အခန်း (၇၉) လန်ယာမော မကြာမီ လာတော့မည်
ရှီယီမင်သည်ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်သွားပြီး မျက်နှာမှာ ဖြူလျော့သွားတော့သည်။ ဆိုင်မန်နေဂျာ မုက သူ့ကို ဖေးမမပေးထားပါက သူသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားပေလိမ့်မည်။
"သခင်လေး ရှီ... အဆင်ပြေရဲ့လား"
"မဟုတ်ဘူး ဒီလူတွေက ဘယ်သူတွေလဲ ဘယ်ကနေရောက်လာတာလဲ" ရှီယီမင်သည် အဆင့်စာရင်းရှိ သူလုံးဝမသိသော အမည်အရှည်ကြီးကို လက်ညှိုးထိုးပြရင်း ဟိန်းဟောက်မတတ် မေးလိုက်သည်။
"သခင်လေးရှီ စကားကို ဆင်ဆင်ခြင်ခြင် ပြောပါ" ဆိုင်မန်နေဂျာ မုက နှုတ်ခမ်းရှေ့တွင် လက်ညှိုးတင်ကာ တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ "ဒီလူတွေရဲ့ နောက်ခံက မသေးဘူးနော်"
ရှီယီမင်က ဒေါသတကြီးဖြင့် ကျိန်ဆဲလိုက်သည် - "ဘာနောက်ခံလဲ သူတို့က ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ဂိုဏ်းတွေကများ ဖြစ်နေလို့လား"
ဆိုင်မန်နေဂျာ မုက ခေါင်းညိတ်ပြသည် - "အင်း... ဟုတ်တယ်"
ရှီယီမင်: "..."
"မဖြစ်နိုင်တာ" ရှီယီမင်က ခေါင်းခါလိုက်သည်။
"သူတို့က ချင်းယွန်းကျွန်းစုက အင်အားစုတွေလို့ကျွန်တော် မပြောခဲ့ပါဘူး" ဆိုင်မန်နေဂျာ မုက ပခုံးတွန့်ပြလိုက်သည်။
ရှီယီမင်သည် သူ၏ဦးနှောက်ကို အစွမ်းကုန်သုံး၍ စဉ်းစားသော်လည်း အခြားနယ်မြေမှ ဝိညာဉ်အသွင်ပြောင်းအဆင့် အင်အားစုများက အဘယ်ကြောင့် ချင်းယွန်းကျွန်းစု၏ ကံအကျိုးပေးအဆင့်သတ်မှတ်ချက်စာရင်းတွင် ရုတ်တရက် ပေါ်လာရသနည်းဆိုသည်ကို နားမလည်နိုင်ပေ။
ကံအကျိုးပေးအမှတ် သိန်းချီဆိုသည်မှာ ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာပင် ဤလန်ယာဆိုင်ခွဲတွင် အခြားနေရာ၌ မရှိသည့် ထူးခြားသောပစ္စည်းများ ရှိနေ၍လား။
သို့သော် သူသေချာပေါက် သိလိုက်ရသည့် အချက်တစ်ခုမှာ... သူ သွားပြီ လုံးဝသွားပြီ။
အိမ်ကမထွက်ခင်က သူသည် မိသားစုခေါင်းဆောင်ကို ဤကိစ္စအား အမှားအယွင်းမရှိစေရဘဲ ကံအကျိုးပေးအဆင့်သတ်မှတ်ချက်တွင် ပထမနေရာကို သေချာပေါက် ယူခဲ့မည်ဟု အထပ်ထပ် ဂတိပေးခဲ့သည်။ သို့သော် ယခုမူ... သူ၏ဝိညာဉ်ကျောက်တုံး ငါးသန်းလုံးကို ပုံအောလိုက်လျှင်ပင် ပထမနေရာကို မဆိုထားနှင့်... စာရင်းထဲ ပါဖို့တောင် မလွယ်တော့ပေ။
"မဟုတ်ဘူး... ပိုက်ဆံ... ပိုက်ဆံတွေကို ပြန်ယူရမယ်" ရှီယီမင်သည် ရူးသွပ်သူတစ်ဦးကဲ့သို့ ဖြစ်နေသည်။
ပိုက်ဆံတွေကို ပြန်ယူနိုင်လျှင် သူ၏အပြစ်ဒဏ်မှာ ထိုမျှအထိ မပြင်းထန်နိုင်ပေ။ အကယ်၍ ပိုက်ဆံတွေသာ ကုန်သွားလျှင် သူ တကယ်ကို ဒုက္ခရောက်ပေတော့မည်။
ထိုသို့တွေးမိသည်နှင့် သူသည် စားပွဲပေါ်ရှိ သိုလှောင်အိတ်များဆီသို့ အပြင်းအထန် လှမ်းလိုက်သည်။
သို့သော်လည်း ကြီးမားသော အားတစ်ခုက သူ၏ကော်လာနောက်မှ ဆွဲကိုင်ကာ သူ့ကို နေရာတွင်ပင် မြဲမြံစွာ ထိန်းထားလိုက်သည်။
ဆိုင်မန်နေဂျာမု၏ အကြည့်မှာ ရုတ်တရက် အန္တရာယ်ရှိသော အသွင်သို့ ပြောင်းသွားသည် "သခင်လေးရှီ ကျွန်တော်တို့ဆိုင်ကို လုဖို့ ကြိုးစားနေတာလား"
ရှီယီမင်သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရပြီး မျက်နှာမှာ ပို၍ ဖြူလျော့သွားသည်။
အဆင့်နိမ့်ကျင့်ကြံသူများကိုပင် အမြဲယဉ်ကျေးစွာ ဆက်ဆံတတ်သော ဤဆိုင်မန်နေဂျာမှာ အမှန်တကယ်တော့ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။
သူသည် တုန်ရီသောအသံဖြင့် ခေါင်းခါရင်း ပြောလိုက်သည် - "ကျွန်တော် နောင်တရလို့ပါ။ အားလုံးကို မပေးချင်တော့ဘူး၊ ရမလား ပိုက်ဆံတွေကိုပဲ ပြန်ယူပါရစေ..."
ဆိုင်မန်နေဂျာ မုက နှစ်ချက်မျှ ရယ်လိုက်ပြီး - "ကျွန်တော်တို့ဆိုင်ရဲ့ စည်းကမ်းကတော့ ပိုက်ဆံပေးပြီးရင် အရောင်းအဝယ် ပြီးပြီပဲ။ ပစ္စည်းအရည်အသွေး ပြဿနာရှိမှလွဲလို့ ငွေပြန်အမ်းတာ ပစ္စည်းလဲတာ မရှိဘူး"
"ဒါ့အပြင်..." ဆိုင်မန်နေဂျာ မုက ဆိုင်အတွင်းရှိ ပစ္စည်းစင် ထက်ဝက်ကျော် ပြောင်သလင်းခါနေသည်ကို မေးငေါ့ပြလိုက်သည် - "သခင်လေးရှီ နောင်တရဖို့က အချိန်မီသေးတယ်လို့ ထင်လို့လား"
ရှီယီမင်က သွားကို တင်းတင်းကြိတ်ကာ - "ဒါဆိုရင် ကျန်တဲ့အပိုင်းရော မသုံးရသေးတဲ့ အပိုင်းကိုတော့ ပြန်ယူလို့ ရသင့်တယ် မဟုတ်လား"
ဤတစ်ကြိမ်တွင်မူ ဆိုင်မန်နေဂျာ မုက သူ့ကို အခက်အခဲ မလုပ်တော့ပေ။ စာရေးကို သေသေချာချာ ရေတွက်ခိုင်းပြီးနောက် ကျန်ရှိသော ဝိညာဉ်ကျောက်တုံးများကို ရှီယီမင်၏ လက်ထဲသို့ ပြန်ပေးလိုက်သည်။ သုံးပုံတစ်ပုံပင် မကျန်တော့ပေ။
တစ်ချိန်တည်းမှာပင် ဆိုင်အတွင်းရှိ ကျန်ရှိသော ဖောက်သည်များက ရှီယီမင် နောင်တရနေသည်ကိုကြားသောအခါ ဒေါသတကြီး ကျိန်ဆဲကြတော့သည်။
"တောက်... ဒီကောင်ကတော့ ထွေးပြီးမှ ပြန်လျက်နေတာပဲ"
"မတတ်နိုင်ရင်လည်း မပေးနဲ့လေ ဘာလို့ ချမ်းသာတဲ့ သခင်လေးလို ဟန်ဆောင်နေတာလဲ"
"ဟူး... ရှက်ဖို့ကောင်းလိုက်တာ"
ထိုစူးရှသော စကားလုံးများကို နားထောင်ရင်း ရှီယီမင်သည် ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်တော့ပေ။ သူသည် ပိုက်ဆံလည်း ကုန် ပစ္စည်းလည်း မရသည့်အပြင် သိက္ခာပါ ကျဆင်းသွားခဲ့ရသည်။
မိသားစုဆီ ပြန်ရောက်လျှင် ပြင်းထန်သော အပြစ်ဒဏ်က သေချာပေါက် စောင့်ကြိုနေပေလိမ့်မည်။ ဤအချိန်တွင် သူ၏ ရင်ထဲ၌ နောင်တများဖြင့် ပြည့်နှက်နေတော့သည်။
"ငါ တကယ်ကို နောင်တရတယ်"
"ငါ မှားခဲ့ပြီ၊ တကယ်မှားခဲ့ပြီ"
"အစကတည်းက ပန်လိုင်ယွန်းဟိုင်ဖောင်ဒေးရှင်းမှာ ဖြတ်လမ်းနည်းနဲ့ ရင်းနှီးမြှုပ်နှံဖို့ မစဉ်းစားခဲ့သင့်ဘူး"
"အဲဒီမှာ မမြှုပ်နှံခဲ့ရင် ငါ့မှာ လျိုရို့အန်းနဲ့ ယှဉ်ပြီး လန်ယာကံအဆင့်မှာ ပထမရအောင် လုပ်ဖို့ ပိုက်ဆံရှိမှာ"
"အကယ်၍ငါသာ ပထမရခဲ့ရင် အဲဒီ ကမ္ဘာ့အဆင့် ဆက်သွယ်ရေး အဆောင်က ငါ့လက်ထဲ ရောက်နေမှာ"
"အဲဒါသာ ငါ့ဆီမှာ ရှိရင် ငါ အခုလို အခြေအနေမျိုး ရောက်မှာ မဟုတ်ဘူး"
"တစ်ကွက်မှားရင် အကုန်မှားပြီပဲ"
"အဲဒီ ပန်လိုင်ယွန်းဟိုင် ဖောင်ဒေးရှင်းကို အသေသတ်ချင်တယ်"
"သခင်လေး... ဒါကတော့ နေရာအသီးသီးက နောက်ဆုံးရ ကံအကျိုးပေးအဆင့်သတ်မှတ်ချက် အခြေအနေတွေပါ"
ဖောင်ဒေးရှင်းရုံးချုပ်အတွင်း၌ မနေ့ကမှ ပြန်ရောက်လာသော ဝမ်မုသည် အဖိုးတန် သစ်သားကုလားထိုင်ပေါ်တွင် မှီလျက် ထိုင်နေသည်။ အစေခံမလေး ဇီရှက သူ၏ ခြေထောက်များကို အသာအယာ နှိပ်နယ်ပေးနေသည်။
ဝမ်မုသည် တင်းတင်းပေးသော အစီရင်ခံစာကို ဖတ်ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည် - "ကောင်းပြီ"
ခဏအကြာတွင် သူက ဆက်ပြောသည် - "ဒါနဲ့... မြောက်ပိုင်းပင်လယ် ကမ်းရိုးတန်း တစ်လျှောက်က ပတ်ဝန်းကျင်နဲ့ ရေကြောင်းပြမြေပုံတွေကို ကျွမ်းကျင်တဲ့ ကျင့်ကြံသူတွေကို ရှာဖွေတဲ့ကိစ္စ ဘယ်လိုရှိလဲ"
တင်းတင်းက ခေါင်းညိတ်ပြသည်။ "ကြေညာချက် ထုတ်ပြန်ပြီးပါပြီ။ လန်ယာကုန်သည်အဖွဲ့က ခေါ်တာဆိုတော့ ကျင့်ကြံသူတွေ အများကြီး လာလျှောက်ကြတယ်။ အခု စိစစ်နေပါတယ်"
"စိစစ်တဲ့နေရာမှာ ဂရုစိုက်ပါ။ စိတ်ဓာတ်မကောင်းတဲ့သူတွေကို ဖယ်ထုတ်လိုက်၊ ဒီလူတွေကို နောက်ကျရင် ငါ အကြီးအကျယ် သုံးစရာရှိတယ်"
"ပထမအဆင့် စိစစ်ပြီးရင် စာရင်းကို ငါ့ကို လာပြပါ"
တင်းတင်းက "ဟုတ်ကဲ့ပါ သခင်လေး" ဟု ပြန်ဖြေလိုက်သည်။
ထိုစဉ်... လီယွမ်ဟွာရုတ်တရက် ပေါ်လာပြီး ရိုသေစွာ ပြောလိုက်သည် - "သခင်လေး... အပြင်မှာ တစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ်"
ဝမ်မုက မျက်ခုံးပင့်လိုက်သည် - "ဘယ်သူလဲ"
"သူ့ကိုယ်သူ မြောက်ပိုင်းအမှောင်ထု နတ်ဘုရားနယ်မြေက တပည့် ရှယောင်ယောင်လို့ ပြောပါတယ်"
"အော်... ဟုတ်လား မြန်မြန် ဖိတ်လိုက်ပါ"
ခဏအကြာတွင် ရှယောင်ယောင်ကို အထဲသို့ ခေါ်ဆောင်လာသည်။ ဝမ်မုအနေဖြင့် သူမကို သေသေသပ်သပ် ဝတ်ဆင်ထားသည်ကို မြင်ရသည်မှာ ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူမသည် ခရမ်းရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ ဆံပင်များမှာ ရေတံခွန်ကဲ့သို့ ခေါင်းနောက်တွင် စည်းနှောင်ထားသည်။
သူမ လမ်းလျှောက်လာသည့်အခါတွင် တုန်တုန်ရင်ရင် အသံများ ထွက်ပေါ်လာသည်။ ထိုအသံမှာ ဝေးလံသော နေရာမှပင် ကြားနိုင်ပေသည်။ သူမ ဝတ်ဆင်ထားသော အဆင်တန်ဆာများမှာ နတ်ဘုရားနယ်မြေတွင်ပင် ရှားပါးသော အဆင့်မြင့် မှော်လက်နက်များ ဖြစ်ကြောင်း မကြည့်ဘဲနှင့်ပင် သိနိုင်သည်။
လက်နက်သန့်စင်နန်းဆောင်မှ တပည့်များမှာ ဝိညာဉ်ကျောက်တုံးအများကြီး မရှိနိုင်သော်လည်း ရတနာဆိုလျှင်တော့ တစ်ကိုယ်လုံးတွင် ရှစ်ခု၊ ဆယ်ခုလောက်မှာ အလွယ်တကူ ရှိနေတတ်သည်။
"ဒါက ရှင်လိုချင်တဲ့အထူးထုတ် ဆက်သွယ်ရေးအဆောင်တွေပဲ ကျွန်မ ယူလာပေးပြီးပြီ" ရှယောင်ယောင်သည် သေတ္တာလေးတစ်လုံးကို တိုက်ရိုက် ကမ်းပေးလိုက်သည်။
သေတ္တာကို ဖွင့်ကြည့်လိုက်သောအခါ စျေးကွက်ထဲရှိ အဆောင်များနှင့် လုံးဝမတူသော ထူးခြားသည့် ပုံစံရှိသည့် ဆက်သွယ်ရေးအဆောင်ငါးခုကို တွေ့လိုက်ရသည်။ ဝမ်မုသည် အလွန်ကျေနပ်သွားပြီး သေတ္တာကို ပြန်ပိတ်လိုက်သည် - "အစ်မတော်ရှ... ထိုင်ပါဦး။ အချိန်ကိုက် ရောက်လာတာပဲ ကျွန်တော် ဆွေးနွေးစရာတစ်ခုရှိတယ်"
ရှယောင်ယောင်က ဇဝေဇဝါဖြင့် - "ဘာကိစ္စလဲ"
ဝမ်မုက ပြောလိုက်သည် - "ဆက်သွယ်ရေး အဆောင်တွေ အားလုံးထဲမှာ ပုံစံတစ်ခုကို အဆင့်မြှင့်တင်ချင်လို့ပါ"
ရှယောင်ယောင်က မျက်မှောင်ကြုတ်လိုက်သည် - "အဲဒါကို.ဘယ်လိုအဆင့်မြှင့်ချင်တာလဲ"
ဝမ်ရှို့က ခဏမျှ စဉ်းစားပြီး စကားလုံးများကို စီစဉ်လိုက်သည် - "အဲဒါက အစီအရင်တွေနဲ့ လုပ်ဆောင်ချက်တွေကို ပေါင်းစပ်ထားတဲ့ အရာတစ်ခုပေါ့။ အရင်က ကျွန်တော် လုပ်ခိုင်းထားတဲ့ ဆက်သွယ်ရေးမျက်နှာပြင်ကို မှတ်မိလား အခုအဲဒီထဲမှာ လုပ်ဆောင်ချက်တွေ ပိုပြီးထည့်ချင်တာ"
ရှယောင်ယောင်က နားလည်အောင် ကြိုးစားရင်း - "အဲဒါက... ဝင်္ကပါအမျိုးအစားနဲ့ တူတာလား"
ဝမ်ရှို့က ခေါင်းညိတ်လိုက်သည် - "ဝင်္ကပါကတော့ အတွင်းပိုင်း လည်ပတ်မှုအတွက် အဓိက ယန္တရားပေါ့၊ ဒါပေမဲ့ အပြင်ပန်းမှာတော့ ရိုးရှင်းပြီး တိုက်ရိုက်အသုံးပြုရ လွယ်ကူတဲ့ ပုံစံတစ်ခု ဖြစ်နေရမယ်"
ရှယောင်ယောင်က အနည်းငယ် နားလည်သွားပြီး - "ဒါဆိုရင် အဲဒီဝင်္ကပါ ဒါမှမဟုတ် အစီအရင်ရဲ့ နာမည်က ဘာလဲ"
ဝမ်ရှို့က ခဏမျှ စဉ်းစားပြီး ပြောလိုက်သည် - "လန်ယာမောလို့ ခေါ်တယ်"