လန်ခဲ့စစ်တုရင် အစွန်းတစ်ဖက်
အခန်း (၁၂) - မြေခွေးနီကလေး
ကျိယွမ်ဟာ ကျန်းရှီလင်းနဲ့ သူ့အပေါင်းအဖော်တွေရဲ့ ဆယ့်ရှစ်ဆက်သော ဘိုးဘွားဘီဘင်တွေကို စိတ်ထဲကနေ အကုန်နှုတ်ဆက်ပြီးသွားပါပြီ။ သူကိုယ်တိုင်လည်း အသက်ဘေးက လွတ်အောင် ကြိုးစားခဲ့တာ မှန်ပေမဲ့ နောက်ဆုံးတော့ သူတို့အသက်တွေကိုပါ ကယ်ခဲ့တာပဲ မဟုတ်လား။ ထွက်သွားတော့ ဘာလို့ သူ့ကို တစ်ပါတည်း ခေါ်မသွားကြတာလဲ? နှုတ်တောင် မဆက်ကြဘူး။ အသံလေးတောင် ပေးမသွားကြဘူး!
အဆိုးဆုံးကတော့ ကျိယွမ်ဟာ သူတို့ကို အားရပါးရ ဆဲဆိုချင်နေပေမဲ့ အသံထွက်ပြီး အော်ဟစ်ဖို့ မဝံ့ရဲတာပါပဲ။ မျက်နှာကြီး နီမြန်းလာတဲ့အထိ အောင့်အည်းသည်းခံနေရပါတယ်။
တော်တော်ကြာမှ ကျိယွမ်ရဲ့ စိတ်အခြေအနေက ပြန်လည်တည်ငြိမ်သွားပါတယ်။
“ဟူး... ဟူး...”
စိတ်အေးသွားတဲ့အခါ ကျိယွမ်ဟာ နတ်ရုပ်တုဘေးမှာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်ချလိုက်ပါတယ်။
'ဒုက္ခပဲ၊ အခု ငါ ဘာဆက်လုပ်ရမလဲ? တောင်အောက်ကို ဆင်းဖို့ စွန့်စားသင့်သလား?'
ကျိယွမ်ဟာ နတ်ရုပ်တုဘေးက စားစရာနဲ့ ရေကို ကြည့်လိုက်ပါတယ်။ အနည်းဆုံးတော့ အဲဒီလူတွေမှာ အသိစိတ်ဓာတ် အနည်းငယ် ကျန်သေးလို့ သူ့အတွက် စားစရာ ချန်ထားပေးခဲ့တာပဲ။
စိတ်ပိုပြီး တည်ငြိမ်သွားတဲ့အခါမှာတော့ ကျန်းရှီလင်းက သူ့ကို လှမ်းခေါ်ခဲ့တာကို သူ အမှန်တကယ် ကြားခဲ့ရတယ်ဆိုတာ ပြန်သတိရသွားပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကြောင့် သိပ်ပြီး ဂရုမစိုက်မိခဲ့တာပါ။
“ငါက သူတို့ရဲ့ အသက်သခင် ကျေးဇူးရှင်ပဲဟာကို။ ငါနိုးလာပြီး ကိုယ်တိုင် ကျေးဇူးတင်စကား ပြောတာကိုတောင် မစောင့်နိုင်ကြဘူးလား? ဒါမှမဟုတ် ငါ့ကို လှုပ်နှိုးလိုက်ရင်ကော ဘာဖြစ်မှာမို့လို့လဲ...”
ကျိယွမ် သက်ပြင်းမချဘဲ မနေနိုင်တော့ပါဘူး။ ဒီလူစုက အခုလို ထွက်သွားကြတာကြောင့် သူ့ရဲ့ အစီအစဉ်တွေ အကုန်လုံး ပျက်စီးသွားပါပြီ။
တကယ်တော့ သူက မရင်းနှီးတဲ့ ကမ္ဘာသစ်တစ်ခုကို ရောက်လာတာပါ။ မူလကတော့ ကုန်သည်တွေနဲ့အတူ တောင်အောက်ကို ဆင်းဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကျေးဇူးရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကို သုံးပြီး တည်းခိုဖို့နေရာ ရှာပေးဖို့ အကူအညီတောင်းကာ နောက်ထပ် အစီအစဉ်တွေ ဆက်ဆွဲဖို့ အကောင်းဆုံး ဖြစ်မှာပါ။
ဒီကမ္ဘာမှာ ကျားနတ်ဆိုးတွေ ရှိနေမှတော့ တကယ့် ပညာရှင်အစစ်အမှန်တွေလည်း ရှိမှာဖြစ်သလို၊ ကျင့်ကြံသူတွေ ဒါမှမဟုတ် နတ်ဘုရားတွေတောင် ရှိနိုင်ပါတယ်။ သူ့ရဲ့ မျက်လုံးတွေကို ကုသပေးနိုင်မယ့် နည်းလမ်း ဒါမှမဟုတ် ကျင့်ကြံခြင်းလမ်းစဉ်ထဲ ဝင်ရောက်နိုင်မယ့် အခွင့်အရေးတောင် ရှိနိုင်တာပဲ။
အချိန်နဲ့ ဟင်းလင်းပြင်ကို ဖြတ်ကျော်လာနိုင်တာ၊ ရောက်ရောက်ချင်း ကျားနတ်ဆိုးနဲ့ ဆုံတာတွေကို ကြည့်ရင် ကျိယွမ်ဟာ မဖြစ်နိုင်တဲ့ ကံကြမ္မာဆိုးတွေနဲ့ အသားကျနေပြီလို့ ဆိုရမှာပါ။ ဒါကို သင်္ချာနည်းအရ တွက်ရင်တော့ ဒါဟာ ကံကောင်းခြင်း တစ်မျိုးလို့တောင် သတ်မှတ်လို့ ရပါတယ်။
အဲဒီလို တွေးလိုက်တော့ ကျိယွမ် အနည်းငယ် စိတ်လှုပ်ရှားလာပါတယ်။
သူက မြေပြင်ပေါ်က စားစရာအိတ်လေးကို ကောက်ယူပြီး ပေါက်စီတစ်လုံး ထုတ်ကာ ပါးစပ်ထဲ ထည့်လိုက်ပါတယ်။ အဲဒီနောက် ဝါးကျည်တောက်မှာ ချည်ထားတဲ့ လျှော်ကြိုးကို မကာ သူ့ရဲ့ ကိုယ်မှာ လွယ်လိုက်ပါတယ်။ ကျိယွမ်ဟာ နတ်ကျောင်းတံခါးဝဆီကို ဂရုတစိုက် လျှောက်သွားလိုက်ပါတယ်။
သူ့ရဲ့ အားနည်းတဲ့ အမြင်အာရုံဟာ ပုံမှန်အတိုင်း မြင်ဖို့တောင် မလွယ်ကူပါဘူး၊ အသေးစိတ်တွေကို မြင်ဖို့ဆိုတာ ဝေလာဝေးပါပဲ။ အနည်းဆုံးတော့ ပတ်ဝန်းကျင် ရှုခင်းရဲ့ ပုံရိပ်ကြမ်းတွေကို မြင်နိုင်ပေမဲ့ ခြေလှမ်းတိုင်းကို အထူးဂရုစိုက်နေရပါတယ်။
“ဝေါင်းးးးးး-”
နတ်ကျောင်းတံခါးဝကို ရောက်ခါနီးမှာပဲ ဝေးလံတဲ့ တောင်တန်းတွေဆီကနေ ကျားဟိန်းသံကို ကြားလိုက်ရပါတယ်။
ကျိယွမ် တုန်လှုပ်သွားပြီး စောစောက စိတ်လှုပ်ရှားမှုတွေ ချက်ချင်း ပျောက်ကွယ်သွားပါတယ်။ သူဟာ အလိုအလျောက် တုံ့ပြန်မှုနဲ့ နောက်ကို ဆုတ်လိုက်မိပေမဲ့ ခြေထောက်အောက်က လိမ့်ထွက်သွားတဲ့ အရာတစ်ခုကို နင်းမိပြီး ခန္ဓာကိုယ်က ဟန်ချက်ပျက်သွားပါတော့တယ်။
“ဝိုး-”
“ဖုန်း! ဒုန်း!”
“ဝုန်း...”
“အား...”
ကျိယွမ်ဟာ ခြေထောက်အောက်က ဖယောင်းတိုင်ကို နင်းမိပြီး နောက်ပြန်လဲကျကာ နတ်ကျောင်းထဲက ပလ္လင်ခုံကို ဆောင့်မိပြီး ထပ်လဲကျသွားပါတယ်။ ခဏလောက်တော့ မူးဝေသွားပါတယ်။
“ဟူး... ဟူး... တောက်... ကံဆိုးတဲ့လူက ရေအေးသောက်တာတောင် သွားကြားညှပ်တယ် ဆိုတာ ဒါမျိုးပဲ!”
ကျိယွမ်ဟာ အနိုင်နိုင် ထထိုင်လိုက်ပြီး ခေါင်းနောက်ဘက်က ဘုသွားတဲ့နေရာကို ဂရုတစိုက် စမ်းကြည့်ပါတယ်။ ဆောင့်မိတဲ့နေရာမှာ အဖုကြီး တစ်ခု ထွက်နေပါတယ်။ ထိလိုက်ရင် နည်းနည်း နာပေမဲ့ ကံကောင်းတာက ဒဏ်ရာက အပေါ်ယံပဲမို့လို့ ဦးနှောက်ကိုတော့ ထိခိုက်ပုံ မရပါဘူး။
ခဏလောက် အနားယူပြီးတဲ့နောက် ကျိယွမ် သက်သာသွားပါတယ်။ သူဟာ ဘေးနားက အိတ်ကလေးနဲ့ ဝါးကျည်တောက်ကို ငေးကြည့်နေမိပါတယ်။
ဒီလို လဲကျသွားတာက ကျိယွမ်ရဲ့ တောင်အောက်ဆင်းချင်တဲ့စိတ်ကို လုံးဝ ရိုက်ချိုးလိုက်သလိုပါပဲ။ တောင်တက်နေရင်း ဒါမှမဟုတ် တောင်ဆင်းနေရင်း အခုလို ဖြစ်ခဲ့ရင် သူ သေတောင် သေသွားနိုင်တယ် မဟုတ်လား?
ကျိယွမ်ဟာ သူ့အသက်ကို တန်ဖိုးထားသူ ဖြစ်သလို နာကျင်မှာကိုလည်း ကြောက်တတ်သူလို့ ပြောလို့ ရပါတယ်။ အရင်ဘဝမှာ သူ အသက်ဆုံးရှုံးခဲ့ပြီးပါပြီ။ ဒီဘဝက အစကတည်းက အဆင်မပြေလှပေမဲ့ မျှော်လင့်ချက်တော့ ရှိနေသေးတာပဲ။
“ဝုန်း...”
မိုးကြိုးသံ ဟိန်းသွားပြီး ကောင်းကင်မှာ လျှပ်စီးလက်သွားပြန်ပါတယ်။ ဒီတစ်ခါတော့ မိုးရွာတော့မယ်ဆိုတာ ကျိယွမ် သိလိုက်တာကြောင့် မအံ့သြတော့ပါဘူး။ ဒီလို အခြေအနေမျိုးမှာ မျက်စိတစ်ဝက်ကန်းနဲ့ တောင်အောက်ဆင်းဖို့ ဆိုတာကတော့ ပိုပြီး ဆိုးရွားတဲ့ အကြံဉာဏ်ပါပဲ။
စကားပုံတစ်ခု ရှိသလိုပဲ “တောင်တက်ရတာ လွယ်ပေမဲ့ တောင်ဆင်းရတာ ခက်တယ်” တဲ့။ အခု အခြေအနေနဲ့ တကယ့်ကို ကိုက်ညီတဲ့ စကားပုံပါပဲ!
'ဘယ်လိုလဲ... အနားယူလိုက်ကြရင်ကော?'
“ရှဲရှဲရှဲ...”
မကြာခင်မှာပဲ မိုးတွေ သည်းသည်းမည်းမည်း ရွာချပါတော့တယ်။ တောင်ပေါ်က ရာသီဥတုက တကယ့်ကို ချက်ချင်း ပြောင်းလဲတတ်တာပဲ။ အခုချိန်မှာ ကိုယ့်ကံကြမ္မာအတွက် စိုးရိမ်နေလို့လည်း အပိုပါပဲ။ အခုလို အချိန်မှာ အပြင်ထွက်တာကတော့ တကယ့်ကို ဆိုးရွားမှာ သေချာပါတယ်။
ကံကောင်းတာက ကျိယွမ်ဟာ ပလ္လင်ခုံရှေ့မှာ ထိုင်နေပြီးသားမို့လို့ စိတ်ကို တည်ငြိမ်အောင် မျက်စိမှိတ်ထားလိုက်ပါတယ်။
တကယ်ပါပဲ၊ စိတ်က ငြိမ်သွားတာနဲ့အမျှ ရေကျသံတွေနဲ့အတူ လှပပြီး အရောင်အသွေးမဲ့တဲ့ ကမ္ဘာကြီးရဲ့ ပုံရိပ်ဟာ သူ့နှလုံးသားထဲမှာ ဖြည်းဖြည်းချင်း ပေါ်လာပြီး မိုးရေထဲက တောင်တန်းကြီးရဲ့ သက်ဝင်လှပမှုက ဖြည်းဖြည်းချင်း ပွင့်လန်းလာပါတယ်။
သည်းထန်တဲ့ မိုးထဲမှာ ကျိယွမ် အနှစ်သက်ဆုံးအရာကတော့ တိရစ္ဆာန်လေးတွေ ပြေးလွှားနေတဲ့ အသံပါပဲ။ အဲဒီပုံရိပ်က စိတ်ကို လန်းဆန်းစေပြီး ကျိယွမ်ကို အသားကင်နံ့တောင် သတိရစေပါတယ်။
ရုတ်တရက် ကျိယွမ်ဟာ မိုးထဲမှာ ပြာယာခတ်နေတဲ့ တိရစ္ဆာန်လေးတစ်ကောင်ရဲ့ အသံကို ကြားလိုက်ရပါတယ်။ အဲဒါက နတ်ကျောင်းဆီကို ပြေးလာနေပုံရပါတယ်။ မကြာခင်မှာပဲ အဲဒီအကောင်လေးဟာ နတ်ကျောင်းရဲ့ အမိုးအောက်ကို ရောက်လာပါတယ်။
အဲဒီတိရစ္ဆာန်လေးရဲ့ ခန္ဓာကိုယ်ကနေ ရေစက်တွေ တောက်တောက်ကျနေပါတယ်။ ကျိယွမ်က အဲဒီအကောင်လေး နတ်ကျောင်းထဲကို ဂရုတစိုက် ဝင်လာတာကို နားစွင့်နေပါတယ်။ ဒါပေမဲ့ တံခါးဝကနေ ဝင်ဝင်ချင်းမှာပဲ အဲဒါက တောင့်တောင့်ကြီး ဖြစ်သွားပါတယ်၊ ပလ္လင်ခုံရှေ့မှာ ထိုင်နေတဲ့ ကျိယွမ်ကို မြင်သွားပုံရပါတယ်။
ကျိယွမ် မျက်လုံးဖွင့်လိုက်တဲ့အခါ ရှေ့မှာ အလင်းနဲ့ အရိပ်တွေ ဝေဝေဝါးဝါး မြင်ရပါတယ်။ တိရစ္ဆာန်လေးဟာ သူ့အမြင်မှာတော့ ခွေးထက် သေးငယ်တဲ့ ဝေဝါးတဲ့ ပုံသဏ္ဌာန်တစ်ခုအဖြစ် ပေါ်လာပါတယ်။
မိုးရေကို အာရုံခံတဲ့ သူ့ရဲ့ အာရုံစူးစိုက်မှုအရ ဒါဟာ မြေခွေးတစ်ကောင် ဖြစ်ရမယ်လို့ ကျိယွမ် သိလိုက်ပါတယ်။
ဒီတိရစ္ဆာန်တွေက တော်တော်လေး ကြောက်တတ်ကြပြီး လူကို ရန်မမူတတ်တာကြောင့် ကျိယွမ် စိတ်အေးသွားပါတယ်။
အတိအကျ ပြောရရင်တော့ ဒီစွန့်ပစ်ထားတဲ့ နတ်ကျောင်းဟာ တောရိုင်းတိရစ္ဆာန်တွေရဲ့ ပိုင်နက်ပါပဲ။ နတ်ကျောင်းထဲမှာ တိရစ္ဆာန် အညစ်အကြေးတွေ ရှိနေတာကို ကြည့်ရင် ကျိယွမ်နဲ့ ကုန်သည်တွေဟာ ခဏတာ လာနားတဲ့ ဧည့်သည်တွေသာ ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။
သူတို့တွေ အားလုံးက မိုးခိုနေကြတာပဲ ဖြစ်လို့ ကျိယွမ်က ဒီမြေခွေးလေးကို မောင်းထုတ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါ့အပြင် တစ်ယောက်တည်း နေရတာကလည်း ပျင်းစရာ ကောင်းလှပါတယ်။
မြေခွေးလေးရဲ့ အမွေးတွေက တောက်ပတဲ့ အနီရောင် ဖြစ်ပါတယ်။ သူဟာ တံခါးဝမှာ ဝပ်နေပြီး ကျိယွမ်ကို စိုက်ကြည့်နေပါတယ်။ အထဲက လူက ဘာမှ မတုံ့ပြန်တာကို မြင်တော့ သူ အနည်းငယ် စိတ်အေးသွားပြီး တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ အထဲကို ဝင်လာပါတယ်။ အထဲရောက်တော့ သူ့ရဲ့ ခန္ဓာကိုယ်ကို အားရပါးရ ခါလိုက်ပါတယ်။
“ဖျောက်-ဖျောက်-ဖျောက်-”
မြေခွေးနီကလေးရဲ့ အမွေးတွေကြားက မိုးရေတွေဟာ လွင့်စင်ထွက်သွားပါတယ်။ မီတာအနည်းငယ်အကွာမှာ ထိုင်နေတဲ့ ကျိယွမ်ဆီကိုတောင် ရေတွေ စင်လာတာကြောင့် သူဟာ လက်နဲ့ မျက်နှာကို ကာလိုက်ရပါတယ်။
မြေခွေးလေး ရေခါလို့ ပြီးသွားတဲ့အခါ ကျိယွမ်ဟာ အဲဒီသတ္တဝါလေးရဲ့ အသေးစိတ်တွေကို ပိုပြီး ရှင်းရှင်းလင်းလင်း အာရုံခံနိုင်လာပါတယ်။ သူ့ရဲ့ ဖောင်းကြွနေတဲ့ အမွေးလေးတွေ အပါအဝင်ပေါ့။ ဒါဟာ တကယ့်ကို လှပတဲ့ မြေခွေးကလေး တစ်ကောင်ဆိုတာ ထင်ရှားပါတယ်။
ဒီမြေခွေးလေးက လိမ္မာပါတယ်။ ရေခါပြီးတဲ့နောက် သူဟာ နတ်ကျောင်းရဲ့ နံရံဘက်ကို မှီပြီး အနားယူပါတယ်။ ခဏခဏလည်း ကျိယွမ်ကို လှမ်းကြည့်ပြီး အမူအရာကို အကဲခတ်နေပါတယ်။
လူတစ်ယောက်နဲ့ မြေခွေးတစ်ကောင်ဟာ နတ်ကျောင်းထဲမှာ ထိုင်နေကြပါတယ်။ တစ်ယောက်က လမ်းမလျှောက်နိုင်သေးဘူး၊ နောက်တစ်ယောက်က မိုးခိုနေတာ။ အရာအားလုံးဟာ တိတ်ဆိတ်ငြိမ်သက်နေပါတယ်။
ဒီအချိန်မှာ ကျိယွမ်ဟာ ဗိုက်အနည်းငယ် ဆာလာပါတယ်။ သူ့မှာ ကောင်းကောင်းမွန်မွန် စားစရာ မရှိပေမဲ့ အနည်းဆုံးတော့ ဗိုက်ဖြည့်ဖို့ မုန့်အိတ်ကလေး တစ်အိတ်တော့ ရှိပါသေးတယ်။
သူက အိတ်ကို စမ်းတဝါးဝါးနဲ့ ဖွင့်ပြီး လက်နှစ်ဖက်နဲ့ ကိုင်လိုက်ပါတယ်။ မုန့်ခြောက်တွေက ကျောက်ခဲလို မာကျောနေပါတယ်။ ပေါက်စီကလည်း သိပ်မထူးပေမဲ့ မုန့်ခြောက်ထက်စာရင် တော်သေးတာကြောင့် အိတ်ထဲကနေ ပေါက်စီတစ်လုံး ထုတ်လိုက်ပါတယ်။
သူက အပိုင်းအစလေး တစ်ခုကို ဖဲ့ပြီး နှာခေါင်းနားတေ့ကာ နမ်းကြည့်ပါတယ်။ မှိုနံ့ မရတာကြောင့် ပါးစပ်ထဲ ထည့်ပြီး စားလိုက်ပါတယ်။ စားလေလေ ပိုပြီး ဗိုက်ဆာလာလေလေ ဖြစ်တာကြောင့် ပေါက်စီတစ်လုံးဟာ စက္ကန့်ပိုင်းအတွင်းမှာပဲ ကုန်သွားပါတော့တယ်။
ကျိယွမ် နောက်ထပ် ပေါက်စီတစ်လုံးကို ထပ်စားမိပြန်ပါတယ်။ အဲဒီနောက်မှာတော့ တတိယမြောက် တစ်လုံးကို စားချင်တဲ့စိတ်ကို အတင်း ထိန်းလိုက်ရပါတယ်။
ဒီအိတ်က သိပ်မကြီးပါဘူး။ ပေါက်စီ နှစ်လုံးလောက် ထုတ်လိုက်တာနဲ့တင် အိတ်က ချောင်သွားပါတယ်။ သူက အိတ်အောက်ခြေကို လက်နဲ့ စမ်းကြည့်လိုက်ပါတယ်။ ခဏအကြာမှာတော့ ပေါက်စီ နှစ်လုံးနဲ့ မုန့်ခြောက် သုံးခုပဲ ကျန်တော့တယ်ဆိုတာ သူ သိလိုက်ရပါတယ်။
၂၁ ရာစုမှာ နေထိုင်ခဲ့တဲ့ ဖြောင့်မတ်တဲ့ လူငယ်တစ်ယောက်အနေနဲ့ သူ့မှာ ကောင်းမွန်တဲ့ အလုပ်အကိုင် ရှိခဲ့ပါတယ်။ ပတ်ဝန်းကျင်က လူတွေက အသက်မွေးဝမ်းကျောင်းအတွက် စိုးရိမ်နေကြပေမဲ့ သူကတော့ ငတ်သေမှာကို တစ်ခါမှ မစိုးရိမ်ခဲ့ဖူးပါဘူး။ ဒါကြောင့် အခုလို အခြေအနေမျိုးကို တုံ့ပြန်ဖို့ သူ နည်းနည်း နောက်ကျသွားတာပါ။ ခဏအကြာမှာတော့ ကျိယွမ်ဟာ သူ့ရဲ့ စားစရာတွေ ကုန်တော့မယ်ဆိုတာကို ရုတ်တရက် သဘောပေါက်သွားပါတော့တယ်!
ပြီးတော့ သူ တောင်အောက်ကို ဆင်းနိုင်ခဲ့ရင်တောင် မှီခိုအားထားရမယ့် သူငယ်ချင်း ဒါမှမဟုတ် ဆွေမျိုးတွေလည်း ရှိမှာ မဟုတ်ပါဘူး။ သူ ဘယ်လို အသက်မွေးမလဲ? အခု သူ ဘာလုပ်နိုင်မလဲ၊ လမ်းပေါ်မှာ တောင်းစားရမှာလား?
“ဘာဖြစ်နေတာလဲကွာ!”
ကျိယွမ်ဟာ စိတ်ပျက်လက်ပျက်နဲ့ အော်ဟစ်လိုက်မိပါတယ်။
မြေခွေးလေးဟာ လန့်သွားပြီး သတိနဲ့ မတ်တတ်ရပ်လိုက်ပါတယ်။
အဲဒီအစား သူက ကျိယွမ်ရဲ့ အာရုံကို ဆွဲဆောင်လိုက်သလို ဖြစ်သွားပါတယ်။
“ဟေ့ မြေခွေးလေး၊ ငါက မျက်စိမမြင်တဲ့လူပါ၊ မင်းကို ကျွေးဖို့ စားစရာ မရှိဘူး။ ငါ့မှာ ပေါက်စီနဲ့ မုန့်ခြောက် အနည်းငယ်ပဲ ရှိတာ၊ အဲဒါတွေက မင်းစားလို့ မရဘူး။ ငါ မင်းကို မပေးနိုင်ဘူး။ တကယ်လို့ မင်း ငါ့ကို စားနိုင်ခဲ့ရင်လည်း စိတ်မပူပါနဲ့၊ အနည်းဆုံးတော့ ငါ့ရဲ့ ဒုက္ခတွေ အေးသွားတာပေါ့။”
“ရှူးးးး...”
မြေခွေးလေးရဲ့ အမွေးတွေ ဖောင်းကြွလာပြီး ခြေလက်တွေ တောင့်တင်းသွားကာ ကျိယွမ်ကို သွားဖြဲပြပါတယ်။
“နောက်တာပါ! မင်း ကြွက်တစ်ကောင် ဒါမှမဟုတ် ယုန်တစ်ကောင်လောက် ဖမ်းလာရင်တော့ ကောင်းမှာပဲ...”
ကျိယွမ်က ချော့မော့တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။ သူ့ရဲ့ အသံနဲ့ အမူအရာတွေက မြေခွေးလေးကို လန့်သွားစေတာ သေချာပါတယ်။ အေးဆေးတဲ့ ယုန်တောင် အကျပ်အတည်းဖြစ်ရင် ပြန်ကိုက်တတ်တာပဲ၊ မြေခွေးကိုတော့ သူ အထင်မသေးရဲပါဘူး။