အခန်း (၉၃) - လန်ယာဖိုရမ်
"အို"
ဝမ်မုသည် အလွန်ဝမ်းသာသွားကာ လက်လှမ်းလိုက်ရင်း - "နမူနာလား ငါ့ကို ကြည့်ပါဦး"
"ရှိပါတယ် သခင်လေး"
တင်းတင်းက ရှယောင်ယောင်ပို့ပေးလိုက်သည့် ဆက်သွယ်ရေးအဆောင်အသစ်ကို ကမ်းပေးလိုက်သည်။
ဝမ်မု ကြည့်လိုက်ရာ ဆက်သွယ်ရေးခလုတ်လေး၏ ဘေးတွင် ခလုတ်အသစ်တစ်ခု ပေါ်နေသည်ကို တွေ့ရသည်။
"လန်ယာမောလ်"
သူသည် ထိုခလုတ်ကိုနှိပ်၍ စတင်စစ်ဆေးကြည့်သည်။ လောလောဆယ်တွင် လန်ယာမောလ်မှာ အရိုးစုအဆင့်သာ ရှိသေးသော်လည်း အခြေခံကဏ္ဍများဖြစ်သော ကုန်ပစ္စည်း စာမျက်နှာများ၊ အမျိုးအစား ခွဲခြားမှုများ၊ ကုန်ပစ္စည်းခြေရာခံစနစ်နှင့် အသုံးပြုသူ၏ ကိုယ်ရေးမှတ်တမ်း စသည်တို့မှာ နေရာတကျရှိနေပြီ ဖြစ်သည်။
သို့သော် ချို့ယွင်းချက်များစွာ ကျန်ရှိနေသေးသည်။ ထိန်းချုပ်သည့် ခလုတ်များမှာ ရှုပ်ထွေးနေပြီး၊ အပြင်အဆင်မှာလည်း ဖရိုဖရဲ ဖြစ်နေသည့်အပြင် စတင်အသုံးပြုသူများအတွက် လမ်းညွှန်ချက်လည်း မရှိသေးပေ။
ဝမ်မုသည် ရှယောင်ယောင်ထံ ဆက်သွယ်လိုက်ပြီး ပြင်ဆင်ရန် လိုအပ်သည့် အချက်များကို တစ်ခုမကျန် စာရင်းပြုစု၍ ပြောပြလိုက်သည်။ သူပြောပြီးချိန်တွင် ရှယောင်ယောင်မှာ ခေါင်းပင် မူးနောက်သွားတော့သည်။
"ဒီလောက်တောင် ပြဿနာတွေ များတာလား" သူမက မကျေမနပ်ဖြင့် မျက်လုံးအပြူးသား ကြည့်ကာ - "ဒါတွေက သေးသေးမွှားမွှား အသေးစိတ် အချက်အလက်တွေပဲဟာကို"
ဝမ်မုက ခေါင်းခါပြလိုက်သည် -"အသေးစိတ် အချက်အလက်တွေက အောင်မြင်မှုနဲ့ ကျရှုံးမှုကို ဆုံးဖြတ်ပေးတာပါ။ မင်းရဲ့ဒီဇိုင်းက အရမ်းရှုပ်ထွေးပြီး... ကြွားလုံးထုတ်လွန်းတယ်။ လုပ်ဆောင်ချက်တွေ အစုံအလင် ရှိဖို့အပြင် ဒီအစီအရင်ရဲ့ အရေးကြီးဆုံး အချက်က ရိုးရှင်းဖို့ပဲ လူတွေက ကြည့်လိုက်တာနဲ့ ဒါကဘာလုပ်တာလဲ ဘယ်လိုစသုံးရမလဲဆိုတာ တန်းသိနေရမယ်။"
ဤကမ္ဘာမှ လူများသည် ထိုကဲ့သို့ အရာမျိုးကို တစ်ခါမှ မကြုံဖူးကြသဖြင့် သူတို့ ချက်ချင်း နားလည်စေရန် အခြေခံ အချက်အလက်များအထိ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
ရှယောင်ယောင် "ကောင်းပါပြီ၊ နင်က ပိုက်ဆံပေးတဲ့သူဆိုတော့ နင်ပြောသမျှပဲပေါ့"
သူမက နှုတ်ခမ်းဆူလိုက်သော်လည်း ဝမ်မုက သူမ၏စိတ်အခြေအနေကို ရိပ်မိသဖြင့် ပြုံးကာ ချော့လိုက်သည် - "စီနီယာအစ်မယောင်ယောင်... မင်းက ငါတွေ့ဖူးသမျှထဲမှာ ပါရမီအရှိဆုံး၊ အလှဆုံး လက်နက်ဆရာမလေးပဲ။ ပြီးတော့ အရမ်းလည်း ထက်မြက်တယ်။
တကယ်တော့ ပထမဆုံးအကြိမ်မှာတင် ဒီအဆင့်ထိရောက်အောင် လုပ်နိုင်တာကို ငါတကယ် အံ့ဩမိတာပါ။ တကယ့်ကို လက်နက်သန့်စင်ရေး နန်းဆောင်ရဲ့ နံပါတ်တစ် ပါရမီရှင်ဆိုတာ အမည်နဲ့ လိုက်ဖက်ပါပေတယ်"
ထိုစကားကြောင့် ရှယောင်ယောင်၏ မျက်လုံးများ အရွှန်းလက်သွားကာ သူမက အေးစက်စက် လေသံဖြင့် ပြန်ပြောသည်။
"စကားအချိုတွေနဲ့ လာမဖြားယောင်းနဲ့။ ငါက လက်နက်သန့်စင်တာကို အလေးအနက်ထားတာ၊ နင် မချီးကျူးလည်း ငါပြင်မှာပဲ"
"ဒါပေါ့" ဝမ်မုက ရယ်မောလိုက်သည် - "မင်းရဲ့ အခြေခံအဆောက်အအုံက ခိုင်မာနေပြီ ကျန်တာကို တခြားသူတွေကို လွှဲပေးလို့ရပြီ။"
"ဘယ်သူ့ကိုလဲ"
"နောက်ရက်အနည်းငယ်မှာ လန်ယာကုန်သည်အဖွဲ့ကဋ္ဌာနတစ်ခုကိုသီးသန့် ဖွဲ့စည်းလိမ့်မယ်။ အဲဒီမှာ ဝါရင့် လက်နက်ဆရာတွေနဲ့ ဝင်္ကပါအစီအရင်ဆရာတွေ ပါဝင်လိမ့်မယ်။ စီနီယာအစ်မက အဲဒီဌာနရဲ့ အကြီးအကဲအဖြစ် တာဝန်ယူပြီး ကျန်တဲ့ အလုပ်တွေကို သူတို့ကို ခိုင်းလိုက်လို့ရတယ်"
ရှယောင်ယောင်က မျက်မှောင်ကြုတ်လိုက်ကာ "သူတို့ကို လွှဲလိုက်ရင် အချိန်ပိုကြာသွားမှာပေါ့။"
ဝမ်မုက ခေါင်းညိတ်ပြသည် - "မလောပါနဲ့။ လန်ယာမောလ်က မဖွင့်ခင် ပြင်ဆင်စရာတွေ အများကြီး ရှိသေးတယ်။ အခု လောလောဆယ် ပိုအရေးကြီးတဲ့ အရာတစ်ခု ရှိသေးတယ်၊ အဲဒါကတော့ လှပပြီး ဉာဏ်ကောင်းတဲ့ စီနီယာအစ်မကိုယ်တိုင်မှ ဖြစ်မှာပါ။"
"ဘာလဲ"
"လန်ယာဖိုရမ်" ဝမ်ရှုက ပြုံးလျက် ပြောလိုက်သည် - "ဒါက အစီအရင်အသစ်တစ်ခုပဲ မောလ်ထက် အများကြီး ပိုရိုးရှင်းတယ်။ မင်းရဲ့ အတွေ့အကြုံနဲ့ဆိုရက်ပိုင်းအတွင်း ပြီးမှာပါ။ အရေးကြီးတဲ့ အချက်တွေကို ငါအဆောင် ကနေ ပို့လိုက်မယ် အရင်ကြည့်လိုက်ဦး။"
"သခင်လေး... ဘာလို့ လန်ယာမောလ်ကို တန်းမဖွင့်တာလဲ" ဝမ်မု အဆောင်ကိုသိမ်းလိုက်ပြီးနောက် တင်းတင်းက မနေနိုင်ဘဲ မေးလိုက်သည်။
သူမအတွက်တော့ ဤမောလ်မှာ ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်ပြီး ကုန်သည်အဖွဲ့အတွက် အကျိုးအမြတ် အများကြီး ပေးနိုင်မည့်အရာ ဖြစ်သည်။
"အချိန်မကျသေးလို့ပါ။" ဝမ်မုက အသေးစိတ် မရှင်းပြတော့ပေ။
အွန်လိုင်းမောလ်တစ်ခုအတွက် ဝင်္ကပါအစီအရင်တစ်ခုတည်း ရှိရုံနှင့် မလုံလောက်ပေ။
ကုန်လှောင်ရုံများ၊ နယ်မြေအလိုက် ဖြန့်ဖြူးရေး လမ်းကြောင်းများ၊ တည်ငြိမ်သော ပို့ဆောင်ရေးတပ်ဖွဲ့နှင့် ဝန်ဆောင်မှုပေးနိုင်သည့် လုပ်ဆောင်ချက်များမှာ မရှိမဖြစ် လိုအပ်သည်။
အရေးကြီးဆုံးအချက်မှာ ကုန်သည်ကြီး သုံးဖွဲ့က ဤလုပ်ဆောင်ချက်ကို အလွယ်တကူ ကူးယူကာ ငွေပုံအော၍ စျေးနှုန်းတိုက်ပွဲ ဆင်နွှဲလာပါက လန်ယာအနေဖြင့် ရှုံးနိမ့်သွားနိုင်သောကြောင့် ဖြစ်သည်။ ဝမ်မုသည် အနိုင်မသေချာသော တိုက်ပွဲကို မတိုက်လိုပေ။
ထျန်းကျွယ်ကျွန်းပေါ်ရှိ ခြံဝင်းအတွင်း၌
ရှယောင်ယောင်သည် ဆံပင်များ ဖရိုဖရဲဖြစ်ကာ ခါးထောက်လျက် ဝမ်မုကို စိုက်ကြည့်နေသည် - "ဘာလို့ ဒီလောက် ရှုပ်ထွေးသွားရတာလဲ"
ဝမ်မုက ရယ်မောရင်း သူမကမ်းပေးသည့် အဆောင်ကို ယူလိုက်သည် "ဒါက နင်ရဲ့ဖိုရမ်ကြောင့်ပဲ" ဟု သူမက ဒေါသတကြီး ပြောလိုက်သည်။
သူမသည် လက်နက်သန့်စင်ရေးနန်းဆောင်၏ ထိပ်တန်း ပါရမီရှင်ဖြစ်သဖြင့် သူမ၏ ဂုဏ်သိက္ခာကို ထိန်းလိုသည်။
ပြီးခဲ့သည့်အကြိမ်က ဝမ်မု၏ အပြစ်တင်ခြင်းကို ခံခဲ့ရသဖြင့် ယခုတစ်ကြိမ်တွင် ဝမ်မု စိတ်ကျေနပ်စေရန် အစွမ်းကုန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။