အခန်း (၈၆) ကောင်းကင်သို့ ပျံတက်သွားသော ဖီးနစ်နှင့် အရေးပေါ် ဆက်သွယ်မှု
“အစ်ကိုလု... ရပ်လိုက်တော့”
ထိုအချိန်တွင် လုရှင်းကိုယ်တိုင်လည်း တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း ခံစားမိလိုက်သည်။ စိတ်ထဲတွင် ထိတ်လန့်သွားသော်လည်း သူက ဟန်မပျက် ပြုံးပြကာ “စိတ်အေးအေးထားပါ ဘာမှမဖြစ်ပါဘူး...ဘာမှ... မီးခိုးနည်းနည်း ပိုထွက်လာတာပဲ ရှိတာပါ”
သူ့စကားပင် မဆုံးသေးမီမှာပင်...
သူ့လက်ထဲရှိ ဆက်သွယ်ရေးအဆောင်မှာ စူးရှသော အနီရောင်အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားတော့သည်။
အစီအရင်အမှတ်အသားများစွာမှာ တစ်စစီ ကြွေလွင့်သွားသည်။ သူ၏ခန္ဓာကိုယ်မှာလည်း စုတ်ပြဲနေသော ပိုးသားစကဲ့သို့ လွင့်စင်သွားပြီး နံရံနှင့် ရိုက်မိကာ သတိလစ်သွားတော့သည်။
လင်းကျယ် : “......”
အမည်မသိ တောရိုင်းကျွန်းတစ်ခုတွင်...
ရောင်စုံအလင်းတန်းအချို့သည် ကောင်းကင်တွင် နိမ့်နိမ့်လေး ပျံသန်းနေကြသည်။ ၎င်းတို့မှာ တာယွမ်ဂိုဏ်းမှ တပည့်များ ဖြစ်ကြပြီး စီနီယာအစ်ကို ကျန်းချန်ဦးဆောင်ကာ မိစ္ဆာကျင့်ကြံသူ အချို့ကို နှိမ်နင်းရန် ရောက်ရှိလာခြင်း ဖြစ်သည်။
အန္တရာယ်ရှိသော တောင်ထိပ်များ ဝန်းရံထားသည့် ချိုင့်ဝှမ်းတစ်ခုတွင် သူတို့ ရပ်တန့်လိုက်ကြသည်။
“စီနီယာအစ်ကို... အယူမှားသူတွေရဲ့ အငွေ့အသက်က ဒီနားမှာတင် ပျောက်သွားပြီ”
ဒုတိယ စီနီယာအစ်ကို စုန်းဝေက တည်ကြည်သော မျက်နှာထားဖြင့် သူ၏ လက်ဖဝါးထဲတွင် ဦးတည်ရာမဲ့ လည်ပတ်နေသည့် ခြေရာခံ အဆောင်ကို ကြည့်ရင်း ပြောလိုက်သည်။
ကျန်းချန်က မျက်မှောင်ကြုတ်ကာ - “လူစုပြီး ရှာကြမယ်။ သူတို့ ဒဏ်ရာရထားတာဆိုတော့ သိပ်ဝေးဝေး မသွားနိုင်ဘူး”
“ဟုတ်ကဲ့”
လူအုပ်စုမှာ လူစုခွဲလိုက်ကြသည်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေပြီး နှင်းပေါ်တွင် သူတို့၏ ခြေသံများကိုသာ ကြားနေရသည်။
ထိုစဉ်မှာပင်—တစ်ယောက်ယောက်က အော်လိုက်သည် - “မကောင်းတော့ဘူး ဒါ ထောင်ချောက်ပဲ”
လူတိုင်း ထိုအသံဆီသို့ လှည့်ကြည့်လိုက်ကြသည်။ ကောင်းကင်မှအနက်ရောင် လှံတစ်စင်း ကျဆင်းလာသည်။ ၎င်းတွင် အမည်းရောင် မြူခိုးများနှင့် ဝိညာဉ်များ၏ ငိုကြွေးသံများ ဝန်းရံထားပြီး ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အရှိန်အဝါများဖြင့် အော်ဟစ်လိုက်သော တပည့်ဆီသို့ တည့်တည့် ဦးတည်လာနေသည်။
ထိုတပည့်မှာ ချက်ချင်းအသတ်ခံရတော့မည့် အခြေအနေ ဖြစ်နေသည်။ ကျန်းချန်က ချက်ချင်းတုံ့ပြန်လိုက်ပြီး သူ၏သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ဒိုင်းပုံသဏ္ဌာန် ဝိညာဉ်လက်နက် တစ်ခု ထွက်ပေါ်လာသည်။ သူက လျှာဖျားကို ကိုက်ကာ ဒိုင်းပေါ်သို့ သွေးများ မှုတ်လိုက်ရာ ဒိုင်းမှ အနီရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုတပည့်ကို ကာကွယ်ပေးလိုက်သည်။
ကျယ်လောင်သော အသံကြီးနှင့်အတူ အနက်ရောင်လှံမှာ လွင့်ထွက်သွားတော့သည်။
ဒိုင်း၏ အလင်းတန်းမှာ မှိန်သွားသော်လည်း မပျက်စီးဘဲ တည်ရှိနေဆဲပင်။ ထိုတပည့်လေးမှာလည်း အသက်ဘေးမှ သီသီလေး လွတ်မြောက်သွားသဖြင့် ရင်တထိတ်ထိတ်ဖြင့် အမောတကော ဖြစ်နေတော့သည်။
သို့သော် ကျန်းချန်၏မျက်နှာမှာမူ အလွန်ပင် တည်ကြည်နေသည်။ ဘေးပတ်ပတ်လည်တွင် သွေးရောင်အစီအရင်များ ရေးထွဲထားသော ဝိညာဉ်တံခွန်များ ထွက်ပေါ်လာပြီး တစ်ခဏချင်းမှာပင် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ အနက်ရောင် မြူခိုးများမှာ အရပ်မျက်နှာ အသီးသီးမှ စုရုံးလာပြီး ငိုကြွေးသံများ၊ အော်ဟစ်သံများကြောင့် နားစည်များပင် ထိခိုက်မတတ် ခံစားရသည်။
“ဝိညာဉ်တစ်သောင်း ကောင်းကင် ဘေးအန္တရာယ် ထောင်ချောက် "
ကျန်းချန်၏မျက်နှာမှာ ပို၍ပင် ပျက်သွားသည်။ ဤထောင်ချောက်မှာ မိစ္ဆာလမ်းစဉ်၏ အလွန်ပင်ယုတ်မာသော သတ်ဖြတ်မှု ထောင်ချောက်တစ်ခု ဖြစ်သည်။
၎င်းကို ပြုလုပ်ရန်အတွက် လူပေါင်းများစွာ၏ အသက်နှင့် ဝိညာဉ်များကို အသုံးပြုရခြင်း ဖြစ်သည်။ အခြေအနေမှာ အလွန်ပင် ဆိုးရွားသွားခဲ့ပြီ။
“ဟဲဟဲဟဲ... မင်းတို့ သိသားပဲ။ ဒီထောင်ချောက်က အသစ်လုပ်ထားတာ၊ မင်းတို့ရဲ့အသက်နဲ့ ဝိညာဉ်တွေက ငါတို့အတွက် အာဟာရ ဖြစ်မှာပါ...” ထောင်ချောက် အပြင်ဘက်မှ ထူးထူးဆန်းဆန်း ဝတ်ဆင်ထားသော လူအချို့က သူတို့ကို ကြည့်ကာ လှောင်ပြောင်နေကြသည်။
“စီနီယာအစ်ကို... အခု ဘာလုပ်ကြမလဲ”
“ဒုတိယအစ်ကို၊ စတုတ္ထညီမ... ငါတို့ သုံးယောက် ကြယ်သုံးပွင့်အစီအရင် နဲ့ သူတို့ကို ခုခံထားမယ်။ ကျန်တဲ့သူတွေက ညီမငယ်လေးကို ကာကွယ်ပြီး ဆက်သွယ်ရေးအဆောင်တွေသုံးပြီး ဂိုဏ်းက လူကြီးတွေနဲ့ ဆရာ့ကို အမြန်အကြောင်းကြားကြ”
ကျန်းချန်က ချက်ချင်းဆုံးဖြတ်ချက် ချလိုက်သည်။ ကျင့်ကြံသူသုံးဦးက ရှေ့သို့ တက်လာပြီး ထောင်ချောက်မှ လာသော မိစ္ဆာစွမ်းအားများကို ခုခံနေကြသည်။ သူတို့မှာ ဂိုဏ်း၏ ထူးချွန်သော တပည့်များ ဖြစ်ကြသော်လည်း ငယ်ရွယ်သေးသဖြင့် ဤကဲ့သို့သော ထောင်ချောက်ကို ခုခံရန်မှာ ခက်ခဲလှသည်။
တစ်ချိန်တည်းမှာပင် ကျန်သူများက ဆက်သွယ်ရေးအဆောင်များကို ထုတ်၍ ဂိုဏ်းသို့ ဆက်သွယ်ရန် ကြိုးစားနေကြသည်။ သို့သော် သူတို့၏အဆောင်များမှ ထွက်ပေါ်လာသော အငွေ့အသက်များမှာ ထောင်ချောက်ကို မကျော်လွှားနိုင်ဘဲ အတွင်း၌ပင် ဦးတည်ရာမဲ့ ပျံသန်းနေကြသည်။
“တောက် ဒီထောင်ချောက်က ဆက်သွယ်ရေးအဆောင်တွေကို ပိတ်ထားတာပဲ”
ကျန်းချန်၏ ရင်ထဲတွင် ထိတ်လန့်သွားပြီး နောင်တများဖြင့် ပြည့်နှက်သွားသည်။ သူ သေဆုံးသွားခြင်းမှာ ကိစ္စမရှိသော်လည်း သူ့ကြောင့် ညီငယ်၊ ညီမငယ်လေးများ အသက်ဆုံးရှုံးရမည်ကို သူ မလိုလားပေ။
အထူးသဖြင့် ဂိုဏ်းချုပ်၏အချစ်ဆုံးသမီးဖြစ်သူ ညီမငယ်လေးသာ တစ်ခုခု ဖြစ်သွားပါက သူ၏အပြစ်မှာ ခွင့်လွှတ်နိုင်စရာ ရှိတော့မည် မဟုတ်။
“ဆက်ပြီး ကြိုးစားကြဦး မရပ်လိုက်နဲ့”
သူက သူ၏ဝိညာဉ်စွမ်းအားများကို အကုန်ထုတ်သုံးပြီး ခုခံနေစဉ် ကျန်သူများကလည်း သတင်းစကား တစ်စုံတစ်ရာ ရောက်ရှိသွားရန် ဆုတောင်းရင်း ထပ်ခါထပ်ခါ ကြိုးစားနေကြသည်။ သို့သော် မည်သို့ပင် လုပ်ဆောင်စေကာမူ သတင်းစကားများမှာ ထောင်ချောက်ကို မဖောက်ထွက်နိုင်ဘဲ ရှိနေသည်။
နောက်ဆုံးတွင် အသံတစ်သံနှင့်အတူ ဆက်သွယ်ရေးအဆောင်တစ်ခုမှာ ပေါက်ကွဲသွားတော့သည်။
“တောက် ငါ့လက် အားးးး”
“ဒါ ဘယ်လိုဖြစ်ရတာလဲ”
“တကယ့်ကို ညံ့ဖျင်းတဲ့အဆောင်ပဲ ဝိညာဉ်ကျောက်တုံး နှစ်ထောင်နီးပါး ပေးထားရတဲ့ လရောင်အဆင့်က အရေးကြီးတဲ့ အချိန်ကျမှ အသုံးမကျဘူး”
“ပိုက်ဆံတွေ အလဟဿ ဖြစ်ကုန်ပြီ”
ထိုစဉ်မှာပင် အလယ်တွင် ကာကွယ်ထားသော လှပသည့် မိန်းကလေးက သူမ၏ နှုတ်ခမ်းကို ကိုက်ကာ - “ကျွန်မ တစ်ချက်လောက် စမ်းကြည့်ပါရစေ” ဟု ပြောလိုက်သည်။ လူတိုင်း သူမထံသို့ လှည့်ကြည့်လိုက်ကြသည်။
ညီမငယ်လေးက သူမ၏ ရင်ခွင်ထဲမှ လန်ယာ တံဆိပ်ပါလရောင်အဆင့် ဖီးနစ် ဆက်သွယ်ရေးအဆောင်တစ်ခုကို ထုတ်လိုက်သည်။
“လန်ယာ တံဆိပ်အဆောင်လား ”
“စမ်းကြည့်တာပေါ့”
ဘယ်သူမှမျှော်လင့်ချက် သိပ်မထားကြပေ။ ကုန်သည်ကြီး သုံးဖွဲ့က သူတို့၏ စာချွန်လွှာမှာ လန်ယာနှင့် တန်းတူဖြစ်ကြောင်း ကြော်ငြာထားသဖြင့် အဆင့်တူလျှင် မည်မျှ ကွာခြားနိုင်မည်နည်းဟု သူတို့ တွေးနေကြသည်။
သို့သော်လည်း လက်ရှိ အခြေအနေတွင် အခွင့်အရေး အနည်းငယ် ရှိလျှင်ပင် စမ်းကြည့်ရမည် ဖြစ်သည်။
အားလုံး၏ အကြည့်အောက်တွင် ညီမငယ်လေးက အသက်ကို ပြင်းပြင်းရှူကာ ဝိညာဉ်စွမ်းအားအနည်းငယ် ထည့်သွင်းလိုက်ပြီး သူမ၏အဆက်အသွယ် စာရင်းထဲမှ ဖခင်ဖြစ်သူ တာယွမ်ဂိုဏ်းချုပ် ကို ရှာဖွေလိုက်သည်။
ဝုမ်းးး
နောက်တစ်စက္ကန့်တွင် စာချွန်လွှာမှ ပြင်းထန်သော အနီရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး လှပသော ဖီးနစ်ငှက်တစ်ကောင်သည် ကောင်းကင်သို့ ပျံတက်သွားကာ ထောင်ချောက်၏အစွန်းဆီသို့ တည့်တည့် ပျံသန်းသွားတော့သည်။
ထိုအချိန်တွင် တခြားသောအဆောင်များကို ပိတ်ဆို့ထားသည့် ထောင်ချောက်မှာ ရုတ်တရက် အသုံးမဝင်တော့သလို ဖြစ်သွားသည်။ ဖီးနစ်ငှက်သည် မည်သည့် အဟန့်အတားမျှမရှိဘဲ ထောင်ချောက်ကို ထိုးဖောက်ကာ ကောင်းကင်ယံသို့ ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာပြီး ညီမငယ်လေး၏ လက်ထဲရှိအဆောင်မှာ တုန်ခါသွားကာ သူမ၏ရှေ့မှောက်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုအခိုက်တွင် လူတိုင်း ဆွံ့အသွားကြတော့သည်။
“အဖေ”
“ဂိုဏ်းချုပ်”
“ဘုရားရေ ဒါ တကယ် အလုပ်ဖြစ်သွားတာပဲ”