ စားလိမ့်မည်ဟု သူတို့ ခန့်မှန်းထားကြသည်။
သဘာဝအတိုင်းပင် အချို့သူများမှာ ကျိယွမ်ကို ကြည့်ကာ "လူဆင်းရဲ"၊ "နံစော်နေတာပဲ" စသည့် စကားလုံးများကို သုံးနှုန်း၍ တိုးတိုးတိတ်တိတ် အတင်းပြောနေကြသည်။
ကျိယွမ်ကတော့ ထိုအရာများကို အနည်းငယ်မျှပင် ဂရုမစိုက်ပါ။ သူတို့ဘာသာ သူတို့စားချင်ရာစားပါစေ၊ သူကတော့ သူများစားကြွင်းစားကျန်များကို မလိုချင်ပါ။ သူ့ဟင်းပွဲများ ရောက်ရှိလာသည့်အခါ လူတိုင်း အံ့ဩသွားကြမည်ကို မည်သူမျှ ကြိုမသိနိုင်ကြပေ။
သို့သော် စောင့်ဆိုင်းနေစဉ်အတွင်း ကျိယွမ်သည် စိတ်ဝင်စားစရာကောင်းသည့် အရာအချို့ကိုလည်း သတိထားကြည့်နေမိသည်။ ဥပမာအားဖြင့် သူနှင့် သုံးလေးဝိုင်းအကွာတွင် တာအိုဝတ်စုံဝတ်ကာ ဝါးယပ်တောင်ကို ကိုင်ထားသည့် လူတစ်ယောက် ထိုင်နေသည်။ သူ့ဘေးတွင်လည်း တာအိုဝတ်စုံနှင့်ပင် အသက် ၁၄၊ ၁၅ နှစ်အရွယ် ကလေးတစ်ယောက် ရှိနေသည်။
ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ကျိယွမ်အနေဖြင့် တာအိုဘုန်းကြီးတစ်ပါးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ဟုတ်ပါတယ်၊ ဤလူမှာ သာမန်တာအိုဘုန်းကြီးတစ်ပါးသာဖြစ်ပြီး မသေမျိုးဆရာသခင်တစ်ပါးတော့ မဟုတ်ပေ။
ထိုဆရာတပည့်နှစ်ဦးမှာ အခက်အခဲအချို့နှင့် ရင်ဆိုင်နေရပုံရသည်။
တာအိုတပည့်လေးမှာ ရေတစ်ခွက်ကို ကိုင်ကာ အငမ်းမရ သောက်နေသည်။ သောက်ပြီးနောက် ပါးစပ်ကိုသုတ်ကာ ဘေးနားရှိ တာအိုဆရာကို စိုးရိမ်တကြီး မေးမြန်းနေသည်။
"ပိုက်ဆံကတော့ အရေးမကြီးပါဘူး။ ဒီတစ်နပ်စားပြီးရင် လမ်းထောင့်တစ်နေရာမှာ ဗေဒင်ဟောတဲ့ဆိုင်လေး ဖွင့်လိုက်မယ်။ အဲ့ဒါဆိုရင် စားဖို့သောက်ဖို့ ပိုက်ဆံရမှာပါ။ အိမ်ပြန်ခရီးအတွက်ကတော့ ဖြည်းဖြည်းချင်းပဲ သွားရမှာပေါ့"
တာအိုဆရာသည်လည်း ဗိုက်ဖြည့်ရန်အတွက် ရေကိုသာ သောက်နေရင်း တပည့်ဖြစ်သူ၏ ညည်းညူမှုကို ပြန်လည်ဖြေကြားနေသည်။ သို့သော် တပည့်ဖြစ်သူမှာ ဗေဒင်ဆိုင်ဖွင့်မည့်အကြောင်း ကြားလိုက်ရသည်နှင့် ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားသည်။
"ဆရာရယ်... ဆရာက ဗေဒင်ဆိုင် ပြန်ဖွင့်ဦးမလို့လား... မလုပ်ပါနဲ့... ပြီးခဲ့တဲ့တစ်ခေါက် ချင်းလျူမြို့မှာတုန်းက ဆိုင်အဖျက်ခံရပြီး အထိုးအကြိတ်ခံခဲ့ရတာကို ဆရာက သင်ခန်းစာ မရသေးဘူးလား!"
"ဟေ့... အဲ့ဒါကို ပြန်မပြောနဲ့တော့။ ဒီတစ်ခါတော့ ငါ သင်ခန်းစာရပါပြီ။ ငါ ပြောသင့်တာပဲ ပြောမယ်၊ ကောင်းတာတွေပဲ ပြောမယ်။ ငါ သေတဲ့အထိ မကောင်းတာ ဘာမှမပြောတော့ဘူး။ အခြေအနေကောင်းတုန်း လက်စသတ်မယ်၊ ပိုက်ဆံရဖို့ပဲ အာရုံစိုက်မယ်၊ အဲ့ဒီလို ကြမ်းတမ်းတဲ့လူတွေကို လျစ်လျူရှုလိုက်မယ်"
တာအိုဆရာသည်လည်း သူ၏ အတိတ်အတွက် အနည်းငယ် ရှက်ရွံ့နေပုံရသည်။ သူ၏ ယုံကြည်ချက်များမှာလည်း တော်တော်လေး လျော့နည်းသွားပုံရသည်။
"ဆရာက အမြဲတမ်း အဲ့ဒီလိုပဲ ပြောတာပဲ..."
တပည့်လေးက တိုးတိုးလေး ရေရွတ်လိုက်သည်။ တာအိုဆရာကတော့ မကြားလိုက်သော်လည်း ကျိယွမ်ကမူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသဖြင့် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
စိတ်ဝင်စားစရာပင်။ ဘယ်လိုပဲကြည့်ကြည့် သူတို့နှစ်ယောက်မှာ လူပြက်နှစ်ယောက် သို့မဟုတ် လူပြက်ဆရာကြီးတစ်ယောက်နှင့် စိုးရိမ်ပူပန်နေရသည့် တပည့်လေးတစ်ယောက်နှင့် တူနေသည်။
"အရှင်... အရှင်မှာထားတဲ့ အဖြူရောင်ပေါင်းမုန့်နဲ့ ဂေါ်ဖီထုပ်ဆီပြန်ဟင်း ရပါပြီခင်ဗျာ။ သုံးဆောင်ပါဦး!"
စားပွဲထိုးတစ်ယောက်က သစ်သားဗန်းကြီးတစ်ခုကို ကိုင်ကာ ရောက်လာသည်။ သူသည် ဆရာတပည့်နှစ်ဦးအတွက် ပေါင်မုန့်နှင့် ဂေါ်ဖီထုပ်ဟင်းကို ချပေးပြီးနောက် အခြားဝိုင်းများကို အစားအစာ သွားပို့ရန် ထွက်ခွာသွားသည်။
တာအိုဆရာနှင့် တပည့်လေး၏ မျက်လုံးများမှာ စားပွဲထိုး၏ ဒုတိယမြောက် သစ်သားဗန်းပေါ်ရှိ အသားဟင်းနှင့် ဟင်းသီးဟင်းရွက်ပွဲများပေါ်တွင် စွဲငြိနေကြသည်။ တစ်ဖက်လူ ထွက်သွားပြီးမှသာ သူတို့၏ အကြည့်များကို မိမိတို့စားပွဲဆီသို့ မတတ်သာဘဲ ပြန်လည်ပို့လိုက်ကြရသည်။
"ကဲ... စားကြစို့..."
"ဟုတ်ကဲ့..."
သူတို့နှစ်ဦးမှာ နှင်းခါးရိုက်ခံထားရသည့် ခရမ်းသီးများကဲ့သို့ပင် နွမ်းလျစွာဖြင့် သက်ပြင်းချလိုက်ကြသည်။
ဤမြင်ကွင်းက ကျိယွမ်ကို တကယ်ပင် ရယ်မောမိစေသည်။ သူသည် စိတ်ပုတ်သူတစ်ယောက် မဟုတ်သော်လည်း ထိုလေထုက အတော်လေး ရယ်စရာကောင်းနေ၍ ဖြစ်သည်။
"အရှင်... အရှင်မှာထားတဲ့ ဟင်းတွေ ရပါပြီ! ဒါကတော့ ဝက်လက်ဆီပြန်ဟင်း၊ ကောက်ညှင်းပေါင်း၊ ဂေါ်ဖီထုပ်ပြုတ်၊ မုန်လာဥဖြူကြော်နဲ့ မုန်လာဥချဉ်တို့ ဖြစ်ပါတယ်ခင်ဗျာ။ ကြက်စွပ်ပြုတ်ဟင်းရည်နဲ့ တန်ခိုးရှင်သုံးပါးဟင်းကတော့ လုပ်ရတာ အချိန်နည်းနည်းပေးရလို့ ခဏလောက် စောင့်ပေးပါဦး!"
ကျိယွမ်၏ စားပွဲသို့ ဟင်းပွဲများ လာပို့သည့် စားပွဲထိုးမှာ ဟင်းအမည်များကို တစ်ခုချင်း ကျယ်လောင်စွာ အော်ဟစ်ပြောဆိုပြီးနောက် စားပွဲပေါ်တွင် တင်လိုက်သည်။
'ဟွေခဲ့' စားသောက်ဆိုင်ရှိ စားပွဲထိုးများတွင် အဆင့်မြင့်ဟင်းပွဲများ မှာယူသည့် စားပွဲများကို ဟင်းလာချပေးသည့်အခါ ဟင်းအမည်များကို အထူးတလည် ကျယ်ကျယ်လောင်လောင် အော်ပြောသည့် အလေ့အထရှိသည်။ ဆိုင်အတွင်းရှိ လူများသာမက လမ်းမပေါ်ရှိ လူများပါ ကြားစေလိုသည့်အလားပင် ဖြစ်သည်။ တာအိုဆရာနှင့် တပည့်လေးကို ဟင်းချပေးစဉ်ကမူ သူ၏အသံမှာ များစွာ တိုးညှင်းခဲ့သည်။
သို့သော် ကျိယွမ်အပေါ် လူများ၏ အစောပိုင်း အမြင်များနှင့် နှိုင်းယှဉ်လျှင် သူမှာယူလိုက်သည့် ဟင်းပွဲများမှာ များစွာ ကွာခြားနေသည်။ လူအများအပြားမှာ အပေါ်ယံကြည့်လျှင် ဘာမှမဟုတ်သော်လည်း အတွင်းစိတ်ထဲတွင်မူ အံ့အားသင့်စရာများကို ဖုံးကွယ်ထားတတ်ကြသည်။
စားပွဲထိုးက နောက်ဆုံးဟင်းပွဲဖြစ်သည့် မုန်လာဥချဉ်ကို ချပေးပြီး ပြန်အထွက်တွင် ကျိယွမ်က သူ့ကို တားလိုက်ကာ တာအိုဆရာတပည့်နှစ်ဦးရှိရာသို့ လှမ်းကြည့်လိုက်သည်။
"စားပွဲထိုး၊ ဟိုဘက်က တာအိုဆရာနှစ်ပါးကို သွားပြောပေးပါ။ ကျွန်တော် သူတို့ကို အတူတူ ထမင်းစားဖို့ ဖိတ်ခေါ်ချင်လို့ပါလို့"
ထိုသို့ပြောပြီးနောက် ကျိယွမ်သည် မိမိ၏ ပုံပန်းသဏ္ဌာန်ကို တစ်ချက်ပြန်ကြည့်ကာ နောက်ထပ်စကားတစ်ခွန်း ထပ်ဖြည့်လိုက်သည်။
"အင်း... သူတို့ဘက်က အဆင်ပြေမယ်ဆိုရင်ပေါ့လေ"
ခုနက မြင်တွေ့ခဲ့ရသည့် ရယ်စရာမြင်ကွင်းကြောင့် ကျိယွမ်အနေဖြင့် သူတို့ကို တစ်နပ်စာ ကျွေးမွေးချင်စိတ် ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် သူတို့၏ စကားများကို ကြားရသလောက် ထိုတာအိုဗေဒင်ဆရာမှာ လူလိမ်တစ်ယောက်တော့ မဟုတ်နိုင်ဟု သူ ယူဆမိသည်။
"အာ... ဟုတ်ကဲ့ပါ၊ ကျွန်တော် သွားပြောပေးပါ့မယ်!"
စားပွဲထိုးသည် သစ်သားဗန်းကို ကိုင်ကာ ပေါင်းမုန့်နှင့် ဂေါ်ဖီထုပ်ဟင်းကို စားနေသည့် တာအိုဆရာနှင့် တပည့်လေးဆီသို့ ပြေးသွားသည်။
"ဆရာတို့ခင်ဗျာ၊ ဟိုထောင့်က လူကြီးမင်းက ဆရာတို့ဘက်က အဆင်ပြေမယ်ဆိုရင် ဟိုဘက်မှာ အတူတူ ထမင်းစားဖို့ ဖိတ်ခေါ်နေပါတယ်ခင်ဗျာ။ ဟုတ်ကဲ့၊ ဟိုမှာ ကျွန်တော်တို့ကို ကြည့်ပြီး ပြုံးနေတဲ့ လူကြီးမင်းပါပဲ"
တာအိုဆရာ အကြီးအငယ်နှစ်ဦးလုံး စားပွဲထိုး ညွှန်ပြရာသို့ လှမ်းကြည့်လိုက်ကြသည်။
"သူလား? သူကတော့ ကိုယ့်ထမင်းဖိုးကိုယ် ပေးနိုင်ပုံရပါတယ်... သူ ပေးနိုင်သည်ဖြစ်စေ၊ မပေးနိုင်သည်ဖြစ်စေ၊ ရှောင်ဝမ်... သွားကြစို့!"
တာအိုဆရာက တစ်စုံတစ်ခုကို ရေရွတ်လိုက်ကာ စားပွဲထိုးကို ပြုံးပြလိုက်သည်။ ထို့နောက် တပည့်ဖြစ်သူကို ခေါ်ကာ ကျိယွမ်၏ စားပွဲသို့ အမြန်လာခဲ့ကြပြီး သူတို့စားလက်စ အဖြူရောင်ပေါင်းမုန့်နှင့် ဂေါ်ဖီထုပ်ဟင်းပွဲကိုလည်း မမေ့မလျော့ ယူဆောင်လာခဲ့ကြသည်။
တာအိုဆရာသည် ထိုင်ခုံကို ဆွဲထုတ်ကာ ဝင်ထိုင်လိုက်ရင်း မိမိကိုယ်မိမိ မိတ်ဆက်လိုက်သည်။
"အဲ... ဟဲဟဲ... လူကြီးမင်းရဲ့ နာမည်ကို ကျွန်ုပ် မသိသေးပါဘူး။ ကျွန်ုပ်ကတော့ ဗေဒင်ဆရာ ချီရွှမ် ပါ၊ တာအိုနာမည်ကတော့ ချင်းစုန်း လို့ ခေါ်ပါတယ်။ ဒါကတော့ ကျွန်ုပ်ရဲ့တပည့် ချီဝမ် ပါ။ လူကြီးမင်းက ဘာကြောင့် ကျွန်ုပ်တို့ ဆရာတပည့်နှစ်ဦးကို အခုလို အစားအစာနဲ့ ဖိတ်ခေါ်ရတာလဲဆိုတာ သိပါရစေလား?"
ထိုအချိန်တွင် တာအိုတပည့်လေးမှာ တစ်ခွန်းမှ မပြောဘဲ ထိုင်ခုံတွင် ထိုင်ကာ ဟင်းပွဲများကိုသာ စိုက်ကြည့်နေသည်။
"ကျွန်တော့်နာမည်က ကျိယွမ် ပါ။ တာအိုဘုန်းကြီးတွေကို တွေ့ရခဲလို့ပါ။ အတွေ့အကြုံသစ်လေး ရအောင်လို့ အခုလို အတူတူ ထမင်းစားဖို့ ဖိတ်လိုက်တာပါ"
သူတို့နှစ်ဦးမှာ အပြန်အလှန် နှုတ်ခွန်းဆက်ခြင်း မရှိဘဲ တိုက်ရိုက်ပင် စကားပြောဆိုလိုက်ကြသည်။
"ဪ... ကောင်းပါပြီ..."
တာအိုဆရာသည် ကျိယွမ်၏ မျက်လုံးများမှာ တောက်ပနေသော်လည်း အရောင်ဖျော့နေသည်ကို သတိပြုမိသွားကာ စကားစရပ်သွားသည်။ "ခင်ဗျား မျက်စိမမြင်တာလား?" ဟူသည့် စကားလုံးမှာ လည်ချောင်းဝတွင် တစ်နေပြီး ထွက်ခါနီးမှ ပြန်မျိုချလိုက်ရသည်။
"ကဲ ကဲ... စကားတွေကို ခဏရပ်ပြီး စားကြရအောင်။ ဟင်းတွေက အေးသွားရင် မကောင်းတော့ဘူး"
ကျိယွမ်အနေဖြင့် သူသာ တစ်ခုခုမပြောလျှင် ထိုဆရာတပည့်နှစ်ဦးမှာ သူ၏ ခွင့်ပြုချက်မရဘဲ တူကို ကိုင်ရဲကြမည် မဟုတ်သည်ကို သိရှိသည်။
"တော်သေးတာပေါ့၊ ဆရာတို့က ပေါင်းမုန့်တွေ မှာထားတယ်၊ ကျွန်တော်က ထမင်းမှာဖို့ မေ့သွားတာနဲ့ အတော်ပဲပေါ့။ အတူတူစားရင် အဆင်ပြေတာပေါ့!"
ထိုသို့ပြောပြီးနောက် ကျိယွမ်က ပေါင်းမုန့်တစ်လုံးကို အရင်ယူကာ ကိုက်လိုက်သည်။ ထို့နောက် တူဖြင့် ဟင်းများကို ယူကာ စားသောက်လိုက်သည်။ ဘေးနားရှိ ဆရာတပည့်နှစ်ဦးမှာလည်း ထပ်မံ မအောင့်ထားနိုင်တော့ဘဲ အငမ်းမရ စားသောက်ကြတော့သည်။
အခြေအနေများမှာ အနည်းငယ် ကွာခြားနိုင်သော်လည်း သူတို့သုံးဦးလုံးမှာ အရသာရှိသည့် အစားအစာများကို မစားရသည်မှာ ကြာပြီဖြစ်သဖြင့် အလွန်ပင် မြိန်ယှက်စွာ စားသောက်နေကြသည်။
ကျိယွမ်၏ စားသောက်ပုံမှာ လွန်ခဲ့သည့် လအနည်းငယ်အတွင်း လေ့ကျင့်ထားသည့် အလေ့အထကြောင့် မဆိုးလှပေ။ အစားအစာကို ယူခြင်း၊ ဝါးခြင်းနှင့် မျိုချခြင်းတို့မှာ ယဉ်ကျေးသိမ်မွေ့လှပြီး သူ၏ စားသောက်နှုန်းမှာလည်း အံ့ဩစရာကောင်းလောက်အောင် မနှေးကွေးပေ။
တာအိုဆရာတပည့်နှစ်ဦးမှာမူ အသက်ရှူမှားလောက်အောင် အငမ်းမရ စားသောက်နေကြသည်။
ဤကွာခြားချက်ကြောင့် အနီးနားရှိ စားပွဲများမှ သတိထားကြည့်နေကြသည့် သူများမှာ ထူးဆန်းသည့် ပုံရိပ်ယောင်တစ်ခုကို မြင်နေရသကဲ့သို့ ဖြစ်နေသည်။ ညစ်ပတ်ပြီး နံစော်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ကျိယွမ်မှာ ခန့်ညားထည်ဝါသော အမူအရာရှိနေပြီး တာအိုဆရာ အကြီးအငယ်နှစ်ဦးမှာမူ ကံမကောင်း အကြောင်းမလှသည့် လူနှစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
ကျန်ရှိနေသည့် ဟင်းပွဲများ ရောက်ရှိလာသည့်အခါ ကျိယွမ်က နောက်ထပ် ဟင်းအရန်နှစ်ပွဲနှင့် ထမင်းသုံးပွဲ ထပ်မှာလိုက်သည်။ သူတို့သုံးဦးလုံး အတူတူ စားသောက်လိုက်ကြရာ စားပွဲပေါ်ရှိ ဟင်းအများစုမှာ ပြောင်သလင်းခါသွားသည်။
နောက်ဆုံးတွင် ဆရာတပည့်နှစ်ဦးမှာ ကြက်စွပ်ပြုတ်ဟင်းရည် တစ်ဝက်စီကို သောက်လိုက်ကြပြီး နောက်ထပ် မစားနိုင်တော့ပေ။
ဗိုက်ကိုပွတ်ကာ ကျေနပ်နေကြသည့် တာအိုဆရာတပည့်နှစ်ဦးကို ကြည့်ရင်း ကျိယွမ်က ပြုံးလိုက်သည်။
"ဆရာတို့ ထပ်မစားတော့ဘူးလား?"
"အီး... (လေချဉ်တက်သံ) ဝပြီ၊ ဝပြီ..."
"ကျွန်တော်လည်း ထပ်မစားနိုင်တော့ဘူး! ဗိုက် တော်တော်ဝနေပြီ..."
"ဟာဟား၊ ဒါဆိုရင် ကျန်တာကို ကျွန်တော်ပဲ ရှင်းလိုက်တော့မယ်"
ထို့နောက် ကျိယွမ်သည် စားပွဲပေါ်ရှိ ကျန်သမျှ အစားအစာအားလုံးကို မျက်တောင်တစ်ခတ်အတွင်း အကုန်ရှင်းပစ်လိုက်ရာ ကြက်စွပ်ပြုတ်ဟင်းရည်ပင် မကျန်တော့ပေ။ ထိုမြင်ကွင်းကို ကြည့်ကာ ဆရာတပည့်နှစ်ဦးမှာ အံ့ဩမှင်သက်သွားကြသည်။
ကျိယွမ်က နောက်ဆုံး ဂေါ်ဖီထုပ်တစ်ဖတ်ကို စားပြီးနောက် တူကို ချလိုက်ကာ ဆိုင်အတွင်းဘက်သို့ လက်လှမ်းပြလိုက်သည်။
"စားပွဲထိုး၊ ထမင်းဖိုး ရှင်းမယ်!"
"ဟုတ်ကဲ့ပါ အရှင်!"
ပိုက်ဆံရှင်းမည့် အသံကို ကြားသည်နှင့် ဆိုင်ရှင်များမှာ အလုပ်အမြန်ဆုံး ဖြစ်သွားကြသည်။ တစ်နပ်စာအတွက် ဒင်္ဂါးပြား တစ်ရာကျော် ကျသင့်သဖြင့် ဒင်္ဂါးပြားများကို တစ်ပြားချင်း ရေတွက်ရသည်မှာ အလုပ်ရှုပ်သောကြောင့် ကျိယွမ်က ငွေစအသေးတစ်စကိုသာ ပေးလိုက်ပြီး စားပွဲထိုးကို ကောင်တာတွင် သွားရောက်ချိန်တွယ်၍ ငွေရှင်းခိုင်းလိုက်သည်။
ကျိယွမ်တွင် ပိုက်ဆံအစစ်အမှန်ရှိသည်ကို မြင်လိုက်ရမှ ဆရာတပည့်နှစ်ဦးမှာ သက်ပြင်းချနိုင်တော့သည်။
"အရှင်၊ တာအိုဘုန်းကြီးဆိုတာ ခေါင်းတစ်ခု၊ လက်နှစ်ဖက်၊ ခြေနှစ်ချောင်းပါပဲ။ အရှင်က တာအိုဘုန်းကြီးကို မြင်ချင်တယ်ဆိုရင် အဝေးကနေ ကြည့်လိုက်ရင်လည်း ရတာပဲ။ အရှင်က ကျွန်ုပ်တို့ကို အခုလို ကျွေးမွေးတဲ့ စေတနာရှင်ဆိုတော့ ကျွန်ုပ် အရှင်၏ ဇာတာကို တစ်ချက်လောက် ဟောပေးရမလား?"
"ဗေဒင်ဟောမလို့လား? စိတ်ဝင်စားစရာပဲ။ ဆရာက ကျွန်တော့်ရဲ့ မွေးသက္ကရာဇ် ရှစ်လုံး (ဇာတာခွင်) နဲ့ တွက်မှာလား?"
"မွေးသက္ကရာဇ် ရှစ်လုံးနဲ့ တွက်ရင်တော့ အကောင်းဆုံးပေါ့၊ ဒါပေမဲ့ မျက်နှာကြည့်တာတို့၊ လက္ခဏာကြည့်တာတို့လည်း ရပါတယ်"
"ကောင်းပြီ၊ ဒါဆို မွေးသက္ကရာဇ် ရှစ်လုံးနဲ့ပဲ အရင်ကြည့်ကြတာပေါ့"
ကျိယွမ်က ပြုံးလိုက်ပြီး သူ၏ ယခင်ဘဝက မွေးနေ့မွေးရက်နှင့် မွေးသက္ကရာဇ် ရှစ်လုံးကို ပြောပြလိုက်သည်။ သူ၏ ဦးလေးတော်စပ်သူကြောင့် ကျိယွမ်သည် ငယ်စဉ်ကတည်းက သူ၏ ဇာတာခွင်ကို သိရှိထားခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဗေဒင်ဆရာများအားလုံးက သူ၏ မွေးသက္ကရာဇ်နှင့် ဇာတာမှာ အလွန်ကောင်းမွန်သည်ဟု ပြောခဲ့ကြသည်။
ကျိယွမ်၏ ဇာတာကို ကြားလိုက်ရသည့်အခါ တာအိုဆရာသည် မျက်မှောင်ကြုတ်ကာ သေချာစွာ တွက်ချက်နေသည်။ အစပိုင်းတွင် ထိုကောင်းမွန်လှသော ဇာတာမှာ မဟုတ်တမ်းတရားဟု ထင်ရသော်လည်း အတန်ကြာသောအခါ တာအိုဆရာ ချင်းစုန်း၏ မျက်မှောင်မှာ ပို၍ပင် ကြုတ်လာပြီး နောက်ဆုံးတွင် ကျိယွမ်ကို လှမ်းကြည့်လိုက်သည်။
"ခင်ဗျား ကျွန်ုပ်ကို လိမ်နေတာ မဟုတ်လား? ဒါတွေက ခင်ဗျားရဲ့ ဇာတာအစစ်တွေလား?"
"ကျွန်တော် အာမခံပါတယ်!"
ကျိယွမ်က သဘာဝကျကျပင် ပြန်ဖြေလိုက်သည်။ သူသည် ဤဘဝ၏ ဇာတာကို မသိသော်လည်း ယခင်ဘဝက ဇာတာမှာလည်း သူ၏ ဇာတာပင် ဖြစ်ရမည် မဟုတ်ပါလား။
"ခင်ဗျား လိမ်နေတာပဲ! တကယ်လို့ ဒါက ခင်ဗျားရဲ့ ကံကြမ္မာသာဆိုရင် ခင်ဗျားက အခုအချိန်မှာ သေပြီးသားဖြစ်နေရမှာ!"
"ဆရာ!!!"
ဘေးနားရှိ တပည့်ဖြစ်သူမှာ အလွန်ပင် စိုးရိမ်သွားသည်။ စားထားသည့် အစားအစာများကြောင့် သူ၏ ကိုယ်မှ ချွေးများ ပို၍ ထွက်လာသည်။ သူ၏ ဆရာမှာ စိတ်ထဲရှိသည့်အတိုင်း အားနာစရာစကားကို ထပ်ပြောလိုက်ပြန်ပြီဖြစ်သည်။
"အဲ... ဪ... အဲ့ဒါက... ခုနက... ဟဲဟဲ... ကျွန်ုပ် စကားမှားသွားလို့ပါ... စကားမှား..."
တာအိုဆရာသည် "မှား" ဟူသည့် စကားလုံးကို ပြောနေစဉ်မှာပင် ရုတ်တရက် ခေါင်းထဲ မူးဝေသွားသည်။ သူ၏ ရင်ဘတ်ထဲတွင် အလွန်အမင်း တင်းကျပ်လာသဖြင့် နောက်ဆုံးတွင် ထိန်းမထားနိုင်တော့ပေ။
ကမ္ဘာကြီးမှာ သူ၏ ပတ်ပတ်လည်တွင် ချာချာလည်သွားပြီး...
"ဖူး..."
သွေးတစ်လုတ်မှာ ကောင်တာတစ်ဝက်ခန့်အထိ ပန်းထွက်သွားပြီး တာအိုဆရာ ချင်းစုန်းမှာ စားပွဲပေါ်သို့ တိုက်ရိုက်ပင် မှောက်လျက် လဲကျကာ သတိမေ့သွားတော့သည်။