အခန်း (၉၂) - ကုန်သည်အဖွဲ့၏ ကြီးကျယ်သော ပြုပြင်ပြောင်းလဲမှု
နာလန်ရုန်ယွမ်သည် လောကီရေးရာများကို ဂရုမစိုက်သည်မှာ ကြာပြီဖြစ်သည်။ သူမသည် ဥက္ကဋ္ဌ ရာထူးကို ဆုပ်ကိုင်ထားသော်လည်း နေ့စဉ်ကိစ္စအရပ်ရပ်ကို အထွေထွေမန်နေဂျာ ဆယ်ဦးထံသို့သာ လွှဲအပ်ထားပြီး သူမက နောက်ဆုံး အစီရင်ခံစာကိုသာ ကြည့်လေ့ရှိသည်။
သို့သော် သူမ၏ ဉာဏ်ပညာမှာ လျော့ပါးမသွားဘဲ ဝမ်မု၏ စကားအနည်းငယ်ကို ကြားရုံဖြင့်ပင် သူ၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားခဲ့သည်။ ဝမ်မုကလည်း မဖုံးကွယ်ဘဲ ဝန်ခံလိုက်သည်။
အထွေထွေမန်နေဂျာများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် အခြေအနေကို သဘောပေါက်သွားကာ တည်ကြည်သွားကြတော့သည်။ သခင်လေးက အထွေထွေမန်နေဂျာတွေ မလောက်ငတော့ဘူးဟု ပြောခြင်းမှာ အခြားသူများ၏ နယ်မြေထဲသို့ လက်လှမ်းတော့မည် ဖြစ်ကြောင်း သိလိုက်ရခြင်းကြောင့်ပင်။ မန်နေဂျာ ရာနှင့်ချီ၍ လိုအပ်မည်ဆိုလျှင် အခြားသူများဆီမှ စီးပွားရေးလုပ်ငန်း မည်မျှအထိ လုယူရမည်နည်း။
ရန်ဖင်းရှန်းက သခင်လေး၏ စကားမှာ အနည်းငယ် ချဲ့ကားထားသည်ဟု ထင်သော်လည်း သူ၏ရည်မှန်းချက်မှာ သေးငယ်လှသည် မဟုတ်ကြောင်း ခံစားလိုက်ရသည်။
ဝမ်မု၏ အတွေးမှာ ရိုးရှင်းပါသည်။ လက်ရှိ လန်ယာကုန်သည်အဖွဲ့၏ ဖွဲ့စည်းပုံမှာ ယခု အခြေအနေအတွက် အကောင်းဆုံး ဖြစ်နိုင်သော်လည်း နောင်အနာဂတ် တိုးတက်မှုအတွက်မူ အဟန့်အတား ဖြစ်နေသည်။ လန်ယာသည် ဝိညာဉ်လက်နက်၊ ဆေးလုံး၊ သားရဲ၊ ဝင်္ကပါ အစရှိသည့် အရာအားလုံးကို ရောင်းချနေသော်လည်း ထူးခြားချက်မရှိပေ။
သူ၏ လန်ယာတံဆိပ် ဆက်သွယ်ရေးအဆောင်ပေါ်လာမှသာ ကျင့်ကြံသူများ၏ စိတ်ထဲတွင် လန်ယာဆိုလျှင် အရည်အသွေးကောင်းသည်ဟူသော အမှတ်တံဆိပ်စိတ်ကူးတစ်ခု စတင်ဝင်ရောက်လာခြင်း ဖြစ်သည်။
ဝမ်မုလိုချင်သည်မှာ လန်ယာကုန်သည်အဖွဲ့ကို ချောမွေ့နေသော ကျောက်တုံးတစ်တုံးကဲ့သို့ မဟုတ်ဘဲ အခြားကုန်သည်ကြီး သုံးဖွဲ့၏စျေးကွက်ကို ထိုးဖောက်နိုင်မည့် ထက်မြက်သော လက်နက်တစ်ခုအဖြစ် ပြောင်းလဲပစ်ရန် ဖြစ်သည်။
ထို့ကြောင့် သူသည် ဆက်သွယ်ရေးအဆောင် လုပ်ငန်းကိုသာ သီးသန့် လုပ်ဆောင်မည့် ကုမ္ပဏီ သို့မဟုတ် ဌာနတစ်ခုကို ခွဲထုတ်လိုခြင်း ဖြစ်သည်။
“အဘွား... ကျွန်တော့်ကို ယုံပါ...”
ဝမ်မုက အဘွားကို နားချရန် ပြင်ဆင်လိုက်သော်လည်း သူ မမျှော်လင့်ထားဘဲ အဘွားဖြစ်သူက ချက်ချင်းပင် သဘောတူလိုက်သည်။
“ပြဿနာမရှိဘူး။”
“အဘွား... သဘောတူတယ်ပေါ့”
“ဒါပေါ့။” နာလန်ရုန်ယွမ်က မြေးဖြစ်သူကို ကြင်နာစွာ ကြည့်ရင်း ပြုံးလိုက်သည်။
“ငါ့မြေးက ရည်မှန်းချက်ကြီးကြီးနဲ့ အလုပ်လုပ်ချင်နေတာပဲ။ အဘွားတစ်ယောက်အနေနဲ့ ခြွင်းချက်မရှိ ထောက်ခံရမှာပေါ့ မြေးလေး... စိတ်ကြိုက်သာ လုပ်ပါ။ ဘာပဲဖြစ်ဖြစ် အဘွားက မြေးလေးနောက်မှာ ရှိနေမယ်”
ဝမ်မုစိတ်လှုပ်ရှားသွားပြီး - “ကျေးဇူးတင်ပါတယ် အဘွား” ဟုသာ ပြောနိုင်တော့သည်။
ဘေးနားမှ မန်နေဂျာများမှာ ကန့်ကွက်ချင်သော်လည်း ရန်ဖင်းရှန်းက သူတို့ကို တားဆီးလိုက်သည်။ ဥက္ကဋ္ဌ၏ သဘောထားမှာ ပြတ်သားလွန်းလှသဖြင့် ဝမ်မုက ကုန်သည်အဖွဲ့ကြီးကို ဖျက်ဆီးပစ်မည်ဆိုလျှင်ပင် သူမက ခွင့်ပြုမည့် အခြေအနေ ဖြစ်နေသည်။ ထို့အပြင် လွန်ခဲ့သော နှစ်လအတွင်း သခင်လေး၏ စွမ်းဆောင်ရည်ကို ကြည့်ပြီးနောက် သူတို့သည်လည်း ဝမ်မုကို စတင် ယုံကြည်လာကြပြီဖြစ်သည်။
အဘွား၏ခွင့်ပြုချက် ရပြီးနောက် ဝမ်မုသည် သူ ကြိုတင်ပြင်ဆင်ထားသော ပြုပြင်ပြောင်းလဲရေး စီမံချက်ကို ရန်ဖင်းရှန်းတို့ထံ ပေးအပ်လိုက်သည်။
“မန်နေဂျာတို့က ကုန်သည်အဖွဲ့ အခြေအနေကို ကျွန်တော့်ထက် ပိုသိကြပါတယ်။ လူရွေးချယ်တဲ့အပိုင်းမှာ ခင်ဗျားတို့ကိုပဲ အားကိုးရမှာပဲ... တတ်နိုင်သမျှ ထက်မြက်ပြီး စိတ်အားထက်သန်တဲ့ လူငယ်တွေကိုပဲ ရွေးပေးကြပါ”
“ဟုတ်ကဲ့ပါ သခင်လေး ကျုပ်တို့ အကောင်းဆုံး လုပ်ဆောင်သွားပါ့မယ်”
ထိုညတွင် လန်ယာဌာနချုပ်၌ အလွန်ကြီးကျယ်သော စားပွဲသောက်ပွဲကြီး တစ်ခုကို ကျင်းပခဲ့သည်။ နဂါးအမျိုးအနွယ်ဆယ်ကောင်ကို သတ်ဖြတ်၍ နဂါးသား စားပွဲတော်ကြီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဝမ်မုသည် စားကြွင်းစားကျန်များကို လွှင့်မပစ်ဘဲ အောက်ခြေဝန်ထမ်းများအထိ ဝေမျှပေးခဲ့သဖြင့် အဘွားဖြစ်သူက မြေးလေး၏ ကြင်နာတတ်မှုကို ချီးကျူးနေတော့သည်။
စားပွဲသောက်ပွဲအပြီး ဝမ်မု ထျန်းကျွယ်ကျွန်းသို့ ပြန်ရောက်သောအခါ သတင်းကောင်းတစ်ခုကို ကြားလိုက်ရသည်။
“သခင်လေး”
တင်းတင်းက စိတ်လှုပ်ရှားစွာဖြင့် “မမလေး ရှယောင်းယောင်းဆီက သတင်းရပါတယ်။ လန်ယာမောလ်တည်ဆောက်တာ အားလုံးနီးပါး ပြီးစီးသွားပါပြီတဲ့...”