အခန်း (၉၉) - လန်ယာမောလ်
ထျန်းကျွယ်ကျွန်း။
ဝမ်မုသည် ကုလားထိုင်ပေါ်တွင်ထိုင်ရင်း ဖိုရမ် ကို ကြည့်ရှုနေသည်။
ဖိုရမ်ပေါ်တွင် ချိတ်ဆွဲထားသော “မြောက်ပိုင်းအမှောင်ထု ဓားနတ်ဘုရား၏ ဓားလမ်းစဉ် အခြေခံပိုင်း ဆန်းစစ်ချက်” ဆောင်းပါးမှာ ကြည့်ရှုသူ နှင့် ကြိုက်နှစ်သက်သူ အရေအတွက်မှာ ဆယ်သန်းကျော်သွားပြီ ဖြစ်သည်။ ဖိုရမ်ထဲသို့ ဝင်လာသူတိုင်း ဓားလမ်းစဉ် ကျင့်ကြံသည်ဖြစ်စေ၊ မကျင့်သည်ဖြစ်စေ ဤဆောင်းပါးကို မဖတ်ဘဲ မနေနိုင်ကြပေ။
အကြောင်းမှာ၎င်းသည် ဓားနတ်ဘုရားကိုယ်တိုင်၏ သိမြင်နားလည်မှုများ ဖြစ်နေသောကြောင့်ပင်။ ဓားလမ်းစဉ်နှင့် မသက်ဆိုင်သူများပင်လျှင် နောင်တစ်ချိန်တွင် “ငါ ဓားနတ်ဘုရားရဲ့လမ်းညွှန်ချက်ကို ဖတ်ဖူးတယ်” ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောနိုင်ရန်အတွက် ဖတ်ရှုကြခြင်း ဖြစ်သည်။
ဆောင်းပါးအောက်တွင် မှတ်ချက်များမှာလည်း တညီတညွတ်တည်း ရှိနေကြသည်။
* : ဓားနတ်ဘုရား၏လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါသည်၊ အကျိုးကျေးဇူးကတော့ အတိုင်းအဆမရှိပါပဲ။
* : ဓားနတ်ဘုရားကို ကျေးဇူးတင်ပါတယ်။
* : ကျွန်တော် ဓားနတ်ဘုရားရဲ့ရုပ်တုကို ထုလုပ်ပြီး နေ့စဉ် အမွှေးနံ့သာတွေနဲ့ ပူဇော်နေပါတယ်။
သို့သော် တကယ့်လက်တွေ့တွင် လူကြိုက်အများဆုံး ဆောင်းပါးများမှာ သန့်စင်ရာနယ်မြေမှ အကြီးအကဲများ၏ဆောင်းပါးများ မဟုတ်ဘဲ လီယွမ်ဟွားကဲ့သို့သော ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူများ၏ ဆောင်းပါးများ ဖြစ်နေသည်။
ဥပမာအားဖြင့် - “အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်မှာ သွေးလေချောက်ချားတာက ကြောက်စရာမဟုတ်ပါ၊ ဖြေရှင်းနည်း ၈၈ မျိုး ရှိပါတယ်” ဆိုသည့် ဆောင်းပါးမှာ ကျင့်ကြံသူများ၏ အသက်ဘေးကို တကယ်ကယ်တင်ပေးနိုင်သဖြင့် အောက်ခြေကျင့်ကြံသူများက ကျေးဇူးတင်လွန်း၍ မျက်ရည်ပင် ကျရသည့်အထိ ဖြစ်နေကြသည်။
သန့်စင်ရာနယ်မြေမှ အကြီးအကဲများမှာမူ သူတို့၏ အဆင့်အတန်းကြောင့် ရေးသားချက်များမှာ နက်နဲလွန်းလှသဖြင့် အောက်ခြေကျင့်ကြံသူများ နားလည်ရန် ခက်ခဲနေကြသည်။
အထူးသဖြင့် သတ္တဝါအပေါင်းနန်းဆောင်မှ အကြီးအကဲ၏ ဆောင်းပါးမှာ စာလုံးရေ ၄၀၀ သာရှိပြီး ရှေးဟောင်းကျမ်းစာများမှ ထုတ်နုတ်ထားသဖြင့် သာမန်လူများ ဖတ်ရန်ပင် မလွယ်ကူပေ။
“သခင်လေး”
အနီရောင်ဂါဝန်ကို ဝတ်ဆင်ထားသော တင်းတင်းသည် သစ်ရွက်ကြွေများကြားမှ လမ်းလျှောက်လာရင်း ဝမ်မုထံသို့ ရောက်လာသည်။
“ဌာနချုပ်က စာရင်းဇယားတွေ ထွက်လာပါပြီ”
“ဘယ်လိုရှိလဲ”
“အသုံးပြုသူ ၉၀ ရာခိုင်နှုန်းကျော်က အွန်လိုင်းမှာ အချိန်အကြာကြီး သုံးစွဲနေကြပေမဲ့ ကိုယ်တိုင် ဆောင်းပါးအသစ်တွေ ရေးတာတော့ အရမ်းနည်းနေပါသေးတယ်။ ၈၀ ရာခိုင်နှုန်းကျော်က သူများရေးတာကို ဖတ်ရုံပဲ လုပ်နေကြတာပါ”
ဝမ်မုက ခေါင်းညိတ်လိုက်သည် - “ဒါက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ငါ့အမေနဲ့ အကြီးအကဲတွေက အစောဆုံးရေးလိုက်ကြတာဆိုတော့ သာမန်ကျင့်ကြံသူတွေက သူတို့ရှေ့မှာ စကားပြောဖို့ ရှိန်နေကြတာလေ။”
ဝမ်မုသည် လူတိုင်း လွတ်လပ်စွာ ပါဝင်နိုင်မည့် အွန်လိုင်းဝင်္ကပါအစီအရင်တစ်ခုကို တည်ဆောက်လိုခြင်း ဖြစ်သည်။ လန်ယာ ဆက်သွယ်ရေးအဆောင်ကို မသုံးစွဲသူများမှာ ခေတ်နောက်ကျသူများ ဖြစ်သွားစေရန် သူ ရည်ရွယ်ထားသည်။
ဝမ်မုနှင့် တင်းတင်းတို့သည် လန်ယာကုန်သည်အဖွဲ့၏ လျှို့ဝှက်တားမြစ်နယ်မြေတစ်ခုသို့ ရောက်ရှိလာကြသည်။
ထိုနေရာတွင် ဝင်္ကပါအစီအရင်များစွာဖြင့် ကာကွယ်ထားပြီး အလွန်ကြီးမားသော အဆောက်အဦးတစ်ခု ရှိနေသည်။
“ဒါက ငါတို့လန်ယာ ဆက်သွယ်ရေးအဆောင်ရဲ့ ထိန်းချုပ်ထားတဲ့နေရာလား”
“သခင်လေး ပြောတဲ့အတိုင်းဆိုရင် ဟုတ်ပါတယ်”
ထိုအဆောက်အဦးအတွင်းတွင် မြောက်များလှသော ရှုန်းသင်္ကေတများနှင့် ဝင်္ကပါအစီအရင်များက အဆက်မပြတ် အလုပ်လုပ်နေကြသည်။
၎င်းသည် ဆက်သွယ်ရေး အချက်အလက်များကို ပေးပို့ထိန်းချုပ်သည့် အဓိကဗဟိုချက် ဖြစ်သည်။
ထိုနေရာ၌ ရှယောင်ယောင် နှင့်အတူ ထူးခြားသော ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိနေသည် -သူကတော့ ဝင်္ကပါနန်းဆောင်အကြီးအကဲ၏ တပည့်ရင်းဖြစ်သူ ဆူးဟုန်ယွမ်ပင် ဖြစ်သည်။
ဆူးဟုန်ယွမ်သည် ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်တစ်ဦး ဖြစ်သော်လည်း ဝမ်မုကို မြင်သောအခါ အလွန်ပင် ရိုသေလေးစားစွာဖြင့် နှုတ်ဆက်လိုက်တော့သည်။
“သခင်လေးဝမ်”
“စီနီယာအစ်ကိုဆူးရဲ့ ပါရမီအကြောင်း ကြားဖူးပါတယ်၊ အခုလို တွေ့ရတာ ဝမ်းသာပါတယ်”
ဆူးဟုန်ယွမ်က ခါးသက်သက် ပြုံးလိုက်ရင်း - “မပြောပါနဲ့ သခင်လေးရယ်... သခင်လေးရဲ့ ရှေ့မှာတော့ ကျွန်တော့်ရဲ့ဒီပါရမီလေးက ဘာမှ မဟုတ်ပါဘူး”
ထိုစကားကြောင့်ဝမ်မုမှာအနည်းငယ်အံ့ဩသွားရတော့သည်။