အခန်း (၄) ကမ္ဘာဦး နာကျင်ခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းတို့ကို ခံစားကြည့်ကြစမ်း... ဒိုလော့လောကမှ လူသားများနှင့် နတ်ဘုရားတို့
နောက်ဆုံးတော့လည်း...။
သူ၏ သားရဲလက်သည်းကြီးများ အိုမာဇီအို၏ ရင်ဘတ်ကို ဖောက်ထွက်သွားသည့် အခိုက်အတန့်၌ မိမိကိုယ်တိုင် ဤအမှုကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီဆိုသည်ကို သူပင် မယုံကြည်နိုင်လောက်အောင် ဖြစ်ရသည်။
အိုမာဇီအိုသည် သူ့ကို စိုက်ကြည့်လာရာ ရွှေရောင်မျက်ဝန်းကြီးများထဲ၌ အေးစက်စက် အမူအရာတို့ လုံးဝမရှိတော့ဘဲ... တရားသဘောဖြင့် ကျေနပ်နှစ်သိမ့်သွားသည့် အရိပ်အယောင်တစ်ခုသာ ကျန်ရှိတော့သည်။
"မင်း... နိုင်သွားပြီ..."
အိုမာ ဇီအို၏ ခန္ဓာကိုယ်ကြီးသည် တဖြည်းဖြည်းနှင့် လွင့်ပြယ်ပျက်စီးစပြုလာပြီး "ဒီနေ့ကစပြီး... မင်းက... အားလုံးထက် အားကိုးထိုက်ဆုံး အစွမ်းထက်ဆုံး ကာမန်ရိုက်ဒါ... ဖြစ်သွားပြီ..."
ဟွမ်ဖေးသည် ထိုနေရာ၌ တောင့်တောင့်ကြီး ရပ်ရင်း ရန်သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အလင်းပွင့်စုတ်လေးများအဖြစ် ပြောင်းလဲကာ ဟာလာပြင် လောကဓာတ်ကြီးထဲသို့ တဖြည်းဖြည်းချင်း ကွယ်ပျောက်သွားသည်ကို ငေးစိုက်ကြည့်နေမိသည်။ သူ တစ်ခုခု ပြောချင်ခဲ့မိသည်။ "ကျေးဇူးတင်ပါတယ်" ဟု ပြောရမည်လော "စိတ်မကောင်းပါဘူး" ဟု ဆိုရမည်လော သို့မဟုတ် "ငါ အသက်ရှင်ဖို့ မင်းကို သတ်ရတာ ခွင့်လွှတ်ပါ" ဟု ကရုဏာသံ နှောရမည်လော။ သို့သော် သူ မည်သည့်စကားမျှ မဟနိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် အိုမာ ဇီအို ၏ အစွမ်းထက် ကတ်ပြားများသည် သူ၏ ကတ်ပြားအိမ်ထဲသို့ အလိုအလျောက် ရောက်ရှိလာခဲ့ပြီ ဖြစ်သောကြောင့်ပင်။
၎င်းမှာ နောက်ဆုံးသော ကတ်ပြားကြီး ဖြစ်၏။
ထိုအချိန်မှစ၍ သူ့တွင် ပြိုင်ဘက်ဟူ၍ မရှိတော့ချေ။ သူသည် လူတိုင်းကို အပြတ်သတ်ခဲ့ပြီ။ သုံးထောင်ခုနစ်ရာနှစ်ဆယ့်လေးဦး တိတိ။ မိစ္ဆာသားရဲဟူသမျှကိုလည်း ခြေမှုန်းခဲ့ပြီ။ တစ်သောင်းရှစ်ရာခြောက်ဆယ့်သုံးကောင် တိတိ။
သူသည် အလောင်းပုံတောင်ကြီး၏ ထိပ်ဆုံး၌ ရပ်တန့်လျက် အောက်ခြေမှ အရာခပ်သိမ်းကို ငုံ့ကြည့်နေမိသည်။ သွေးတို့သည် မြစ်ရေပမာ စီးဆင်းနေပြီး အလောင်းအကောင်တို့သည် စစ်တလင်းပြင်တစ်ခုလုံး ပျံ့ကြဲနေ၏။ ဤလောက၌ သူတစ်ယောက်တည်းသာ မတ်တတ်ရပ်နိုင်ခဲ့သည်။ သူတစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။ သူ ဝမ်းမြောက်သင့်သည် မဟုတ်လော။ သူ နိုင်ခဲ့ပြီပဲ။ သူက နောက်ဆုံးသော အောင်နိုင်သူကြီး ဖြစ်သွားခဲ့ပြီလေ။
သို့သော်လည်း သူသည် ထိုနေရာ၌ ကာလအတန်ကြာအောင် မှင်တက်မိနေရင်း အလောင်းပုံကြီးကို ကြည့်ကာ သွေးကွက်ကြီးများကို စိုက်ကြည့်ကာ တစ်ချိန်က အသက်ရှင်လှုပ်ရှားခဲ့ဖူးသော အတူတကွ တိုက်ပွဲဝင်ခဲ့ဖူးသော ကာမန်ရိုက်ဒါများနှင့် သူ့ကို ထိတ်လန့်ခြင်း ဒေါသထွက်ခြင်း ရူးသွပ်ခြင်းတို့ကို ပေးစွမ်းခဲ့ဖူးသော ပြိုင်ဘက်များကို ပြန်လည်အောက်မေ့နေမိသည်။ သူတို့အားလုံး သေဆုံးသွားကြပြီ။ သူတစ်ယောက်တည်းသာ ကြွင်းကျန်ရစ်ခဲ့သည်။
ထိုအခိုက်အတန့်၌ သူ၏ ရင်ထဲတွင် တစ်ခါမျှ မခံစားဖူးသေးသည့် ထူးခြားသော ဝေဒနာတစ်ခု တိုးဝှေ့ဝင်ရောက်လာခဲ့သည်။ ၎င်းမှာ အောင်ပွဲခံ ဝမ်းမြောက်ခြင်း မဟုတ် လွတ်မြောက်သွားခြင်းမျိုး မဟုတ်သလို တင်းတိမ်ရောင့်ရဲခြင်းမျိုးလည်း မဟုတ်ပေ။ ၎င်းမှာ ဗလာကျင်းသွားခြင်း ဖြစ်သည်။ ၎င်းမှာ အထီးကျန် ဆွေးမြည့်ခြင်း ဖြစ်၏။ အရာခပ်သိမ်း ကွယ်ပျောက်သွားသည့် အဆုံးမဲ့ ဟာလာပြင်ကြီးတစ်ခုလိုပေါ့။
သူသည် ပျက်စီးသွားသော ချပ်ဝတ်တန်ဆာအကျိုးအပဲ့များဖြင့် တည်ဆောက်ထားသည့် ရာဇပလ္လင်ကြီးဆီသို့ တရွေ့ရွေ့ လှမ်းလျှောက်သွားခဲ့သည်။ ၎င်းမှာ သူ့အတွက် အထူးတလည် ပြင်ဆင်ပေးထားသည့် ဤလောကဓာတ်၏ ဥပဒေသပင် ဖြစ်၏။ ကာမန်ရိုက်ဒါတို့၏ အပိုင်းအစ ခပ်သိမ်းသည် တစ်စုတစ်ဝေးတည်း ပေါင်းစပ်သွားကာ သူ၏ နောက်ဆုံးသော နားခိုရာ အရပ် ဖြစ်လာခဲ့သည်။ သူ ထိုင်ချလိုက်သည်။
ထိုအခိုက်အတန့်၌ ဤကမ္ဘာ၏ စည်းမျဉ်းနှင့် ဥပဒေသစွမ်းအားများ ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းဝင်ရောက်လာသည်ကို သူ သိရှိလိုက်ရ၏။ သူသည် ဤကမ္ဘာကြီး၏ အရှင်သခင် ဖြစ်လာခဲ့ချေပြီ။ သူသည် အရာခပ်သိမ်းကို စိုးမိုးခြယ်လှယ်နိုင်သည်။ မည်သူ့ကို အသက်ရှင်စေ၍ မည်သူ့ကို သေဆုံးစေမည်ကို သူ ပြဋ္ဌာန်းနိုင်သည်။ သူသည် အချိန်ကို နောက်ပြန်လှည့်ကာ သေဆုံးသွားသောသူများကို ပြန်လည်အသက်သွင်းပေးနိုင်သည်... သူ လုပ်နိုင်သည်...။
သို့သော်လည်း သူ မလုပ်ခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ထိုသူများအားလုံးသည် သေဆုံးသွားခဲ့ကြပြီ ဖြစ်သောကြောင့် ဖြစ်၏။ ထိုသူများကို သူ့လက်ဖြင့် ကိုယ်တိုင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူတို့အား ပြန်လည်အသက်သွင်းပေးခဲ့လျှင်ပင် ထိုသူတို့သည် သူ့ကို မည်သည့်အခါမျှ ခွင့်လွှတ်ကြလိမ့်မည် မဟုတ်ပေ။ အကယ်၍ သူတို့ ပြန်လည်ရှင်သန်လာခဲ့လျှင်ပင် အချင်းချင်း သတ်ဖြတ်ခြင်း သံသရာဝဲဃယထဲ၌သာ တဝဲလည်လည် ဖြစ်နေကြဦးမည်။ အကယ်၍ ပြန်လည်ရှင်သန်လာခဲ့လျှင်ပင် သူကိုယ်တိုင်လည်း မိမိကိုယ်ကို မည်သည့်အခါမျှ ခွင့်လွှတ်နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် သူသည် ဤအတိုင်းသာ ငြိမ်သက်စွာ ထိုင်နေမိတော့သည်။
တစ်ရက် နှစ်ရက် တစ်နှစ် နှစ်နှစ် ဆယ်စုနှစ်တစ်ခု ရာစုနှစ်တစ်ခု...။
အချိန်မည်မျှ ကုန်လွန်သွားခဲ့ပြီလဲဆိုသည်ကို သူ ကိုယ်တိုင်ပင် မသိတော့ပေ။ သူ့အတွက် အချိန်ဟူသောအရာသည် တန်ဖိုးမဲ့သွားခဲ့ပြီ ဖြစ်သည်။ သူသည် ဤဆိတ်ငြိမ်လှသော ဗလာကျင်းကမ္ဘာကြီးကို ကြည့်ရင်း မည်သည့်အခါမျှ ပြန်လည်ထရပ်နိုင်တော့မည်မဟုတ်သော ထိုကျဆုံးလေပြီးသော ပုံရိပ်များကိုသာ ငေးမောရင်း ထိုင်နေမိခဲ့သည်။
တစ်နေ့သောအခါ၌မူ ဤလောက၏ ဥပဒေသများက ကမ္ဘာသစ်တစ်ခုနှင့် မကြာမီ ထိစပ်တော့မည်ဖြစ်ကြောင်း သူ့ကို အသိပေးလာခဲ့သည်။ ထိုကမ္ဘာသစ်ကို ဒိုလော့ကုန်းမြေကြီး ဟု ခေါ်ဆိုကြသည်။ ထိုနေရာ၌ ဝိညာဉ်သားရဲများ ရှိသည် ဝိညာဉ်သခင်များ ရှိသည် ဘွဲ့ခံ ဒိုလော့များ ရှိသည် နတ်ဘုရားများ ရှိသည်။ ဥပဒေသများ၏ ပြဋ္ဌာန်းချက်အရ ထိုနေရာရှိ လူသားများသည် အခန်းကဏ္ဍသစ်၏ ပါဝင်ဆင်နွှဲသူများ ဖြစ်လာကြပေလိမ့်မည်။
ဥပဒေသများက သူသည် ရာဇပလ္လင်ထက်၌ ဆက်လက်ထိုင်နေရင်း ထိုသူတို့ အချင်းချင်း သတ်ဖြတ်နေကြသည်ကို စောင့်ကြည့်နေရုံသာ တတ်နိုင်ကြောင်း သို့မဟုတ် ထိုကမ္ဘာသစ်သို့ ကိုယ်တိုင် ဆင်းသက်သွားရန် ရွေးချယ်နိုင်ကြောင်း ပြောပြလာသည်။ သူသည် အသာအယာသာ ခေါင်းညိတ်လိုက်မိသည်။ ဘာပဲဖြစ်ဖြစ် အရေးမကြီးပါချေ။ သူသည် သူတစ်ပါးတို့ အချင်းချင်း သတ်ဖြတ်နေကြသည်ကို ကြည့်ရှုရသည်ကို ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူသည် တစ်ကိုယ်တည်း အထီးကျန်စွာ နေထိုင်ရသည်ကို ရိုးအီနေခဲ့ပြီပဲ။ ဘာပဲဖြစ်ဖြစ် သူကိုယ်တိုင်လည်း မိမိသည် မည်သူမည်ဝါဖြစ်ကြောင်း ကောင်းစွာ မဝေခွဲနိုင်တော့ပါချေ။
အတိတ်ပုံရိပ်များသည် ဒီရေပမာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီ။
ဟွမ်ဖေးသည် မိမိ၏ ရာဇပလ္လင်ထက်၌ ဆက်လက်ထိုင်နေရင်း ဒိုလော့ကုန်းမြေကြီးကို ငုံ့ကြည့်နေမိသည်။ ထိုမြင်ကွင်းဟောင်းများသည် သူ၏ စိတ်အာရုံထဲ၌ ထပ်ဟပ်ပဲ့တင်နေဆဲ ဖြစ်၏ ကမ္ဘာကူးပြောင်းစက ခံစားခဲ့ရသော ကြောက်ရွံ့မှု ကျားဖြူနတ်သားရဲကြီးနှင့် ပဋိညာဉ်ဖွဲ့စဉ်က ပြတ်သားမှု ပထမဆုံးအကြိမ် လူသတ်ခဲ့စဉ်က တစ်ကိုယ်လုံး တုန်ရင်မှု အိုမာ ဇီအို ကို သတ်ဖြတ်ခဲ့စဉ်က သွေးရူးသွပ်မှုနှင့် အလောင်းပုံတောင်ထက်၌ ရပ်တန့်နေစဉ် ခံစားခဲ့ရသော ဗလာကျင်းမှုတို့ ဖြစ်သည်။ ထိုအရာအားလုံးမှာ သူပင် ဖြစ်ခဲ့သည်။
သို့သော်လည်း ယခုအခါတွင်မူ ထိုအရာအားလုံးမှာ သူ မဟုတ်တော့ချေ။
သူသည် ကြောက်ရွံ့တတ်သော ထိုလူငယ်လေး မဟုတ်တော့ပေ။ သူသည် ကြောက်လန့်တုန်ရင်နေတတ်သော ထိုမျက်နှာသစ်လေး မဟုတ်တော့ပေ။ သူသည် လူသတ်မိ၍ နောင်တတရားဖြင့် ပူဆွေးတတ်သော ထိုကာမန်ရိုက်ဒါလေး မဟုတ်တော့ပါချေ။ သူသည် ရာဇပလ္လင်ထက်၌ ထိုင်နေသည့် ခန္ဓာကိုယ်အိမ်မျှသာ ဖြစ်ပြီး သတ်ဖြတ်ခြင်းအတတ်မှတစ်ပါး အခြားအရာခပ်သိမ်းကို မေ့လျော့နေသည့် ဗလာကျင်းနေသော အခွံစုတ်ကြီးတစ်ခုသာ ဖြစ်တော့သည်။
"ဟွမ်ဖေး..."
သူသည် မိမိ၏ အမည်နာမကို တိုးတိုးလေး ရေရွတ်ကြည့်မိသည်။ ဤအမည်ကို နောက်ဆုံးအကြိမ် ခေါ်ဆိုခဲ့သည်မှာ မည်မျှကြာခဲ့ပြီနည်း။ သူ လူတိုင်းကို အပြတ်သတ်ခဲ့ပြီးကတည်းက မည်သူမျှ သူ၏ နာမည်ကို ပြန်လည်မခေါ်ဆိုနိုင်ခဲ့ကြတော့ချေ။ မည်သူမျှ မခေါ်ဆိုနိုင်တော့ပါ။ အဘယ်ကြောင့်ဆိုသော် လူတိုင်း သေဆုံးသွားခဲ့ကြပြီ ဖြစ်သောကြောင့်တည်း။
သူသည် မိမိ၏ လက်ဖဝါးနှစ်ဖက်ကို ငုံ့ကြည့်မိသည်။ ဤလက်များသည် လူပေါင်း ၃,၇၂၄ ဦးကို သတ်ဖြတ်ခဲ့သည့် လက်များ ဖြစ်သည်။ ဤလက်များသည် မိစ္ဆာသားရဲပေါင်း ၁၀,၈၆3 ကောင်ကို ခြေမှုန်းခဲ့သည့် လက်များ ဖြစ်သည်။ ဤလက်များပေါ်၌ သွေးကွက်များ စွန်းထင်ခဲ့ဖူးသည်။ သို့သော် ထိုသွေးတို့သည် ကာလကြာမြင့်စွာကတည်းက ခြောက်သွေ့သွားခဲ့ချေပြီ။ လွန်စွာ ခြောက်သွေ့လွန်းလှသဖြင့် သွေးစွန်းခဲ့သည့် အရိပ်အယောင်မျှပင် ရှာမတွေ့နိုင်တော့ချေ။ သူသည် လွန်စွာ အားထုတ်ခဲ့ရသဖြင့် မိမိ၏ မူလလက်ဖဝါးများက မည်သို့သော ပုံသဏ္ဌာန်ရှိခဲ့သည်ကိုပင် သူကိုယ်တိုင် ခွဲခြား၍ မရနိုင်တော့ပါချေ။
"ငါက... ဘယ်သူလဲ..." သူက ညင်သာစွာ မေးမြန်းမိသည်။
မည်သူမျှ ပြန်လည်မဖြေကြားခဲ့ပါ။ ဤကမ္ဘာ၏ ဥပဒေသများသည် ဤကဲ့သို့သော မေးခွန်းမျိုးကို ပြန်လည်ဖြေကြားလေ့မရှိချေ။ ကျားဖြူနတ်သားရဲကြီးသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ အိပ်စက်နေသော်လည်း ထိုသားရဲကြီးပင် ဤမေးခွန်းကို မဖြေနိုင်ရှာပေ။
သူက ဟွမ်ဖေး ဖြစ်သည်။
သူက ကာမန်ရိုက်ဒါ တိုက်ဂါး ဖြစ်သည်။
သူက ရာဇပလ္လင်၏ အရှင်သခင် ဖြစ်သည်။
သူက နောက်ဆုံးသော အောင်နိုင်သူ ဖြစ်သည်။
သူက ဤကမ္ဘာကြီး၏ အရှင်သခင်မင်းကြီး ဖြစ်သည်။
သို့သော်လည်း သူသည် — အထီးကျန်ဆုံးသော သက်ရှိအရာတစ်ခုလည်း ဖြစ်ပေသည်။
ဤဆိတ်ငြိမ်လှသော ဗလာကျင်းကမ္ဘာကြီးထဲ၌ သူတစ်ယောက်တည်းသာ ရှိသည်။ ထာဝရကာလပတ်လုံး သူတစ်ဦးတည်းသာ ရှိနေပေလိမ့်မည်။
သူသည် ဒိုလော့ကုန်းမြေကြီးကို ငုံ့ကြည့်လိုက်သည်။ ထိုနေရာ၌ မရေမတွက်နိုင်သော လူသားများ ရှိနေကြသည်။ ဝိညာဉ်သခင်များ ဝိညာဉ်သားရဲများ သာမန်လူသားများနှင့် နတ်ဘုရားများပင် ဖြစ်၏။ သူတို့သည် ကြောက်လန့်နေကြသည်။ သူတို့သည် ရုန်းကန်နေကြသည်။ သူတို့သည် ပျော်ရွှင်စွာ ရယ်မောနေကြသည်။ သူတို့သည် မိမိတို့၏ ရှေ့မှောက်၌ မည်သို့သော ကံကြမ္မာဆိုးကြီးက စောင့်ကြိုနေသည်ကို လုံးဝ မသိရှိကြရှာပေ။ သူတို့ သေဆုံးကြရပေဦးမည်။ သူတို့ အချင်းချင်း ပြန်လည်သတ်ဖြတ်ကြပေဦးမည်။ ထို့နောက်... သူတို့သည်လည်း သူ့ကဲ့သို့ ဖြစ်လာကြပေလိမ့်မည်။ သူ့ကဲ့သို့သော... ဒုတိယမြောက် သတ်ဖြတ်ခြင်း အခွံစုတ်ကြီးများပေါ့။
"တိုက်ခိုက်စမ်း... မတိုက်ခိုက်ရင် သေရုံပဲရှိတယ်..."
သူသည် ဤကမ္ဘာ၏ ဥပဒေသကို ညင်သာစွာ ထပ်မံရေရွတ်လိုက်မိသည်။ ၎င်းမှာ သူ၏ စည်းမျဉ်း ဖြစ်၏။ ၎င်းမှာ သူသည် လူပေါင်း ၃,၇၂၄ ဦး၏ အသက်ဝိညာဉ်များကို ရင်းနှီး၍ လဲလှယ်ခဲ့ရသော ဥပဒေသ ဖြစ်သည်။ ၎င်းမှာ မိစ္ဆာသားရဲပေါင်း ၁၀,၈၆၃ ကောင်၏ သွေးပူပူတို့ဖြင့် သွန်းလုပ်ခဲ့ရသော စည်းကမ်းချက် ဖြစ်၏။ သူသည် မိမိ၏ လူသားဆန်မှု ခပ်သိမ်း အသိတရား ခပ်သိမ်းနှင့် ခံစားချက် ခပ်သိမ်းကို စတေး၍ ဤဥပဒေသများကို ထူထောင်ခဲ့ရခြင်း ဖြစ်သည်။
သူသည် ပျော်ရွှင်စွာ ရယ်မောနေကြဆဲ ဖြစ်သော ထိုသူများကို ကြည့်လိုက်သည်။ ဤအရာကို အရေးတကြီး သဘောမထားကြသေးသော ထိုသူများကို ကြည့်လိုက်သည်။ မြင့်မြတ်လှပါသည်ဆိုသော ထိုနတ်ဘုရားကြီးများကို ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းအစုံထက်၌ လွန်စွာ သိမ်မွေ့လှသော ပြုံးယောင်သန်းမှုတစ်ခု ပေါ်ထွက်လာခဲ့၏။ ၎င်းမှာ သရော်ခြင်း မဟုတ်ပါ ကရုဏာသက်ခြင်းလည်း မဟုတ်ပေ။ ၎င်းမှာ — မနာလိုခြင်း သက်သက်သာ ဖြစ်သည်။
ထိုသူတို့ ကံကြမ္မာအစစ်အမှန်ကို မသိရှိကြသေးသဖြင့် သူ မနာလိုမိသည်။ ထိုသူတို့ ပျော်ရွှင်စွာ ရယ်မောနိုင်ကြသေးသဖြင့် သူ မနာလိုမိသည်။ ထိုသူတို့အချင်းချင်း အတူတကွ ရှိနေနိုင်ကြသေးသဖြင့် သူ လွန်စွာ မနာလိုမိခြင်း ဖြစ်၏။ သို့သော် သူ့အတွက်မူ... ဤအလောင်းပုံတောင်ကြီးတစ်ခုသာ ကျန်ရှိတော့သည်။ ဤအလောင်းပုံတောင်ကြီးမှာ သူကိုယ်တိုင် မိမိလက်ဖြင့် သတ်ဖြတ်ခဲ့သော လူသားများ၏ ခန္ဓာကိုယ်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်၏။
"သွားကြစမ်း..." သူက အသိဉာဏ်မဲ့လှသော ပုရွက်ဆိတ်ငယ်များကို ပြောဆိုနေသကဲ့သို့ ညင်သာစွာ ဆိုလိုက်သည် — "ဆက်ပြီးတော့ ရယ်မောနေကြစမ်း..."
"ဒါကို အရေးမပါတဲ့ အရာတစ်ခုလို ဆက်ပြီးတော့ သဘောထားနေကြစမ်း..."
"ထိပ်ဆုံးကို တက်လှမ်းလာခဲ့ကြစမ်း..."
"အဲဒီနောက်ကျရင်တော့ —"
"ငါ့ရဲ့ ကမ္ဘာထဲကို ဝင်ရောက်လာခဲ့ကြ..."
"ငါ ခံစားခဲ့ရတဲ့ ကြောက်ရွံ့မှုတွေကို လာပြီးတော့ မြည်းစမ်းကြည့်ကြစမ်း..."
"ငါ ကြုံတွေ့ခဲ့ရတဲ့ မျှော်လင့်ချက်မဲ့ခြင်းတွေကို လာပြီးတော့ ခံစားကြည့်ကြစမ်း..."
"လာပြီးတော့ ဖြစ်တည်သွားကြစမ်း —" သူ ခဏမျှ တန့်သွားပြီးမှ "ငါ့လိုမျိုး မိစ္ဆာကောင်ကြီးတစ်ကောင်အဖြစ်ပေါ့..."
လေပြင်းကြီးများသည် ကာမန်ရိုက်ဒါကမ္ဘာကြီးအတွင်း ဖြတ်သန်းတိုက်ခတ်နေသည်။ အဆုံးမဲ့လှသော မြေပြင်နှင့် ကောင်းကင်ယံကြီး၏ အလယ်၌ သူသည် ရာဇပလ္လင်ထက်တွင် တစ်ကိုယ်တည်း ထိုင်နေဆဲ ဖြစ်၏။ သူ၏ မျက်ဝန်းများသည် ဗလာကျင်းနေဆဲ။ ထိုမှတ်ဉာဏ်ဟောင်းများသည် သူ၏ စိတ်အာရုံထဲ၌ ထပ်ဟပ်ပဲ့တင်နေဆဲ ဖြစ်သည်။ သို့သော် ဝေဝါးမှုများ သို့မဟုတ် အောက်မေ့ဖွယ်ရာများ ရှိနေပါစေဦးတော့ ၎င်းမှာ အမှန်တရားတစ်ခုကိုမူ ပြောင်းလဲနိုင်ခြင်း မရှိချေ — သူက ဘုရင် ဖြစ်သည်။ သူက တစ်ဦးတည်းသော ဧကရာဇ်မင်းကြီး ဖြစ်၏။
ယခုအခါ ဤဧကရာဇ်မင်းကြီးသည် သူ၏ သားကောင်သစ်ကြီးကို ငုံ့ကြည့်ရင်း စောင့်ဆိုင်းနေချေပြီ။ သူ၏ ကမ္ဘာထဲသို့ ပထမဆုံးအကြိမ် ခြေချလာမည့်သူကို စောင့်ဆိုင်းနေသည်။ ထိုသူသည် သူ၏ နောက်ထပ် ဒုတိယမြောက် ပုံတူ ဖြစ်လာမည်လောဆိုသည်ကို စောင့်ကြည့်ရန်ပေါ့။
အလောင်းပုံတောင်ကြီး၏ အောက်ခြေတွင်မူ ဒိုလော့ကုန်းမြေကြီးမှ လူသားများသည် ဆူညံစွာ လှုပ်ရှားနေကြဆဲ ဖြစ်၏။ အလောင်းပုံတောင်ကြီး၏ ထိပ်ဆုံးတွင်မူ... ထာဝရကာလပတ်လုံး တိတ်ဆိတ်ခြင်းတရားသာ ကြီးစိုးလျက် ရှိနေတော့သည်။ ထိုတိတ်ဆိတ်ခြင်းတရားများကြားဝယ်... လွန်စွာမှ အထီးကျန်ဆွေးမြည့်နေရရှာသော လူသားတစ်ယောက်။ သူ၏ အမည်မှာ ဟွမ်ဖေး တဲ့။ သူက ကာမန်ရိုက်ဒါ တိုက်ဂါး ဖြစ်သည်။ သူက မိမိ၏ နာမည်ကို ပြန်လည်ခေါ်ဆိုပေးမည့်သူ တစ်ဦးမျှ မကျန်တော့သည့် အထီးကျန် ဘုရင်ကြီး ဖြစ်တော့သသည်။