အခန်း ၅၅ - ရယ်စရာ ဇာတ်လမ်းတစ်ပုဒ်လား?
ကျိယွမ် ဇဝေဇဝါ ဖြစ်သွားသည်။ ဘာတွေဖြစ်နေတာလဲ? ဒီနယ်ရုပ်က အရင်က ဝေဝူဝေ့ဆီကနေ လာတာများလား?
ဒါပေမဲ့ သူ အရင်က ဝေဝူဝေ့ကို ယွီဟွိုက်တောင်အကြောင်း ပြောပြတုန်းက ဘာမှ မဖြစ်ခဲ့ဘူး။ အဲဒီအချိန်တုန်းကတော့ ကျိယွမ်က ပစ်မှတ်က "လူသား" ဖြစ်နေလို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သူက ထိုလူအပေါ် သိသိသာသာ သက်ရောက်မှု မရှိခဲ့လို့ပဲဖြစ်ဖြစ် ဖြစ်နိုင်တယ်လို့ ကောက်ချက်ချခဲ့တာပါ။
ခဏလောက် စဉ်းစားပြီးနောက် ကျိယွမ်က ဝေဝူဝေ့ဘက်က ဖြစ်နိုင်ခြေကို ပယ်ချလိုက်ပါတယ်။ ဒါက လိုင်းမကောင်းလို့ နောက်ကျမှ တက်လာတဲ့ အွန်လိုင်းဂိမ်းတစ်ခုမှ မဟုတ်တာ။
'ဆရာယင်များလား? '
ကျိယွမ် သူချန်ထားခဲ့တဲ့ စာကို သတိရသွားပါတယ်။ မနေ့ကတည်းက အခုအထိ သူတပါးအပေါ် သက်ရောက်မှုရှိစေမယ့် အပြုအမူဆိုလို့ ဒါတစ်ခုပဲ သူလုပ်ခဲ့တာဖြစ်ပြီး အချိန်ကိုက်လည်း ဖြစ်နေပါတယ်။
. . .
ယင်အိမ်ရှေ့မှာတော့ ယင်ချင်းက သူ့အဖေကို ကြည့်ပြီး ကြောင်တောင်တောင် ဖြစ်နေရှာတယ်။
"မေမေ... ဖေဖေ ဘာဖြစ်နေတာလဲ?"
အတွင်းခန်းထဲက ထွက်လာတဲ့ ယင်ကတော်က သူမခင်ပွန်းကို ကြည့်လိုက်ပါတယ်။ သူမက သူ့ကို လှမ်းခေါ်မလို့ လုပ်ပေမဲ့ ရုတ်တရက် သူမခင်ပွန်းဟာ အခုအချိန်မှာ အရမ်းကို ဆွဲဆောင်မှုရှိနေတယ်လို့ ခံစားလိုက်ရပြီး သူမမျက်နှာလေး နီမြန်းသွားရပါတယ်။
"မေမေ... မေမေကရော ဘာဖြစ်တာလဲ?"
"ဖေဖေ့ကို မနှောင့်ယှက်နဲ့၊ သွား... မျက်နှာသွားသစ်ချေ!"
"ဟုတ်......"
ယင်ချင်းက မစ္စတာကျိ ဘာတွေရေးထားလဲဆိုတာ သူ့အဖေကို မေးချင်နေတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ရခဲ့တဲ့ သင်ခန်းစာတွေကို ပြန်တွေးပြီး မနက်စာစားချိန်မှ မေးတာက ပိုဘေးကင်းမယ်လို့ ဆုံးဖြတ်လိုက်ပြီး လိမ်လိမ်မာမာပဲ နေလိုက်ပါတယ်။
"ချင်းအာ... ဆရာကျိ ထွက်သွားပြီ!"
"ဟင်..."
ယင်ကျောက်ရှန်းက ပြုံးလိုက်ပြီး စာအိတ်ထဲမှာ ပါလာတဲ့ သော့ကို မြှောက်ပြလိုက်ပါတယ်။
"ခဏနေရင် ငါတို့ ဇီးသီးသွားခူးကြမယ်!"
ဒီစကားက ယင်ချင်းရဲ့ အာရုံကို ချက်ချင်း ဖမ်းစားသွားပါတယ်။ သူ အရမ်းစိတ်လှုပ်ရှားသွားပြီး သွားရည်တောင် ကျလာမိတယ်။ ဒါပေမဲ့ ဆရာကျိက ကျူအန်းအဆောင်မှာ မရှိတော့ဘူးဆိုတာကို ရုတ်တရက် သတိရသွားတော့ တစ်ခုခု ဆုံးရှုံးသွားသလို ခံစားချက်က ပြန်ဝင်လာပြန်ပါတယ်။
. . .
မနက်စောစော လမ်းပေါ်က စွန်းကျိခေါက်ဆွဲဆိုင်လေး စောစောစီးစီး ဖွင့်လှစ်ထားပါတယ်။ အဘိုးအိုစွန်းဟာ များသောအားဖြင့် တစ်နေ့လုံး မနက်စာနဲ့ နေ့လယ်စာအတွက် အလုပ်ရှုပ်နေတတ်တာပါ။ ဝမ်တွန်၊ ခေါက်ဆွဲနဲ့ ကလီစာတွေက အဓိကရောင်းကုန်တွေပေါ့။ နေ့လယ်ပိုင်းရောက်ရင် ဆိုင်ကို စောစောပိတ်ပြီး အိမ်ပြန်လေ့ရှိပါတယ်။
သူက မှောင်တာနဲ့ အိပ်ရာဝင်လေ့ရှိပြီး မိုးမလင်းခင်မှာ ပြန်ထကာ ဆိုင်အတွက် လိုအပ်တာတွေ ပြင်ဆင်ပါတယ်။ လူတွေ အသက်ကြီးလာရင် စောစောအိပ်ပြီး စောစောနိုးတတ်တာက သူ့ရဲ့ အချိန်ဇယားနဲ့ အံကိုက်ပါပဲ။
မိုးကာတဲထိုး၊ စားပွဲကုလားထိုင်တွေ ခင်းကျင်းပြီး သုတ်သင်ပြီးနောက် အဘိုးအိုဟာ ဖောက်သည်တွေကို စောင့်နေပါတယ်။ စိတ်ထဲမှာတော့ ဂျုံမှုန့်နဲ့ အသားဈေးတွေ တက်တာရယ်၊ သူ့မြေးလေးကို ခရိုင်ကျောင်းမှာ စာသင်ဖို့ ပို့ရမယ့် ကုန်ကျစရိတ်တွေအကြောင်းကိုလည်း တွေးနေမိပါတယ်။
လမ်းပေါ်မှာ လူသွားလူလာ များလာတာနဲ့အမျှ ဆိုင်မှာလည်း ဈေးရောင်းကောင်းလာပါတယ်။ အလုပ်ရှုပ်နေရင်း သူ မော့ကြည့်လိုက်တော့ ခရိုင်ကျောင်းက ဆရာယင်ဟာ ယင်ချင်းနဲ့အတူ လက်ထဲမှာ တောင်းလေးတွေ ကိုင်ပြီး ဆိုင်ဘက်ကို လျှောက်လာတာ တွေ့လိုက်ရတယ်။
"ဟေး... ဆရာယင်နဲ့ သခင်လေးယင် ပါလား!! မနက်စာ လာစားတာလားဗျ? ကျွန်တော့်ဆိုင်မှာ ဝမ်တွန်နဲ့ ရန်ချွမ်းခေါက်ဆွဲက အကောင်းဆုံးနော်!"
ယင်ကျောက်ရှန်းက ပြုံးပြီး ဦးညွှတ်နှုတ်ဆက်ကာ ပြောလိုက်ပါတယ် -
"မဟုတ်ပါဘူးဗျာ... အိမ်မှာ စားခဲ့ပြီးပါပြီ..."
ဒါကို ပြောပြီးတာနဲ့ ယင်ကျောက်ရှန်းက သူ့လက်ထဲက တောင်းကို ကမ်းပေးပြီး အပေါ်က အုပ်ထားတဲ့ အဝတ်ကို လှပ်ပြလိုက်ပါတယ်။
"ဒါက ဆရာကျိ အိမ်က ဇီးသီးပင်ရဲ့ အသီးတွေပါ။ သူ မထွက်သွားခင်က ဒါတွေကို အိမ်နီးနားချင်းတွေကို ဝေပေးဖို့ ပြောသွားတယ်။ သူက ဒီမှာ ခဏခဏ လာစားလေ့ရှိတော့ အဘိုးကိုလည်း တစ်စုတစ်ပုံ ပေးသင့်တယ်လို့ ခံစားမိလို့ပါ"
အဘိုးအိုစွန်းဟာ လတ်ဆတ်နေတဲ့ ဇီးသီးတွေကို ကြည့်ပြီး ခဏလောက် မှင်သက်သွားပါတယ်။ သူက သူ့လက်ကို ခါးစည်းပုဆိုးနဲ့ အထပ်ထပ် သုတ်လိုက်ရင်း -
"အဲ... အားနာစရာကြီးဗျာ... အားနာစရာကြီး..."
ဒါကို ပြောပေမဲ့လည်း လက်ကတော့ အလိုက်သင့်ပဲ ကမ်းယူလိုက်ပါတယ်။ တောင်းကို လက်ခံရရှိပြီးမှသာ ယင်ကျောက်ရှန်း အခုလေးတင် ပြောလိုက်တဲ့ စကားကို သတိပြုမိသွားပါတယ်။
"ဆရာကျိ ခရီးထွက်သွားပြီလား? ဘယ်တော့ ပြန်လာမှာလဲ?"
"ကျွန်တော်လည်း မသိသေးဘူးဗျ။ ကဲ... ဇီးသီးတွေကို လှည်းထဲကို ပြောင်းလိုက်ပါဦး။ ကျွန်တော် တောင်းလေး ပြန်ယူသွားမလို့"
"ဩော်... ဩော်... ဟုတ်သားပဲ!"
အဘိုးအိုစွန်းက ဇီးသီးတောင်းလေးကို ခေါက်ဆွဲလှည်းပေါ်က အိုးထဲကို အမြန်လောင်းထည့်လိုက်ပြီး ဝါးတောင်းလေးကို ယင်ကျောက်ရှန်းဆီ ပြန်ပေးလိုက်ပါတယ်။
"ဆရာယင်... ဒီမှာ ခင်ဗျားရဲ့တောင်း!"
"ကဲ... ကျွန်တော် မနှောင့်ယှက်တော့ဘူး၊ အဘိုးလည်း အလုပ်ရှုပ်နေမှာပဲ!"
"ဟုတ်ကဲ့ပါ ဆရာယင်... ကောင်းကောင်းသွားပါဗျာ!"
ယင်ကျောက်ရှန်းရဲ့ တဖြည်းဖြည်း ဝေးကွာသွားတဲ့ ကျောပြင်ကို ကြည့်ပြီးနောက် အဘိုးအိုစွန်းဟာ အိုးထဲက ဇီးသီးတွေကို သေချာ ကြည့်လိုက်ပါတယ်။
"အဘိုးကြီးစွန်း... ဒါ ဘာအသီးလဲ?"
"... ကျွန်တော်တို့ကိုလည်း မြည်းကြည့်ခွင့်ပေးဦးမလား?"
စားသောက်သူ အချို့က စပ်စုချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ထရပ်ကာ အဘိုးအိုစွန်းရဲ့ သစ်သားလှည်းကို လာကြည့်ကြပါတယ်။
"ထူးဆန်းတယ်... ဒါ ဇီးသီးလား? မန်ကျုံးရာသီတောင် မကုန်သေးဘူး၊ ဆရာကျိ ခြံထဲက ဇီးသီးပင်က အသီးသီးနေပြီလား?"
အဘိုးအိုစွန်းဟာ ဒါကို အံ့ဩနေမိပြီး သူ့ဘေးက စားသောက်သူကို တစ်လုံး ကမ်းပေးလိုက်ပါတယ်။ ပြီးနောက် သူကိုယ်တိုင်လည်း တစ်လုံးယူ၊ အဝတ်နဲ့ သုတ်ပြီး တစ်ကိုက် ကိုက်လိုက်ပါတယ်။
ချိုမြိန်တဲ့ အရသာဟာ ပါးစပ်နဲ့ လျှာပေါ်မှာ ပျံ့နှံ့သွားပြီး သင်းပျံ့တဲ့ ရနံ့လေးကလည်း လေထဲမှာ ဝေ့ဝဲသွားပါတယ်။
"အိုး! အရမ်းစားကောင်းတာပဲ!!! အဘိုးကြီးစွန်း... နောက်ထပ် အနည်းငယ်လောက် ထပ်ပေးပါဦး!!!"
"ဒါက အနံ့လေးကိုက စားချင်စရာပဲ၊ ကျွန်တော်တို့ကိုလည်း မြည်းခွင့်ပေးပါဦး!!"
လူတိုင်းရဲ့ တောင်းဆိုမှုကို ကြားတဲ့အခါ အဘိုးအိုစွန်းဟာ အရသာကို ခံစားနေတုန်း ရှိပါသေးတယ်။ သူက ဇီးသီးတစ်ဝက်ကို ပါးစပ်ထဲ အမြန်ငုံလိုက်ပြီး အိုးကို သူ့လက်နဲ့ ကာကွယ်ကာ သစ်သားလှည်းထဲကို ဂရုတစိုက် ပြန်ထည့်လိုက်ပါတယ်။
"မရဘူး... မရတော့ဘူး! လက်တစ်ဆုပ်စာပဲ ကျန်တော့တာ။ ငါ့မြေးလေး စားဖို့ အိမ်ကို ယူသွားရဦးမယ်။ မရတော့ဘူး!"
. . .
စွန်းကျိခေါက်ဆွဲဆိုင်အပြင် ကျိဆေးခန်းက ဆရာဝန်ထုံကလည်း ဇီးသီးတွေ ဝေစုရခဲ့ပါတယ်။ ပမာဏကလည်း အတော်များများပါပဲ၊ နှစ်ပိဿာ သုံးပိဿာလောက် ရှိမယ်ထင်တယ်။ ဆိုင်က တပည့်တွေကို အာသာပြေအောင် အနည်းငယ် ဝေပေးပြီးနောက် ဆရာဝန်ထုံက ကျန်တာတွေကို သူ့ဘာသာ သိမ်းဆည်းထားပြီး သူ့မိသားစုနဲ့ အတူတူ စားဖို့ အိမ်ကို ယူသွားလိုက်ပါတယ်။
. . .
အဲဒီနေ့ ညနေပိုင်းရောက်တော့ ထျန်းနျုလမ်းကြားက အိမ်ထောင်စုတိုင်းဟာ ဇီးသီး လက်တစ်ဆုပ်စာ နှစ်ဆုပ်စာလောက်စီ ရကြပါတယ်။ သူတို့ရဲ့ အရသာကတော့ တကယ်ကို မမေ့နိုင်စရာပါပဲ။
ကျူအန်းအဆောင်က ဇီးသီးပင်ဟာ လပိုင်းလောက် ကြိုပြီး ရင့်မှည့်တဲ့ အသီးတွေ သီးလာတာဟာ ထျန်းနျုလမ်းကြားက ဒေသခံတွေအတွက် ပြောမကုန်နိုင်တဲ့ ထူးဆန်းမှုတစ်ခု ဖြစ်နေပါတယ်။ နောက်တစ်နေ့ရောက်တော့ နင်အန်းခရိုင် တစ်ခုလုံးကပါ ဒီကိစ္စကို သိသွားပြီး အံ့ဩနေကြပါတယ်။
နောက်တစ်နေ့ နေ့လယ်ပိုင်းမှာ ယွင်လိုင်တည်းခိုခန်းမှာ နေ့လယ်စာ စားနေတဲ့ ဝေဝူဝေ့ဟာ စားပွဲထိုးလေးက ဆိုင်ရှင်နဲ့ ကျူအန်းအဆောင်က ဇီးသီးပင်အကြောင်း ပြောနေတာကို ကြားလိုက်ရတယ်။ သူ စပ်စုချင်စိတ် ဖြစ်ပေါ်လာပေမဲ့ သူတို့ ပြောနေတာတွေကို သဲသဲကွဲကွဲ မကြားရပါဘူး။
"စားပွဲထိုး... မင်း ခုနက ဇီးသီးပင်ရဲ့ အသီးအကြောင်း ဘာပြောလိုက်တာလဲ? အဲဒါလေး ငါ့ကို နည်းနည်း ထပ်ပြောပြပါဦး"
အတင်းအဖျင်းလို ကိစ္စမျိုးမှာဆိုရင် ပြောတဲ့သူနဲ့ နားထောင်တဲ့သူဟာ တူညီတဲ့ ပျော်ရွှင်မှုကို ရလေ့ရှိတာပဲ မဟုတ်လား။ စားပွဲထိုးလေးက ဘယ်ငြင်းပါ့မလဲ။ သူက ဝေဝူဝေ့ဘေးကို ဝမ်းသာအားရ ပြေးလာပါတယ်။
"ဦးလေး မသိဘူးလား၊ ဒီခရိုင်ရဲ့ ထျန်းနျုလမ်းကြားမှာ ထူးဆန်းတာတစ်ခု ဖြစ်နေတာဗျ။ အဲဒီမှာ ကျူအန်းအဆောင်လို့ ခေါ်တဲ့ အိမ်လေးတစ်လုံး ရှိတယ်၊ ခြံထဲမှာ ခက်လက်တွေ ဝေဆာနေတဲ့ ဇီးသီးပင်ကြီး တစ်ပင် ရှိတယ်ဗျ။ ဇီးသီးတွေက ရင့်မှည့်ဖို့ နောက်ထပ် လပေါင်းများစွာ ကြာရဦးမှာ၊ ဒါပေမဲ့ မထင်မှတ်ဘဲ အဲဒီအပင်က ဇီးသီးတွေက အခု လုံးဝ ရင့်မှည့်နေပြီဗျ။ ထျန်းနျုလမ်းကြားက လူတိုင်းကိုလည်း လတ်ဆတ်တဲ့ ဇီးသီးတွေ ဝေပေးခဲ့တယ်တဲ့"
စားပွဲထိုးလေးက ခဏလောက် အရှိန်ယူပြီး -
"ကျွန်တော့်အစ်မက ထျန်းနျုလမ်းကြားက အိမ်မှာနေကြတာဗျ၊ သူ့မိသားစုလည်း ဇီးသီးတွေ ဝေစုရခဲ့တယ်။ သူက ကျွန်တော့်ကို သုံးလုံး ပေးတယ်ဗျာ။ အရသာကတော့ တကယ်ကို အံ့ဩစရာပဲ၊ လတ်ဆတ်ပြီး ချိုနေတာပဲ။ ကျွန်တော့်တစ်သက်မှာ ဒီလောက် စားကောင်းတဲ့ ဇီးသီးမျိုး တစ်ခါမှ မစားဖူးဘူး!"
စားပွဲထိုးလေးဟာ သူပြောနေတာကို ဆိုင်ထဲက စားသောက်သူ အများအပြား အာရုံစိုက်နေတာကို တွေ့တော့ အနည်းငယ် ဘဝင်မြင့်သွားပြီး အသံကို တမင် မြှင့်လိုက်ပါတယ်။
"ဒါနဲ့ ပတ်သက်လို့ နောက်ထပ် ထူးဆန်းတာ တစ်ခု ရှိသေးတယ်ဗျ။ ဒီကျူအန်းအဆောင်က ဇီးသီးတွေက တစ်ညတည်းနဲ့ ရင့်မှည့်သွားတာလို့ ပြောကြတယ်။ အဲဒီနေ့မတိုင်ခင်က ထျန်းနျုလမ်းကြားရဲ့ တစ်ဝက်လောက်အထိ ဇီးသီးပန်းရနံ့တွေ မွှေးနေတုန်းပဲ၊ ဒါပေမဲ့ ရုတ်တရက် အနံ့က ပျောက်သွားတာ။ အချို့ကတော့ အဲဒီအချိန်မှာ ဇီးသီးတွေက ရင့်မှည့်သွားတာလို့ ပြောကြတယ်!"
"အို! ဒီလို ထူးဆန်းတာ တကယ်ရှိလို့လား?"
"စားပွဲထိုး... မင်း မဟုတ်ကဟုတ်ကတွေ လျှောက်ပြောနေတာ မဟုတ်ပါဘူးနော်?"
"ဟုတ်တယ်လေ... ဘယ်လိုလုပ် တစ်ညတည်းနဲ့ ရင့်မှည့်မှာလဲ? တစ်စုံတစ်ယောက်သော မသေမျိုးက မန္တန်နဲ့ လုပ်လိုက်တာများလား?"
ဘေးက စားပွဲအချို့က ဧည့်သည်တွေက လှောင်ပြောင်လိုက်ကြတော့ စားပွဲထိုးလေးက စိတ်ဆိုးသွားပါတယ်။
"ဟွန့်... ခင်ဗျားတို့လို လူစိမ်းတွေ မသိလို့ပါဗျာ။ သေချာ နားထောင်ထားဦး၊ နောက်မှ ခင်ဗျားတို့ သူငယ်ချင်းတွေကို ပြန်ကြွားလို့ရအောင်! ထျန်းနျုလမ်းကြားက ကျူအန်းအဆောင်မှာ နေတဲ့သူက ဒီခရိုင်က ထူးခြားတဲ့ လူတစ်ယောက်ဗျ။ သူ အဲဒီအိမ်ကို ပြောင်းလာတုန်းကလည်း ခြံထဲက ဇီးသီးပင်ကြီးက ပန်းတွေပွင့်ပြီး ထူးဆန်းတဲ့ ရနံ့တွေ ထွက်လာခဲ့ဖူးတယ်"
ဒါကို ပြောပြီးတော့ စားပွဲထိုးလေးက စကားကို ခဏရပ်ပြီး လူတိုင်းက စိတ်ဝင်တစား နားထောင်နေတာကို တွေ့မှ ဆက်ပြောပါတယ်။
"နောက်ထပ် ကျွန်တော် ကြားရတာကတော့... မနေ့က ဆရာကျိက ခရီးဝေးထွက်ဖို့ အစီအစဉ်ရှိတယ်တဲ့။ သူ ဆရာယင်ကို နှုတ်ဆက်တဲ့အခါ ခြံထဲမှာ သက်ပြင်းချပြီး ပြောခဲ့တယ်တဲ့... ဒီနှစ် ဇီးသီးတွေ မစားရတာ နှမြောစရာပဲ... နှမြောစရာပဲ... နှမြောစရာပဲ... တဲ့"
စားပွဲထိုးလေးက ပုံပြင်ပြောဆရာတစ်ယောက်လို အမူအရာနဲ့ ပြောလိုက်ပြီးမှ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။
"ဘာဖြစ်တယ် မှတ်လဲ? အဲဒီညမှာပဲ ဇီးသီးပင်က အသီးတွေ စသီးတော့တာပဲ။ မနက်ကျ ဆရာကျိ နိုးလာလို့ တံခါးဖွင့်ကြည့်လိုက်တော့ ခြံထဲက ဇီးသီးပင်ကြီးမှာ ရင့်မှည့်နေတဲ့ ဇီးသီးတွေ အပြည့်ပဲတဲ့!! ဟားဟား... အံ့ဩဖို့ ကောင်းတယ် မဟုတ်လား!!"
"ဒီလိုမျိုး တကယ် ရှိလို့လား?"
"ဟေး... စားပွဲထိုး... မင်း ဒီမှာ စားပွဲထိုး လုပ်နေတာ မင်းရဲ့ ပါရမီတွေကို ဖြုန်းတီးနေတာပဲ။ မင်းက ပုံပြင်ပြောဆရာ လုပ်သင့်တာ!"
"လုံးဝ မှန်တယ်! မင်းပြောပုံအရဆိုရင် ကျူအန်းအဆောင်မှာ နေတဲ့သူက မသေမျိုးတစ်ယောက် ဖြစ်နေမှာပေါ့။ ဟားဟားဟားဟား!"
တည်းခိုခန်းထဲမှာ ရယ်သံတွေ ဆူညံသွားပြီး ဆိုင်ရှင်ကလည်း ပြုံးပြီး ခေါင်းခါနေပါတယ်။
ဝေဝူဝေ့ တစ်ဦးတည်းသာ ရင်ခုန်သံတွေ မြန်နေပါတယ်။ သူက ကောင်တာကို အမြန်သွားပြီး ထမင်းဖိုးရှင်းကာ ထျန်းနျုလမ်းကြားဆီကို အပြေးလေး ထွက်လာခဲ့ပါတယ်။
ဝေဝူဝေ့ရဲ့ ကိုယ်ခံပညာ စွမ်းရည်နဲ့တောင်မှ ကျူအန်းအဆောင်ကို ရောက်တဲ့အခါ သူ အတော်လေး မောနေပါတယ်။ ဒါက သူ ဘယ်လောက်အထိ စိုးရိမ်တကြီး ဖြစ်နေလဲဆိုတာကို ပြနေတာပါ။
"ဟူး... ဟူး... ဟူး..."
သူ အမောဖြေရင်း မော့ကြည့်လိုက်တော့ ကျူအန်းအဆောင်က ဇီးသီးပင်မှာ ပန်းတွေ မရှိတော့တာကို တွေ့လိုက်ရတယ်။ အောက်ဘက်က ခက်လက်တွေမှာတော့ ဇီးသီး အနည်းငယ်ပဲ ကျန်တော့ပြီး အပေါ်ဘက် ခက်လက်တွေမှာတော့ အများကြီး ချိတ်ဆွဲနေတုန်းပါပဲ။
သူ ကျူအန်းအဆောင်နားကို ချဉ်းကပ်လိုက်တဲ့အခါ ခြံဝင်းတံခါးမှာ ကြေးသော့ခတ်ထားတာကို မြင်လိုက်ရတယ်။
ဝေဝူဝေ့ရဲ့ စိတ်ထဲမှာ စိတ်ပျက်မှုနဲ့ လျှို့ဝှက်ချက်တစ်ခု သိလိုက်ရတဲ့ ခံစားချက်တွေ ရောထွေးနေပါတယ်။
'ဆရာကျိကတော့ တကယ်ပဲ ထွက်သွားပြီပဲ!'
ချက်ချင်းဆိုသလို ဝေဝူဝေ့က စိတ်ပြောင်းလိုက်ပြီး ဇီးသီးပင်ကို ကြည့်လိုက်ပါတယ်။
'ကဲ... ဘယ်လိုပဲဖြစ်ဖြစ် ဒီဇီးသီးတွေကို မြည်းစမ်းကြည့်ဖို့ နည်းလမ်းရှာပြီး အချို့ ခူးရဦးမယ်!'