အခန်း (၉) မယိုင်လဲသော သံမဏိစိတ်ဓာတ်ပိုင်ရှင်
လွန်ခဲ့သော နှစ်ပေါင်းသုံးရာခန့်က။
လီယွမ်ဟွာ ကျင့်ကြံခြင်းတွင် ကျင်လည်စဥ်က သူသည် ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် ၏ အစွမ်းထက်ပညာရှင်တစ်ဦး ဖြစ်ပြီး သူ၏ကျော်ကြားမှုမှာ ပင်လယ်ပြင် တစ်သောင်း တိုင်အထိ ဟိန်းခဲ့သည်။
ဤရာစုနှစ် သုံးခုအတွင်းမှာ... သူ နောက်ထပ် ကြီးမားတဲ့ အဆင့်တက်မှုတစ်ခုလုပ်ပြီး မြေကမ္ဘာမသေမျိုးအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာလား။
အကယ်၍သာ အဲဒါအမှန်ဆိုရင်တော့ ဝမ်မိသားစုလို အင်အားကြီးအဖွဲ့အစည်းနဲ့ ရင်ဆိုင်ရရင်တောင် သူ စကားပြောပိုင်ခွင့် ရှိလာလိမ့်မယ်။
လျန်ဘုရင်သည် အလွန်ဝမ်းသာသွားသည်။
သူ၏ခန့်မှန်းချက်မှာ ကွက်တိကျနေသည်ဟု သူခံစားရသည်။ လီမိသားစု... အောင်မြင်တော့မည်။
"ဘိုးဘေးကြီးက တကယ့်ကို အစွမ်းထက်ပါတယ်" လျန်ဘုရင်လီချန်ဟဲ သည် ဒူးထောက်လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
လီယွမ်ဟွာက သူ၏လက်စွပ်ကို ခါလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည် - "လာစမ်း။ ကျွန်းပေါ်က ငယ်ရွယ်ချောမောတဲ့ အမျိုးသမီးအားလုံးကို ခေါ်ခဲ့ပြီး ငါနဲ့အတူ ဝမ်မိသားစုက သခင်လေးကို သွားတွေ့မယ်"
"........"
လီချန်ဟဲ ကြောင်သွားသည်။ ဝမ်သခင်လေးက ကာမရူးအဖြစ် နာမည်ကြီးသူဖြစ်သဖြင့် လီချန်ဟဲသည် အမျိုးသမီးအားလုံးကို ဘေးမသီရန်မခစေရန် မြေအောက် ဖွဲ့စည်းပုံထဲတွင် ဝှက်ထားခဲ့ပြီးသား ဖြစ်သည်။
ဘာလို့ ဘိုးဘေးကြီးက သူတို့ကို ပြန်ထုတ်ခိုင်းနေတာလဲ တိုက်ပွဲစတဲ့အချိန်မှာ ဘေးကနေ အားပေးမယ့်သူတွေရှိရင် ပိုပြီး ခန့်ညားထည်ဝါသွားမှာမလို့လား။
လီချန်ဟဲ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ ဘိုးဘေးကြီးက တကယ့်ကို အမိန့်ပေးနိုင်တဲ့သူပဲ
ဟဲဟဲဟဲ
"မှတ်ထားဦး၊ သူတို့ကို အလှဆုံး အဝတ်အစားတွေ ဝတ်ခိုင်းပြီး အကောင်းဆုံး မိတ်ကပ်တွေ လိမ်းခိုင်းလိုက်"
"စိတ်ချပါ ဘိုးဘေးကြီး၊ ကျွန်တော် နားလည်ပါပြီ။ ဟဲဟဲဟဲ..."
"မင်းရဲ့မိဖုရားနဲ့ မင်းသမီးကိုပါ ခေါ်ခဲ့ဦး" ဟု လီယွမ်ဟွာက ထပ်ဖြည့်ပြောလိုက်သည်။
"......"
...
ကျယ်ဝန်းသော စင်မြင့်ထက်တွင်...
နဂါးရုပ်ထု ထွင်းထုထားသော အဖြူရောင် ကျောက်စိမ်းခုတင်ကြီး တစ်ခုရှိသည်။ ၎င်းတွင် အဆင့်မြင့်ဝိညာဉ်ကျောက်တုံးအဖြစ် သုံးနိုင်သည့် မြောက်ပိုင်းပင်လယ်မှ အဖိုးတန် ပုလဲလုံးပေါင်း ၃၆,၀၀၀ ကို စီခြယ်ထားသည်။
ဇီရှားသည် ခရမ်းရောင်ဝတ်စုံဖြင့် ခုတင်၏ တစ်ဖက်တွင် မှီထိုင်နေပြီး ဝမ်မုက သူမ၏ နူးညံ့သော ပေါင်ပေါ်တွင် လှဲလျောင်းနေသည်။ ဝမ်မု၏နှာခေါင်းထဲသို့ အမျိုးသမီးငယ်လေး ၏ သင်းပျံ့သောရနံ့များ ဝင်ရောက်နေသည်။ ခုတင်ရှေ့တွင် အစေခံမလေးနှစ်ယောက်က ဝမ်မု၏ ခြေထောက်ကို နှိပ်နယ်ပေးနေကြသည်။
ခုတင်ဘေးတွင် ဝမ်မု၏အဖေက လက်ဆောင်ပေးထားသော ဝိညာဉ်အသွင်ပြောင်းလဲခြင်း အဆင့်ရှိ ရွှေရောင်ခြင်္သေ့ကြီးမှာ ခွေးလေးတစ်ကောင်ကဲ့သို့ ဝပ်နေသည်။
"သူတို့အားလုံးကို တားထားနိုင်ပြီလား" ဝမ်မုက ပျင်းရိစွာ မေးလိုက်သည်။
"ဟုတ်ကဲ့ပါ" ဇီရှားက သူ၏နားထင်ကို ညင်သာစွာ နှိပ်ပေးရင်း - "အဲဒီ သာမန်လူသားတွေက သခင်လေးရဲ့အရှိန်အဝါကို ကြောက်လို့ ဆိပ်ကမ်းကို ပြေးသွားကြပေမဲ့ ကျွန်မ လူလွှတ်ပြီး တားထားလိုက်ပါတယ်"
"ဟူး..."
ဝမ်မု စိတ်ထဲကနေ သက်ပြင်းချလိုက်မိသည်။ အရင်ပိုင်ရှင်ရဲ့နာမည်ပျက်က တကယ်ကို ကြီးမားလှသည်။ ကျင့်ကြံသူမဟုတ်တဲ့ သာမန်လူတွေတောင် သူ့ကိုမြင်တာနဲ့ လန့်ပြေးကြ သည်။ နာမည်ကောင်း ပြန်ယူဖို့ လမ်းစကဝေးသေးသည်။
ဝမ်မုက ဇီရှားကို မှီလိုက်ပြီး မျက်ခုံးပင့်ကာ မေးသည် - "လီမိသားစု ဘာထူးလဲ"
ဇီရှားက "သူတို့ သခင်လေးကို လာတွေ့နေကြပါပြီ" ဟု ပြန်ဖြေသည်။
ထို့နောက် "သခင်လေး... လျန်ဘုရင်စနစ်က နှစ်ပေါင်းတစ်ထောင် တည်ရှိခဲ့တာပါ။ အဲဒီ လီယွမ်ဟွာကလည်း တော်တော်လေး ခေါင်းမာတဲ့သူလို့ သိထားပါတယ်။ သူ နားထောင်လာအောင် တစ်ခုခု လုပ်ရလိမ့်မယ် ထင်တယ်"
"အော်..." ဝမ်မု၏ မျက်လုံးထဲတွင်စိတ်ဝင်စားမှု အနည်းငယ် ပေါ်လာသော်လည်း များသောအားဖြင့် ဂရုမစိုက်သလိုပင်။ သူ အခုလုပ်မယ့် ကိစ္စကဒေသခံတွေ ကူညီရင် ပိုအဆင်ပြေမည်၊ မကူညီရင်လည်း ဒေသခံခေါင်းဆောင်ကို အသစ်လဲလိုက်ရုံပင်။
ရုတ်တရက်...
လှေကားထိပ်တွင် ကောက်ကြောင်းလှလှ အမျိုးသမီးရာနှင့်ချီ၍ ပေါ်လာသည်။ သူတို့သည် ဆွဲဆောင်မှုရှိသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ ထိုသူများကို ရှေ့ဆုံးမှ အမျိုးသား နှစ်ဦးက ဦးဆောင်လာသည်။
တစ်ယောက်က နဂါးဝတ်စုံနှင့်၊ နောက်တစ်ယောက်က မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအို ဖြစ်သည်။ အဘိုးအို၏ ပုံစံမှာ ကျောဖြောင့်ဖြောင့်၊ မျက်လုံးက မီးရှူးတိုင်ကဲ့သို့ ထက်မြက်ပြီး ဘာကိုမှ မကြောက်သည့်ပုံပင်။
ဝမ်မု မျက်တောင်မခတ်ဘဲ ကြည့်နေစဉ် ထိုအဖွဲ့ ရောက်လာသည်။
လီယွမ်ဟွာက ရင်ဘတ်ကိုမတ်ပြီး ဝမ်မုကို စိုက်ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည် - "ဝမ်မိသားစုကသခင်လေး... ဒီထျန်းကျွယ်ကျွန်းက မင်းအတွက် နေရာမဟုတ်ဘူး"
ထိုစကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး သေလောက်အောင် တိတ်ဆိတ်သွားသည်။ ဇီရှား၏ မျက်နှာတွင် အံ့ဩမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် ရယ်ချင်သွားသည့်ပုံစံ ဖြစ်သွားသည်။
လျန်ဘုရင်လီချန်ဟဲကတော့ သူ့ဘိုးဘေးကြီးကို အလွန်ကြည်ညိုစွာ ကြည့်နေသည်။ မိုက်တယ် ဘိုးဘေးကြီး ထိပ်တိုက်ရင်ဆိုင်လိုက်တာပဲ ဒါပေမဲ့ လီယွမ်ဟွာ၏ နောက်ထပ်စကားများက လီချန်ဟဲကို မှောက်သွားစေသည်။
အဘိုးအိုသည် ရုတ်တရက် ရှေ့တိုးလာပြီး ဒူးတစ်ဖက် ထောက်လိုက်ကာ သနားစဖွယ် မျက်နှာပေးဖြင့် - "သခင်လေး နားလည်ပေးပါ၊ ကျွန်တော့်ရဲ့ ထျန်းကျွယ်ကျွန်းက ဟိုကျွန်းကြီး ၃၆ ကျွန်းနဲ့ လုံးဝ မယှဉ်နိုင်ပါဘူး"
"ဝိညာဉ်စွမ်းအင်ကလည်း နည်းတယ်၊ အရင်းအမြစ်လည်း ရှားပါးတယ်၊ မြေက ကျယ်ပေမဲ့ လူကလည်းအရမ်းများတယ် သခင်လေးရဲ့ မြင့်မြတ်တဲ့ခန္ဓာကိုယ်က ကျွန်းကြီးတွေရဲ့ ကြွယ်ဝတဲ့စွမ်းအင်တွေနဲ့ပဲ နေသားကျနေတာပါ။ ဒီလို ညစ်ပတ်တဲ့ နေရာမှာ သခင်လေးရဲ့ ကျန်းမာရေးကို ဘယ်လိုလုပ် ထိခိုက်ခံနိုင်မှာလဲ"
"ကျွန်တော်မျိုးသခင်လေး ရောက်လာတယ်လို့ ကြားကြားချင်း အံ့ဩဝမ်းသာ ဖြစ်ရပါတယ် သခင်လေးရဲ့မျက်နှာတော်ကို ဖူးတွေ့ရလို့ အတိုင်းမသိ ဂုဏ်ယူမိပေမဲ့ ဒီလို မစင်ကြယ်တဲ့ နေရာမှာ သခင်လေးကို နေခိုင်းရမှာ... ကျွန်တော့်နှလုံးသားက ကွဲအက်ပြီး မျက်ရည်တောင် ကျရပါတယ်" ပြောရင်းနှင့် လီယွမ်ဟွာသည် တကယ်ကြီး ငိုချလိုက်တော့သည်။ ဘေးနားက လီချန်ဟဲမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
နေပါဦး ဘိုးဘေးကြီး... ဒါက ဘာပြဇာတ်လဲ
ဖျန်း
ပါးရိုက်သံတစ်ခု ထွက်ပေါ်လာပြီး လီချန်ဟဲမှာ လည်ထွက်သွားပြီး မြေကြီးပေါ် ပြုတ်ကျသွားသည်။
"တိရစ္ဆာန်ကောင် ငါက သခင်လေးကို အကြံပေးနေတာကို မင်းက ဘာလို့ ကြားဖြတ်ပြော နေတာလဲ" လီယွမ်ဟွာက ဒေါသတကြီး အော်လိုက်သော်လည်း စိတ်ထဲကနေ လှို့ဝှက် သတင်း ပို့လိုက်သည် - "ပါးစပ်ပိတ်ပြီး ငါလုပ်တာကိုပဲ ကြည့်နေစမ်း"
လီချန်ဟဲက သူ့ပါးကို ကိုင်ရင်း ဇဝေဇဝါဖြစ်နေသည် - "ဘာ... ဘာလုပ်တာလဲ"
လီယွမ်ဟွာ: "နှစ်ပေါင်းရာချီပြီး ငါရှာဖွေတွေ့ရှိခဲ့တဲ့ တရားပေါ့"
လီချန်ဟဲ: "ဒါက ဘာတရားလဲ ဒါက ဖားရိုက်နေတာလေ"
လီယွမ်ဟွာက ပြန်ဆူသည် - "မဆီမဆိုင် သခင်လေးကမသေမျိုးရဲ့ သားတော်လေ၊ ဒါကို ဖားရိုက်တယ်လို့ မခေါ်ဘူး၊ မသေမျိုးကို ပြုစုတာ လို့ ခေါ်တယ်။ ငါ့ဘဝမှာ အားကိုးရာမရှိဘဲ တစ်ယောက်တည်း ရုန်းကန်လာရတဲ့အခါ အမှန်တရားတစ်ခုကို သိခဲ့ရတယ်။
ပြင်ပလောကမှာ တိုက်ခိုက်တတ်ရုံနဲ့ မပြီးဘူး၊ အာဏာရှိဖို့လိုတယ်၊ နောက်ခံရှိဖို့လိုတယ်! ကြည့်နေလိုက်၊ ဒီနေ့ ဒီဝမ်သခင်လေးကို ငါ့လက်ထဲကနေ မထွက်စေရဘူး။ ငါတို့လီမိသားစု သာ ဝမ်မိသားစုနဲ့ လက်တွဲနိုင်ရင် မြောက်ပိုင်းဒေသမှာ ငါတို့အလှည့်ပဲ" ၎င်းတို့၏ စိတ်ချင်း ဆက်သွယ်မှုမှာ ခဏချင်းသာ ကြာလိုက်သည်။
လီယွမ်ဟွာသည် သူ၏မျက်ရည်များကို သုတ်လိုက်ပြီး သူ၏ အိတ်ထဲမှသေတ္တာတစ်လုံးကို ထုတ်ကာ လူတိုင်းရှေ့တွင် ဖွင့်ပြလိုက်သည်။
"ဒီသေတ္တာထဲမှာ ပန်းတစ်ရာဝိညာဉ်စုပုလဲဆိုတဲ့ ရတနာ ရှိပါတယ်။ ဒါက ဝိညာဉ်စွမ်းအင် တွေကို သိုလှောင်ထားပြီး လိုအပ်ရင် ပန်းရနံ့တွေနဲ့အတူ ထုတ်ပေးနိုင်တယ်။ ဒါကို သုံးလိုက် ရင် ဒီနေရာက ဝိညာဉ်စွမ်းအင်တွေ အဆတစ်ရာလောက် တိုးလာပါလိမ့်မယ်..."
"ဒါတောင် သခင်လေးတို့ကျွန်းရဲ့ ဝမ်တစ်ပုံလောက်တောင် မရှိနိုင်ပေမဲ့ အနည်းဆုံးတော့ ကျွန်တော်မျိုး စိတ်သက်သာရာ ရတာပေါ့ ခဏလေး စောင့်ပါ သခင်လေး၊ အခုချက်ချင်း အဆင်သင့် ဖြစ်စေရပါမယ်..."
ထို့နောက် လီယွမ်ဟွာသည် ကျောက်စီမံချက်များကို ရွတ်ဆိုလိုက်ရာ ပုလဲလုံးသည် ဝမ်မု၏ခေါင်းပေါ်သို့ ပျံတက်သွားသည်။ ခဏချင်းမှာပင် မွှေးပျံ့သော ပန်းရနံ့များနှင့်အတူ သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များ ဝမ်မု၏ ဘေးပတ်လည်တွင် ပျံ့နှံ့သွားတော့သည်။