အခန်း (၉၈) မြန်မြန်... မင်းရဲ့ဆရာသင်္ချိုင်းကို မီးရှို့လိုက်တော့
အဂ္ဂိရတ် ဖော်စပ်သည့် အခန်းတစ်ခုအတွင်း၌...
ဝုန်း
ဆေးမီးဖို ပေါက်ကွဲသွားသဖြင့် အသံ ထွက်လာခြင်းဖြစ်သည်။ ကောင်းကင်သို့ လွင့်တက်သွားသော မီးခိုးများကြားမှ လူအိုကြီးတစ်ဦးသည် မျက်နှာတစ်ခုလုံး မည်းမှောင်ကာ ပါးစပ်မှ မီးခိုးများထွက်လျက် လမ်းလျှောက်ထွက်လာခဲ့သည်။
“ဒီ ဟန်ယင်ဆေးလုံးက တကယ်ကို ဖော်စပ်ရခက်တာပဲ ယင်နဲ့ယန် စွမ်းအင်တွေကို ထိန်းညှိဖို့က အရမ်းကို ခက်ခဲလွန်းတယ်...” လူအိုကြီးသည် ဖရိုဖရဲဖြစ်နေသော အခန်းကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
“ဆရာ... ဆရာ”
အဝေးမှ တက်ကြွလှပသော မိန်းကလေးတစ်ဦးသည် စိတ်လှုပ်ရှားစွာဖြင့် ပြေးလာသည်။
“သရဲခေါ်နေတာလား အော်မနေနဲ့” လူအိုကြီးက စိတ်တိုတိုဖြင့် ပြောလိုက်သည်။
“အို... ဆရာ၊ ဆေးဖိုက နောက်တစ်ခါ ထပ်ပေါက်ပြန်ပြီလား” မိန်းကလေးက မြင်ကွင်းကို ကြည့်ကာ မပြောဘဲ မနေနိုင်တော့ပေ။
“ဘာ နောက်တစ်ခါလဲ ငါက အကြိမ်အနည်းငယ်ပဲ ပေါက်သေးတာပါ ဟုတ်ပြီလား”
“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ၄၅ ကြိမ်မြောက် ရှိပါပြီ...” မိန်းကလေးက နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
လူအိုကြီး၏မျက်နှာမှာ ပို၍ပင်မည်းမှောင်သွားတော့သည်။
မိန်းကလေးက ဆက်ပြောသည် - “ဆရာ... ဒီလောက်ပင်ပန်းနေတာ၊ တခြားတစ်ယောက်ဆီကနေ သင်ယူကြည့်ပါလား”
“သင်ယူရမယ် ငါ့ရဲ့ဆရာက ကွယ်လွန်သွားတာ ကြာပြီလေ။ ငါ့ရဲ့ အဂ္ဂိရတ်ပညာက သူ့ထက်တောင် သာနေပြီ၊ ဘယ်သူက ငါ့ကို သင်ပေးနိုင်မှာလဲ”
“ဆရာဘိုးဘိုးက မသင်နိုင်ပေမဲ့ တခြားသူတွေ ရှိသေးတယ်လေ။ ဥပမာ... မြောက်ပိုင်းအမှောင်အထု သန့်စင်ရာနယ်မြေက ထျန်းတန်းအကြီးအကဲလိုမျိုးပေါ့။”
လူအိုကြီးမှာ ဆွံ့အသွားပြီး မိန်းကလေး၏ ခေါင်းပေါ်သို့ မည်းနက်နေသော လက်ဖြင့် အုပ်လိုက်သဖြင့် လက်ရာကြီး ထင်ကျန်ရစ်ခဲ့သည်။
“အဂ္ဂိရတ်လောကမှာ ထျန်းတန်း အကြီးအကဲဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ မြောက်ပိုင်းဒေသတစ်ခုလုံးမှာ သူ့ကိုယှဉ်နိုင်တဲ့သူ အနည်းငယ်ပဲ ရှိတယ်။ သူက ဆေးလုံးနတ်ဘုရားလို့ ခေါ်ထိုက်သူပဲ။ ငါ့လိုလူကို သူက ဘယ်လိုလုပ် လာသင်ပေးမှာလဲ”
“ကျွန်မ နောက်နေတာ မဟုတ်ပါဘူး ဆရာရဲ့ ဒီမှာ ကြည့်လိုက်ပါဦး” မိန်းကလေးက ဆက်သွယ်ရေးအဆောင်ကို ထုတ်ကာ ဖိုရမ်ကို ဖွင့်ပြလိုက်သည်။
လူအိုကြီးသည် သံသယဖြင့် ကြည့်လိုက်ရာ “အဂ္ဂိရတ်ပညာ - မင်း တကယ်ပဲ အပေါက်ဝကို ရောက်ပြီလား” ဟူသော ဆောင်းပါးကို တွေ့လိုက်ရသည်။
ပထမတွင် သူသည် ဒေါသထွက်သွားသော်လည်း ဆက်လက်ဖတ်ရှုရင်း သူ၏ မျက်နှာရိပ်မှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
မျက်လုံးများမှာ အရောင်တောက်လာပြီး တုန်လှုပ်ချောက်ချားစွာဖြင့် အော်ဟစ်လိုက်မိသည် - “ဒီစာကို ဘယ်သူရေးတာလဲ ဒါက ငါ့တစ်သက်မှာ မြင်ဖူးသမျှ အနက်ရှိုင်းဆုံး သိမြင်မှုပဲ”
“အောက်မှာ နာမည်ပါပါတယ် ဆရာ၊ ကြည့်လိုက်ဦး”
“ထျန်းတန်း... ထျန်းတန်း”
လူအိုကြီးသည် အော်ဟစ်လိုက်ရင်း တစ်ကိုယ်လုံး တုန်ယင်လာသည်။ သူသည် အိပ်မက်မက်နေသည်လား ထျန်းတန်း အကြီးအကဲ၏ဆေးလုံးဖော်စပ်မှု အတွေ့အကြုံများကို သူကိုယ်တိုင် ဖတ်နေရခြင်း ဖြစ်သည်။ သူသည် ချက်ချင်းပင် ဆေးမီးဖိုအသစ်တစ်လုံးကို ထုတ်ကာ စမ်းသပ်ဖော်စပ်တော့သည်။
နှစ်နာရီခန့်အကြာတွင်... ဆေးဖိုပွင့်လာပြီး အလွန်မွှေးကြိုင်လှသော ဆေးလုံးနံ့များ ထွက်ပေါ်လာသည်။
“ဟားဟားဟား... ငါ အောင်မြင်ပြီ ကျေးဇူးတင်ပါတယ် ထျန်းတန်း အကြီးအကဲ... ကျေးဇူးတင်ပါတယ် လန်ယာဖိုရမ်... ဟားဟားဟား”
လူအိုကြီးသည် ရူးသွပ်သွားသကဲ့သို့ ဖိနပ်ပင်မပါဘဲ ပြေးထွက်လာကာ - “မြန်မြန်... မြန်မြန် တပည့်မလေး မင်းရဲ့ဆရာဘိုးဘိုး သင်္ချိုင်းကို သွားပြီး မီးရှို့လိုက်တော့ ဒီလောက်ကြီးမားတဲ့ ကံကောင်းမှုကြီးက ငါ့ရဲ့ အသက်ကို တိုစေလိမ့်မယ်၊ ဆရာဘိုးဘိုးကိုပဲ အဲဒီကံတရားရဲ့ ဝန်ထုပ်ဝန်ပိုးကို ကူထမ်းခိုင်းရမယ်”
အခြားတစ်နေရာ၊ တောနက်ကြီးတစ်ခုအတွင်း၌...
ဆေးပင်ရှာဖွေရေး အဖွဲ့တစ်ဖွဲ့သည် မိုးတိမ်အိပ်မက်မှိုဟု ထင်ရသော မှိုတစ်မျိုးကို တွေ့ရှိခဲ့သည်။
သို့သော် အဖွဲ့ခေါင်းဆောင်က ၎င်းသည် အမြင်မှားအိပ်မက်မှို နှင့် ဆင်တူသဖြင့် အဆိပ်မိနိုင်ကြောင်း တားဆီးထားသည်။
ထိုအမျိုးအစား နှစ်ခုကို မည်သို့ ခွဲခြားရမည်ကို ရှေးဟောင်းကျမ်းစာများတွင် မပါရှိသဖြင့် သူတို့မှာ လက်လွှတ်ရတော့မည့် အခြေအနေသို့ ရောက်နေသည်။
ထိုစဉ် အဖွဲ့ဝင်လူငယ်တစ်ဦးက - “ကျွန်တော် တစ်ချက်လောက် စမ်းကြည့်ပါရစေ” ဟု ဆိုကာ ဆက်သွယ်ရေးအဆောင်ရှိ လန်ယာဖိုရမ်သို့ ဝင်လိုက်သည်။
သူသည် နတ်မင်းလက်ရာကဏ္ဍရှိ ဆေးပင်ခေါင်းစဉ်အောက်တွင် ရှာဖွေလိုက်ရာ မျက်နှာပြင်ပေါ်၌ ထင်ထင်ရှားရှား ပေါ်လာသည်မှာ — “မိုးတိမ်အိပ်မက်မှို နှင့် အမြင်မှားအိပ်မက် မှို တို့ကို မည်သို့ ခွဲခြားမည်နည်း” ဟူသော ဆောင်းပါးပင် ဖြစ်ပါတော့သည်။