အခန်း ၁၂ ညဉ့်နက်သံစဉ်များ
ကြယ်ရောင်မရှိသော နီမှောင်မှောင်ကောင်းကင်ကြီးအောက်တွင် ပထမဆုံးနေ့၏ တိုက်ပွဲအပြီး၌ လူငါးယောက်သည် ပျက်စီးယိုယွင်းနေသော အဆောက်အအုံအိုကြီးတစ်ခု၏ အုတ်ကျိုးအတုံးအခဲများကြားတွင် စုဝေးခိုလှုံနေကြသည်။ ပြိုပျက်နေသော အုတ်တံတိုင်းက ခါးသက်လှသော လေကြမ်းဒဏ်ကို ကာကွယ်ပေးနိုင်သော်လည်း ပတ်ဝန်းကျင်တွင် လှိုင်နေသော သွေးညှီနံ့ကိုမူ မတားဆီးနိုင်ချေ။ ထိုသွေးညှီနံ့များထဲတွင် သူတို့၏သွေးများ သားရဲတို့၏ သွေးများနှင့် သေဆုံးသွားသော ရဲဘော်နှစ်ဦး၏ သွေးညှီနံ့များ ရောနှောနေသည်။
စစ်သူကြီး ဟူရန်ကျန့်သည် ဓားကို ဒူးပေါ်တင်လျက် အုတ်တံတိုင်းကို မှီထိုင်နေသည်။ ချိုပါးစပ်ပလ္လင်မြေကြီးသားရဲ၏ ဦးခေါင်းကို ပိုင်းဖြတ်စဉ်က ထိခိုက်ခဲ့သဖြင့် ဓားသွားပေါ်တွင် အက်ကွဲရာနှစ်ခု ထင်ကျန်နေခဲ့ပြီ။ သူသည် မိမိ၏အင်္ကျီလက်ဖျားဖြင့် ဓားသွားကို သုတ်လိုက်သော်လည်း သံသားထဲသို့ စိမ့်ဝင်သွားသော သွေးကွက်မည်းများကိုမူ ပြောင်စင်အောင် မသုတ်နိုင်ခဲ့ချေ။
"ငါပြောမယ်" ဟု သူက ဝင်သက်ထွက်သက်ပြင်းပြင်းဖြင့် ခြောက်ကပ်ကပ်အသံဖြင့် စကားစလိုက်ရင်း "ငါတို့ စည်းကမ်းချက်အချို့ သတ်မှတ်ထားဖို့ လိုမယ်။"
နင်ရုယွီသည် ထောင့်စွန်းတစ်ခုတွင် ထိုင်ကာ မိမိအင်္ကျီစကို ဆုတ်ဖြဲ၍ ယွီချန်၏ ဒဏ်ရာကို စည်းနှောင်ပေးနေသည်။ သူမ၏လက်များက တည်ငြိမ်နေသော်လည်း အနီးကပ်ကြည့်လျှင် လက်ချောင်းထိပ်လေးများ တုန်ရင်နေသည်ကို မြင်နိုင်သည်။
"ဘာစည်းကမ်းလဲ"
"တစ်ယောက်ကိုတစ်ယောက် ကျောဘက်ကနေ ဓားနဲ့မထိုးဖို့ပဲ" စစ်သူကြီး ဟူရန်ကျန့်က ဆိုသည်။ "ဒီကမ္ဘာရဲ့ စည်းကမ်းအရ ငါတို့ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်လို့ရတယ်ဆိုပေမဲ့ အခုအချိန်မှာ ငါတို့အားလုံး အသက်ရှင်နေဖို့ လိုတယ်။ အချင်းချင်း သတ်ဖြတ်နေကြမယ်ဆိုရင် ဘယ်သူမှ သတ္တမမြောက်နေ့အထိ အသက်ရှင်မှာ မဟုတ်ဘူး။"
"ငါ့ဘက်ကတော့ ကန့်ကွက်စရာမရှိပါဘူး။ အဲဒီသားရဲတွေကို သတ်ရတာတင် အတော်လေး ရုန်းကန်နေရတာ အချင်းချင်း ပြဿနာရှာပြီး အလုပ်ရှုပ်မခံနိုင်ဘူး။"
ယွီချန်က ညည်းညူလိုက်သည်။ နင်ရုယွီက သူ၏ လွဲသွားသော ဘယ်ဘက်လက်မောင်းကို ပြန်လည်တည့်မတ်ပေးနေခြင်း ဖြစ်သည်။ အမည်မသိလူသားကမူ ထောင့်တစ်နေရာတွင် ဆောင့်ကြောင့်ထိုင်လျက် ဘာမှမပြောဘဲ တိတ်ဆိတ်နေခဲ့သည်။ သူ၏မျက်ဝန်းများသည် မှောင်မိုက်ခြင်းထဲတွင် တောသားရဲတစ်ကောင်ကဲ့သို့ ဖျတ်ခနဲ လင်းလက်နေသည်။
ထန်ရင့်သည် အပြင်ဘက်ဆုံးရှိ ပြိုပျက်နေသော အုတ်တံတိုင်းကို မှီလျက် လူအားလုံးနှင့် အဝေးဆုံးတွင် ထိုင်နေသည်။ ဟောက်ထျန်းတူကြီးကို ပေါင်ပေါ်တင်ထားပြီး သူ၏အကြည့်များက ပျက်စီးခြင်းတောအုပ်၏ အပြင်ဘက် မှောင်မိုက်ခြင်းဆီသို့သာ စူးစိုက်ထားခဲ့သည်။
"တစ်ခုခုက ငါတို့ကို စောင့်ကြည့်နေတယ်" ဟု သူက ရုတ်တရက် ဆိုလိုက်သည်။
အားလုံး အသက်ရှူမှားသွားကြသည်။ စစ်သူကြီး ဟူရန်ကျန့်က ဓားရိုးကို တင်းတင်းဆုပ်ကိုင်လိုက်ရင်း "ဘယ်နေရာမှာလဲ။"
ထန်ရင့် ပြန်မဖြေခဲ့ပါ။ သူ၏အကြည့်က ဝံပုလွေတစ်ကောင် မိမိနယ်မြေကို ကင်းလှည့်နေသကဲ့သို့ မှောင်မိုက်ခြင်းထဲသို့ ဖြည်းညှင်းစွာ ဝေ့ဝဲကြည့်ရှုနေပြီးမှ
"သူတို့ ထွက်သွားကြပြီ။"
တိတ်ဆိတ်မှုက ကြာမြင့်စွာ လွှမ်းမိုးသွားသည်။ အဝေးတစ်နေရာမှ သားရဲဟိန်းသံတစ်ခု သဲ့သဲ့ထွက်ပေါ်လာပြီးနောက် လေတိုးသံမှတစ်ပါး ဘာသံမျှ မကြားရတော့ချေ။
"ငါတို့ရလာတဲ့ စွမ်းရည်တွေအကြောင်း အပြန်အလှန် ပြောပြကြရအောင်" ယွီချန်က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ "ဒါက စည်းကမ်းချက်တွေကပေးတဲ့ ဆုလာဘ်ပဲ။ အချင်းချင်း ဘာလုပ်နိုင်လဲဆိုတာ သိထားမှ ပိုပြီး အသက်ရှည်ရှည် နေနိုင်မယ်။"
စစ်သူကြီး ဟူရန်ကျန့်က အရင်ဆုံး စကားစသည် "ချိုပါးစပ်ပလ္လင်မြေကြီးသားရဲရဲ့ ခွန်အား။ သုံးလိုက်ရင် ခွန်အားတွေ တိုးလာပြီး ၁၀ စက္ကန့်ကြာမယ်။ တစ်နေ့ကို တစ်ကြိမ်ပဲ သုံးလို့ရတယ်။"
နင်ရုယွီက တိုးတိုးလေး ဆိုရှာသည် "ငါကတော့ ဒဏ်ရာတွေကို ကုသပေးနိုင်တယ်။ ဒဏ်ရာအသေးစားတွေဆိုရင် ရပေမဲ့ ပြင်းထန်ရင်တော့ ကြိုးစားကြည့်ရမှာပဲ။ တစ်နေ့ကို သုံးကြိမ်။"
"လျှပ်စီးစွမ်းအားမြှင့်တင်ခြင်း။" ယွီချန်က သူ၏ညာလက်ကို မြှောက်ပြလိုက်ရာ လက်ချောင်းထိပ်များတွင် အပြာရောင်လျှပ်စီးကြောင်းလေးများ ဖျတ်ခနဲ လက်သွားသည်။ "အစွမ်း ၅၀ ရာခိုင်နှုန်း တိုးမယ် ၃၀ စက္ကန့် ကြာမယ် တစ်နေ့ တစ်ကြိမ်။"
အားလုံးက အမည်မသိလူသားကို လှည့်ကြည့်လိုက်ကြသည်။
"ငါကတော့ တွားတက်နိုင်တယ်" ဟု သူက ဆိုသည်။ "နံရံတွေ သစ်ပင်တွေ ဒါမှမဟုတ် သားရဲတွေရဲ့ ပေါ်မှာ ကပ်နေလို့ရတယ်။ တစ်မိနစ် ကြာမယ်။ တစ်နေ့ သုံးကြိမ်။"
အလွန်တိုတောင်းသော ရှင်းပြချက်ဖြစ်သော်လည်း ဘယ်သူမှ ထပ်မံ၍ အစစ်အဆေး မလုပ်ကြတော့ပါ။ နောက်ဆုံးတွင်တော့ ထန်ရင့် ဖြစ်သည်။
"ချိုပါးစပ်ပလ္လင်မြေကြီးသားရဲရဲ့ ခွန်အား။" သူက ခဏမျှ တုံ့ဆိုင်းသွားပြီးမှ "ခွန်အား ၈၀ ရာခိုင်နှုန်း တိုးမယ် တစ်မိနစ် ကြာမယ်။ တစ်နေ့ကို နှစ်ကြိမ်။"
စစ်သူကြီး ဟူရန်ကျန့်က လေချွန်လိုက်ရင်း "၈၀ ရာခိုင်နှုန်းတောင်လား။ ဒါဆိုရင်တော့ အခုအချိန်မှာ မင်းက ငါတို့ထဲမှာ တိုက်ခိုက်ရေးအကောင်းဆုံးပဲ။"