အခန်း ၆၄ - ပင်ရှုး ဟောပြောချက်
မြင်းလှည်းတစ်စီး၊ မြင်းနှစ်ကောင်နှင့်အတူ လူခုနစ်ယောက် ထွက်ခွာသွားပြီးနောက် သိပ်မကြာမီမှာပင် ငြိမ်သက်စွာ ထိုင်နေသော အဘိုးအိုက စကားစလိုက်သည်။
“ဆရာကြီး... ‘လောကပြင်ပမှ ဖြစ်ရပ်ဆန်းများ မှတ်တမ်း’ ကို ဖတ်ပြီးပြီဆိုတော့ ဒီစာအုပ်အပေါ် ဆရာကြီးရဲ့ အမြင်က ဘယ်လိုရှိပါသလဲ”
အမြင် ဟုတ်လား။ ကျိယွမ်၏ ပထမဆုံး တုံ့ပြန်မှုမှာ စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတရသည်ဟူ၍ ဖြစ်သော်လည်း ထိုသို့ပြောရန်မှာ မသင့်တော်ဟု ယူဆမိသည်။ ထို့အပြင် စာအုပ်မှာ ကောင်းမွန်လှသော်လည်း အချို့နေရာများတွင် အလွန်တရာ ကသိကအောက် ဖြစ်စရာ ကောင်းနေသေးသည်။
သူ အောက်သို့ ငုံ့ကြည့်လိုက်စဉ် ယခင်က ဖတ်ဖူးခဲ့သည့် ရေမှော်မိစ္ဆာများအကြောင်း မှတ်တမ်းကို တစ်ခေါက်ပြန်တွေ့မိသည်။ အဘိုးအိုသည်လည်း ထိုအပိုင်းကို တစ်ချက်မျှ မြင်လိုက်ပုံရသည်။
စာအုပ်၏ အကြောင်းအရာကို စဉ်းစားကြည့်သောအခါ အထင်ရှားဆုံးအပိုင်းမှာ စာရေးသူ၏ မိစ္ဆာများအပေါ် ထားရှိသည့် နက်ရှိုင်းသော အမုန်းတရားပင် ဖြစ်သည်။
ဥပမာအားဖြင့် နဂါးများကို ကြည့်လျှင် ၎င်းတို့ကိုယ်တိုင်က ဘာမှအပြစ်မရှိသော်လည်း နဂါးကြီးများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရသည်ဟူသော အချက်အလက်များက ထိုနဂါးများသည် လူသားတို့ထံ ဘေးဒုက္ခများ သယ်ဆောင်လာသူများဖြစ်ပြီး ယုတ်မာသူများဖြစ်သည်ဟု အလိုအလျောက် ညွှန်ပြနေသည်။
သို့သော်လည်း နဂါးများနှင့် အခြားသတ္တဝါများက မိုးလေဝသကို ထိန်းချုပ်ကာ အကျိုးပြုသည့် လုပ်ရပ်များကိုမူ “ကောင်းမှု” ဟု စာအုပ်ထဲတွင် ဖော်ပြထားပြန်သည်။ တစ်ဖက်တွင်မူ နဂါးငယ်တစ်ကောင်က တိမ်တိုက်ထဲတွင် ဟန်ချက်ပျက်ပြီး အမြီးဖြင့် ရိုက်ခတ်မိရာမှ လေဆင်နှာမောင်းဖြစ်ပေါ်ကာ အိမ်အချို့ ပြိုကျသွားခြင်းကဲ့သို့သော အမှားအယွင်းလေးတစ်ခု ဖြစ်သွားသည်နှင့် “မိစ္ဆာဆိုသည်မှာ အမြဲတမ်း မိစ္ဆာသာဖြစ်သည်” ဟူသော ခံစားချက်မျိုးကို စာသားများကြားတွင် သိသိသာသာ မြင်တွေ့နေရသည်။
ဒါက စာအုပ်၏ အစိတ်အပိုင်း အနည်းငယ်သာ ရှိသေးပြီး တစ်အုပ်လုံးတွင် ထိုကဲ့သို့ တူညီသော အချက်များစွာ ရှိနေသည်။ သူ၏ ယခင်ဘဝက စကားလုံးများဖြင့် ပြောရလျှင် စာရေးသူသည် ဘက်မလိုက်ဘဲ မျှတစွာ ကြည့်မြင်နိုင်စွမ်း အတိုင်းအတာတစ်ခုအထိ လိုအပ်နေသည်။
အဘိုးအို၏ ပုံစံကို ကြည့်ရသည်မှာ ဆင်ခြင်တုံတရား ရှိပုံရသည်။ အကယ်၍ သူသာ နတ်မင်း သို့မဟုတ် နတ်ဘုရားတစ်ပါး ဖြစ်နေပါက ပြောဆိုရ လွယ်ကူပေလိမ့်မည်။ မိစ္ဆာ သို့မဟုတ် ဝိညာဉ်တစ်ခု ဖြစ်နေလျှင်တောင်မှ စာအုပ်၏ ကသိကအောက် ဖြစ်ဖွယ်ရာများကို ပြောပြလိုက်ခြင်းက ပိုကောင်းလိမ့်မည်ဟု ကျိယွမ် ခံစားမိသည်။ ထို့ကြောင့် အနည်းငယ် တွန့်ဆုတ်နေပြီးမှ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
“ကျွန်တော် ဒီစာအုပ်ကို ရတာ မကြာသေးပေမဲ့ အရမ်းစိတ်ဝင်စားဖို့ကောင်းလို့ မချနိုင်ဘဲ ဖတ်နေမိတာပါ။ စာအုပ်ကောင်းတစ်အုပ်ကတော့ စာအုပ်ကောင်းပါပဲ...”
ထိုသို့ ချီးမွမ်းစကား ပြောရင်း ကျိယွမ်က ဘာတုံ့ပြန်မှုမှ မပြသော အဘိုးအိုကို ကြည့်လိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ဒါပေမဲ့ ဒီစာအုပ်မှာ ချို့ယွင်းချက်တွေ အများကြီး ရှိနေတာကတော့ တကယ်ကို နှမြောဖို့ ကောင်းပါတယ်”
“ဘယ်လို ချို့ယွင်းချက်မျိုးတွေ ဖြစ်မလဲဆိုတာ သိပါရစေလား”
ကျိယွမ်သည် သူ၏ ပျင်းရိစွာ ထိုင်နေသော အနေအထားမှ ခါးကို မတ်လိုက်ပြီး စာအုပ်ကို ဒူးပေါ်တင်ကာ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်လိုက်သည်။ ဤလုပ်ဆောင်ချက်များက သူပြောတော့မည့် စကားများသည် နောက်ပြောင်နေခြင်း မဟုတ်ကြောင်း ဖော်ပြနေသည်။
“ဒီစာအုပ်က ထူးခြားဆန်းပြားပေမဲ့ အစွဲအလမ်းတွေနဲ့လည်း ပြည့်နေပါတယ်။ ‘မိမိ မလိုလားတာကို သူတစ်ပါးအပေါ် မလုပ်နဲ့’ ဆိုတဲ့ စကားပုံ ရှိပါတယ်။ ဒီစာအုပ်ရဲ့ စာရေးသူက သာမန်လူတွေတောင် နားလည်နိုင်တဲ့ ဒီအမှန်တရားကို ဘာလို့ နားမလည်တာလဲ။ စာအုပ်ထဲက နတ်ဝိညာဉ်တွေနဲ့ မိစ္ဆာတွေအကြောင်း ဖော်ပြချက်တွေက ဘက်လိုက်လွန်းပါတယ်၊ တကယ်ကို နှမြောစရာပါပဲ”
“အို...”
အဘိုးအို၏ မျက်လုံးများ တောက်ပသွားသည်။ သူသည်လည်း ကျောက်နံရံကို မှီထားသည့် ပျော့ပျောင်းသော အနေအထားမှ ခါးကို မတ်ကာ ကျိယွမ်နှင့် မျက်နှာချင်းဆိုင်၍ မတ်မတ်ထိုင်လိုက်သည်။
“ဆရာကြီး... အသေးစိတ် ရှင်းပြပေးလို့ ရမလား”
“ဟာ... ဘာလို့ မရရမှာလဲ။ ဒီအဘိုးကပဲ စာရေးသူဖြစ်နေလို့ ကျွန်တော် ပြောတာကို ရိုက်နှက်မလို့လား”
ကျိယွမ်၏ ဟာသနှောသော မေးခွန်းကြောင့် အဘိုးအိုလည်း ရယ်မောမိသွားသည်။
“အဲဒီလိုတော့ မဟုတ်ပါဘူး”
“ဒါဆိုရင်တော့ ကျွန်တော် စိတ်အေးလက်အေးနဲ့ပဲ အမှန်အတိုင်း ပြောတော့မယ်”
“ဟားဟား... ဆရာကြီး စိတ်ကြိုက်သာ ပြောပါ”
အဘိုးအို၏ စိတ်ကြည်လင်နေသည်ကို မြင်သောအခါ ကျိယွမ်လည်း စိတ်လျှော့လိုက်ပြီး မျက်နှာကို တည်ကြည်လိုက်သည်။
“အပင်တွေ၊ တိရစ္ဆာန်တွေ၊ တောင်စောင့်နတ်တွေနဲ့ မိစ္ဆာအများစုက လူတွေကို ဒုက္ခပေးတာ မှန်ပေမဲ့ အားလုံးကို သိမ်းကျုံးပြီး သတ်မှတ်လို့ မရပါဘူး။ စာအုပ်ထဲမှာ ဝမ်လန်က ကြောင်မိစ္ဆာတစ်ကောင်ကို ကယ်တင်ခဲ့တယ်၊ အဲဒီကြောင်မိစ္ဆာက လူအဖြစ် ဖန်ဆင်းပြီး ဝမ်လန်ကို လက်ထပ်ခဲ့တယ်။ နောက်ပိုင်းမှာ သူဌေးတစ်ယောက်က သူမရဲ့ အလှအပကို မက်မောပြီး ဝမ်လန်ကို ဒုက္ခပေးခဲ့လို့ ဝမ်မိသားစု တစ်စုလုံး ပျက်စီးခဲ့ရတယ်။ အဲဒီနောက် ကြောင်မိစ္ဆာက ဝမ်လန်အတွက် ကာယကံရှင် သူဌေးနဲ့ သူ့မိသားစုကို သတ်ပြီး ကဲ့စားခဲ့တယ်။ ပုံပြင်တစ်ပုဒ်လုံးက စကားလုံးပေါင်း ထောင်ချီရှိပေမဲ့ နောက်ဆုံးစာပိုဒ် အနည်းငယ်မှာပဲ လူတွေရဲ့ စိတ်နှလုံး ယုတ်မာမှုကို အနည်းငယ် ဖော်ပြပြီး ကျန်တဲ့ အဓိပ္ပာယ်တွေကတော့ မိစ္ဆာတွေဟာ လူတွေကို ဒုက္ခပေးတဲ့အကောင်တွေ ဖြစ်တယ်ဆိုတာကိုပဲ အလေးပေးထားတယ်။
ကျွန်တော် တကယ်ကို သဘောမကျဘူး”
အဘိုးအို၏ စကားကို မစောင့်ဘဲ ကျိယွမ်က စာအုပ်ကို ဖွင့်ကာ ရေမှော်မိစ္ဆာများအကြောင်း ပါရှိသည့် စာမျက်နှာသို့ လှန်လိုက်သည်။
“ဒီမှာ ရေးထားတာက ‘ချန်ချိုး’ တိုင်းပြည်ရဲ့ မြေတစ်ဝက်လောက်ဟာ နှစ်ရှည်လများ ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုနဲ့ ကြုံခဲ့ရတယ်။ ဒါဟာ ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်း ဖြစ်တာလို့ စာရေးသူက ဆိုတယ်။ တိုင်းသူပြည်သားတွေက လစဉ် ‘ရွှီဒုံ’ မြစ်ကို သွားပြီး ယဇ်ပူဇော်ကာ မိုးရွာဖို့ ဆုတောင်းကြတယ်။ ယဇ်ပူဇော်မှုတွေကို အကြာကြီး လက်ခံခဲ့တဲ့ နဂါးတစ်ကောင်က ကောင်းကင်ဘုံရဲ့ အလိုတော်ကို ဆန့်ကျင်ပြီး မိုးလေဝသကို ဖန်တီးပေးချင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ သူဟာ ကပ်ဘေးတစ်ခုထဲမှာ ပိတ်မိသွားခဲ့တယ်။ စာရေးသူကတော့ မိစ္ဆာတွေကို ဘယ်တော့မှ ယဉ်ကျေးအောင် လုပ်လို့မရဘူးဆိုတဲ့ နိဂုံးကိုပဲ ဆွဲခဲ့တယ်။
ဟားဟားဟား...”
ကျိယွမ်က အကြိမ်အနည်းငယ် လှောင်ရယ်လိုက်ပြီး တိုက်ရိုက်အမြင်ကို ထုတ်မပြောသော်လည်း သူ၏ ရယ်မောသံထဲတွင် လှောင်ပြောင်မှုများက အတိုင်းသား ပေါ်လွင်နေသည်။
“မသေမျိုးလမ်းစဉ်ကလွဲရင် ကျန်တာတွေကို ကိုယ်ကျင့်တရား မရှိဘူးလို့ သတ်မှတ်ထားတဲ့ ဒီလိုစာအုပ်တွေ အများကြီး ရှိပါတယ်။ ဘယ်လောက်တောင် ရယ်စရာကောင်းလဲ”
ပြောချင်တာကို ပြောပြီးသွားသဖြင့် ကျိယွမ် စကားဆက်မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။
“ထားလိုက်ပါတော့၊ ထားလိုက်ပါတော့။ ပြောလေ စိတ်တိုလေပဲ ဖြစ်မှာပါ”
ကျိယွမ်က စာအုပ်ပါ အကြောင်းအရာများကို တည်ငြိမ်အေးဆေးစွာ ကြည့်မြင်ကာ ဝေဖန်နေသည်ကို မြင်သောအခါ အဘိုးအိုသည် ကျိယွမ်အပေါ် အမည်မဖော်နိုင်သော လေးစားမှု တစ်ခုကို ခံစားလိုက်ရသည်။
ဂူအတွင်းတွင် ခဏတာ ပြန်လည် တိတ်ဆိတ်သွားပြီး ကျိယွမ်က စာအုပ်ကို ပြန်ဖတ်နေသည်။ အဘိုးအိုကမူ နောက်မှီကာ တရားထိုင်နေသည်။
လက်ဖက်ရည်တစ်ခွက် သောက်စာခန့် ကြာပြီးနောက် တိတ်ဆိတ်မှုကို ထပ်မံ ချိုးဖျက်လိုက်ပြန်သည်။
“ဆရာကြီး... ဒီကျောက်နံရံရဲ့ နာမည်ကို သိပါသလား”
ကျိယွမ်က စာအုပ်ကို ချလိုက်ပြီး ဂူကို တစ်ချက်ကြည့်ကာ ဖြေလိုက်သည်။
“ဒါက... ဝပ်နဂါးကျောက်နံရံ လို့ ခေါ်တယ် ထင်တယ်”
“ဟုတ်ပါတယ်”
အဘိုးအိုသည် ထမရပ်ဘဲ သူ၏လက်ကို မြှောက်ကာ ဂူ၏ အမြင့်ကို မှန်းဆကြည့်နေရင်း မျက်ဝန်းထဲတွင် ဖော်ပြမရနိုင်သော ခံစားချက်များ ရှိနေသည်။
“ဒီဝပ်နဂါးကျောက်နံရံရဲ့ နောက်ခံသမိုင်းကိုကော ဆရာကြီး သိပါသလား”
ကျိယွမ်က ဘယ်လိုလုပ် သိနိုင်မည်နည်း။ ပဲစေ့ပုံသဏ္ဌာန် ဂူကိုကြည့်ပြီး ဘယ်လိုပုံစံ ရှိမှန်းတောင် ပြောရခက်လှသည်။ နာမည်က တစ်စုံတစ်ရာ အဓိပ္ပာယ် ရှိနေနိုင်သလားဟု ကျီယွမ် စဉ်းစားနေမိသည်။
သို့သော် ကျီယွမ် တစ်စုံတစ်ရာ မဆုံးဖြတ်နိုင်မီမှာပင် ဘေးနားရှိ အဘိုးအိုက ဆက်ပြောလာသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာခန့်က ဒီနေရာရဲ့ မြေအောက် ပေတစ်ထောင့်ခြောက်ရာခန့်မှာ နက်ရှိုင်းတဲ့ ရေအိုင်ကြီး တစ်ခုရှိခဲ့ပြီး အဲဒီထဲမှာ နဂါးပျိုတစ်ကောင် ခိုအောင်းနေခဲ့တယ်”
ကျိယွမ်၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး ဂူကို တစ်ဖန် ပြန်ကြည့်မိသည်။
“အဲဒီနှစ်ကလည်း မန်ကျုန်းပွဲတော် အချိန်ပေါ့။ နဂါးပျိုဟာ သူရဲ့ ကျင့်ကြံမှု အောင်မြင်ပြီလို့ ခံစားခဲ့ရပြီး ရေလမ်းကြောင်းအတိုင်း သွားပြီး နဂါးစစ်အဖြစ် အသွင်ပြောင်းချင်ခဲ့တယ်”
အဘိုးအို၏ အကြည့်က ကျိယွမ်၏ တည်ငြိမ်အေးဆေးသော မျက်လုံးများနှင့် ဆုံသွားသည်။ ခဏမျှ တုံ့ဆိုင်းသွားပြီးမှ သူ၏ ဇာတ်လမ်းကို ဆက်ပြောသည်။
“နဂါးမျိုးနွယ်တွေ ရေလွှတ်လိုက်တဲ့အခါ ကမ္ဘာမြေကို အလွယ်တကူ ရေလွှမ်းမိုးသွားစေနိုင်တယ်။ ဒါပေမဲ့ ဒီနဂါးပျိုဟာ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး အဲဒီအချိန်ကို နှစ်ပေါင်း ရာနဲ့ချီ စောင့်ဆိုင်းခဲ့ရတာ... အဲဒီနှစ် မန်ကျုန်းပွဲတော် မတိုင်ခင်မှာ မိုးတွေက ဆယ့်ငါးရက်ဆက်တိုက် ရွာခဲ့ပြီး တဲ့စိန့်ခရိုင်မှာ ရေကြီးမှုတွေ ဖြစ်ခဲ့တယ်။ နဂါးပျိုဟာ မြေအောက်ကနေ ရေလမ်းကြောင်းကို ဦးဆောင်ခဲ့ပြီး မြေအောက်ရေအိုင်ကြီးက မြေပြင်ပေါ်ကို ပေါက်ထွက်လာပြီး ခရိုင်သုံးခုလုံးကို လွှမ်းမိုးသွားခဲ့တယ်”
အဘိုးအိုက စကားကို ခေတ္တရပ်လိုက်ပြီး နောက်က ကျောက်နံရံကို မှီလိုက်သည်။ သူသည် မုတ်ဆိတ်မွေးကို ဖြည်းညှင်းစွာ သပ်ရင်း အချိန်အတော်ကြာ တိတ်ဆိတ်နေသည်။
“ကံဆိုးတာက... သူဖြတ်သန်းသွားတဲ့ နေရာတိုင်းမှာ သက်ရှိမှန်သမျှ အကုန်လုံး ပျက်စီးခဲ့ရတယ်”
ကျိယွမ်သည် လွန်ခဲ့သော နှစ်ပေါင်း သုံးရာက ပျက်စီးဆိုးရွားလှသော ရေကြီးမှုကြီးကို စိတ်ကူးကြည့်ရင်း ထိုစကားလုံးများ၏ လေးလံမှုကို ခံစားမိသည်။
သူ၏ ယခင်ဘဝကဲ့သို့ ခေတ်မီနည်းပညာများ၊ အားကောင်းသော သင်္ဘောများ၊ လေယာဉ်များနှင့် စစ်တပ်၏ လျင်မြန်သော တုံ့ပြန်မှုများ ရှိသည့်ခေတ်တွင်ပင် ရေကြီးခြင်းမှာ ကြောက်စရာကောင်းသော သတ္တဝါကြီးကဲ့သို့ ဖြစ်နေလျှင် လွန်ခဲ့သော နှစ်ပေါင်း သုံးရာက ဤကမ္ဘာတွင်မူ ပြောစရာပင် မလိုတော့ပေ။
အဘိုးအိုက နောက်က ကျောက်နံရံကို ပုတ်ရင်း ကျီယွမ်ကို ပြောလိုက်သည်။
“ဒီကျောက်နံရံဟာ မြေအောက်ကနေ ဖောက်ထွက်လာတဲ့ နဂါးပျိုရဲ့ အရှိန်အဝါကြောင့် မြေပေါ်ကို ပေါ်လာတာပါ။ မူလကတော့ နဂါးပျို ခိုအောင်းနေခဲ့တဲ့ ရေအိုင်ကြီးရဲ့ နေရာပေါ့။ အဲဒီဖြစ်ရပ်ပြီးတဲ့နောက် တဲ့စိန့်ခရိုင်မှာ နဂါးလှည့်လည်နေတယ်ဆိုတဲ့ ကောလာဟလတွေ အများကြီး ပေါ်ခဲ့တယ်။ ဆယ်စုနှစ် အနည်းငယ် ကြာတဲ့အခါမှာတော့ ဒီဂူက ပြန်တည်ငြိမ်သွားပြီး ကမ္ဘာကြီးကလည်း ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီကျောက်နံရံနဲ့ သူ့ရဲ့နာမည်ကတော့ အခုထိ ကျန်ရစ်နေခဲ့တာပဲ”
ကျိယွမ်သည် မျက်မှောင်ကြုတ်ကာ ခဏမျှ တိတ်ဆိတ်နေသည်။ အတော်ကြာ တွန့်ဆုတ်နေပြီးမှ မေးခွန်းတစ်ခု မေးလိုက်သည်။
“ကျိပြည်နယ်မှာ ‘ယိဟွိုက်တောင်’ လို့ခေါ်တဲ့ မသေမျိုးနန်းတော် တစ်ခု ရှိတယ်လို့ ကျွန်တော် ကြားဖူးပါတယ်။ နဂါးက လှည့်လည်နေတဲ့အချိန်မှာ မသေမျိုးကျင့်ကြံသူတွေ ရောက်လာခဲ့ကြလား”
လူတွေကို ကယ်တင်ဖို့ သို့မဟုတ် နဂါးကို တားဆီးဖို့ သူတို့ ရောက်လာခဲ့နိုင်သည်၊ သို့မဟုတ် အစွမ်းထက်ပါက ရေလွှမ်းမိုးမှုကို ထိန်းချုပ်ရန် နည်းလမ်းအချို့ သုံးနိုင်သည်၊ နဂါးကို အသိဝင်အောင် ဆုံးမနိုင်သည်၊ သို့မဟုတ် တိုက်ရိုက် သတ်ဖြတ်ပစ်နိုင်သည်ဟု သူ တွေးနေမိသော်လည်း ထိုနည်းလမ်းများကိုမူ ထုတ်မပြောခဲ့ပေ။
အဘိုးအိုက ကျိ
ယွမ်၏ စကားအဓိပ္ပာယ်ကို နားလည်သလား မသိသော်လည်း သက်ပြင်းတစ်ချက်ချကာ ဆက်ပြောသည်။
“နှစ်ပေါင်း ရာနဲ့ချီပြီး အောင်းနေခဲ့တဲ့ နဂါးပျိုဟာ အခုမှ လွတ်လပ်ခွင့် ရတာဆိုတော့ သူ ဘယ်လောက် စိတ်လှုပ်ရှားနေမလဲဆိုတာ စဉ်းစားကြည့်လို့ ရပါတယ်။ သူက ဒုက္ခတွေ ပေးနေတဲ့အခါ မသေမျိုး ဆရာကြီးတွေရဲ့ အာရုံစိုက်မှုကို ခံရမှာကတော့ ဓမ္မတာပါပဲ... ဟွန်း...”
အဘိုးအိုက ထိုသို့ပြောရင်း နှာခေါင်းရှုံ့လိုက်ရာ ကျိယွမ်ကို ပို၍ ဇဝေဇဝါ ဖြစ်သွားစေသည်။ ဤအဘိုးအိုက ဘယ်ကလဲ။ သူက တာအိုဆရာကြီးတစ်ဦးလား၊ သို့မဟုတ် မူလက နဂါးပျိုနှင့် ပတ်သက်နေသူလား။
“အဲဒီတုန်းက မသေမျိုး ဆရာကြီးတွေအကြောင်း မပြောတော့ပါဘူး။ နဂါးပျိုအတွက် အမှတ်ရစရာ အကောင်းဆုံး ပုဂ္ဂိုလ်ကို ပြောရမယ်ဆိုရင်တော့ ဒူးမင်ခရိုင်ရဲ့ မြို့စောင့်နတ်ပဲ ဖြစ်မှာပါ။ သူဟာ ဒေါသတကြီးနဲ့ တိုက်ခိုက်ရင်း သူရဲ့ ရွှေကိုယ်ထည် ပျက်စီးသွားတဲ့အထိ တိုက်ခိုက်ခဲ့တယ်။ ဒါက နဂါးပျိုကို သတိဝင်စေခဲ့ပြီး သူဖန်တီးခဲ့တဲ့ ရေကြီးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးဒုက္ခတွေကို မြင်တွေ့သွားစေခဲ့တယ်...”
အဘိုးအိုက ခဏနားလိုက်ပြီး ဆက်ပြောသည်။
“ကျင့်ကြံရတာ ခက်ခဲသလို၊ တာအိုလမ်းစဉ်ကို လျှောက်လှမ်းရတာလည်း ခက်ခဲပါတယ်။ အောင်မြင်မှုအတွက် ကိုယ့်အသက်ကို ရင်းပြီး လုပ်ဆောင်ရတာဟာ ဘယ်လောက်တောင် သတ္တိရှိဖို့ လိုမလဲ... ဘယ်လောက် ဝမ်းနည်းစရာ ကောင်းသလဲ၊ ပြီးတော့ ဘယ်လောက်တောင် လေးစားစရာ ကောင်းသလဲ”
ဤစကားကို ကြားသောအခါ ကျိယွမ်သည် အဘိုးအို၏ မည်သူမည်ဝါဖြစ်ကြောင်းကို စတင် ခန့်မှန်းမိလာပြီ ဖြစ်သော်လည်း တကယ့် ကာယကံရှင် ဟုတ်မဟုတ်ကိုမူ သေချာ မသိသေးပေ။
“ဒါဆိုရင် မေးပါရစေ အဘိုး၊ အဲဒီနဂါးပျိုဟာ နဂါးစစ်အဖြစ် အောင်မြင်စွာ အသွင်ပြောင်းနိုင်ခဲ့လား၊ ပြီးတော့ နောက်ထပ် နှစ်ပေါင်း သုံးရာအတွင်းမှာ သူ ဘယ်လို ပြုမူခဲ့သလဲ”
“ဒါပေါ့... ရေတွေက မြစ်ထဲကနေ ပင်လယ်ထဲကို စီးဝင်သလိုပဲ၊ နှစ်ပေါင်း တစ်ရာ ကြာပြီးတဲ့နောက်မှာတော့ သူဟာ နဂါးစစ်အဖြစ် ပြောင်းလဲသွားခဲ့တယ်”
အဘိုးအိုက နောက်ဆုံးစကားလုံးကို ပြောသောအခါ အသံမှာ အနည်းငယ် ကျယ်လောင်သွားပြီးမှ ပြန်လည် တည်ငြိမ်သွားသည်။
“နဂါးဖြစ်လာကတည်းက သူဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း နှစ်ရာအတွင်း ကျီပြည်နယ်ကို မိုးရွာအောင် လုပ်ဆောင်ပေးခဲ့တယ်။ နှစ်ပေါင်း နှစ်ရာအတွင်း မိုးခေါင်တာမျိုး မရှိဘဲ မိုးရေ လုံလုံလောက်လောက် ရခဲ့တယ်။ သူဟာ မြစ်ချောင်းအင်းအိုင်တွေက မျိုးနွယ်စုတွေကိုလည်း ရေလမ်းကြောင်း ထိန်းချုပ်ဖို့ ကူညီပေးခဲ့သေးတယ်...”
ဤသို့ ပြောပြီးနောက် အဘိုးအိုက ကျိယွမ်ကို လှည့်ကြည့်လိုက်သည်။
“ဆရာကြီး... ဒီနဂါးရဲ့ လုပ်ရပ်တွေကို ဘယ်လို ထင်ပါသလဲ။ ဟိုမှတ်တမ်းစာအုပ်ထဲမှာ ဖော်ပြထားတဲ့ ဒဏ္ဍာရီတွေလိုပဲလား”
ကျိယွမ်၏ လက်ရှိ တည်ငြိမ်နေသော စိတ်အခြေအနေတွင်ပင် သူ၏ ရင်ထဲတွင် တုန်လှုပ်သွားရသည်။ သူသည် တကယ့်ကို ထူးခြားဆန်းပြားသည့် တည်ရှိမှုတစ်ခုနှင့် ဆုံတွေ့နေရပြီ ဖြစ်သည်။ စာအုပ်၏ နိဒါန်းနှင့် ပေါင်းစပ်ကြည့်လိုက်လျှင် သူ၏ ရှေ့တွင် ထိုင်နေသော ပုဂ္ဂိုလ်မှာ နဂါးစစ် သို့မဟုတ် နဂါးတစ်ကောင် ဖြစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပေတော့သည်။