အခန်း (၈၅) ဒီဆက်သွယ်ရေးအဆောင်တွေက ပေါက်ကွဲနိုင်လို့လား
အဆင့်နိမ့်စျေးကွက်အတွင်း၌ ကုန်သည်ကြီး သုံးဖွဲ့၏ဆက်သွယ်ရေးအဆောင်များမှာ စျေးကွက်ဝယ်လိုအား အလျင်အမြန် မြင့်တက်လာခဲ့သည်။
နှစ်ဖက်စလုံး၏ အနိမ့်ဆုံးအဆင့်အဆောင်များမှာ စျေးနှုန်းအားဖြင့် ဝိညာဉ်ကျောက်တုံး ၂၀ ခန့်သာ ကွာခြားသော်လည်း စျေးသက်သာသည်မှာတော့ အမှန်ပင်။
သို့သော်အဓိကအကျဆုံးအချက်မှာ လန်ယာ ကုန်သည်အဖွဲ့၏အဆောင်များကို မြောက်ပိုင်းအမှောင်ထုနတ်ဘုရားနယ်မြေ၏ လက်နက်သန့်စင်နန်းဆောင်က ထုတ်လုပ်ခြင်း ဖြစ်သည်။
လက်ရာမှာထိပ်တန်းအဆင့် ဖြစ်သော်လည်း အရေအတွက်မှာ နည်းပါးလှသည်။ လက်ရှိတွင် ပစ္စည်းများ ပြတ်လပ်နေသည်။
ကုန်သည်ကြီးသုံးဖွဲ့ဘက်တွင်မူ လက်ရာပိုင်းဆိုင်ရာ သတ်မှတ်ချက် လုံးဝမရှိသလောက်ပင်။ သူတို့သည် သာမန်ပန်းပဲအလုပ်ရုံများနှင့် လက်နက်ဆရာများကို အမြောက်အမြား ငှားရမ်း၍ အလုပ်လုပ်ခိုင်းကြသည်။
အပြင်ပန်းကြည့်ရုံနှင့်တူနေလျှင် ရပြီဟု သတ်မှတ်ကာ အကန့်အသတ်မရှိ ထုတ်လုပ်ရောင်းချပေးနေသည်။ သူတို့သည် စျေးကွက် လိုအပ်ချက် အမြင့်ဆုံးအချိန်ကို ကွက်တိ အသုံးချလိုက်ခြင်း ဖြစ်သည်။
အချိန်တိုအတွင်းမှာပင်... မြောက်ပိုင်းပင်လယ် အနှံ့အပြား၌ ကုန်သည်ကြီးသုံးဖွဲ့၏အဆောင်များကို ကိုင်ဆောင်ထားသူ အရေအတွက်မှာ လန်ယာအဆောင် ကိုင်ဆောင်ထားသူများထက် ပို၍ပင် များပြားလာသယောင် ရှိနေသည်။
၎င်းက ထိုအဆောင်ကို ကိုင်ဆောင်သူများကို အထင်အမြင်မှားမှုတစ်ခု ပေးလိုက်သည်။ သူတို့သည် လန်ယာအဆောင်ကိုင်ဆောင်သူများနှင့် တန်းတူဖြစ်သွားပြီ သို့မဟုတ် တစ်ဆင့် ပိုမြင့်သွားပြီဟုပင် ထင်မှတ်လာကြသည်။
ထိုအယူအဆကြောင့်ပင် နောက်ပိုင်းတွင် နှစ်ဖက်အုပ်စုမှ အဆင့်နိမ့်ကျင့်ကြံသူများကြား၌ ခိုက်ရန်ဖြစ်ပွားမှုနှင့် အငြင်းပွားမှုများ အဆက်မပြတ် ဖြစ်ပေါ်လာခဲ့သည်။
ကြည့်ရှုနေသူများမှာလည်း တစ်ခုခုတော့ ဖြစ်တော့မည်ဟု စိုးရိမ်တကြီး ဆွေးနွေးနေကြသော်လည်း အားလုံးကို အံ့ဩသွားစေသည့်အချက်မှာ မုန်တိုင်း၏ဗဟိုချက်တွင် ရှိနေသော လန်ယာကုန်သည်အဖွဲ့သည်... ဤရက်ပိုင်းအတွင်း မည်သည့် တုံ့ပြန်မှုမျှ မပြဘဲ ငြိမ်သက်နေခြင်းပင်။ အခြေအနေများကို ဒီအတိုင်းပင် လွှတ်ထားပြီး မည်သို့ပင် လေတိုက်တိုက် မလှုပ်မယှက် တည်ငြိမ်နေသည့် အရှိန်အဝါမျိုးကို ပြသနေသည်။
"နေလို့ကောင်းလိုက်တာ"
နွေးထွေးသော ဝိညာဉ်စမ်းရေတွင်းအတွင်း၌... ဝမ်မုသည် မျက်လုံးများကိုမှိတ်ကာ လက်မောင်းများကို ဆန့်ထုတ်၍ သက်သောင့်သက်သာ မှီထားလိုက်သည်။
အဝတ်အစား ပါးပါးလေးများ ဝတ်ဆင်ထားသော အစေခံမိန်းကလေး အနည်းငယ်မှာ ရေထဲတွင် ရပ်နေကြပြီး သူမတို့၏ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်များမှာ ရေအောက်တွင် ဝိုးတဝါး မြင်နေရသည်။
သူမတို့သည် ဝမ်မု၏ ခန္ဓာကိုယ်ကို ညင်သာစွာ ပွတ်တိုက်သန့်စင်ပေးနေကြသည်။ နူးညံ့သော အထိအတွေ့များကိုခံစားရင်း ဝမ်မုမှာ ကျေနပ်လွန်းသဖြင့် အသံထွက်၍ပင်ညည်းတွားမိသည်။
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်အတွက် စတင်ပြင်ဆင်ကတည်းက သူသည် ထျန်းကျွယ်ကျွန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရာ ချန်ရှန်းကျွန်းရှိ ဇိမ်ခံဘဝကို မခံစားရသည်မှာ ကြာပြီဖြစ်သည်။ ယခုမှသာ သူသည် အားလပ်ချိန် အနည်းငယ် ရရှိတော့သည်။
"သခင်လေး... သခင်လေး ညွှန်ကြားထားတဲ့အတိုင်း ကုန်သည်ကြီးသုံးဖွဲ့ဆီက ဆက်သွယ်ရေး အဆောင်အချို့ကို ဝယ်ပြီး မမရှဆီကို ပို့ပေးခဲ့ပါတယ်။ သူမက အဲဒါတွေကို ဖြုတ်ပြီး စစ်ဆေးထားတဲ့ ရလဒ်တွေ ဒီမှာပါ"
တင်းတင်းသည် ဝမ်မု၏ ကျောပြင်ပေါ်ရှိ ကြွက်သားလိုင်းများကို ခိုးကြည့်မိရာ မျက်နှာလေးရဲတက်သွားပြီး ခေါင်းကို ချက်ချင်း ပြန်ငုံ့လိုက်သည်။ ဝမ်မုက သူမကမ်းပေးသော ကျောက်စိမ်းပြားကိုယူ၍ စစ်ဆေးကြည့်လိုက်သည်။ ၎င်းတွင် ဆက်သွယ်ရေးအဆောင်နှစ်မျိုးကြားရှိ စွမ်းဆောင်ရည်ကွာခြားချက်များကို ရှင်းလင်းစွာ ဖော်ပြထားသည်။
အနည်းငယ် ကြည့်ပြီးနောက် သူ စိတ်မဝင်စားတော့ပေ။ စွမ်းဆောင်ရည်နှင့် အရည်အသွေးမှာ သူထင်ထားသည်ထက်ပင် ပို၍ ညံ့ဖျင်းနေသောကြောင့် ဖြစ်သည်။
"သူတို့တွေ ဆက်သွယ်ရေးအဆောင်တွေရဲ့ အရေးကြီးပုံကို လုံးဝ နားမလည်ကြဘူးပဲ။ အရည်အသွေး ထိန်းချုပ်မှုကို ဒီလောက်အထိ လျစ်လျူရှုထားမှတော့ သူတို့ဒုက္ခရောက်ဖို့ပဲ ရှိတော့တယ်"
ကျင့်ကြံသူတစ်ဦး၏ ဂူဗိမာန်အတွင်း၌...
ကျင့်ကြံသူ နှစ်ဦးမှာ သောက်စားရင်း စကားပြောနေကြသည်။ လုရှင်း သည် သူအသစ်ဝယ်ထားသော လရောင်အဆင့် ဖယောင်းတိုင်နဂါးအဆောင်ကို လက်မှမချတမ်း ကိုင်ထားသည်။
"လှလိုက်တာ... တကယ်ကို လှတာပဲ..."
ဘေးနားရှိ သူ၏သူငယ်ချင်း လင်းကျယ်က မနေနိုင်ဘဲ "အစ်ကိုလုရာ... ခင်ဗျား အဲဒီအဆောင်ကို ကိုင်နေတာ တစ်မနက်ခင်း ရှိပြီ။ ခဏလောက် ချထားပြီး ဝိုင်လေး ဘာလေး သောက်ပါဦး"
ထိုအခါမှ လုရှင်းက အဆောင်ကို စားပွဲပေါ်သို့ မချင်မရဲ တင်လိုက်သည်။ စားစရာများကို ကြည့်ရင်း သူက ရုတ်တရက် သတိရသွားကာ -"ငါတို့နှစ်ယောက်တည်း သောက်ရတာ ပျင်းစရာကြီး တခြား ကျင့်ကြံသူတွေကိုလည်း ခေါ်လိုက်ရအောင်လေ"
လင်းကျယ်က ခေတ္တ တွေဝေသွားပြီး - "ဒါလည်း ကောင်းတာပဲ"
လုရှင်းက အဆောင်ကို အမြန် ပြန်ကောက်ကိုင်လိုက်သည် - "အခုပဲ ဆက်သွယ်လိုက်မယ် အစ်ကိုလင်း ခဏစောင့်နော်"
လင်းကျယ်၏မျက်နှာမှာ တစ်ချက် တွန့်သွားသည်။ ဤလူမှာ ပစ္စည်းအသစ် ရထား၍ ကြွားချင်နေသည်ကို သူ သိနေသည်။
"ဟယ်လို မိတ်ဆွေစု အာ... ဟုတ်တယ် ကျုပ်ပါ အလင်းအမှောင်အထူးပြုလုပ်ချက်အကြောင်းပြောတာလား ဟုတ်တယ် ပန်လိုင်ကုန်သည်အဖွဲ့က ဝယ်တာ။ လရောင်အဆင့် ပုံစံသစ်လေ။ ဝိညာဉ်ကျောက်တုံး နှစ်ထောင်နီးပါး ကုန်သွားတယ်"
"အိုက်ယာ... မိတ်ဆွေဝမ်၊ မတွေ့ရတာ ကြာပြီပဲ။ ဒီည ကျုပ်ဂူဗိမာန်ကို လာခဲ့ပါဦးလား ဝိုင်သောက်ရအောင်"
"မိတ်ဆွေဟွမ်... ကျုပ် ဆက်သွယ်ရေးအဆောင်အသစ်လဲလိုက်တာကို ခင်ဗျား ဘယ်လိုသိလဲ အိုက်ယာ... သိပ်မစျေးကြီးပါဘူး နှစ်ထောင်အောက်ပါပဲ။ ကျင့်ကြံသူတွေဆိုတာ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ထားရမယ် မဟုတ်လား..."
လုရှင်းသည် ကျင့်ကြံသူ တစ်ဒါဇင်ကျော်ကို တစ်ယောက်ပြီးတစ်ယောက် ဆက်သွယ်နေသည်။ သူ ခေါ်စရာ လူမရှိတော့သည့်တိုင်အောင် ဆက်လက် ခေါ်ချင်နေသေးသည်။
"အစ်ကိုလု... ခင်ဗျားရဲ့အဆောင်က နည်းနည်း ပူနေသလိုပဲနော်" လင်းကျယ်က လုရှင်း၏အဆောင်ကို စိုးရိမ်တကြီး ကြည့်ရင်း ပြောလိုက်သည်။ ကျင့်ကြံသူများ၏ အာရုံခံစားမှုမှာ ထက်မြက်လှသည်။ မထိရသေးဘဲနှင့်ပင် ထိုအဆောင်မှ ထွက်ပေါ်လာသော အပူလှိုင်းများကို သူ ခံစားနေရသည်။
"ပူတယ် ဘယ်မှာ ပူလို့လဲ" လုရှင်းက ငြင်းလိုက်သည် "ဒါက ငါ့ရဲ့စိတ်အားထက်သန်မှုတွေပါ ဒီနေ့ ငါပျော်နေတော့ သွေးတွေ ဆူပွက်နေလို့ နည်းနည်း နွေးနေတာပဲ ဖြစ်မှာပါ။ ပုံမှန်ပါပဲ"
တကယ်ပဲလား လင်းကျယ်က သံသယဖြစ်သော်လည်း ဘာပြောရမှန်း မသိပေ။
လုရှင်းက ရုတ်တရက် သူ့ပေါင်သူ ပုတ်လိုက်ကာ - "ဟုတ်သားပဲ တုန်းရှန်းမျှော်စင်က မန်နေဂျာလီကို မခေါ်ရသေးဘူး။ သူ့ကိုလည်း ဆက်လိုက်ဦးမယ်"
လင်းကျယ်က မျက်ခုံးပင့်လိုက်သည် "အစ်ကိုလု... ခင်ဗျားနဲ့ မန်နေဂျာလီက တစ်ခါပဲ ဆုံဖူးတာ မဟုတ်လား ဒီလိုပွဲမျိုးကို သူ့ကို ဖိတ်တာ အဆင်ပြေပါ့မလား"
လုရှင်းက တည်တည်ကြည်ကြည်ဖြင့် "ကျင့်ကြံသူတွေဆိုတာ လောကဝတ်တွေနဲ့ အနှောင်အဖွဲ့ မခံသင့်ဘူး။ ကိုယ့်စိတ်ဆန္ဒအတိုင်းလုပ်ရမယ်။ မန်နေဂျာလီနဲ့ တစ်ခါပဲ ဆုံဖူးပေမဲ့ ငါတို့ကတစ်ဦးနဲ့တစ်ဦး စိတ်ချင်း တည့်ကြတာ သူငယ်ချင်းဟောင်းတွေထက်တောင် ပိုသေးတယ်"
"ဟယ်လို၊ မန်နေဂျာလီ... နေကောင်းလား"
"ဘာ ကျွန်တော် ဘယ်သူလဲ ဟုတ်လား ကျုပ် လုရှင်းလေ လွန်ခဲ့တဲ့ နှစ်နှစ်က ဆုံဖူးတာ မေ့သွားပြီလား"
"ရာထူးကြီးတဲ့သူတွေက မှတ်ဉာဏ်တိုတတ်တာပဲ ကိစ္စမရှိပါဘူး။ ဝိုင်လာသောက်ရင် မှတ်မိသွားမှာပါ..."
"အရမ်း အားမနာပါနဲ့၊ လာပါ လာပါ..."
လင်းကျယ်မှာ နားထောင်ရင်း မျက်ခုံးများ လှုပ်ခတ်နေပြီး အလွန်ပင် အားနာနေမိသည်။ မန်နေဂျာလီက လုံးဝ မလာချင်သည်မှာ သိသာလှသည်။
သို့သော် လုရှင်းကမူ ဟိုဘက်က သဘောမတူမချင်း ဖုန်းမချဘဲ မျက်နှာပြောင်တိုက်၍ ဇွဲနပဲဖြင့် ပြောဆိုနေတော့သည်။
စီးပွားရေးသမားဖြစ်သော မန်နေဂျာလီမှာလည်း ပြတ်ပြတ်သားသားငြင်းရန် ခက်နေသဖြင့် နာရီဝက်ခန့် နားပူနားဆာ လုပ်ပြီးနောက်တွင်မူ ခဏတော့ လာခဲ့ပါမည်ဟု သဘောတူလိုက်ရတော့သည်။
လုရှင်းက ကျေနပ်စွာဖြင့်အဆောင်ကို ချလိုက်ပြီး ဝိုင်တစ်ငုံ သောက်ကာ လန်းဆန်းသွားသည် "ဒီမန်နေဂျာလီက ရှက်နေတာပါ၊ တော်တော်ပြောလိုက်ရတယ် အစ်ကိုလင်း ခင်ဗျား ဘာလို့ဘာမှမပြောတာလဲ"
သူ လှည့်ကြည့်လိုက်သောအခါ လင်းကျယ်က သူ၏ ဆက်သွယ်ရေးအဆောင်ကို ထိတ်လန့်တကြား ကြည့်နေသည်ကို တွေ့ရသည်။
"အစ်ကိုလု... ခင်ဗျားရဲ့အဆောင်က မီးခိုးတွေ ထွက်နေပြီ"
လုရှင်းငုံ့ကြည့်လိုက်သည်။ အမှန်ပင်အဆောင်အတွင်းမှ အဖြူရောင် မီးခိုးငွေ့များ ထွက်ပေါ်နေသည်။
"ဟင်း... ဒါကလည်း ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုလား မသိဘူး စိတ်ဝင်စားစရာပဲ" လုရှင်းက အံ့ဩဝမ်းသာစွာ ပြောလိုက်သည်။
လင်းကျယ်က တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး - "ဒါက ထူးခြားတဲ့ ဖြစ်စဉ်နဲ့ မတူဘူးလို့ ကျွန်တော်ထင်တယ်။ အစ်ကိုလု... အဲဒါကို ဝေးဝေးမှာ သွားထားလိုက်ရင် မကောင်းဘူးလား"
လုရှင်းက အထင်သေးစွာ ပြုံးလိုက်သည် - "အစ်ကိုလင်း... ခင်ဗျားကတော့ တကယ့်ကို ကြောက်တတ်တာပဲ။ ဒါက ဝိညာဉ်ကျောက်တုံး နှစ်ထောင်နီးပါး ပေးထားရတဲ့အဆောင်ဗျ။ ကျုပ်သုံးတာ တစ်ရက်ပဲ ရှိသေးတာ၊ အဲဒါက ပေါက်ကွဲနိုင်လို့လား"
လင်းကျယ်၏ နှုတ်ခမ်းများ တွန့်သွားသည် - "အဲဒါ ပြောရခက်တယ်။ ကုန်သည်ကြီးသုံးဖွဲ့က ဒီလိုမျိုးတွေ လုပ်ခဲ့တာ ဒါ ပထမဆုံး အကြိမ်မှ မဟုတ်တာ"
လုရှင်းက မျက်မှောင်ကြုတ်ကာ - "အစ်ကိုလင်း... ခင်ဗျား လန်ယာကအဆောင် ဝယ်ထားတာ သိပါတယ်။ ဒါပေမဲ့ ပန်လိုင်တို့ ယွန်းကုန်းတို့လို ကုန်သည်ကြီး သုံးဖွဲ့ကို ဒီလိုမျိုး လိုက်ပုတ်ခတ်နေစရာ မလိုပါဘူး"
လင်းကျယ်က မယုံကြည်သေးသည့်ပုံကို မြင်သောအခါ လုရှင်းက ခေါင်းခါရင်း အဆောင်ကို ပြန်ကောက်ကိုင်လိုက်သည်။
"သေသေချာချာကြည့်ထား ကျုပ် နောက်ထပ် လူတစ်ရာကို ဆက်သွယ်ရင်တောင် ဘာမှ ဖြစ်မှာ မဟုတ်ဘူး"
သူ ပြောရင်းနှင့် လက်ကွက်တစ်ခု ဖော်လိုက်ကာ ဝိညာဉ်စွမ်းအား အနည်းငယ် ထည့်သွင်းလိုက်သည်။ အဆောင်မှာ ထပ်မံ လင်းထိန်လာသည်။
တစ်ချိန်တည်းမှာပင်... လင်းကျယ်၏ မျက်လုံးများ ပြူးကျသွားတော့သည်။ အဖြူရောင် မီးခိုးများမှာ ပိုမို ထူထပ်လာပြီး ဂူဗိမာန်အတွင်း၌ တိမ်တိုက်မည်းကြီး တစ်ခုကဲ့သို့ လွင့်ပျံလာသည်။ ထို့ပြင် အဆောင်၏ မျက်နှာပြင်ပေါ်ရှိအစီအရင်များမှာလည်း အလွန်အမင်း ကြမ်းတမ်းပြီး မတည်မငြိမ် ဖြစ်လာတော့သည်။