အခန်း (၇၈) - သွားပါပြီ
ကျင့်ကြံခြင်းလောကရှိ လူများအတွက် အချို့သောအရာများသည် သူတို့အတွက် လက်တွေ့အသုံးမဝင်လျှင်ပင် အနည်းဆုံးတော့ ပိုင်ဆိုင်ထားကြရမည်ဖြစ်သည်။
အထူးသဖြင့် မိမိ၏အဆင့်အတန်းကို ဖော်ပြနိုင်ပြီး ဝိညာဉ်ကျောက်တုံးရှိရုံဖြင့် ဝယ်ယူ၍မရသော ပစ္စည်းမျိုးဆိုလျှင် ပို၍ပင်အရေးကြီးလှသည်။ ထိုသို့သော အရာမျိုးကို ပိုင်ဆိုင်ထားမှသာ သူတို့၏ ဂုဏ်သိက္ခာနှင့် ထိုက်တန်ပေလိမ့်မည်။
သို့သော် ယခုမူ နတ်သားအဆင့် နှင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်စုပင် ပိုင်ဆိုင်ထားသည့် ကမ္ဘာ့အဆင့်ဆက်သွယ်ရေးအဆောင်ကို သူတို့ကဲ့သို့ လူကြီးပိုင်းများက မရနိုင်ကြသေးပေ ဤသည်ကို သူတို့ မည်သို့ လက်ခံနိုင်ပါ့မည်နည်း။
ထို့ကြောင့် မည်သည့်နယ်မြေတွင်မဆို ကံအကျိုးပေးအဆင့်သတ်မှတ်ချက်၌ ပထမရပါက ကမ္ဘာ့အဆင့်အဆောင်ကို အထူးလက်ဆောင်အဖြစ် ရရှိနိုင်ကြောင်း သိလိုက်ရသောအခါ သူတို့အားလုံးမှာ မငြိမ်မသက် ဖြစ်ကုန်ကြတော့သည်။ သူတို့ တတ်နိုင်သမျှ အင်အားအားလုံးကို အသုံးချကြတော့သည်။
ရက်အနည်းငယ်အတွင်းမှာပင် ဒေသတွင်း ကံအကျိုးပေးအဆင့်သတ်မှတ်ချက်၏ တန်ဖိုးမှာ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် မြင့်တက်သွားခဲ့သည်။
ထျန်းကျူးကျွန်း- လန်ယာဖောင်ဒေးရှင်း ရုံးချုပ်။
တံခါးဝ၏အပြင်ဘက်တွင် ကျောက်စာတိုင်များစွာမှာ တောအုပ်တစ်ခုသဖွယ် စီတန်းလျက် တည်ရှိနေသည်။ အလယ်ဗဟိုရှိ ကျောက်စာတိုင်မှာ အမြင့်ဆုံးဖြစ်ပြီး နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော ပင်လယ်နှလုံးသားကျောက်စိမ်းကို အထူးဝိညာဉ်ရွှေ နှင့် ရောစပ်ကာ ထုဆစ်ထားခြင်း ဖြစ်သည်။ ၎င်း၏ရှေ့မျက်နှာစာတွင် "အတိုင်းအဆမဲ့သောကံတရား" ဟူသော စာသားလေးလုံးကို ထွင်းထုထားသည်။
၎င်းကို ဝန်းရံထားသည့် အခြားသော ကျောက်စာတိုင်ငယ်များပေါ်တွင်မူ လန်ယာကုန်သည်အဖွဲ့ အခွဲတစ်ခုချင်းစီ၏ ကံအကျိုးပေးအဆင့်သတ်မှတ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးနေပြီး စက္ကန့်တိုင်းမှာပင် ပြောင်းလဲနေသည်။ ဤသည်မှာ အတည်ပြုပြီးသား အချောသတ်စာရင်း မဟုတ်သေးပေ။ အလှူရှင်များအနေဖြင့် မိမိတို့၏ လက်ရှိအဆင့်ကို သိရှိနိုင်ရန် ပြသထားခြင်းသာ ဖြစ်သည်။ သုံးလပြည့်သွားမှသာ နောက်ဆုံးစာရင်းကို အတည်ပြုမည်ဖြစ်သည်။
နံနက်ခင်း၏ အလင်းတန်းများ ကျရောက်လာသောအခါ ကျောက်စာတိုင်များပေါ်တွင် ရွှေရောင်အလင်းများ ဖြာကျနေပြီး နတ်ဘုရားတို့၏ ကံတရားရွှေရောင်အလင်းကဲ့သို့ တောက်ပနေတော့သည်။
ကျင့်ကြံသူ အမြောက်အမြားမှာ ကျောက်စာတိုင်ရှေ့တွင်စုဝေးကာ ပြသထားသော အချက်အလက်များကို အံ့ဩတကြီး ကြည့်နေကြသည်။
"ကံအကျိုးပေး အမှတ်တွေက တစ်သန်းကျော်သွားပြီ မဟုတ်လား"
"မနေ့ကတည်းက ကျော်သွားတာလေ"
"ဒီဂိုဏ်းကြီးတွေကတကယ် ချမ်းသာတာပဲ။ ကံအကျိုးပေးအမှတ် တစ်သန်းဆိုတာ ဝိညာဉ်ကျောက်တုံး သန်းပေါင်း ရာချီပြီး သုံးလိုက်တာနဲ့ အတူတူပဲ..."
"ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်အထက်က အင်အားစုတွေရဲ့တပည့်တွေက များတော့ သူတို့ဝယ်တဲ့ကုန်ကြမ်းတွေကလည်း စျေးကြီးတာကိုး အဲဒါကြောင့် စျေးနှုန်းတွေက ထိုးတက်ကုန်တာပေါ့"
"ဟုတ်တယ်။ ရှရွှန်းထျန်းဂိုဏ်းလို အင်အားစုတွေဆိုရင် သူတို့နဲ့ ဆက်နွှယ်နေတဲ့ ကျွန်းတွေ၊ ဂိုဏ်းတွေကိုပါ လန်ယာကုန်သည်အဖွဲ့မှာ ပစ္စည်းဝယ်ရင် ဂိုဏ်းချုပ်ရဲ့ အမည်နဲ့ပဲ ဝယ်ခိုင်းထားတယ်လို့ ကြားတယ်"
"ကျင့်ကြံသူ အမြောက်အမြားက ဒီလောက်အထိ ဝိုင်းဝန်းအားပေးနေကြတာဆိုတော့ ကံအကျိုးပေးအဆင့်သတ်မှတ်ချက်က အမှတ်တွေ ဒီလောက် ထိုးတက်နေတာ မဆန်းပါဘူး"
လူအုပ်ကြီးထဲတွင် ထျန်းကျူးကျွန်းရှိ ဒေသခံဂိုဏ်းများမှ ဂိုဏ်းချုပ်များဖြစ်သော ရန်ကျူးကျီ နှင့် ချူးယို့ချန်းတို့၏မျက်နှာမှာ မချိပြုံး ဖြစ်နေကြသည်။ အထူးသဖြင့် ရန်ကျူးကျီမှာ ရင်ထဲတွင် သက်ပြင်းချလျက် - "ငါတို့ စောစောစီးစီး လှုပ်ရှားပြီး ထိပ်ဆုံး သုံးနေရာမှာ နေရာယူထားမိတာ တကယ်ကို ကံကောင်းတာပဲ"
"သခင်လေးက ထျန်းကျူးကျွန်းကို ဖောင်ဒေးရှင်း ရုံးချုပ်အဖြစ် ရွေးချယ်လိုက်လို့သာ ငါတို့ ကံကောင်းသွားတာ။ မဟုတ်ရင်... ဒီလို အကျိုးကျေးဇူးမျိုး ငါတို့ဆီ ဘယ်ရောက်လာပါ့မလဲ"
လန်ယာဖောင်ဒေးရှင်း၏ ကံအကျိုးပေးအဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံး သုံးနေရာ၌ ပါဝင်ခြင်းသည် သူတို့၏ ဂိုဏ်းများအတွက် မခန့်မှန်းနိုင်သော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးခဲ့သည်။ သူတို့၏ တပည့်များမှာ ပတ်ဝန်းကျင် ပင်လယ်ပြင်သို့ သွားလေရာရာ၌ အခြားကျင့်ကြံသူများ၏ လေးစားမှုကို ရရှိကြသည်။
သူတို့၏ ဂုဏ်သတင်းမှာ အလွန်ပင် ကောင်းမွန်နေသောကြောင့် ဖြစ်သည်။ ဖောင်ဒေးရှင်းက လူတွေကို ကယ်တင်တိုင်း သူတို့ဂိုဏ်း၏အမည်မှာလည်း အတူတူ ပါသွားတတ်သည်။
ထို့အပြင် နာမည်ကြီး ကျင့်ကြံသူများစွာမှာလည်း သူတို့၏ ကောင်းမှုကုသိုလ်များကို ကြားသိရသောအခါ အားကျကာ ဝေးလံသော နေရာများမှလာရောက် ပူးပေါင်းကြသည်။
ရန်ကျူးကျီအနေဖြင့် အစောပိုင်းက ပထမနေရာကိုရရန် ဝိညာဉ်ကျောက်တုံး ရှစ်သိန်းခန့်သာ သုံးခဲ့ရခြင်းဖြစ်သည်။ ထိုပမာဏမှာ သူတို့ဂိုဏ်းအတွက် များပြားသော်လည်း ယနေ့အချိန်၌မူ ထိုပမာဏဖြင့် စာရင်း၏ အောက်ဆုံးနားကိုပင် ကပ်နိုင်မည်မဟုတ်တော့ပေ။
မိမိတို့ဒေသအတွင်းရှိ ဝိညာဉ်အသွင်ပြောင်းအဆင့်ဂိုဏ်းကြီးများကို မယှဉ်နိုင်သော အခြားအင်အားစုများမှာ ပြိုင်ဆိုင်မှု နည်းပါးသော ထျန်းကျူးကျွန်းကဲ့သို့ နေရာမျိုးသို့ လက်တံဆန့်လာကြသည်။ ဤနေရာမှာ ပိုက်ဆံသုံးရင်လည်း အဆင့်စာရင်းထဲ ပါနိုင်သည် မဟုတ်လား။
ထျန်းကျူးကျွန်းတွင်လည်း ဝိညာဉ်အသွင်ပြောင်းအဆင့်ရှိသော လီမျိုးနွယ်စု ရှိသော်လည်း လီမျိုးနွယ်စုဘိုးဘေးမှာ လန်ယာသခင်လေး၏လူယုံဖြစ်သဖြင့် ကမ္ဘာ့အဆင့်အဆောင်ကို အစကတည်းက ရရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် သူက ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပေ။ ဤသည်မှာ ပြိုင်ဘက်တစ်ဦး လျော့သွားခြင်းပင် ဖြစ်သည်။
ထို့ကြောင့် အင်အားမတောင့်တင်းသော အခြားအင်အားစုများနှင့် တကိုယ်တော်ကျင့်ကြံသူများအတွက် ဤကျွန်းမှာ ပထမဆုံး ရွေးချယ်စရာ ဖြစ်လာခဲ့သည်။
သူတို့သည် အဆင့်စာရင်းထဲပါရန်အတွက် ဝိညာဉ်ကျောက်တုံးများကို အလုအယက် သုံးစွဲနေကြသဖြင့် ပြိုင်ဆိုင်မှုမှာ အလွန်ပင် ပြင်းထန်လာတော့သည်။
"ဒါကတော့ တကယ်ကို ရူးသွပ်နေတာပဲ" ချူးယို့ချန်းက တိုးတိုးလေး ကျိန်ဆဲလိုက်သည်။
သူသည် နိုင်းဆန်းဂိုဏ်း၏ ပထမနေရာကို အားကျကာ နောက်တစ်ကြိမ် အဆင့်သတ်မှတ်ချက် မပြောင်းခင် သူတို့ကို ကျော်တက်ရန် ကြံစည်ထားသော်လည်း ယခုမူ ဘယ်လိုလုပ် ယှဉ်နိုင်တော့မှာလဲ ဝိညာဉ်အသွင်ပြောင်းကျင့်ကြံသူတစ်ယောက်က ပေါ့ပေါ့ပါးပါး သုံးလိုက်သည့် ပမာဏကပင် သူတို့ဂိုဏ်း၏ နှစ်ပေါင်းထောင်ချီ စုဆောင်းထားသမျှထက် သာလွန်နေသည် မဟုတ်လား။
ရန်ကျူးကျီက သူ၏ရင်ခွင်ထဲရှိ ကမ္ဘာ့အဆင့် ဆက်သွယ်ရေးအဆောင်ကို မသိမသာစမ်းကြည့်လိုက်သည်။ ထိုပစ္စည်းမှာ ယခင်ကထက် ပို၍လေးလံပြီး ပူလောင်နေသကဲ့သို့ သူ ခံစားလိုက်ရသည်။ ဤပစ္စည်းသည် နိုင်းဆန်းဂိုဏ်း၏အဖိုးမဖြတ်နိုင်သော ဂိုဏ်းအမွေအနှစ် ရတနာ ဖြစ်လာတော့မည်ကို သူ နားလည်လိုက်ပြီ ဖြစ်သည်။
တစ်ဖက်တွင်... ချင်းယွန်းကျွန်းစု ။
ရှီမျိုးနွယ်စု၏သခင်လေး ရှီယီမင်သည် လန်ယာကုန်သည်အဖွဲ့၏အခွဲသို့ ရောက်ရှိလာသည်။ သူ၏ အိတ်ထဲတွင် ပိုက်ဆံအမြောက်အမြား ပါလာပြီး သူ၏ မျက်လုံးများမှာ ပြတ်သားနေကာ တိုက်ပွဲဝင်လိုစိတ်များ ပြင်းထန်နေသည်။
"ဖယ်ကြ... အကုန် ဖယ်ကြစမ်း" သူ၏ ကိုယ်ရံတော်များက ဆူညံနေသော လူအုပ်ကို ခွဲကာ လမ်းဖွင့်ပေးလိုက်သည်။
"သခင်လေး ရှီ... ဒါက ဘာသဘောလဲ" ဆိုင်မန်နေဂျာမုက မျက်မှောင်ကြုတ်ကာ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို ဇဝေဇဝါ ဖြစ်နေသည်။
"ဆိုင်မန်နေဂျာ... အထင်မမှားပါနဲ့.ကျွန်တော် ပြဿနာလာရှာတာ မဟုတ်ဘူး"
"ကျွန်တော် ဒီနေ့ လာတာက စကားတစ်ခွန်းပဲ ပြောချင်လို့ပါ"
ရှီယီမင်က လက်ကို ဝှေ့ယမ်းလိုက်ရာ သိုလှောင်အိတ် အများအပြားမှာ စားပွဲပေါ်သို့ ကျလာသည်။ ထို့နောက် သူက လူအုပ်ကို ကြည့်ကာ ခံ့ညားစွာဖြင့် ကြေညာလိုက်သည်။
"ဒီနေ့ ဒီလန်ယာဆိုင်ခွဲမှာရှိနေတဲ့ လူအားလုံး ဝယ်သမျှ ပစ္စည်းဖိုးကို ဒီသခင်လေးက အကုန်ရှင်းပေးမယ်"
ထိုစကားကို ကြားသည်နှင့် လူအုပ်ကြီးမှာ ဟေးခနဲ အော်ဟစ်ကာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ဒီလို ကောင်းတဲ့ကိစ္စမျိုး ရှိသလား ချက်ချင်းပင် ကျင့်ကြံသူအားလုံးက "သခင်လေး ရှီကတော့ သဘောထားကြီးလိုက်တာ" ဟု အော်ဟစ်ရင်း ဆိုင်ထဲသို့ တိုးဝင်ကာ ပစ္စည်းများကို သိမ်းကျုံး ဝယ်ယူကြတော့သည်။
ရှီယီမင်မှာ လူပေါင်းထောင်ချီ၏ မြှောက်ပင့်မှုကို ခံယူရင်း ခါးကိုထောက်ကာ သူ၏ဘဝမှာ အထွတ်အထိပ်သို့ ရောက်နေပြီဟု ခံစားနေရသည်။ သူက တကယ့်ပြိုင်ဘက်ဆိုတာ ဘာလဲဆိုသည်ကိုပင် မသိသေးပေ။
ဆိုင်မန်နေဂျာမုက အပြုံးလေးဖြင့် အနားသို့ လာကာ - "သခင်လေး ရှီက တကယ်ကို သဘောထားကြီးတာပဲ။ ကျွန်တော်မျိုး တကယ် လေးစားမိပါတယ်"
ရှီယီမင်က ဂရုမစိုက်သလို လက်ဝှေ့ယမ်းကာ "ဒါတွေကမုန့်ဖိုးလေးတွေပါ ငါ့မှာ တခြား အရည်အချင်း မရှိပေမဲ့ လောကကြီးမှာ ဒုက္ခရောက်နေသူတွေကို ကြည့်မရလို့ ကုသိုလ်ရေးမှာ ကူညီချင်တာပါ"
ဆိုင်မန်နေဂျာမု၏ အပြုံးမှာ ပို၍ နက်ရှိုင်းသွားပြီး ခေါင်းညိတ်လိုက်သည် - "ဒီဘက်ခေတ်မှာ သခင်လေး ရှီလို စိတ်ဓာတ်မျိုး ရှိတဲ့သူက တကယ်ရှားပါတယ်"
ရှီယီမင်က ရင်ကိုကော့ကာ - "ဒါက အစပဲ ရှိသေးတယ် ငါက ချင်းယွန်းကျွန်းစုရဲ့ ကံအကျိုးပေးအဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ် ဖြစ်အောင် လုပ်မှာ"
ထိုစကားကို ကြားသောအခါ ဆိုင်မန်နေဂျာ မု၏ မျက်နှာမှာ ထူးဆန်းသွားသည် - "ကံအကျိုးပေး အဆင့်သတ်မှတ်ချက် ဟုတ်လား"
"ဟုတ်တယ်" ရှီယီမင်က ယုံကြည်မှုအပြည့်ဖြင့် "ပြီးခဲ့တဲ့ တစ်ခေါက်ကလျိုရို့အန်း က ဝိညာဉ်ကျောက်တုံး နှစ်သန်းကျော် သုံးပြီး ပထမရသွားတာကို ငါမှတ်မိသေးတယ်။ ဒီနေ့ ငါက ဝိညာဉ်ကျောက်တုံး ငါးသန်း အပြည့် ယူလာတာ ဆိုင်မန်နေဂျာမု၊ မင်းမျက်နှာက ဘာဖြစ်တာလဲ ငါ့ကိုမယုံလို့လား မယုံရင် ရေတွက်ကြည့်လိုက်လေ"
"မဟုတ်ပါဘူး... မဟုတ်ပါဘူး..." ဆိုင်မန်နေဂျာ မုက အလျင်အမြန် လက်ကာပြကာ အနည်းငယ် နေရခက်စွာဖြင့် ပြောလိုက်သည်။
"အခုတလော ကံအကျိုးပေးအဆင့်သတ်မှတ်ချက်က အရင်နဲ့ မတူတော့လို့ပါ။ သခင်လေး တစ်ချက်လောက် ပြန်ကြည့်ကြည့်ပါဦးလား"
"ဘာတွေထူးခြားလို့လဲ"
ရှီယီမင်က မျက်မှောင်ကြုတ်ကာ တံခါးဝရှိ ကံအကျိုးပေးအဆင့်သတ်မှတ်ချက် စာရင်းကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများမှာ ချက်ချင်း ပြူးကျယ်သွားတော့သည်။
စာရင်း၏ထိပ်ဆုံးနေရာမှာ သူ လုံးဝ မသိသော အမည်များဖြင့် အစားထိုးခံထားရသည်ကို သူ မြင်လိုက်ရသည်။
နံပါတ် (၁) - ကျူးရှန်း ၊ ကံအကျိုးပေး ယအမှတ် - ၄၀၀,၀၀၀
နံပါတ် (၂) - လျင်ယွီ ၊ ကံအကျိုးပေးအမှတ် - ၃၉၉,၀၀၀
နံပါတ် (၃) - ယွီထျန်း၊ ကံအကျိုးပေးအမှတ် - ၃၉၈,၀၀၀
(မှတ်ချက် - ကံအကျိုးပေးအမှတ် ၄၀၀,၀၀၀ ရရန် ဝိညာဉ်ကျောက်တုံး သန်း ၄၀ ခန့် သုံးစွဲရမည် ဖြစ်သည်)
တစ်ခဏအတွင်းမှာပင် ရှီယီမင်တစ်ယောက် ခေါင်းမူးကာ လဲကျမတတ် ဖြစ်သွားတော့သည်။
မိုးပြိုကျလာသကဲ့သို့ သူခံစားလိုက်ရတော့သည်။