အခန်း (၈၄) - ဆက်သွယ်ရေးအဆောင် တိုက်ပွဲ
“ကျွန်မတို့ စုံစမ်းသိရသလောက်တော့ ကုန်သည်ကြီး သုံးဖွဲ့ဟာ မကြာခင်မှာ ဖီးနစ် ၊ ချီလင်၊ ခွန်းပန် နဲ့ ဖယောင်းတိုင်နဂါးဆိုတဲ့ ပုံစံလေးမျိုးနဲ့ ဆက်သွယ်ရေးအဆောင်တွေကို ထုတ်ရောင်းတော့မှာပါ”
“ပုံစံတစ်ခုစီမှာ အဆင့် လေးဆင့် ရှိပါမယ် - ကြယ်တာရာ ၊ လရောင် ၊ တောက်ပသောနေ နဲ့ နဂါးငွေ့တန်းဆိုပြီးတော့ပါ”
တင်းတင်းက တည်ကြည်သော မျက်နှာထားဖြင့် အစီရင်ခံနေသည်။
ရှယောင်ယောင်လည်း ထိုနေရာတွင် ရှိနေပြီး မျက်မှောင်ကြုတ်ကာ - “သူတို့က ကျွန်မတို့ကို အကုန်လိုက်ကူးထားတာပဲ နာမည်တွေကအစ”
“ယုံကြည်မှု ရှိစမ်းပါ... အဆုံးက မေးခွန်းသင်္ကေတကို ဖြုတ်လိုက်စမ်းပါ။ သူတို့က ကူးတာမှ အကုန်အစင်ပဲ”
ဝမ်မုသည် လက်ဖက်ရည်ဝိုင်းတွင် အေးအေးလူလူ ထိုင်နေရင်း ရေနွေးအိုးကို မကာ ဖားရုပ်သဏ္ဌာန် လက်ဖက်ရည်ခွက်ထဲသို့ လောင်းချလိုက်သည်။ ရေနွေးငွေ့များ ထွက်ပေါ်လာပြီး ကြွေထည်မျက်နှာပြင်ပေါ်သို့ ရေနွေးများ စီးကျသွားစဉ် သူ၏အကြည့်မှာ တည်ငြိမ်နေဆဲပင်။
“ငါတို့ရဲ့အဆောင်တွေက အရမ်းရောင်းရတော့ သူတို့မနာလိုဖြစ်တာ မဆန်းပါဘူး။ ပြီးတော့ ဒါတွေကသွန်းလုပ်ရတာ မခက်ခဲတော့ ကုန်သည်အဖွဲ့ကြီးတွေအနေနဲ့ အလွယ်တကူ လိုက်တုနိုင်တာပေါ့။”
“ဒါတင်မကဘူး သူတို့ ထုတ်တဲ့ ပုံစံတိုင်းက ငါတို့ထက် စျေးသက်သာတယ်”
တင်းတင်း၏မျက်မှောင်များ ပိုမိုတွန့်ချိုးသွားသည် “အနိမ့်ဆုံး ကြယ်တာရာအဆင့်ကို ဝိညာဉ်ကျောက်တုံး ၁၆၈ တုံး၊ လရောင်အဆင့်ကို ၁,၆၈၈ တုံး၊ တောက်ပသောနေအဆင့်ကို ၁၆,၈၈၈ တုံး...”
“အမြင့်ဆုံး နဂါးငွေ့တန်းအဆင့်ကိုတော့ ၁၆၈,၈၈၈ တုံးတဲ့။ အပြင်ပန်းကြည့်ရင်လည်း ငါတို့ဟာတွေနဲ့ တထေရာတည်းပဲ”
ဝမ်မုက မျက်ခုံးတစ်ချက် ပင့်လိုက်သည် - “စျေးလျှော့ရုံတင်လား”
တင်းတင်းတွေဝေသွားပြီး - “စျေးနည်းနည်း လျှော့တာကလည်း သက်သာတာပဲလေ”
စျေးကွက်ထဲတွင် နှစ်အတော်ကြာ ကျင်လည်ခဲ့သဖြင့် ဝယ်သူအများစုက ဘာကိုတန်ဖိုးထားသလဲဆိုသည်ကို သူမ သိသည်။ လန်ယာ ၏အဆောင်များမှာ ထူးခြားဆန်းသစ်မှုကြောင့် ရောင်းကောင်းနေခြင်း ဖြစ်သည်။
ယခုအခါ အခြားကုန်သည်အဖွဲ့များကလည်း ထပ်တူကျသော ပုံစံများကို စျေးသက်သက်သာသာနှင့် အရေအတွက် အကန့်အသတ်မရှိ ရောင်းချပေးတော့မည် ဖြစ်သည်။ စျေးကွက်ကလည်း ဝယ်လိုအား အပြည့်ရှိနေသေးသည့်အတွက် သူတို့ဟာတွေ အကြီးအကျယ် ရောင်းရမည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ဝမ်မုက တည်ငြိမ်စွာ ပြောလိုက်သည် - “ကိစ္စမရှိပါဘူး လေတိုက်နေတုန်း ခဏလွှတ်ထားလိုက်ပါ”
ရက်အနည်းငယ် ကြာပြီးနောက်...
အကြီးအကျယ် ကြော်ငြာပြီးသည့်နောက်တွင် ကုန်သည်အဖွဲ့ကြီးများ၏အဆောင်အသစ်များမှာ မြောက်ပိုင်းဒေသတစ်ခုလုံး၌ တစ်ပြိုင်နက် ထွက်ပေါ်လာတော့သည်။
ထိုအချိန်တွင် လန်ယာက စျေးကွက်ကို အပူပေးထားပြီး ဖြစ်သည်။ ကျင့်ကြံသူများသည် ဤကိရိယာသစ်နှင့် ရင်းနှီးနေကြသော်လည်း လန်ယာ၏အရေအတွက် အကန့်အသတ်ဖြင့် ရောင်းချမှုကြောင့် ဝယ်မရသူများစွာ ရှိနေသည်။ ထို့ကြောင့် စျေးသက်သာသော ထိုစာချွန်လွှာများကို လူတိုင်းက ဝိုင်းအုံ ဝယ်ယူကြတော့သည်။
“ဟားဟား၊ အစ်ကိုဝူ... ကျွန်တော် ဘာရလာလဲ ကြည့်ဦး”
“ဆက်သွယ်ရေးအဆောင်လား ပစ္စည်းအကုန်ပြတ်နေပြီ ထင်တာ၊ ဘယ်က ဝယ်တာလဲ”
“လန်ယာက မဟုတ်ဘူး ပန်လိုင်ကုန်သည်အဖွဲ့က”
“ပန်လိုင်ကလည်း ဒါတွေ လုပ်တာလား”
“ဟုတ်တယ်။ ကြည့်ဦး... အပြင်အဆင်ရော၊ အထိအတွေ့ရော ခင်ဗျားရဲ့တောက်ပသောနေအဆင့်ထက် မညံ့ဘူး။ စျေးက ဘယ်လောက် ထင်လဲ”
“ဘယ်လောက်လဲ”
“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၆,၈၈၈ တုံးပဲ”
“၂၀၀၀ ပဲ သက်သာတာလား”
“၂၀၀၀ ဆိုတာ ပိုက်ဆံပဲလေ။ ဘာမှ မကွာခြားတာကို ဘာလို့ပိုပေးနေမှာလဲ” ကျင့်ကြံသူက သူငယ်ချင်းဖြစ်သူကို ပြုံး၍ ပြောလိုက်သည်။
“ဘာမှမကွာခြားဘူး ဟုတ်လား” သူငယ်ချင်းဖြစ်သူက သူ့ကိုထူးဆန်းသလို ကြည့်ကာ - “စျေးပေါတဲ့ ပစ္စည်းက ပေါတဲ့အတိုင်းပဲ ရှိမှာပေါ့ ခင်ဗျား မကြားဖူးဘူးလား”
“ဒါကအဆောင်လေးတစ်ခုပဲလေ၊ ဘာတွေများ ကွာသွားမှာ မို့လို့လဲ”
“အသေးစိတ်တော့ ကျွန်တော် မသိသေးဘူး”
သူငယ်ချင်းဖြစ်သူက အေးစက်စွာ ပြန်ပြောသည် - “ဒါပေမဲ့ ကျွန်တော် သခင်လေးရဲ့စရိုက်ကို ယုံတယ်။ သူ ဒီစျေး သတ်မှတ်ထားရင် ဒါကတန်လို့ပေါ့။ အဲဒီ ကုန်သည်အဖွဲ့တွေရဲ့ ယုတ်မာတဲ့ အလုပ်တွေကို မှတ်ထားဦး အစ်ကိုကျူး... အခု နည်းနည်း သက်သာတာကိုမက်ပြီး နောက်မှ အကြီးအကျယ် အရှုံးမခံနဲ့”
သူက ကျူး၏ ပုခုံးကို ပုတ်ကာ ထွက်သွားတော့သည်။ ကျူးမှာ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ပြီးမှ - “ရယ်စရာပဲ အဆောင်လေး တစ်ခုကို ဘာတွေများ ကွာခြားနေမှာလဲ”
စျေးလမ်းတစ်ခုတွင်...
ကုန်သည်အဖွဲ့ကြီးများ၏အဆောင်အသစ်များကို ဝယ်ယူထားသူများမှာ ကြွားလုံးထုတ်နေကြသည်။
“တန်လိုက်တာ လရောင်အဆင့် အဆောင်က လန်ယာရဲ့ လရောင်အဆင့်နဲ့ အတူတူပဲကို ဝိညာဉ်ကျောက်တုံး ၂၀၀ တောင် သက်သာတယ်”
“ဟုတ်ပ ကျွန်တော်ကြည့်တာတော့ ဒါက ပိုတောင် လှသေးတယ်”
“အင်း... စောစောက သိရင် လန်ယာဆီမှာ စျေးကြီးပေးပြီး မဝယ်ပါဘူး”
“တကယ်ကို ရယ်ရတယ်”
အလယ်အလတ်အရွယ် ပညာရှိတစ်ဦးက လန်ယာ၏ ပြာလွင်သောနဂါးအဆောင်ကို လှည့်ပတ်ဆော့ကစားရင်း လျှောက်လာကာ သူတို့ကို အေးစက်စွာ ကြည့်လိုက်သည်။
“မျက်စိရှိတဲ့ လူတိုင်းက အဲဒီ ကုန်သည်အဖွဲ့တွေသုံးထားတဲ့ ကုန်ကြမ်းတွေက လန်ယာနဲ့ ကောင်းကင်နဲ့ မြေကြီးလို ကွာခြားတာကို မြင်နိုင်မှာပါ”
“လန်ယာကုန်သည်အဖွဲ့က အနိမ့်ဆုံးအဆောင်မှာတောင် ပင်လယ်နက်ဝိညာဉ်ရွှေကို အဓိက ကုန်ကြမ်းအဖြစ် သုံးထားတာ။ ဒါပေမဲ့ ကုန်သည်ကြီး သုံးဖွဲ့ကတော့ အရမ်းညံ့တဲ့ မိုးတိမ်ကျောက်ကို သုံးထားတယ်။ အဲဒီ နှစ်ခုရဲ့ စျေးက အဆ တစ်ရာမက ကွာတယ်။”
“အမြင့်ဆုံး အဆင့်တွေဆို ပြောနေစရာတောင် မလိုတော့ဘူး။ သူတို့က မိုးတိမ်ကျောက်ကို အဆင့်မြင့်တစ်ခုနဲ့ လဲပြီး ခရမ်းရောင် သစ်သားဆေးလေး သုတ်ထားတာ။
လန်ယာကတော့ ထိပ်တန်းဝိညာဉ်လက်နက်တွေမှာ သုံးတဲ့ ကိုးကြိမ်သန့်စင်နက်မှောင်သံမဏိနဲ့ ကြယ်မှုန်တွေကိုသုံးထားတာ။ ဒါကိုများ ဘာမှမကွာဘူး ပြောရဲသေးတယ်”
ထိုစကားကို ကြားသောအခါ စီဟိုင်ကုန်သည်အဖွဲ့ကို အားပေးသည့် အမျိုးသမီး ကျင့်ကြံသူတစ်ဦးက နှာခေါင်းရှုံ့လိုက်သည် - “အဲဒါ ဘာဖြစ်လဲ ကျွန်မက ဆက်သွယ်ရေးအဆောင် ဝယ်တာလေ တိုက်ခိုက်ရေး လက်နက် ဝယ်တာမှ မဟုတ်တာ။ ဘာလို့ အဲဒီလောက် ကောင်းတဲ့ ကုန်ကြမ်းတွေ လိုမှာလဲ”
ကျန်သူများကလည်း ဝိုင်း၍ထောက်ခံကြသည်။အဆောင်ဆိုသည်မှာ အသံပို့ရုံပဲ တိုက်ပွဲထဲမှာ ထုတ်ပစ်မှာမှ မဟုတ်တာ။
ပညာရှိ၏မျက်နှာမှာ သနားစရာ ကောင်းလှသည် - “လှည့်စားခံရတာက ခွင့်လွှတ်လို့ ရသေးတယ် ဒါပေမဲ့ နှလုံးသားက ကန်းနေရင်တော့ ဆေးမရှိတော့ဘူး”
လူအုပ်က ဒေါသထွက်သွားကြသည် - “ခင်ဗျား ဘာပြောလိုက်တာလဲ”
ပညာရှိက မတုန်မလှုပ်ဘဲ တည်ငြိမ်စွာ ရပ်နေသည် - “လန်ယာရဲ့အဆောင်တွေက အကောင်းဆုံး ကုန်ကြမ်းတွေကို သုံးထားတာ။ အသံပဲပို့နိုင်တာတောင် အဲဒီစျေးက ကုန်ကြမ်းဖိုးပဲရှိသေးတယ်၊ တကယ်ကို တန်တယ်။
ဒါပေမဲ့ ကုန်သည်ကြီး သုံးဖွဲ့ရဲ့အဆောင်တွေကတော့ ဆေးသုတ်ထားတဲ့ ကျောက်တုံးပဲ။ အများဆုံး ဝိညာဉ်ကျောက်တုံး ၁၀၀ ပဲ တန်တဲ့အရာကို ခင်ဗျားတို့ကို ထောင်ချီ၊ သောင်းချီပြီး ရောင်းနေတာ”
ထိုစကားကြောင့် နားထောင်နေသူများ၏ မျက်နှာမှာပျက်သွားသော်လည်း ဘာမှ ပြန်မပြောနိုင်ကြပေ။ ပစ္စည်းညံ့ကို ဝယ်မိပြီး အမှန်မပြင်ချင်ဘဲ မိမိကိုယ်ကိုယ် အမြင်စူးရှတယ်လို့ ထင်နေခြင်းမှာ တကယ့်ကို အသိဉာဏ်ကင်းမဲ့မှုပင်။
ပညာရှိက ခေါင်းခါလိုက်ပြီး သူ၏ အရှိန်အဝါကို ရုတ်တရက် ထုတ်ဖော်လိုက်ရာ ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ ဖြစ်သွားပြီး ရှေ့က ကျင့်ကြံသူများကို လန့်ဖျန့်သွားစေတော့သည်။
“ရွှေအမြုတေအဆင့်အရှင်သခင်”
“သွား... သွားကြရအောင်...”
လူအုပ်မှာ မျက်နှာများ ဖြူလျော်သွားပြီး ထွက်ပြေးသွားကြတော့သည်။ ထိုနေရာတွင် ခဏမျှ ငြိမ်သက်သွားပြီးမှ ကျယ်လောင်သော လက်ခုပ်သံများ ထွက်ပေါ်လာသည်။
မြောက်ပိုင်းဒေသ တစ်ခုလုံးတွင် ဤကဲ့သို့သော မြင်ကွင်းများစွာ ဖြစ်ပေါ်နေသည်။ စျေးသက်သာသော အဆောင်များက အဆင့်နိမ့် ကျင့်ကြံသူများကြားတွင် ရေပန်းစားနေသည်မှာ ငြင်းမရပေ။ ၎င်းက ကုန်သည်ကြီးသုံးဖွဲ့ကို ပြန်လည် အသက်ဝင်လာစေခဲ့သည်။
ဒါပေမဲ့ ဒါကဒီလောက်ပါပဲ။ အဆင့်တစ်ခုသို့ ရောက်နေသော ကျင့်ကြံသူများမှာ ခိုင်မာသော တာအိုနှလုံးသားရှိကြပြီး အခြားသူများ၏ စကားနောက်သို့ အလွယ်တကူ မပါသွားကြပေ။ သူတို့၏ အမြင်ဖြင့် ကြည့်လျှင် ထိုစာချွန်လွှာ နှစ်ခုကြားရှိ အခြေခံ ကွာခြားချက်ကို တစ်ချက်တည်းနှင့် သိနိုင်သည်။
ထို့ကြောင့် ကုန်သည်ကြီးသုံးဖွဲ့၏ အနိမ့်စား အဆင့်များမှာ ရောင်းကောင်းနေသော်လည်း အဆင့်မြင့် အဆင့်များမှာမူ ရောင်းမထွက်ဘဲ ရှိနေသည်။
ပန်လိုင်ကုန်သည်အဖွဲ့ ရုံးချုပ်တွင်...
ကော်အန်းရှီက သက်ပြင်းချလိုက်သည် - “လန်ယာရဲ့အခြေခံက အရမ်းနက်ရှိုင်းတယ်ငါတို့ဟာတွေက အဆင့်နိမ့်စျေးကွက်မှာပဲ ယှဉ်နိုင်သေးတယ်”
လျူယန်ရွှမ်က ပြန်ပြောသည် - “ဒါတောင် တော်တော်ကောင်းနေပါပြီ။ မြောက်ပိုင်းပင်လယ်စျေးကွက်က အရမ်းကြီးတာ။ အဆင့်နိမ့်စျေးကွက်ရဲ့တစ်ဝက်ကျော်ကို သိမ်းပိုက်နိုင်ရင် ငါတို့ခြေကုတ်ပြန်ရပြီ ပြီးတော့ ငါတို့ ကုန်ကျစရိတ်က လန်ယာထက် အများကြီး သက်သာတော့ အမြတ်က သူတို့ထက် ပိုများတယ်”
မကြာသေးမီက ဝမ်မု၏ထိုးစစ်ကြောင့် သူတို့ ကုန်သည်အဖွဲ့ကြီး သုံးခုလုံး မြောက်ပိုင်းပင်လယ်တွင် ခြေကုတ်ပျောက်လုနီးပါး ဖြစ်ခဲ့ရသည်။ ယခုမှသာပြန်၍ အသက်ရှူနိုင်တော့ခြင်းဖြစ်သည်။ အကယ်၍ လန်ယာကို ဒီအတိုင်းသာဆက်လွှတ်ထားပါက သူတို့ မြောက်ပိုင်းပင်လယ်မှ အမြဲတမ်းနှင်ထုတ်ခံရမည်မှာ သေချာလှသည်။
ထန်ချန်းက ခေါင်းညိတ်သည် - “မှန်တယ် ငါတို့ လန်ယာရဲ့အုတ်မြစ်ကို မလှုပ်ခါနိုင်သေးပေမဲ့ အက်ကြောင်းတစ်ခုတော့ ဖန်တီးနိုင်ခဲ့ပြီ”