အခန်း (၂) ရွှေကွင်းကို ဆွဲဖြဲခြင်း ကောင်းကင်ဘုံကို စစ်ကြေညာခြင်း
စွန်ဝူခုန်းသည် ရွှေကွင်းကို ဖမ်းဆုပ်လိုက်ပြီဖြစ်သည်။
သူ၏လက်ဖဝါးထဲမှနတ်ဘုရားဝိညာဉ်၏ လောင်မြိုက်နေသော အပူရှိန်များ ထွက်ပေါ်လာသည်
"မင်းလို တိရစ္ဆာန် မင်း... မင်း ရူးသွားပြီလား ငါ့ကို လွှတ်စမ်း"
တန်းဆန်း၏ ဆူပူကြိမ်းမောင်းသံက နားထဲတွင် ပဲ့တင်ထပ်နေသည်။
စွန်ဝူခုန်း ထိုအသံကို မကြားသလို ကြားလည်း မကြားချင်တော့ပေ။
သူ၏ အာရုံတစ်ခုလုံးသည် ထိုအမှတ်မရှိသော ရွှေကွင်းကို ရုန်းကန်ဖယ်ရှားရန်အပေါ်၌သာ ရှိနေတော့သည်။
"လွှတ်ရမယ် ဟုတ်လား" စွန်ဝူခုန်းက ပြုံးလိုက်ရာ ထိုအပြုံးထဲတွင် ဖုံးကွယ်မထားနိုင်သော ရူးသွပ်မှုများ ပြည့်နှက်နေသည်။ "ဆရာ... ဆရာကိုယ်တိုင် အဘိုးကြီးစွန်ကို ဒါမျိုးလုပ်အောင် အတင်းအကျပ် ဖိအားပေးခဲ့တာနော်။"
တန်းဆန်း၏ ထိတ်လန့်နေသော မျက်နှာကို ကြည့်ရင်း သူသည် တစ်ခါမှမခံစားဖူးသော ကျေနပ်မှုကို ခံစားလိုက်ရသည်
အားရစရာကြီးပဲ
တကယ့်ကို အားရစရာ ကောင်းလှတယ်
နှစ်ပေါင်းငါးရာလုံးလုံး အောင့်အည်းထားခဲ့ရသမျှတွေ အနောက်ဘက်ခရီးစဉ် ဆယ်နှစ်ကျော်အတွင်း ခံစားခဲ့ရတဲ့ စိတ်ပျက်မှုတွေနဲ့ ယခင်ဘဝက နွားလို မြင်းလို အလုပ်လုပ်ပေးခဲ့ရတဲ့ နာကြည်းမှုတွေဟာ နောက်ဆုံးတော့ ပေါက်ကွဲထွက်မယ့် လမ်းကြောင်းတစ်ခုကို ရှာတွေ့သွားပြီဖြစ်သည်။
"ဆရာ... ဆရာ ကျမ်းစာရွတ်ရတာ သဘောကျတယ် မဟုတ်လား" စွန်ဝူခုန်းက သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်သော်လည်း သူ၏လက်မှ ဖိအားများက တဖြည်းဖြည်း တိုးလာနေသည်။ "ကဲ... ဆက်ရွတ်လေ မရပ်နဲ့ဦး အဘိုးကြီးစွန်က ဆရာ့ရဲ့ဗုဒ္ဓတရားတော်ကို အသုံးချပြီး ကောင်းကင်ရွှေရောင်နတ်ဘုရား (ထိုက်ယီ ရွှေရောင်နတ်ဘုရား) အဆင့်ကို တစ်ဟုန်ထိုး တက်လှမ်းဖို့ မျှော်လင့်နေတာ။"
"မင်း... မင်း..."
တန်းဆန်း၏ချီစွမ်းအင်များ တုန်ယင်နေသည်။ သူ ကျမ်းစာကို ဆက်ရွတ်ချင်သော်လည်း စွန်ဝူခုန်း၏ အသက်မဲ့နေသော မျက်လုံးများကို ကြည့်ကာ အချိန်အတော်ကြာအောင် ဝူးဝူးဝါးဝါး ဖြစ်နေပြီး ဂါထာကို အဆုံးမသတ်နိုင်တော့ပေ။
"မရွတ်တော့ဘူးလား" စွန်ဝူခုန်း၏ အပြုံးများ ပျောက်ကွယ်သွားသည်။ "ဆရာ မရွတ်တော့ဘူးဆိုရင် ဒီအရာကို ထားထားလည်း အပိုပဲ။"
"အဘိုးကြီးစွန်အတွက် ပွင့်ထွက်သွားစမ်း"
ထိုဟိန်းဟောက်သံသည် ကနဦးနဗေဒ၏ မိုးခြိမ်းသံကဲ့သို့ပင်
စွန်ဝူခုန်း၏ လက်မောင်းများတွင် ကြွက်သားများ ဖောင်းတက်လာပြီး အကြောများ ပြိုင်းပြိုင်းထလာသည် နဗေဒမိစ္ဆာမျောက်ဝံထံမှ ပြင်းထန်လှသော စွမ်းအားများသည် သူ၏လက်မောင်းများမှတစ်ဆင့် ထိုရွှေကွင်းထဲသို့ စီးဝင်သွားသည်။
"ကျွိ"
ထိုအရာသည် ထိုက်ရှန်းလောင်ကျွင်းကိုယ်တိုင် သွန်းလုပ်ခဲ့ပြီး တောင်ဘက်ပင်လယ်မှ ဂွမ်ယင်မယ်တော်ကိုယ်တိုင် ကောင်းချီးပေးထားသည့် ရွှေကွင်းဖြစ်သော်လည်း ယခုအခါတွင်မူ သူသည် ၎င်းကို ကွေးညွှတ်သွားအောင် အားစိုက်နိုင်ခဲ့ပြီ
ရွှေကွင်းပေါ်ရှိ ဗုဒ္ဓဘာသာဆိုင်ရာ ရွန်းစာများသည် အတိုင်းအဆမဲ့သော ရွှေရောင်အလင်းတန်းများဖြင့် ပေါက်ကွဲထွက်လာပြီး သံကြိုးများသဖွယ် တည်ရှိနေသော သက္ကတစာလုံးများသည် ဤကမ္ဘာဖျက်စွမ်းအားကို ခုခံနေကြသည်။
"ဟွန့်"
စွန်ဝူခုန်း၏ နှာခေါင်းမှ မြင်သာသော အဖြူရောင် လေပူနှစ်ကြောင်း မှုတ်ထုတ်လိုက်ပြီး သူ၏လက်မောင်းမှ စွမ်းအားများသည် နောက်တစ်ကြိမ် ထပ်မံ မြင့်တက်လာပြန်သည်။
"ဖြန်း"
သုံးလောကလုံးက အကြွင်းမဲ့ ချုပ်နှောင်မှုဟု သတ်မှတ်ထားသော ရွှေကွင်းသည် တန်းဆန်း ကျူးပကျဲ့ ရှဝူကျင်းနှင့် ထိတ်လန့်တကြား ကြည့်နေကြသော နတ်ဘုရားများ၏ ရှေ့မှောက်တွင် စွန်ဝူခုန်း၏ လက်ဖြင့် နှစ်ပိုင်းကျိုးသွားတော့သည်။
"မလုပ်နဲ့"
တောင်ဘက်ပင်လယ် ခရမ်းရောင်ဝါးတော။
ဂွမ်ယင်မယ်တော်သည် ရွှေရောင်သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရာ သူ၏ရှေ့မှ ကြာပလ္လင်တစ်ခုလုံး နီမြန်းသွားသည်။
ရွှေကွင်း ပျက်စီးသွားပြီ သူမသည် ဗုဒ္ဓတရားတော်၏ အထက်မှာ ရှိနေဆဲ ဖြစ်သော်လည်း ၎င်းပေါ်ရှိတာအိုတံဆိပ်တော်သည် ထိုကြမ်းတမ်းသော စွမ်းအားဖြင့် အစိပ်စိပ်အမွှာမွှာ ဆွဲဖြဲခြင်း ခံလိုက်ရပြီဖြစ်သည်။
"ဝုန်း"
ရွှေကွင်းကျိုးသွားသည့် ခဏမှာပင် ၎င်းအတွင်း၌ စုဆောင်းထားသော မြင့်မြတ်သည့် ဗုဒ္ဓစွမ်းအားများသည် ဆည်ကျိုးသကဲ့သို့ ပေါက်ကွဲထွက်လာတော့သည်
ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုလှိုင်းသည် စွန်ဝူခုန်းကို ဗဟိုပြု၍ ပတ်ဝန်းကျင်တစ်ခုလုံးကို ရိုက်ခတ်သွားသည်။
"မကောင်းတော့ဘူး"
ကျူးပကျဲ့သည် ဝက်တစ်ကောင်လို အော်ဟစ်လိုက်ရန်သာ အချိန်ရလိုက်ပြီး သူ၏ဖောရောင်နေသော ခန္ဓာကိုယ်သည် တုန်ခါမှုလှိုင်းကြောင့် လွင့်စင်သွားကာ လေထဲတွင် အကွေးလိုက် ပျံသန်းသွားပြီးနောက် ကြီးမားသော သစ်ပင်တစ်ပင်ကို "ဘုန်း" ကနဲ အသံနှင့်အတူ ဝင်တိုက်မိတော့သည်။
"စီနီယာ အစ်ကိုကြီး"
ရှရှန်းသည် ထိုစကားတစ်ခွန်းကိုသာ အော်ဟစ်နိုင်လိုက်ပြီး သူနှင့် သူ၏ပစ္စည်းများသည် နောက်သို့ လွင့်ထွက်သွားကာ မြေကြီးပေါ်တွင် အကြိမ်ပေါင်းများစွာ လိမ့်သွားပြီးနောက် ကြီးမားသော ကျောက်တုံးကြီးတစ်ခုကို ဝင်တိုက်မိကာ သတိလစ်သွားတော့သည်။
တန်းဆန်းကတော့...
သာမန်လူသား ခန္ဓာကိုယ်တစ်ခုက ထိုကဲ့သို့ ပြင်းထန်သော ရိုက်ခတ်မှုကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိပါ့မလဲ
သူ အော်ဟစ်ဖို့တောင် အချိန်မရလိုက်ဘဲ လေလှိုင်းများအတွင်း လွင့်ပါသွားကာ ခန္ဓာကိုယ်မှာ အကြိမ်ပေါင်းများစွာ လည်ထွက်သွားပြီးနောက် "ဗုန်း" ကနဲ အသံနှင့်အတူ မြေကြီးပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး မျက်လုံးများ လန်တက်ကာ ချက်ချင်းပင် သတိလစ်သွားတော့သည်။
တိမ်တွေနောက်ကနေ ချောင်းကြည့်နေကြတဲ့ နတ်ဘုရားတွေတောင် ထိုမုန်တိုင်းကြောင့် လွင့်စင်ကုန်ကြပြီး တိမ်ပေါ်ကနေ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျကုန်ကြသည်။
အရိုးဖြူတောင်တန်းတစ်ခုလုံးသည် ဖုန်မှုန့်နှင့် သဲများအောက်တွင် နစ်မြုပ်သွားကာ ကောင်းကင်ကြီးတစ်ခုလုံး မှောင်အတိ ကျသွားတော့သည်။
အချိန်အတန်ကြာပြီးနောက် မုန်တိုင်းသည် တဖြည်းဖြည်း ငြိမ်သက်သွားသည်။
စွန်ဝူခုန်းသည် ထိုပျက်စီးနေသော နေရာ၏ အလယ်တွင် မတ်တပ်ရပ်နေပြီး သူ၏ရွှေချပ်ဝတ်တန်ဆာမှာ ဖုန်တစ်စွန်းမျှ မရှိဘဲ စင်ကြယ်နေသည်။
သူသည် သူ၏လက်ကို ခါလိုက်ပြီး ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသွားသော ကျိုးပဲ့နေသည့် ရွှေကွင်းနှစ်ပိုင်းကို အမှိုက်သဖွယ် မြေကြီးပေါ်သို့ ပစ်ချလိုက်ရာ "ချလင်" ကနဲ မြည်သံနှစ်ချက် ထွက်ပေါ်လာသည်။
သူ မျက်လုံးမှိတ်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။
ဒါဟာ တစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်မျိုးပဲ။
လွတ်လပ်မှု
ငါ့ခေါင်းပေါ်မှာ အမှတ်မရှိတဲ့ ရွှေကွင်း မရှိတော့ဘူး ငါ့ရဲ့ နတ်ဘုရားဝိညာဉ်ထဲမှာ နားငြီးစရာ ကျိန်စာတွေ မရှိတော့ဘူး ငါ့ရဲ့ စိတ်တွေ ကြည်လင်နေပြီး အရမ်းကို နေလို့ကောင်းနေပြီ
သူ့ရဲ့ မျောက်တစ်ကိုယ်လုံး ပြန်လည် ရှင်သန်လာသလို သူခံစားနေရသည်
သူသည် သတိလစ်နေသော တန်းဆန်း အနားသို့ လျှောက်သွားပြီး သူ၏ဆရာဟောင်းကို ငုံ့ကြည့်လိုက်သည်။
သူ၏မျက်လုံးထဲတွင် အရင်ကရှိခဲ့ဖူးသော ကြောက်ရွံ့ရိုသေမှု အစအနမျှ မရှိတော့ပေ။
“တန်းဆန်း”။
သူ ပြောလိုက်သော အသံမှာ မကျယ်လှသော်လည်း ကောင်းကင်ဘုံ တာအိုကံကြမ္မာမှတစ်ဆင့် ဤနေရာကို အာရုံစိုက်နေကြသော သုံးလောကလုံးရှိ အစွမ်းထက် ပုဂ္ဂိုလ်များအားလုံး ရှင်းလင်းစွာ ကြားလိုက်ရသည်။
"အဘိုးကြီးစွန် အရင်တုန်းက ကောင်းကင်နန်းတော်ကို တုန်လှုပ်စေခဲ့လို့ လက်ငါးချောင်းတောင် အောက်မှာ အကျဉ်းကျနေတုန်းက မင်းပဲ အမိန့်တော်စာလွှာကို ဖွင့်ပြီး ငါ့ကို လွှတ်ပေးခဲ့တာ။ အဘိုးကြီးစွန်က ဒီကျေးဇူးကြွေးကို အသိအမှတ်ပြုပါတယ်။"
"ဒီခရီးတစ်လျှောက်လုံးမှာ မင်းအတွက် မိစ္ဆာတွေကို ငါနှိမ်နင်းပေးခဲ့တယ် မင်းအသက်ကို ကာကွယ်ပေးခဲ့တယ် ဓားတောင်တွေကို ဖြတ် မီးပင်လယ်တွေကို ကျော်ခဲ့တယ်။ ငါ ဘယ်လိုဆင်းရဲဒုက္ခတွေကို မခံစားခဲ့ရဘူးလဲ ငါ ဘယ်လိုအပြစ်တွေကို မခံခဲ့ရဘူးလဲ မင်းရဲ့ ဘေးအန္တရာယ် ရှစ်ဆယ့်တစ်ပါးထဲက ရှစ်ဆယ်ကို အဘိုးကြီးစွန်က မင်းအတွက် ထမ်းပိုးပေးခဲ့တာ ဒီဆရာတပည့် သံယောဇဉ်ကိုတော့ ကျေပြီလို့ မှတ်လိုက်တော့။"
"ဒီနေ့ အဘိုးကြီးစွန် ဒီရွှေကွင်းကို ဖျက်ဆီးလိုက်တာဟာ ဆရာ့ကို သစ္စာဖောက်ဖို့ မဟုတ်ဘူး မင်းကို တစ်ခုပြောပြချင်လို့ပဲ..."
စွန်ဝူခုန်း ခဏရပ်လိုက်ပြီးနောက် အံကြိတ်ကာ စကားအနည်းငယ်ကို ပြောထွက်လိုက်သည်။
"ငါ အလုပ်ထွက်ပြီ"
"ဒီနေ့ကစပြီး မင်းလမ်းမင်းသွား ငါ့လမ်းငါသွားမယ် မင်း ရှင်မလား သေမလား မင်း ဘုရားဖြစ်မလား မိစ္ဆာစာ ဖြစ်မလားဆိုတာ အဘိုးကြီးစွန်နဲ့ မဆိုင်တော့ဘူး"
"ဒီအဓိပ္ပာယ်မရှိတဲ့ အနောက်ဘက်ခရီးစဉ်ကို လုပ်ချင်တဲ့သူပဲ လုပ်ပါစေတော့"
ထိုသို့ပြောပြီးနောက် သူသည် မြေကြီးပေါ်က တန်းဆန်းကို ဆက်မကြည့်တော့ဘဲ လှည့်ထွက်သွားတော့သည်။
သူသည် စိတ်ထဲမှ လှောင်ပြုံးပြုံးရင်း တိုးတိုးလေး ရေရွတ်လိုက်သည် "ကံကြမ္မာတွေကို ခွဲဝေတဲ့ ပြဇာတ်တစ်ခု အဘိုးကြီးစွန်ကို ပုံစံသွင်းဖို့ ကြံစည်မှုတစ်ခု သူတို့က ငါ့ကို တကယ်ပဲ ငတုံးလို့ ထင်နေကြတာလား"
ဒါပေမဲ့ သူလှည့်ထွက်လိုက်တဲ့ ခဏမှာပဲ
သူ့အတွင်းထဲက နွေးထွေးတဲ့ အရာတစ်ခုဟာ ရုတ်တရက် ဆွဲထုတ်ခံလိုက်ရသလို ခံစားလိုက်ရသည် အဲဒါကတော့ "ဘုရားအစောင့်အရှောင်" တစ်ယောက်အနေနဲ့ သူရရှိထားတဲ့ ကံကြမ္မာ နဲ့ ကံကောင်းမှုတွေပဲ ဖြစ်သည်။
ထိုအစား အနက်ရောင်နှင့် အနီရောင် ရောယှက်နေသော ကံကြမ္မာဆိုးများနှင့် မိစ္ဆာစွမ်းအင် များသည် ဟင်းလင်းပြင်ဘုံမှတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲသို့ ပြင်းထန်စွာ စီးဝင်လာတော့သည်
ကောင်းကင်ကို ဆန့်ကျင်သော လုပ်ရပ်များအတွက် ကံကြမ္မာမီးတောက်များ စတင်လောင်မြိုက်သွားသည်။
"ဝုန်း"
ကိုးထပ်သော ကောင်းကင်ယံထက်မှ နားကွဲမတတ် မိုးခြိမ်းသံကြီး တစ်ချက် ထွက်ပေါ်လာသည်
ကောင်းကင်ကြီးသည် ရုတ်တရက် မှောင်အတိ ကျသွားသည်။
လေပြင်းများ စတင်တိုက်ခတ်လာပြီး မည်းမှောင်နေသော တိမ်တိုက်များ စုရုံးလာကြသည်။
အရပ်မျက်နှာ အသီးသီးမှ ထိတ်လန့်ဖွယ် ကောင်းသော တိမ်မည်းကြီးများသည် ကောင်းကင်အထက်တွင် ကြီးမားသော ဝဲဂယက်ကြီးတစ်ခုအဖြစ် စုစည်းသွားကြသည်။
ထိုဝဲဂယက်၏ အလယ်ဗဟိုတွင် လျှပ်စီးများ လက်ကနဲ ဖြစ်သွားပြီး မိုးခြိမ်းသံများ ဟိန်းထွက်လာသည်။ ခွက်တစ်လုံးစာခန့် ထူထဲသော ခရမ်းရောင် လျှပ်စီးကြောင်းကြီးတစ်ခုသည် တိမ်တိုက်များကြားတွင် ဟိန်းဟောက်ကာ ဖြတ်သန်းနေသည်။
စစ်မှန်သောနိယာမ နှင့် စည်းကမ်းများဖြင့် ဖွဲ့စည်းထားသော ကြီးမားလှသော မျက်လုံးကြီးတစ်လုံးသည် ဝဲဂယက်၏ အလယ်ဗဟိုမှ ပွင့်လာသည် ကောင်းကင်ဘုံ တာအို၏ မျက်လုံးတော် ဖြစ်သည်။
ထိုမျက်လုံးတော်မှ တောက်ပလှသော ကောင်းကင်ဘုံ၏ အရှိန်အဝါများ ထွက်ပေါ်လာပြီး စွန်ဝူခုန်းကို ပစ်မှတ်ထားလိုက်ပြီဖြစ်သည်။
"ဟွန့်..."
စွန်ဝူခုန်းသည် ခေါင်းမော့ကာ ထိုကောင်းကင်မျက်လုံးကို ကြည့်လိုက်သည်။ သူသည် ကြောက်ရွံ့ခြင်းမရှိဘဲ အလွန်အမင်း လှောင်ပြောင်သော အပြုံးဖြင့် ပြုံးပြလိုက်သည်။
"ဘာလဲ မင်းတို့ အကုန်လုံး ရှုပ်အောင်လုပ်ထားပြီးမှ အခုကျမှ ကောင်းကင်ဘုံက ပါဝင်ချင်လာတာလား"
"အဘိုးကြီးစွန် ကောင်းကင်နန်းတော်မှာ ရှိနေတုန်းကကျတော့ မင်းဘာလို့ ထွက်မလာဘဲ တစ်လုံးမှ မဟခဲ့တာလဲ"
"အခုကျမှ မင်းက စိတ်လှုပ်ရှားနေတာလား"
သူသည် ကောင်းကင်ကို မော့ကြည့်ကာ ရိုသေမှု အလျဉ်းမရှိဘဲ သူ၏လက်ခလယ်ကို ထောင်ပြလိုက်သည်။
"ငါ့ကို သတ်ချင်တာလား"
လာစမ်းပါ
"ဒီနေ့ မင်း အဘိုးကြီးစွန်ကို သတ်ဖို့ ပျက်ကွက်ခဲ့ရင် တစ်နေ့ကျရင် အဘိုးကြီးစွန်ကိုယ်တိုင် ကောင်းကင်ကို တက်လာပြီး မင်းရဲ့ အသုံးမကျတဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပြီး နင်းခြေပစ်မယ်"
"ဝုန်း"
သူ၏ မာန်မာနကြောင့် ဒေါသထွက်သွားသော ကောင်းကင်ဘုံ တာအို၏ မျက်လုံးတော်သည် သုံးလောကလုံးကို တုန်လှုပ်စေသော ဟိန်းဟောက်သံကြီးကို ထုတ်ဖော်လိုက်သည်
နောက်ဆုံးအဆင့် ဝိညာဉ်ဖျက်ဆီးခြင်းဆိုင်ရာ ကောင်းကင်မိုးကြိုးသည် ၎င်းအတွင်း၌ ပြင်းထန်စွာ စုစည်းလာတော့သည်။
စွန်ဝူခုန်းသည် ၎င်းကို ဆက်ကြည့်မနေတော့ပေ။ သူသည် နောက်သို့လှည့်ကာ ပျက်စီးနေသော အရိုးဖြူတော်တန်းကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီး သူ၏ အပေါင်းအပါဟောင်းများကိုလည်း တစ်ချက်ကြည့်လိုက်သည်။
"ဟဲဟဲ"
သူသည် လှောင်ပြောင်စွာ ရယ်မောလိုက်သည်။
သူသည် ခြေဖြင့် မြေကြီးကို ဆောင့်နင်းလိုက်ကာ လေထဲသို့ ပျံတက်သွားတော့သည်
သူသည် ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲမသွားပေ။
ထိုအစား ပျက်စီးခြင်းဆိုင်ရာ မိစ္ဆာအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်
ထိုမိစ္ဆာအလင်းတန်းသည် အရှေ့ဘက် တန်မင်းဆက် တိုင်းပြည်ဆီသို့လည်း မဟုတ် အနောက်ဘက် နိဗ္ဗာန်ဘုံဆီသို့လည်း မဟုတ်ဘဲ မိစ္ဆာစွမ်းအင်များ အစွမ်းထက်ဆုံးနှင့် စည်းကမ်းမဲ့ဆုံး ဖြစ်သော မြောက်ဘက်တိုင်ပြည်ဆီသို့ ဦးတည်ကာ အရိပ်အယောင်မရှိ ပျောက်ကွယ်သွားတော့သည်။
"ဝုန်း"
ကောင်းကင်ယံထက်တွင် မိုးကြိုးမျက်လုံးတော်သည် ဒေါသတကြီးဖြင့် ထွက်ခွာသွားသော မိစ္ဆာအလင်းတန်းကို ပစ်မှတ်ထားကာ မနားတမ်း လိုက်လံတိုက်ခိုက်ပါတော့သည်။
သုံးလောကလုံးကို လွှမ်းခြုံမည့် အမဲလိုက်ပွဲကြီး စတင်ပြီဖြစ်သည်။