အခန်း (၉၇) - သွေးလေချောက်ချားခြင်း၊
မှောင်မိုက်သော ညဦးယံ၌...
တိတ်ဆိတ်သော အခန်းတစ်ခုအတွင်းတွင် ကျင့်ကြံသူတစ်ဦးသည် တရားထိုင်နေပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင်စွမ်းအင် အလင်းတန်းလေးများ လှည့်ပတ်နေသည်။
ရုတ်တရက် သူ၏အသက်ရှူသံများ မြန်ဆန်လာကာ အေးချမ်းနေသော မျက်နှာမှာ နာကျင်မှုကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားပြီး ခန္ဓာကိုယ်မှ အရှိန်အဝါများမှာလည်း ပြင်းထန်စွာ တုန်ခါလာတော့သည်။
“မကောင်းတော့ဘူး”
သူသည် သွေးရောင်လွှမ်းနေသော မျက်လုံးများကို ဖြတ်ခနဲ ဖွင့်လိုက်သည်။ ပါးစပ်မှ သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီး မျက်နှာမှာ ဖြူလျော်သွားကာ အရှိန်အဝါများမှာလည်း သိသိသာသာဆုတ်ယုတ်သွားတော့သည်။ သူသည် ခဏချင်းအတွင်းမှာပင် အသက်ကြီးသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။
သူ၏အမည်မှာ ဟန်ယီဖြစ်သည်။ သူသည် ကျန်းယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိနေသူဖြစ်သည်။
ဤကျွန်းပေါ်တွင် သူ၏ဂိုဏ်းနှင့် အင်အားတူ ဂိုဏ်းနှစ်ခု ရှိနေပြီး တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်နေကြသည်မှာ နှစ်ပေါင်းတစ်ရာကျော် ရှိပြီဖြစ်သည်။ ဟန်ယီသည် အခြားနေရာမှ ရွှေအမြုတေဆေးလုံးကို တန်ဖိုးကြီးစွာ ဝယ်ယူနိုင်ခဲ့သဖြင့် အောင်မြင်စွာ အဆင့်တက်နိုင်ပါက ဤကျွန်း၏တစ်ဦးတည်းသော အရှင်သခင် ဖြစ်လာတော့မည်ဖြစ်သည်။
သို့သော် သူ မမျှော်လင့်ထားသည်မှာ သူသောက်လိုက်သော ဆေးလုံးမှာ ပြဿနာရှိနေခြင်းပင်။ တစ်စုံတစ်ယောက်က ဆေးကို ပြုပြင်ထားသဖြင့် သူသည် အဆင့်မတက်နိုင်သည့်အပြင် သွေးလေချောက်ချားက အကြောများ ပျက်စီးပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်သွားခဲ့သည်။
“ဘယ်သူလဲ ဘယ်သူ လုပ်တာလဲ”
သူ၏ စိတ်ထဲတွင် လူတစ်ယောက်ကို ချက်ချင်း မြင်ယောင်လာသည် သူ၏အကြီးဆုံးတပည့် သူကိုယ်တိုင် ငယ်စဉ်ကတည်းက မွေးစားပြီး သားအရင်းကဲ့သို့ ပြုစုပျိုးထောင်ခဲ့သူပင်။ ဆေးလုံးကိုလည်း ထိုတပည့်ကပင် သွားရောက်ဝယ်ယူပြီး ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ဟန်ယီသည် သစ္စာဖောက်ခံရမှုကြောင့် ရင်ထဲတွင် အေးစက်သွားရရုံသာမက နက်ဖြန်အတွက်လည်း စိုးရိမ်နေမိသည်။
ယခု သူ အင်အားချည့်နဲ့နေချိန်တွင် ထိုတပည့်က ပြင်ပလူများနှင့် ပေါင်းကြံပါက ကျန်းယွမ်ဂိုဏ်းမှာ နက်ဖြန်တွင် အမြစ်ပြတ်သွားတော့မည်ဖြစ်သည်။
ထိုစဉ်မှာပင် သူ၏ဘေးနားမှ အလင်းတစ်ခု လင်းလာသည်။ ကြည့်လိုက်ရာ သူ၏အပြာရောင်နဂါးအဆင့်လန်ယာ ဆက်သွယ်ရေး စာချွန်လွှာမှ ဖြစ်နေသည်။
စာချွန်လွှာပေါ်တွင် အဆင့်မြှင့်တင်နေသည် ဟူသော စာတန်းပေါ်လာပြီးနောက် ပြန်လည်ပွင့်လာခဲ့သည်။
သူသည် သေရတော့မည့် အချိန်ရောက်နေပြီဟု တွေးကာ စိတ်ပျက်လက်ပျက်ဖြင့် ထိုအဆောင်ပေါ်ရှိ လန်ယာဖိုရမ်ဆိုသည် ခလုတ်ကို နှိပ်လိုက်မိသည်။
ဖိုရမ်ပွင့်လာသည်နှင့် သူ၏မျက်လုံးများ ပြူးသွားရသည့် စာသားတစ်ခုကို မြင်လိုက်ရသည် - “မြောက်ပိုင်းအမှောင်ထု ဓားနတ်ဘုရား၏ဓားလမ်းစဉ် အခြေခံပိုင်း ဆန်းစစ်ချက်”
ဓားနတ်ဘုရား မြောက်ပိုင်းပင်လယ်ကို စိုးမိုးထားသော မြေကမ္ဘာနတ်မင်းအဆင့်ပုဂ္ဂိုလ်ကြီး။
ဟန်ယီသည် ထိုဆောင်းပါးကို ဖတ်ကြည့်ရာ အလွန်ပင်အဖိုးတန်လှသော ဓားလမ်းစဉ် သီအိုရီများကို တွေ့လိုက်ရသည်။
ဤအရာကို လေလံတင်မည်ဆိုလျှင် သိန်းသန်းချီ တန်ဖိုးရှိမည့် အရာမျိုးဖြစ်သည်။ သို့သော် ယခု သူ၏အသက်အန္တရာယ်ကို ထိုအရာက မကယ်နိုင်ပေ။
ထိုဆောင်းပါး၏ အောက်ဘက်သို့ ထပ်ကြည့်လိုက်ရာ အခြားဆောင်းပါးတစ်ခုကို တွေ့လိုက်ရပြန်သည် “အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်မှာ သွေးလေချောက်ချားတာက ကြောက်စာရာမဟုတ်ပါ၊ ဖြေရှင်းနည်း ၈၈ မျိုး ရှိပါတယ်”
၈၈ မျိုးတောင်လား စာရေးသူအမည်ကို ကြည့်လိုက်ရာ - ယွမ်ဟွားတရားမင်း
တရားမင်းဆိုသည်မှာ 'ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ပုဂ္ဂိုလ်ကြီး မဟုတ်ပါလား။
ဟန်ယီ၏မျက်လုံးများမှာ သေခါနီး လူတစ်ယောက်၏ နောက်ဆုံးအားကဲ့သို့ တောက်ပလာကာ ဆောင်းပါးပါ အချက်အလက်များကို အသေးစိတ် ဖတ်ရှုလိုက်သည်။
ရှင်းလင်းလွယ်ကူသော ရေးသားချက်များကြောင့် သူသည် ချက်ချင်းပင် နားလည်သွားပြီး ထိုနည်းလမ်းအတိုင်း စတင်ကျင့်ကြံကာ ဒဏ်ရာများကို ပြုပြင်တော့သည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ... သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများမှာ ပြန်လည် ပြည့်ဖြိုးလာရုံသာမက ပိုမို ပြင်းထန်လာခဲ့သည်။
သူ၏ ဦးခေါင်းပေါ်တွင် လပြည့်ဝန်းကဲ့သို့ ဝိုင်းစက်နေသော ရွှေအမြုတေတစ်ခု စတင်ဖြစ်ပေါ်လာပြီး သူ၏ကိုယ်ထဲသို့ ငုပ်လျှိုးဝင်ရောက်သွားတော့သည်။
ဝုန်း
ပြင်းထန်လှသော စွမ်းအင်များကြောင့် သူ တရားထိုင်နေသည့် အခန်းမှာ ပြိုကျပျက်စီးသွားခဲ့သည်။ ဟန်ယီသည် လေထဲသို့ ပျံတက်သွားပြီး အေးစက်သော မျက်လုံးများဖြင့် အောက်သို့ ကြည့်လိုက်ရာအခန်းအပျက်အစီးဘေးတွင် သူ့ကို မယုံကြည်နိုင်လောက်အောင် ကြည့်နေသည့် တပည့်အချို့ကို တွေ့လိုက်ရသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
“မသေတဲ့အပြင် အဆင့်ပါ တက်သွားတာလား”
ဟန်ယီကသူ၏အကြီးဆုံးတပည့်ကိုအေးစက်စွာကြည့်ရင်းပြောလိုက်သည် “မင်းလုပ်ခဲ့တဲ့အမှားတစ်ခုကငါ့မွေးနေ့မှာဒီလန်ယာဆက်သွယ်ရေးအဆောင်ကိုလက်ဆောင်ပေးခဲ့တာပဲ”