အခန်း (၈) ပိုက်ကွန်ကို ကျယ်ကျယ်ဖြန့်ပြီး လောကတစ်ခုလုံးက ငါးတွေကို ဖမ်းမယ်
"ပိုက်ကွန်ကျယ်ကျယ်ဖြန့်တဲ့ မဟာဗျူဟာက... တကယ်အလုပ်ဖြစ်တာပဲ"
ဝမ်မု၏မျက်လုံးများမှာ သူ၏နိဂုံးချုပ်ချက်ကို ပြန်လည်သုံးသပ်ရင်း တောက်ပနေသည်။
သာမန်လူသားတွေအပေါ် ရင်းနှီးမြှုပ်နှံတာနဲ့ ကံကြမ္မာသားတော်တွေအပေါ် ရင်းနှီးမြှုပ်နှံတာက ရလဒ် လုံးဝကွဲပြားသည်။
အရင်းအနှီးတူညီမယ်ဆိုရင်တောင် သာမန်လူသား အမြောက်အမြားဆီကရတဲ့ ကျင့်ကြံမှုပြန်အမ်းငွေက ကံကြမ္မာသားတော် တစ်ယောက်ဆီက ရတာနဲ့ ညီမျှနိုင်သည်။
ဒါပေမဲ့သတိပြုရမှာက ကံကြမ္မာသားတော်ဆီက ကျင့်ကြံမှုတင်မကဘဲ တခြား အဖိုးတန် ရတနာတွေပါ ရနိုင်တာပဲ။ ဥပမာ - လင်းယန် ဆီကရတဲ့ နေမင်းဧကရာဇ်ကျမ်းစာနဲ့ ပင်လယ်ဝိညာဉ်မီးလျှံတို့လိုမျိုးပေါ့။ ဒါတွေက သာမန်လူသားတွေဆီက ဘယ်တော့မှ မရနိုင်တဲ့ အရာတွေ ဖြစ်သည်။
ဒါ့အပြင် ကျင့်ကြံခြင်းလောကမှာ သာမန်ပါရမီပဲရှိတဲ့လူသားတွေက အချိန်မရွေး သေဆုံးသွားနိုင်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးသွားနိုင်သည်။
ကံကြမ္မာသားတော်တွေကတော့ အမြဲတမ်း ရှင်သန်ကြီးထွားပြီး အကျိုးအမြတ်တွေ ဆက်တိုက်ပေးနေမှာ ဖြစ်သည်။
စစ်မှန်သော ကုန်သည်တစ်ယောက်ဆိုလျှင်တော့ နောက်ဆုံးပြောခဲ့တဲ့ လမ်းစဉ်ကိုပဲ ရွေးမှာပါ။ ဒါပေမဲ့ ဝမ်မုက အခုအချိန်မှာ ကုန်သည်မဟုတ်ပေ။ သူက ဘေးပတ်ပတ်လည်မှာ ရန်သူတွေ ဝိုင်းနေတဲ့ ဒုတိယမျိုးဆက် မသေမျိုး သူဌေးလေးတစ်ယောက်သာ ဖြစ်သည်။ သူအတွက်ဆိုရင် အချိန်တိုအတွင်း သန်မာလာဖို့က အရေးကြီးဆုံးပဲ။ အရှုံးခံရမယ်ဆိုရင် တောင် သူ ဂရုမစိုက်ပါ။
"ပိုက်ကွန်ကျယ်ကျယ်ဖြန့်ဖို့ ဆုံးဖြတ်ပြီးမှတော့ အဆုံးထိ လုပ်မှာပဲ"
"ကျင့်ကြံသူတွေတင်မကဘူး၊ သာမန်လူသားတွေကိုလည်း ရင်းနှီးမြှုပ်နှံမယ်"
"ငါရင်းနှီးမြှုပ်နှံတဲ့လူ လုံလောက်အောင် များမယ်ဆိုရင် ငါ့ရဲ့ တိုးတက်မှုအရှိန်က ဟိုကံကြမ္မာသားတော်တွေကို မမီစရာ အကြောင်းမရှိဘူး"
"ငါတို့နှစ်ယောက်လုံးက ခိုးနည်းသုံးနေတာပဲ၊ ဘယ်သူ့ကို ကြောက်ရမှာလဲ" ဝမ်မု၏ မျက်လုံးများ ဝင်းလက်သွားသည်။
သူ မတ်တတ်ရပ်ပြီး လက်ယမ်းလိုက်သည် - "ဇီရှား၊ လူတွေ ထပ်ခေါ်ပြီး ဒီသခင်လေးနောက်ကို လိုက်ခဲ့"
ရှူးးးး—
ရွှေတောင်ပံဂဠုန်ကြီးသည် လေထဲတွင် အရွယ်အစား ကြီးမားလာပြီး ဝမ်မုကို တင်ဆောင်ကာ တိမ်တိုက်များကို ဖြတ်ကျော် ပျံသန်းသွားတော့သည်။ ဇီရှားလည်း မဆိုင်းမတွဘဲ အချက်ပေး ကျောက်စိမ်းပြားကို ပို့လိုက်ပြီး နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါသွားသည်။
...
ထျန်းကျွယ်ကျွန်း။
မြောက်ပိုင်းပင်လယ်၏အကြီးဆုံးကျွန်းများထဲမှ တစ်ခုဖြစ်ပြီး ဝိညာဉ်စွမ်းအင်နှင့် အရင်းအမြစ်များ ပေါကြွယ်ဝသည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်က လီမိသားစုဝင် မသေမျိုးတစ်ဦးသည် ဤနေရာတွင် အခြေချကာ လျန်ဟု အမည်ရသော နိုင်ငံတစ်ခုကို တည်ထောင်ခဲ့သည်။
လူဦးရေ သန်းနှင့်ချီသော သာမန်လူသားများ ဤနေရာတွင် မျိုးဆက်နှင့်ချီ၍ နေထိုင်ကြသည်။
ဟိန်းးးး—
ရုတ်တရက် ပင်လယ်ပြင်တစ်ခုလုံး ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။ မိုးကုပ်စက်ဝိုင်း မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး မဖော်ပြနိုင်သော ဖိအားများ ရေပြင်တစ်ခုလုံး ကို လွှမ်းမိုးသွားသည်။
အဝေးမှကြည့်လျှင် ရွှေရောင်ခြင်္သေ့ခေါင်းကိုးလုံး ဆွဲလာသော ခမ်းနားထည်ဝါလှသည့် ရထားလုံးကြီးတစ်စင်း ကောင်းကင်ယံမှ လာနေသည်ကို မြင်ရသည်။ ရထားလုံးပေါ်တွင် ဓားကဲ့သို့ မျက်ခုံး၊ ကြယ်ကဲ့သို့ တောက်ပသော မျက်လုံးများရှိသည့် မြင့်မြတ်လှသော လူငယ်တစ်ဦးမှာ ပေါ့ပေါ့ပါးပါး ထိုင်နေပြီး သူ၏ ပခုံးပေါ်တွင် ရွှေရောင်သိန်းငှက် တစ်ကောင် နားနေသည်။
သူ၏ ဘေးပတ်လည်တွင် ခြံရံထားသော လူအမြောက်အမြားမှာ လမင်းကို ကြယ်တာရာများ ဝန်းရံထားသည့်နှယ် ရှိနေသည်။
ထိုရထားလုံးနီးကပ်လာလေလေ ဖိအားက ပိုကြီးလာလေလေ ဖြစ်သည်။ ကျွန်းပေါ်ရှိ ကျင့်ကြံသူများနှင့် သာမန်လူသားများမှာ ကြောက်လန့်တကြား ဒူးထောက်လိုက်ကြရသည်။
"အဲ... အဲဒါ ဘာကြီးလဲ"
"ရွှေရောင်ခြင်္သေ့... နိုင်ငံတစ်ခုလုံးကို တစ်လုပ်တည်းနဲ့ မျိုနိုင်တဲ့ ရှေးဦးနတ်ဘုရား သားရဲကြီးပဲ"
"ဒါက ဝမ်မိသားစုက သခင်လေးရဲ့ ရထားလုံးပဲ၊ ငါတစ်ခါ မြင်ဖူးတယ်"
"ဘာ ဝမ်သခင်လေး ဟုတ်လား ငါတို့တော့ သေပြီ"
"ဝမ်သခင်လေး လာနေပြီ အားလုံး ပြေးကြ" ကျွန်းတစ်ခုလုံး ပရမ်းပတာ ဖြစ်ကုန်သည်။
အေးချမ်းသော လမ်းမများ ပျောက်ကွယ်သွားပြီး လူတိုင်း မိမိတို့ ပိုင်ဆိုင်ရာများကို သိမ်းဆည်းကာ ဆိပ်ကမ်းဘက်သို့ အသက်လု ပြေးကြတော့သည်။
"မေမေ... သမီးတို့ ဘာလို့ ပြေးနေတာလဲ" ဟု ဆံပင်နှစ်ဖက်ကျစ်ထားသော မိန်းကလေးငယ်လေးက မေးလိုက်သည်။
သူမ၏မိခင်က အပြေးအလွှားဖြင့် - "လျှောက်မမေးနဲ့ ဝမ်သခင်လေး လာနေပြီ။ သူက မြောက်ပိုင်းတစ်ခုလုံးမှာ အယုတ်မာဆုံး၊ အရက်စက်ဆုံး မိစ္ဆာပဲ။ မင်းလို စကားမနားထောင်တဲ့ ကလေးတွေကို တစ်နပ်ကို သုံးယောက်နှုန်းနဲ့ စားတာ။ မပြေးရင် သေလိမ့်မယ်"
ထိုမိန်းကလေးငယ်မှာ တစ်ဝက်တစ်ပျက်သာ နားလည်ပြီး သူတို့ထက် ကျော်တက်သွားသော အမျိုးသမီးကြီးများကို ညွှန်ပြကာ မေးပြန်သည် - "ဒါဆို ဟိုအဒေါ်တွေကရော ဘာလို့ ပြေးနေတာလဲ"
ထိုအမျိုးသမီးများထဲမှ တစ်ယောက်က လှည့်ကြည့်ပြီး - "ဒီဝမ်သခင်လေးက ငါတို့လို အိမ်ထောင်သည် အမျိုးသမီးတွေကိုမှ ကြိုက်တဲ့ ကာမရူးပဲအေ၊ မပြေးလို့ ဘာလုပ်ရမှာလဲ"
အသက် ၆၀ အရွယ် အဖွားအိုတစ်ဦးပင်လျှင် အထုပ်အပိုးတွေ ထမ်းပြီး အမောတကော ပြေးနေသည်။ ဘေးက လူတစ်ယောက်က "အဖွားက ဘာလို့ ပြေးနေတာလဲ" ဟု မေးရာ - "ငါ့မြေးရယ်... မင်းက နားမလည်ပါဘူး။ ဝမ်သခင်လေးက သူ့ထက်အသက် နှစ်ရာကျော်ကြီးတဲ့ ကျင့်ကြံသူ အမျိုးသမီးကြီးကိုတောင် မရှောင်ဘဲ လုပ်ခဲ့တာ။ ငါ့လို အဘွားကြီးကိုတောင် သူမျက်စိကျသွားရင် ငါ့ဘဝ နောက်ဆုံးအချိန်မှာ သိက္ခာမဲ့ကုန်တော့ မှာပေါ့"
လူတိုင်း: "..."
...
ထျန်းကျွယ်ကျွန်း၏အတွင်းပိုင်း လျန်နန်းတော်ရှိ တားမြစ်နယ်မြေအတွင်း၌။
ဒိန်း
တားမြစ်ချက်များ တစ်ခုပြီးတစ်ခု ပျက်ပြယ်သွားပြီး လေးလံသော ကျောက်တံခါးကြီး ပွင့်လာသည်။ အလွန်အစွမ်းထက်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
"ဘိုးဘေးကြီး ထွက်လာတာကို ကြိုဆိုပါတယ်" လက်ရှိ လျန်ဘုရင်က ဒူးထောက်အလေးပြုလိုက်သည်။
ကျောက်တံခါးဝတွင် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦး ထွက်လာသည်။ သူသည် လီယွမ်ဟွာဖြစ်သည်။
လျန်ဘုရင်က "ဘိုးဘေးကြီး... ဝမ်သခင်လေးက ရုတ်တရက်ကြီး ရောက်လာလို့ပါ..."
လီယွမ်ဟွာက လက်ယမ်းပြလိုက်သည် - "ငါ သိပြီးသားပါ။"
"ဝမ်သခင်လေးက အမြဲတမ်းအရိုင်းအစိုင်းဆန်ပြီး စည်းကမ်းမရှိတဲ့သူပါ။ ဘိုးဘေးကြီး အနေနဲ့ ဘယ်လို တုံ့ပြန်သင့်လဲဆိုတာ မိန့်ကြားပေးပါ"
လီယွမ်ဟွာက ယုံကြည်မှုအပြည့်ဖြင့် - "ငါ ကျင့်ကြံခြင်းထဲမှာ နှစ်ပေါင်း သုံးရာအောင်းပြီး တရားကို ရှာဖွေခဲ့တယ်။ ဒီနေ့တော့ ငါ အောင်မြင်ပြီ ဒီနေ့မှာတော့ အဲဒီ ဝမ်သခင်လေးကို ငါ့ရဲ့ လက်ရည်စမ်းစရာ ကျောက်ပြင်အဖြစ် အသုံးချရမှာပေါ့"
ဒါကို ကြားလိုက်ရတဲ့အခါ လျန်ဘုရင်မှာ လန့်ဖြန့်သွားသည် - "ဘိုးဘေးကြီး... အဲဒါ ဝမ်မိသားစုလေ ဝေဘုရင်ရဲ့ ဝမ်မိသားစုပါ"
လီယွမ်ဟွာက ပြုံးလိုက်သည် - "ဒါကြောင့်ပဲ ငါက သူ့ကို ရွေးတာပေါ့။ သာမန်လူတွေဆိုရင် ငါ ကိုယ်တိုင် လက်လှုပ်ဖို့တောင် မတန်ဘူး"
ထိုစကားကြောင့် လျန်ဘုရင်၏ သွေးများ ဆူပွက်ကာ ရင်ခုန်စိတ်လှုပ်ရှားသွားတော့သည်။