အခန်း (၈၇) ဆက်သွယ်ရေးအဆောင် ပေါက်ကွဲကုန်ပြီ
မိုးတိမ်မည်းများ အုပ်ဆိုင်းနေပြီး ပြင်းထန်သော လေပြင်းများ တိုက်ခတ်နေသည်။ ကောင်းကင်နှင့် မြေကြီးမှာ မှောင်အတိ ကျနေတော့သည်။
မိုးမှာပို၍ သည်းထန်လာပြီး လက်သီးဆုပ်ခန့်ရှိသော မိုးစက်များက တဖွဲဖွဲ ရွာကျနေသည်။ လမ်းဘေးရှိအိမ်ခေါင်မိုးများမှာလည်း မိုးရေထဲတွင် ပို၍ မှောင်မှောင်မည်းမည်း ဖြစ်နေပြီး ပါးလွှာသော ရေကာကာများကဲ့သို့ မိုးရေများ အဆက်မပြတ် စီးကျနေသည်။ ချောမွေ့သော ကျောက်ပြားလမ်းများမှာလည်း ရေငွေ့များကြောင့် ချော်နေတော့သည်။
ကျင့်ကြံသူများအဖို့ ဤကဲ့သို့ အသေးအဖွဲကိစ္စကြောင့် ချော်လဲမည်မဟုတ်သော်လည်း လူတိုင်း၏ခြေလှမ်းများမှာ အလျင်စလို ဖြစ်နေကြသည်။ လူတိုင်း၏ မျက်နှာမှာလည်း လမ်းဘေးအမိုးများကဲ့သို့ပင် ဖြူလျော်နေကြသည်။
“ပန်လိုင်ကုန်သည်အဖွဲ့က လူတွေ ဘယ်မှာလဲ အပြင်ထွက်ခဲ့စမ်း”
“ လူလိမ်ကောင်တွေ မင်းတို့ကဒီလို အညံ့စား ပစ္စည်းတွေကို ငါတို့ကိုရောင်းတယ် ငါတို့ရဲ့ ဝိညာဉ်ကျောက်တုံးတွေကို ပြန်ပေး”
လူအုပ်ကြီးမှာဟိန်းဟောက်ရင်း ပန်လိုင်ကုန်သည်အဖွဲ့ ခွဲတစ်ခု၏ အဝင်ဝကို ပိတ်ဆို့ထားကြသည်။ လူတိုင်း၏ မျက်နှာတွင် ဒေါသများ ပြည့်နှက်နေပြီး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အကြောများပင် ထောင်နေကြသည်။
ထိုလူအုပ်၏အလယ်တွင် လူတစ်ယောက်မှာ ထမ်းစင်ပေါ်၌လဲလျောင်းနေပြီး မျက်နှာမှာ အလွန်ပင် ပျက်နေကာ အသက်ရှူသံမှာလည်း အလွန်ပင်အားနည်းနေသည် ကြည့်ရသည်မှာ ဒဏ်ရာ အပြင်းအထန် ရထားပုံရသည်။
အော်ဟစ်သံများမှာ ပို၍ကျယ်လောင်လာသည်။ ထိုမြင်ကွင်းကို မြင်သောအခါ ဆိုင်ဝန်ထမ်းများမှာ မန်နေဂျာကို သွားခေါ်ရန် ဆိုင်ထဲသို့ အပြေးအလွှား ဝင်သွားကြတော့သည်။
“ဘာတွေဆူညံနေတာလဲ” ထိုဆိုင်ခွဲ၏ မန်နေဂျာထုံမှာ မျက်လုံးများကို ပွတ်ရင်း ထွက်လာသည်။ သူ၏ မျက်နှာတွင် စိတ်ပျက်မှုများ ပြည့်နှက်နေသည်။
မကြာသေးမီက စီးပွားရေးမှာ အလွန်ကောင်းမွန်နေသဖြင့် ဌာနချုပ်က သူ့ကို လှပသော အစေခံမိန်းကလေး တစ်ဦး ဆုချထားသည်။
တစ်ညလုံး ပင်ပင်ပန်းပန်း ကဲပြီးနောက် ယခုမှအနားယူရန် ပြင်ဆင်နေစဉ် ထိုနတ်ဘုံနတ်နန်းမှ ဆွဲထုတ်ခံလိုက်ရသဖြင့် သူ၏ မျက်နှာမှာ မည်သို့မျှ မကြည်လင်နိုင်ပေ။
“ခင်ဗျားတို့ရဲ့ဆက်သွယ်ရေးအဆောင်တွေ ပေါက်ကွဲပြီး လူတစ်ယောက် ဒုက္ခိတဖြစ်သွားပြီ ဒီနေ့ အဖြေတစ်ခုပေးရမယ်” ရှေ့ဆုံးမှ လင်းကျယ်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“ပေါက်ကွဲတယ် ဟုတ်လား”
မန်နေဂျာထုံမှာ မျက်တောင်တခတ်ခတ် ဖြစ်သွားပြီး လူအုပ်ထဲရှိ ထမ်းစင်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။
“အဓိပ္ပာယ်မရှိတာ ဆက်သွယ်ရေးအဆောင်ကဘယ်လိုလုပ် ပေါက်ကွဲမှာလဲ”
လင်းကျယ်က နှာခေါင်းရှုံ့လိုက်သည် - “ဒါကိုပဲ ကျုပ်တို့က ခင်ဗျားကို မေးနေတာလေ။ ဘာလို့ ကောင်းကောင်းမွန်မွန် စာချွန်လွှာက ပေါက်ကွဲရတာလဲ”
သူက လက်ဖဝါးကို ဖြန့်လိုက်ရာ အဝတ်စအချို့နှင့် ထုပ်ထားသော မည်းတူး၍ လိမ်ကောက်နေသည့် သတ္တုတုံးတစ်ခု ထွက်လာသည်။
ပျက်စီးနေသော်လည်း အသေးစိတ်ကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ ပန်လိုင်ကုန်သည်အဖွဲ့မှ ရောင်းချသော လရောင်အဆင့် ဆက်သွယ်ရေးအဆောင် ဖြစ်ကြောင်း သိနိုင်သည်။
မန်နေဂျာထုံက ၎င်းကို ယူ၍ သေသေချာချာ စစ်ဆေးလိုက်သည်။ သူ၏ ရင်ထဲတွင် ထိတ်ခန့်သွားသည်။ သူက စိတ်ထဲမှ ကျိန်ဆဲနေမိသည် ဌာနချုပ်က လက်နက်ဆရာတွေကတော့ တကယ့်ကို အသုံးမကျတာပဲ။အဆောင်လုပ်တာတောင် ဘယ်လိုဖြစ်ပြီး ပေါက်ကွဲတဲ့အထိ ဖြစ်ရတာလဲ ငါ့လိုလူငယ်လေးတွေကို ဖျက်ဆီးချင်နေတာလား။
သို့သော် ကျိန်ဆဲသည်မှာ ကျိန်ဆဲသည်ပင်။ အမှားကိုတော့ အခုအချိန်မှာ လုံးဝဝန်ခံ၍ မရပေ။ မဟုတ်ပါက ပြဿနာများမှာ ပြီးဆုံးတော့မည် မဟုတ်။
သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် - “ဒီလို ပျက်စီးနေတဲ့အဆောင်တစ်ခုတည်းနဲ့ ဒါက ပေါက်ကွဲပြီး လူကို ဒဏ်ရာရစေတာလို့ ဘယ်လို သက်သေပြမှာလဲ ဘယ်သူကများ မှတ်ဉာဏ်ပုတီးနဲ့ မှတ်တမ်းတင်ထားတာ ရှိလို့လဲ”
လင်းကျယ်မှာ အံ့ဩသွားသည် - “ဒါက မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားတာလေ ဘယ်သူက မှတ်ဉာဏ်ပုတီးနဲ့ အဆင်သင့် စောင့်နေမှာလဲ”
မန်နေဂျာထုံက လေသံပြောင်းလိုက်သည် - “ဒါဆိုရင်တော့ ကျုပ်တို့လည်း ဘာမှ မတတ်နိုင်ဘူး။”
လင်းကျယ်က မေးလိုက်သည် - “ဘာဆိုလိုတာလဲ ခင်ဗျားတို့တာဝန်မယူဘူးလား”
မန်နေဂျာထုံက လှေကားထစ်ပေါ်တွင် ရပ်ကာ အထက်စီးမှ ငုံ့ကြည့်ရင်း - “သက်သေမရှိဘဲ ကျုပ်က ဘာကို ဝန်ခံရမှာလဲ”
သူက ခေတ္တရပ်ပြီးမှ - “ဒါပေမဲ့ ပန်လိုင်ကုန်သည်အဖွဲ့အနေနဲ့ ဝယ်သူရဲ့ကံဆိုးမှုအပေါ် စိတ်မကောင်းဖြစ်ရပါတယ်။ ဒါကြောင့် ကျုပ်တို့ရဲ့ စေတနာအဖြစ် ဝိညာဉ်ကျောက်တုံး ငါးရာ ပေးပါ့မယ်”
သူ၏အထက်စီးဆန်သော အမူအရာနှင့် ထုတ်ပေးလိုက်သော ဝိညာဉ်ကျောက်တုံးများကို ကြည့်ပြီး လင်းကျယ်နှင့် အခြားကျင့်ကြံသူများမှာ ရယ်ရခက် ငိုရခက် ဖြစ်ကုန်ကြသည်။ သူတို့မှာ ဒေါသထွက်လွန်းသဖြင့် ရယ်ပင် ရယ်မိတော့သည်။
“'လရောင်အဆင့် ဆက်သွယ်ရေးအဆောင်ကို ခင်ဗျားတို့က ၁၆၈၈ တုံးနဲ့ ရောင်းတာ။ မိတ်ဆွေလုဝယ်တာ တစ်ရက်တောင် မပြည့်သေးဘူး ပေါက်ကွဲပြီး ဒဏ်ရာအပြင်းအထန် ရသွားတာကို... ခင်ဗျားက ငါးရာပေးတယ် ဟုတ်လား ကျုပ်တို့က သူတောင်းစားတွေ ထင်နေတာလား”
“ဟေး” မန်နေဂျာထုံက သတိပေးသည့်အနေဖြင့် လက်ကို ဝေ့ယမ်းလိုက်သည်။
“စကားကို ဆင်ခြင်ပြောပါ ဝယ်သူ အဆောင်က တကယ်ပေါက်ကွဲတာလား ဆိုတာကို စုံစမ်းစစ်ဆေးနေတုန်းပဲ။ ကျုပ်တို့က စေတနာနဲ့ ပေးကမ်းတာပါ လျော်ကြေးပေးတာ မဟုတ်ဘူး။ ဒါပေမဲ့ ကုန်သည်အဖွဲ့ရဲ့ ဂုဏ်သိက္ခာကိုထိခိုက်အောင် မဟုတ်မမှန် သတင်းဖြန့်ရင်တော့ ဒါက ကိစ္စကြီးသွားလိမ့်မယ်”
“ခင်ဗျား”
“ကဲ၊ အားလုံး လူစုခွဲကြတော့။ ကျုပ်တို့ စီးပွားရေး လုပ်ရဦးမယ်။ ဒီလို ဆိုင်ရှေ့မှာ ပိတ်ဆို့နေတာက ဘယ်လို ယဉ်ကျေးမှုမျိုးလဲ”
ပြောပြီးသည်နှင့် မန်နေဂျာထုံမှာ ဆိုင်ထဲသို့ ပြန်ဝင်သွားတော့သည်။ နောက်ကနေ စိုက်ကြည့်နေသော ဒေါသမျက်လုံးများကို သူ ဂရုမစိုက်ပေ။
ဘေးနားရှိ ဝန်ထမ်းတစ်ဦးက စိုးရိမ်တကြီး မေးလိုက်သည် “မန်နေဂျာ ဒီအတိုင်းဆို တကယ်ပဲအဆင်ပြေပါ့မလား သူတို့ကို နည်းနည်းလောက် ချော့မော့လိုက်ရင် မကောင်းဘူးလား”
မန်နေဂျာထုံ၏စိတ်ထဲတွင် သူ၏လှပသော မိန်းကလေးပုံရိပ်သာ ရှိနေသည် - “ဂရုမစိုက်စမ်းနဲ့ သူတို့က ပုရွက်ဆိတ်တွေပါ။ ဆက်ပြီး ပြဿနာရှာနေရင် အပေါ်ထပ်က အစောင့်တွေကို လွှတ်ပြီး နှိမ်နင်းခိုင်းလိုက်”
“ဟုတ်ကဲ့ပါခင်ဗျာ”
မန်နေဂျာထုံအဖို့ ဆက်သွယ်ရေးအဆောင်ပေါက်ကွဲသည်မှာ မတော်တဆ ဖြစ်ရပ်တစ်ခုသာ ဖြစ်သည်။ ပိုက်ဆံလည်း ပေးပြီးပြီ၊ လူလည်း သေတာမဟုတ်။ ပန်လိုင်ကုန်သည်အဖွဲ့၏ကြီးမားလှသော စည်းစိမ်အင်အားကို ဒီလို အဆင့်နိမ့် ကျင့်ကြံသူတွေက အာခံရဲပါ့မလားဟု သူ တွေးနေသည်။
ဆိုင်အပြင်ဘက်တွင်...
ကျင့်ကြံသူလူအုပ်မှာ မန်နေဂျာထုံ ဝင်သွားသော လမ်းကို ကြည့်ရင်း သွားကြိတ်နေကြသော်လည်း ဘာမှမတတ်နိုင်ကြပေ။ သူတို့မှာ အဆင့်နိမ့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။ ကြီးမားလှသော ပန်လိုင်ကုန်သည်အဖွဲ့ကို သူတို့က ဘယ်လို ယှဉ်နိုင်မှာလဲ။
“အစ်ကိုလင်း၊ အခု ဘာဆက်လုပ်ကြမလဲ”
“ဟူး... အဲဒီနေ့က အစ်ကိုလုအဆောင် ဝယ်တုန်းက ငါ သတိပေးသားပဲ။ သူက စျေးနည်းနည်း သက်သာတာကို မက်သွားတာ” လင်းကျယ်က သက်ပြင်းချလိုက်သည်။ အခြားသူများလည်း နောင်တရနေကြသည်။
ထိုအုပ်စုထဲတွင် လင်းကျယ် တစ်ယောက်သာ လန်ယာကုန်သည်အဖွဲ့မှ ဝယ်ထားခြင်း ဖြစ်ပြီး ကျန်သူများမှာ ကုန်သည်ကြီး သုံးဖွဲ့ထံမှ ဝယ်ထားသူများ ဖြစ်သည်။
“ကုန်သည်ကြီး သုံးဖွဲ့က တစ်လှေတည်း စီးကြတာပဲ။ ပန်လိုင်ရဲ့အဆောင်တွေက ဒီလိုဖြစ်နေရင် ကျန်တဲ့နှစ်ဖွဲ့လည်း အတူတူပဲ ဖြစ်မှာ”
“ခန့်မှန်းနေစရာတောင် မလိုပါဘူး ဒီမနက်တင် ငါ့ဟာကိုစမ်းကြည့်တာ။ ခြောက်ခါ၊ ခုနစ်ခါလောက် ခေါ်ပြီးတာနဲ့ ပူလာတယ်။ ဆယ်ခါလောက် ရှိတော့ မီးခိုးတွေ ထွက်လာတယ်...”
“ကုန်ကြမ်းတွေက အရမ်းညံ့လွန်းတာ။ အတွင်းက အစီအရင်တွေ အဆက်မပြတ် အလုပ်လုပ်တာကို သူတို့က မခံနိုင်ဘူး”
“ဝိညာဉ်ကျောက်တုံးတွေ အများကြီး အကုန်ခံပြီး ဝယ်လိုက်တာ ငါတို့ ဘာလို့ဒီလို လုပ်မိပါလိမ့်”
လူတိုင်း၏ စိတ်ပျက်နေသော မျက်နှာများကို ကြည့်ရင်း လင်းကျယ်က အသက်ကို ပြင်းပြင်းရှူကာ နှစ်သိမ့်လိုက်သည် - “အားမလျော့ကြပါနဲ့ ဒါက ဒီမှာတင်ပြီးသွားမှာ မဟုတ်ဘူး”
လူတိုင်းက သူ့ကို မော့ကြည့်လိုက်ကြသည် - “ဟမ်”
“ကုန်သည်ကြီး သုံးဖွဲ့ရဲ့အဆောင်တွေ အကုန်လုံးနီးပါးက ပြဿနာရှိနေတာဆိုတော့ ကျုပ်တို့ လူစုပြီး အသံတွေကို စုပေါင်း ထုတ်ဖော်ကြရင်ကော”
“သူတို့ဆိုင်က ဘယ်လောက်ကြီးကြီး၊ သူတို့က ကုန်သည်တွေပဲလေ...”
“အဆိုးဆုံးအနေနဲ့ သူတို့ရဲ့နာမည်ဆိုးကို မြောက်ပိုင်းပင်လယ် တစ်ခုလုံး ပျံ့အောင် လုပ်ကြမယ်။ လူတိုင်းက သူတို့ကို ရှုတ်ချကြရင် သူတို့ ကျုပ်တို့အားလုံးရဲ့ ပါးစပ်ကို ပိတ်နိုင်ပါ့မလား”
“မှန်တယ်”
“အဓိပ္ပာယ်ရှိတယ် လုပ်ကြတာပေါ့”
“မိတ်ဆွေကျန်း ကြားပြီးပြီလား ကုန်သည်ကြီး သုံးဖွဲ့ရဲ့ဆက်သွယ်ရေးအဆောင်တွေ ပေါက်ကွဲတတ်တယ်တဲ့”
“မဖြစ်နိုင်တာ—တကယ်လား”
“တကယ့်ကိုတကယ်ပါ။ ကျုပ် ကိုယ်တိုင်မြင်ခဲ့တာ။ မိတ်ဆွေ လုရှင်းကို မှတ်မိလား စာချွန်လွှာ ပေါက်ကွဲလို့ အခုထိသတိမရသေးဘူး”
“ကျုပ်ဟာလေး စမ်းကြည့်ဦးမှ...”
“စီနီယာဝူ နေကောင်းလား တခြားကိစ္စ မဟုတ်ပါဘူး၊ ခင်ဗျား ကုန်သည်ကြီး သုံးဖွဲ့ဆီကအဆောင် ဝယ်ထားတယ်လို့ ကြားလို့ပါ။ သတိထားဦးနော်၊ အဲဒါတွေက ပေါက်ကွဲတတ်တယ်။”
“နောက်နေတာ မဟုတ်ဘူး။ လုရှင်းကို သိတယ်မလား သူ ပေါက်ကွဲပြီး ဒဏ်ရာအပြင်းအထန် ရသွားတာ၊ ခြေထောက် သုံးချောင်းလုံး ဆုံးရှုံးသွားပြီ...” (မှတ်ချက် - ကျင့်ကြံသူလောကတွင် ဥပစာစကားအဖြစ် သုံးနှုန်းခြင်း ဖြစ်နိုင်သည်)
“နတ်သမီးလု ခင်ဗျားလည်း ကုန်သည်ကြီး သုံးဖွဲ့ဆီကအဆောင်တွေ ဝယ်ထားတာလား။ ဘာ လန်ယာကုန်သည်အဖွဲ့က ဝယ်တာလား။ အော် ဒါဆိုရင်တော့ တခြားသူတွေဆီက ဝယ်ထားတဲ့ သူငယ်ချင်းတွေကို သတိပေးလိုက်ဦး အဲဒါတွေက ပေါက်ကွဲတတ်တယ်”
“ကျုပ် လိမ်မပြောဘူးဆိုတာ ကျိန်ရဲပါတယ် မိတ်ဆွေလုရှင်းကို သိတယ်မလား သူ ပေါက်ကွဲသွားတာ ခန္ဓာကိုယ်တောင် ပျက်စီးသွားပြီ၊ ဝိညာဉ်လေးပဲ ကျန်တော့တယ်...”
“...”
“မိတ်ဆွေတို့ရေ... သတိထားကြဦး၊ ဘေးနားက လူတွေကိုလည်း သတိပေးလိုက်ကြဦး။ ကုန်သည်ကြီး သုံးဖွဲ့ရဲ့အဆောင်တွေက ပေါက်ကွဲတတ်တယ်”
“ကျုပ်တို့ရဲ့လုရှင်းတော့ ပေါက်ကွဲသွားပြီ တစ်စစီဖြစ်သွားတာ ပြန်လည်ဝင်စားဖို့တောင် အခွင့်အရေး မရှိတော့ဘူး ကြောက်စရာကြီး”