အခန်း (၈၂) ဧကရာဇ်မီးလျှံသန့်စင်ခန္ဓာ
လုချန်းက လေသံမာမာဖြင့် ပြောဆိုနေမှုကို နားထောင်ရင်း ရှယောင်ယောင်သည် ခေါင်းခါယမ်းလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
လုချန်းက ဆက်ပြောသည် - "အဲဒီဝမ်ဆိုတဲ့ကောင်က မင်းကိုဆက်သွယ်ရေးအဆောင်တွေ လုပ်ခိုင်းတယ်ဆိုတာ မင်းကို သိသိသာသာ အရှက်ခွဲနေတာ မဟုတ်လား"
"ဒီလိုလုပ်ရအောင်... သူ မင်းကို ဘယ်လောက်ပေးပေး ကိုယ်က နှစ်ဆ ပေးမယ်"
"ပြီးတော့ ညီမလေး ဘာမှလုပ်ပေးစရာ မလိုဘူး။ ပိုက်ဆံရှိတဲ့အချိန်မှ ကိုယ့်ကို ပြန်ပေးရုံပဲ"
"ကိုယ်က အဲဒီဝမ်ဆိုတဲ့ကောင်ကို ကြည့်မရလို့ပါ။ ပိုက်ဆံလေး ရှိတာနဲ့ လူတွေကို နင်းခြေလို့ရတယ် ထင်နေတဲ့လူရှုပ်လူပွေပဲ"
ရှယောင်ယောင်၏ မျက်နှာမှာ ထူးဆန်းသွားသည် - "နှစ်ဆဟုတ်လား"
လုချန်းက ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်ကာ - "အခုကိုယ့်ရဲ့ဆရာက ကျင့်ကြံနေတော့ ဆေးဖော်နန်းဆောင်တစ်ခုလုံးကို ကိုယ်ပဲ တာဝန်ယူထားရတာ။ ဒီလောက် ပိုက်ဆံပမာဏကိုတော့ ကိုယ် ဆုံးဖြတ်လို့ရပါတယ်"
သူ၏အမြင်တွင်မူ သာမန် ဆက်သွယ်ရေးအဆောင် တစ်သုတ်မှာ မည်မျှ ကုန်ကျနိုင်မည်နည်း အရေအတွက်များလျှင်ပင် ဝိညာဉ်ကျောက်တုံး သန်း ၂၀ သို့မဟုတ် ၃၀ ခန့်သာ ဖြစ်လိမ့်မည်ဟု သူထင်ထားသည်။
ထိုစဉ် ဝတ်စုံနီနှင့် အမျိုးသမီးတစ်ဦး တံခါးဝတွင် ပေါ်လာသည်။
"မမရှ ရှိပါသလား"
"ကျွန်မပါ"
တင်းတင်းဝင်လာပြီး စားပွဲပေါ်သို့လက်စွပ်တစ်ကွင်းတင်လိုက်ကာ ပြုံးရွှင်စွာ ပြောလိုက်သည် "သခင်လေးရဲ့အမိန့်အရ ဒီတစ်သုတ် ဆက်သွယ်ရေးအဆောင်တွေအတွက် စရန်ငွေ လာပေးတာပါ။ စုစုပေါင်း ဝိညာဉ်ကျောက်တုံး သန်း ၁၀၀၀ပါ။ မမရှ အနေနဲ့ ပမာဏကို စစ်ဆေးပေးပါဦးမလား"
"ဘယ်လောက် သန်း ၁၀၀၀ ဟုတ်လား" ရှယောင်ယောင် မပြောရသေးခင်မှာပင် ဘေးနားတွင် ရှိနေသော လုချန်းမှာ သရဲမြင်လိုက်ရသလို ဖြစ်သွားပြီး အသံမှာ အဆပေါင်းများစွာ မြင့်တက်သွားကာ နေရာမှပင် ထခုလိုက်တော့သည်။
"ဒါက ဘယ်သူလဲ" တင်းတင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"သူ့ကို ဂရုမစိုက်ပါနဲ့ ကျွန်မတို့ ဆက်ပြောရအောင်" ရှယောင်ယောင်က လက်စွပ်ကို ယူ၍ သူမ၏ ဝိညာဉ်အာရုံဖြင့် စစ်ဆေးလိုက်သည်။ ခဏအကြာတွင် သူမ မျက်လုံးဖွင့်လိုက်ရာ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပါဝင်နေသည် - "မှန်ပါတယ်"
"ဒါဆိုရင် ကျွန်မ သွားလိုက်ပါဦးမယ်"
"ခဏလောက် မနေတော့ဘူးလား မမတင်း"
"မနေတော့ပါဘူး၊ သခင်လေးက ကျွန်မ အစီရင်ခံမှာကို စောင့်နေလို့ပါ"
"ကျွန်မ လိုက်ပို့ပါ့မယ်။"
"မလိုပါဘူး..."
ခဏအကြာတွင် ရှယောင်ယောင် အခန်းထဲသို့ ပြန်ဝင်လာသောအခါ လုချန်းမှာ နေရာတွင်ပင် ကြောင်အမ်းအမ်းဖြင့် ရပ်နေသည်ကို တွေ့ရသည်။ သူမက မျက်မှောင်ကြုတ်ကာ - "ရှင် မပြန်သေးဘူးလား"
လုချန်းက တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး - "အခုနက သူပြောတဲ့ သခင်လေးဆိုတာ... ဘယ်သူ့ကို ပြောတာလဲ"
ရှယောင်ယောင်က မျက်စောင်းထိုးလိုက်ပြီး - "မြောက်ပိုင်းပင်လယ် တစ်ခုလုံးမှာ၊
ငါတို့နတ်ဘုရားနယ်မြေထဲမှာ ကိုယ့်ကိုယ်ကိုယ် သခင်လေးလို့ ဘယ်သူကများ ခေါ်ရဲမှာလဲ"
လုချန်း၏ မျက်နှာမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည် - "သူက မင်းကို ဝိညာဉ်ကျောက်တုံး သန်း ၁၀၀၀ ပေးတယ် ဟုတ်လား"
ရှယောင်ယောင်က ဆက်ပြောသည် - "ဒါက စရန်ငွေပဲ ရှိသေးတာ။ အပြီးသတ်ပေးချေမှုက ဒါထက် ပိုဦးမှာ"
လုချန်းမှာ စကားပင် မပြောနိုင်ဘဲ ကြာမှ ဗလုံးဗထွေးဖြင့် - "သူ... သူကတော့ မကောင်းတဲ့ရည်ရွယ်ချက် ရှိနေတာ သေချာတယ်။ ယောင်ယောင်... သူ မင်းအပေါ် မရိုးသားတဲ့ စိတ်ကူးတွေ ရှိနေတာ အမှန်ပဲ... မဟုတ်ရင် ဆက်သွယ်ရေးအဆောင်တစ်သုတ်က ဒီလောက်အထိတန်စရာ အကြောင်းမရှိဘူး"
"ကိုယ့်ကိုယုံပါ ယောက်ျားအကြောင်း ယောက်ျားပဲ သိတာ အဲဒီကောင်က မင်းအခု ပိုက်ဆံပြတ်နေတာကို သိလို့ အခွင့်ကောင်းယူနေတာ။ မင်း သူ့အကွက်ထဲ မကျစေနဲ့"
ရှယောင်ယောင်က လုချန်းကို ကြည့်ကာ သက်ပြင်းချလိုက်သည် - "ဝမ်မုအပေါ်မှာ ရှင် အထင်လွဲနေတာလို့ ကျွန်မ ထင်တယ်။ သူက ရှင်ထင်သလို လူမျိုးမဟုတ်ဘူး"
ဂျွတ်
ထိုစကားကို ကြားသည်နှင့် လုချန်းက သူ၏ ရင်ဘတ်ကို ဖိလိုက်ပြီး နာကျင်နေသော မျက်နှာဖြင့် - "နာတယ် အရမ်း နာတာပဲ"
"ရှယောင်ယောင်... မင်းတော့ သွားပြီ မင်း သူ့ရဲ့ထောင်ချောက်ထဲကို ကျသွားပြီ"
"ဒါက သူ့လို လူရှုပ်လူပွေတွေသုံးနေကျ နည်းလမ်းပဲ။ သတိထားစမ်းပါ ယောင်ယောင်ရာ"
"တစ်ကယ်လို့ သူကရှင်ပြောသလို ထားဦး သူက ကျင့်ကြံလို့မှမရတာ။
သူက သာမန်လူတစ်ယောက်အမှိုက်ပဲ။ သူနဲ့ ငါ့တို့ကလောကချင်း မတူဘူး... ကျင့်ကြံခြင်းလောကမှာ အစွမ်းကသာ အဓိကပဲ"
"သူက မင်းနဲ့ မထိုက်တန်ဘူး"
ထိုစကားကို ကြားသောအခါ အေးဆေးနေသော ရှယောင်ယောင်၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ မနှစ်မြို့ဖွယ် ကောင်းသော မှတ်ဉာဏ်တစ်ခု ချက်ချင်း ပေါ်လာတော့သည်။
ဝမ်မုက ကျင့်ကြံလို့မရဘူး ဝမ်မုက အမှိုက်။ ဤသည်မှာ သူမ ဘဝတွင် ကြားဖူးသမျှထဲ၌ ရယ်စရာ အကောင်းဆုံး ပြက်လုံးပင် ဖြစ်လိမ့်မည်။
ရှယောင်ယောင်သည် သူမ၏ရင်ဘတ်ထဲမှ နာကျင်မှုကို ခံစားလိုက်ရသည်။ လော့ရွှမ်ရွှမ်းထည့်ထားသော တားမြစ်ချက်မှာ လှုပ်ရှားလာသကဲ့သို့ပင်။
"ထွက်သွား" ရှယောင်ယောင်က အော်ဟစ်လိုက်သည် - "အရူးကောင်"
လုချန်း: "......"
"သခင်လေး... ဒါကတော့ ပထမအသုတ် ပစ္စည်းပို့ဆောင်ရေးဝန်ထမ်းတွေရဲ့ စာရင်းပါ ကြည့်ရှုပေးပါဦး"
"အင်း။"
ဝမ်မုက တင်းတင်းထံမှ စာရင်းပါသော ကျောက်စိမ်းပြားကို ယူလိုက်သည်။ သူ၏ ဝိညာဉ်အာရုံကို ထည့်သွင်းကြည့်လိုက်ရာ သူတို့၏ အခြေခံအချက်အလက်များသာမက ရုပ်ပုံမှတ်တမ်းများ၊ သူတို့ ကျွမ်းကျင်သော ကျင့်စဉ်များနှင့် အတိတ်က လုပ်ဆောင်ချက်များကိုပါ မြင်တွေ့ရသည်။
ဝမ်မုက အားလုံးကို စစ်ဆေးပြီးနောက် - "သူတို့ကို နယ်မြေအလိုက် ခွဲလိုက်ပြီး လေ့ကျင့်မှုတွေ စတင်ဖို့ ပြင်ဆင်လိုက်ပါ"
လန်ယာမော၏ ပထမဆုံး ပစ္စည်းပို့ဆောင်ရေးဝန်ထမ်းများအနေဖြင့် သူတို့၏ ကျွမ်းကျင်မှုနှင့် အပြုအမူမှာ အလွန်အရေးကြီးသည်။ ဤသည်မှာ ကမ္ဘာကြီးအတွက် အွန်လိုင်းဈေးဝယ်စနစ်ပုံစံ၏ ပထမဆုံး ထင်ပေါ်လာမည် မဟုတ်လား။
ကျင့်ကြံခြင်းလောကမှာ အားကြီးသူက အားနည်းသူကို နှိပ်စက်သည့် စည်းကမ်းက အချိန် ကြာမြင့်စွာ စိုးမိုးခဲ့သည်။
အကယ်၍အားနည်းသော ဝယ်သူတစ်ဦးက ပစ္စည်းမှာလိုက်သည့်အခါ သူထက် အဆင့်များစွာမြင့်သော ကျင့်ကြံသူက ပစ္စည်းလာပို့လျှင် ပစ္စည်းပို့သူ၏စိတ်နေစိတ်ထားက အလွန်အရေးကြီးလာသည်။
ဝယ်သူအပေါ် ကျွန်ကဲ့သို့ ဆက်ဆံရန် မလိုအပ်သော်လည်း အနည်းဆုံးတော့ မောက်မာခြင်း မရှိရပေ။ ဝယ်သူကို စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရပေ။ ထိုကဲ့သို့ ခံစားချက်မျိုးဖြစ်ပေါ်လာပါက ကျင့်ကြံသူများသည် အွန်လိုင်းဈေးဝယ်ရန် လက်တွန့်သွားကြပေလိမ့်မည်။
ဝမ်မုပေးသော လစာမှာလည်း မနည်းလှပေ။ တစ်ကိုယ်တော်ကျင့်ကြံသူအဖြစ် သို့မဟုတ် ဂိုဏ်းငယ်များတွင် နေသည်ထက် အဆပေါင်းများစွာ သာလွန်သည်။
ပိုက်ဆံကိုအလကားပေးခြင်း မဟုတ်သဖြင့် သူတို့သည် ဝန်ဆောင်မှုလုပ်ငန်းအကြောင်းကို သေသေချာချာ သင်ယူရပေမည်။
"သခင်လေးရဲ့ညွှန်ကြားချက်အတိုင်း မြောက်ပိုင်းပင်လယ်က ကျွန်းအသီးသီးမှာ ရှိတဲ့ ဆိုင်တွေ စားသောက်ဆိုင်တွေနဲ့ တခြား စီးပွားရေးလုပ်ငန်းတွေနဲ့ လျှို့ဝှက် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်..."
"အရာအားလုံး အဆင်ပြေပါတယ်။ ဆိုင်တော်တော်များများက ဘာလုပ်ရမလဲဆိုတာတောင် သေချာနားမထောင်ဘဲ ကျွန်တော်တို့ ကုန်သည်အဖွဲ့နဲ့ ပူးပေါင်းရမယ်ဆိုတာနဲ့ ချက်ချင်း သဘောတူကြပါတယ်"
ဝမ်ရှို့က ပြုံးလိုက်ရုံသာ ပြုံးနေခဲ့သည်။ တင်းကျပ်သော အဆင့်အတန်းခွဲခြားမှုမှာ တစ်ခါတစ်ရံတွင် အကျိုးကျေးဇူး ရှိလှသည်။
လန်ယာကုန်သည်အဖွဲ့တွင် ပစ္စည်းစုံလင်သော်လည်း အချို့သော နယ်ပယ်များတွင် လိုအပ်ချက်ရှိနေသေးသည်။
ကျင့်ကြံခြင်းလောက၏ ကုန်ထုတ်စွမ်းအားနှင့် နည်းပညာအဆင့်အတန်းမှာ ယခင်ဘဝက လူသားလောကထက် သာလွန်လှသည်။
ထို့ကြောင့် ယခင်ဘဝက အွန်လိုင်းစနစ်ဖြင့် ရောင်းရန် မသင့်တော်သော အရာများပင် ဤနေရာတွင် ရောင်းချနိုင်သည်။
ဥပမာအားဖြင့် လတ်ဆတ်သော ဝိညာဉ်သစ်သီးများ၊ စားသောက်ဆိုင်မှ ဝိညာဉ်အစားအစာများ၊ ကျွန်းအလိုက် ထွက်ရှိသော ဝိညာဉ်ငါးနှင့် ပန်းများ၊ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်များ၊ ရုပ်သေးရုပ်များနှင့် သီချင်းဆိုကသူ အမျိုးသမီးများ အစရှိသည်တို့ ဖြစ်သည်။
လန်ယာကုန်သည်အဖွဲ့မှာ နယ်ပယ်စုံ လွှမ်းခြုံထားသော်လည်း အချို့သော နယ်ပယ်များတွင် အထူးပြုလုပ်ကိုင်နေသည့် ဆိုင်များကို မယှဉ်နိုင်ပေ။
ဥပမာအားဖြင့် သီချင်းဆိုကသူများဆိုလျှင် မြိုင်ယန်ဆောင်မှ အမျိုးသမီးများက ပို၍ နာမည်ကြီးသည်။ ထို့ကြောင့် ထိုကုန်သည်များကို လန်ယာမော ပလက်ဖောင်းထဲသို့ ဆွဲခေါ်ရန်လိုအပ်သည်။
လန်ယာမောစတင်လိုက်သည်နှင့် အခြားသော ကုန်သည်အဖွဲ့ကြီးများလည်း ဤအခွင့်အလမ်းကို မြင်သွားမည်ဖြစ်ရာ စျေးကွက်ကို အရင်ဆုံး သိမ်းပိုက်ထားခြင်းမှာ အကောင်းဆုံးပင် ဖြစ်သည်။
ထိုစဉ်... စနစ်၏ သတိပေးချက်များ ရုတ်တရက် မြည်လာသည်။
【ဂုဏ်ယူပါသည် သင်၏ ရင်းနှီးမြှုပ်နှံမှုဖြစ်သော လင်းယန်သည် ထိုက်ရွှီ မိစ္ဆာနှိမ်နင်းရေး မီးလျှံကို အောင်မြင်စွာ စုပ်ယူနိုင်ခဲ့သည်။ သူ၏ ဧကရာဇ်မီးလျှံ သန့်စင်ခန္ဓာမှာ တိုးတက်သွားပြီး ကျင့်ကြံမှုအဆင့် မြင့်တက်လာခဲ့သည်】
【ဂုဏ်ယူပါသည် သင်သည် လင်းယန်ထံမှ ကျင့်ကြံမှု အကျိုးကျေးဇူးများ ပြန်လည်ရရှိသည် ထိုက်ရွှီ မိစ္ဆာနှိမ်နင်းရေးမီးလျှံကို ၁၀၀% ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ခြင်း】
【ဂုဏ်ယူပါသည် သင်သည် လင်းယန်ထံမှ ကျင့်ကြံမှု အကျိုးကျေးဇူးများ ပြန်လည်ရရှိသည် - ဧကရာဇ်မီးလျှံ သန့်စင်ခန္ဓာ (အဆင့်ငယ် အောင်မြင်မှု)】
【ဂုဏ်ယူပါသည် သင်၏ ကျင့်ကြံမှုနှုန်းမှာလည်း မြင့်တက်လာခဲ့သည်】
【ဂုဏ်ယူပါသည် သင်၏ မီးလျှံကျွမ်းကျင်မှု +၁၀၀၀】
【ဂုဏ်ယူပါသည် သင်၏ မီးအမျိုးအစား နတ်ဘုရားစွမ်းရည် မြှင့်တင်မှု +၁၀၀၀】
【ဂုဏ်ယူပါသည် ဝိညာဉ်စွမ်းအား +၁၀၊ နေမင်းဧကရာဇ်ကျင့်စဉ် အတွေ့အကြုံ +၁၀၀...】