အခန်း (၇၅) ပိန့်လိုင်၏အကြံအစည်
"စီနီယာအစ်ကိုကျန်း၊ စီနီယာအစ်မရှု ကျေးဇူးပြုပြီး ဒီမှာပဲ ရပ်လိုက်ပါတော့"
"အို... ငါအရင်က ပြောဖူးသားပဲ ဘာလို့ ငါတို့ကို စီနီယာအစ်ကိုတို့ အစ်မတို့လို့ ခေါ်နေရတာလဲ အရမ်းယဉ်ကျေးလွန်းနေပြီ။ ငါ့ကို ကျန်းလေး လို့ပဲ ခေါ်ပါ"
"ဒါက ဘယ်သင့်တော်ပါ့မလဲ"
"ဘာမသင့်တော်စရာရှိလဲ ငါတို့က မင်းထက် အသက်နှစ်ရာလောက်ပဲကြီးတာပါ၊ ဒါက ကိစ္စမရှိပါဘူး။ လာပါ... မုကော လမ်းလျှောက်တာ သတိထားဦး လှေကားထစ်တွေကို ကြည့်ဦးနော်"
ကျူးရှန်ကျွန်းပေါ်တွင် ဖြစ်သည်။
လက်နက်သန့်စင်နန်းဆောင်မှ တပည့်တစ်စုသည် ဝမ်မုကိုဝိုင်းရံကာ ထွက်လာကြပြီး လူတိုင်း၏ မျက်နှာပေါ်တွင် စစ်မှန်သောအပြုံးများ ပွင့်လန်းနေကြသည်။
"ဒါဆို ကျွန်တော်တို့ သွားတော့မယ်နော်။ ကျေးဇူးပြုပြီး ဒီကနေပဲပြန်လိုက်ကြပါတော့နော်"
"ကောင်းပြီ လမ်းမှာဖြည်းဖြည်းသွားဦး၊ ပြီးတော့ မကြာမကြာ လာလည်ဦးနော် မုကော"
လက်နက်သန့်စင်နန်းဆောင်တပည့်များသည် ရပ်နေသည့် နေရာမှလက်ဝှေ့ယမ်း နှုတ်ဆက်ရင်း ဝမ်မုနှင့် တင်းတင်းတို့ ရွှေခြင်္သေ့ကို စီးကာ ကောင်းကင်သို့ ပျံတက် ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေကြသည်။
အဖွဲ့ကိုဦးဆောင်သည့် စီနီယာအစ်ကိုကျန်းသည် သူ၏မုတ်ဆိတ်မွှေးကို သပ်ရင်း လျှာတသပ်သပ်ဖြင့် ချီးမွမ်းလိုက်သည် "မုကောက တကယ်ကို ခန့်ညားတာပဲ။ ငါတို့ ဘာလို့ အရင်က ဒါကို သတိမထားမိခဲ့တာလဲ"
တပည့်တစ်ဦးက ပြောသည် - "ဟုတ်ပဗျာ။ အထူးသဖြင့် သူက လက်ကိုဝှေ့ယမ်းပြီး အခကြေးငွေကို ၃၀ ရာခိုင်နှုန်း တိုးပေးမယ် လူတိုင်းကိုလည်း လုပ်အားခ အပိုဆုကြေး ပေးမယ်လို့ ပြောလိုက်တဲ့အချိန်က... တကယ့်ကို အမိုက်စားပဲ"
စီနီယာအစ်မရှုက ခဏမျှ စဉ်းစားပြီးမှ နှုတ်ခမ်းလေးကို စူကာ - "ပစ္စည်း အခုရေ ဆယ်သန်း... ဒီအလုပ်သာ ပြီးသွားရင် ငါတို့ တကယ် ချမ်းသာသွားတော့မှာ မဟုတ်လား"
"ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစမ်းပါ" စီနီယာအစ်ကိုကျန်းက သူ၏အဝတ်အစားများကို ပြုပြင်ကာ ခေါင်းကို မော့၍ ပြောလိုက်သည် "ငါတို့တွေ အရမ်းကိုချမ်းသာသွားမှာ"
ထိုစဉ်မှာပင် ရှယောင်ယောင်သည် မည်သည့် အမူအရာမှမရှိဘဲ ထွက်လာကာ သူတို့ကို နှာခေါင်းရှုံ့ကြည့်လိုက်သည်။ "မင်းတို့ တစ်စုကို ကြည့်ရတာ... ပိုက်ဆံလေး နည်းနည်းနဲ့ အဝယ်ခံလိုက်ရတာလား"
စီနီယာအစ်ကိုကျန်းက အပြစ်မရှိသလို ဟန်ဆောင်ကာ - "ညီမလေးရာ... မင်းက ဆောင်သခင်ရဲ့တိုက်ရိုက်တပည့်လေ မင်းမှဆင်းရဲဖူးတာ မဟုတ်ဘဲ"
"ငါတို့က ဆင်းရဲလွန်းလို့ ကြောက်တောင် ကြောက်နေရပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က ငါတင်ထားတဲ့ သုတေသန ရန်ပုံငွေ အခုထိ ခွင့်မပြုသေးဘူး"
စီနီယာအစ်မရှုကလည်း ထပ်ပြောသည် - "ငါလည်း အတူတူပဲ။"
"ငါ တာဝန်ယူထားတဲ့ သုတေသနက စီနီယာတွေနဲ့ ဂျူနီယာအစ်မတွေပိုပြီး အဆင်ပြေပြေ အသုံးပြုနိုင်ဖို့ မိုးကြိုးငါးသွယ်အစီအရင် နဲ့ မိုးကြိုးလက်နက်ကို အဆင့်မြှင့်တင်ဖို့ ကိစ္စက အခုထိ တစ်ဝက်ပဲပြီးသေးတယ်... ပေးတဲ့ ပိုက်ဆံက အရမ်းနည်းတော့ ဂျူနီယာညီမလေးတွေက မလာချင်ကြဘူး။ သူတို့က အရမ်းနုနယ်တော့ ဒါကို မကိုင်တွယ်နိုင်ကြဘူး"
"ကျွန်တော်လည်း အတူတူပဲ ကျွန်တော့်ရဲ့ အလိုအလျောက်အနှိုင်းမဲ့ လေမီးဘီးက အခု စမ်းသပ်မယ့်သူ မရှိလို့ရပ်နေတာ။ စီနီယာတွေနဲ့ ဂျူနီယာတွေက အရမ်းရှက်တတ်ကြတယ် ပိုက်ဆံကလည်း သိပ်မရတော့ သူတို့ မလုပ်ချင်ကြဘူး။ အဲဒါကြောင့် ဒီအတိုင်းကြီး ရပ်နေတာ"
"တော်တော့"
ရှယောင်ယောင်၏ မျက်နှာမှာမည်းမှောင်သွားပြီး သူမ၏တပည့်များကို တစ်ချက် ကြည့်လိုက်သည်။ "မင်းတို့ရဲ့ သုတေသနတွေကို ငါ စိုးစဉ်းမျှ စိတ်မဝင်စားဘူး"
"ဒါပေမဲ့ အခု ငါတို့လန်ယာကုန်သည်အဖွဲ့ဆီက အမှာစာ လက်ခံပြီးပြီဆိုတော့ သေသေချာချာ လုပ်ရမယ်။ အချိန်မီပြီးဖို့ဆိုပြီး လက်နက်သန့်စင်နန်းဆောင်ရဲ့ ဂုဏ်သိက္ခာကို အကျိုးယုတ်အောင် မလုပ်ရဘူး"
"မဟုတ်ရင်... စည်းကမ်းအတိုင်း အပြစ်ပေးခံရမယ်"
"နားလည်ပါပြီ"
"ကျန်တဲ့သူတွေ လူစုခွဲလို့ရပြီ။ စီနီယာအစ်မ လျို... ခဏ ဝင်လာခဲ့ဦး။ မင်းရဲ့သုတေသနမှာ ပြဿနာတချို့ ရှိနေတယ် ထင်တယ်၊ အဲဒါ ဆွေးနွေးရအောင်"
တစ်ဖက်တွင် ပိန့်လိုင်ကုန်သည်အဖွဲ့ ရုံးချုပ်။
စားပွဲပေါ်တွင် ဆက်သွယ်ရေးအဆောင် လေးခုမှာ ငြိမ်သက်စွာ ရှိနေသည်။
၎င်းတို့မှာ လန်ယာကုန်သည်အဖွဲ့မှ ထုတ်လုပ်ထားသည့် နဂါးပြာ၊ ကျားဖြူ၊ ငှက်နီ နှင့် လိပ်နက်တို့ ဖြစ်ကြပြီး အမျိုးအစား တစ်ခုစီ ပါဝင်သည်။
တစ်ခုမှာ ကြယ်တာရာအဆင့်၊ တစ်ခုမှာ လရောင်အဆင့်နှင့် ကျန်နှစ်ခုမှာ နေရောင်အဆင့်တို့ ဖြစ်ကြသည်။
"ကဲ... ပြောကြစမ်း" ထန်ချန်းက စားပွဲကို အသာအယာ ခေါက်ရင်း ပြောလိုက်သည်။
ကော်အန်းရှီက အရင်စပြောသည် - "သာမန်ပါပဲ ကြည့်လို့လှတာရယ်၊ သုံးစားမရတဲ့ အလင်းအမှောင်တွေ ပါတာရယ်ကလွဲရင် လက်တွေ့ အသုံးချမှုအပိုင်းမှာ ဘာမှထူးခြားတာ မရှိပါဘူး"
လျိုယန်ရှုဝမ်က ဆက်ပြောသည် - "ကျွန်မတို့ ယွန်းကုန်းကုန်သည်အဖွဲ့က ဆရာကြီးမိုကလည်း ဒါကိုကြည့်ပြီးပြီ သူ့ရဲ့ကောက်ချက်ကလည်း အတူတူပါပဲ"
"ဒီအဆောင်တွေက အဆင့်မြင့်ကုန်ကြမ်းတွေကို ပိုသုံးထားပြီး အထိအတွေ့ပိုကောင်းတာပဲ ရှိတယ် ဒါပေမဲ့ ဆက်သွယ်ရေး လုပ်ဆောင်ချက်ကိုတော့ ဘာမှပိုကောင်းမလာစေပါဘူး"
ထန်ချန်း၏စားပွဲခေါက်သံ ရပ်တန့်သွားသည်။ သူသည် ဆက်သွယ်ရေးအဆောင်တစ်ခုကို ကောက်ကိုင်လိုက်သည် "ဒီလို အသေးအမွှားလေးကို လန်ယာကုန်သည်အဖွဲ့က ဝိညာဉ်ကျောက်တုံး သောင်းနဲ့ချီပြီး ရောင်းရဲတယ် အံ့ဩစရာကောင်းတာက အဲဒါကတကယ်ကို ရောင်းကောင်းနေတာပဲ"
ကော်အန်းရှီကစဉ်းစားရင်း "ဒါကလည်း ဝမ်မျိုးနွယ်စုရဲ့ သခင်လေး စီစဉ်တာလို့ကြားတယ်"
လျိုယန်ရှုဝမ်က နှုတ်ခမ်းကို စူကာ - "ဝန်ခံရမှာကတော့... ဒီဝမ်မျိုးနွယ်စုသခင်လေးက မမျှော်လင့်ထားတဲ့ လှည့်ကွက်တွေကို ထုတ်သုံးရာမှာ တော်သားပဲ။ သူ့ကို လျှော့တွက်လို့ မရဘူး"
ထန်ချန်းက ပြုံးပြီး ပြောလိုက်သည် - "ကံမကောင်းတာက စီးပွားရေးလောကမှာ အကြံကောင်းတာ တစ်ခုတည်းနဲ့တင် မလုံလောက်ဘူး ဒါကလုပ်ရတာ မခက်ခဲတော့ သူတို့လုပ်နိုင်ရင် ငါတို့လည်း လုပ်နိုင်တာပဲ"
ကော်အန်းရှီက ခေါင်းညိတ်ကာ ပြုံးလိုက်သည် - "အခု လက်ရှိမှာတော့ ကျင့်ကြံသူအများစုက ဒီအဆောင်အသစ်အပေါ်မှာ အရမ်း စိတ်အားထက်သန်နေကြတယ် ဒါပေမဲ့ လန်ယာကုန်သည်အဖွဲ့ရဲ့ထုတ်လုပ်မှုက မလောက်ငဘူး ဒီအသားတုံးကြီးကို သူတို့ တစ်ယောက်တည်း မစားနိုင်ပါဘူး ငါတို့လည်း ဝိုင်းကူပေးလို့ရတယ်"
လျိုယန်ရှုဝမ်က - "သူတို့က အဆောင်တွေကို ဒီလောက် ရောင်းကောင်းတာက ကျင့်ကြံသူတွေကြားမှာ ပြိုင်ဆိုင်မှုဖြစ်စေဖို့ အဆင့်တွေ ခွဲခြားလိုက်တာကြောင့်ပဲ ပြီးတော့ ထုတ်လုပ်မှုကို ရည်ရွယ်ချက်ရှိရှိ လျှော့ချပြီး လုဝယ်အောင် လုပ်နေတာ"
"ငါတို့က သူတို့ထက် ပိုလှပတဲ့ ပုံစံတွေကို ထုတ်လုပ်နိုင်သလို စျေးကြီးတဲ့ကုန်ကြမ်းတွေအစား သာမန်ဟာတွေနဲ့ အစားထိုးပြီး ကုန်ကျစရိတ်ကို လျှော့ချလို့ရတယ်။ ပြီးရင် သူတို့လိုပဲ အဆင့်တွေ ခွဲလိုက်မယ်"
ကော်အန်းရှီက ထောက်ခံသည် - "အတိအကျပဲ။ ဒါက ဆက်သွယ်ရေးအဆောင်တစ်ခုပဲလေ ဒီလောက် ကောင်းတဲ့ ကုန်ကြမ်းတွေ မလိုသလို အဆင့်မြင့်ပန်းပဲပညာလည်း မလိုဘူး။ ဒီအပိုင်းက ကုန်ကျစရိတ်ကို အကုန်လျှော့ချလို့ရတယ်"
"သာမန် ပန်းပဲဖိုတွေနဲ့တင် ထုတ်လုပ်ဖို့ လုံလောက်ပြီ"
"ဒီနည်းနဲ့ဆိုရင် ငါတို့ရဲ့ အမြတ်ငွေက သူတို့ထက် ပိုများမှာ သေချာတယ်"
အဖွဲ့သားများသည် ဆွေးနွေးရင်း ပို၍ စိတ်လှုပ်ရှားလာကြသည်။ သူတို့ရှေ့တွင် ဝိညာဉ်ကျောက်တုံးများစွာ ရှိနေသကဲ့သို့ ခံစားနေရသည်။ ထန်ချန်းက စားပွဲကိုအသာခေါက်လိုက်ရာ နှစ်ဦးစလုံး တိတ်သွားကြသည်။
"ပိုက်ဆံ ရှာရမှာက ဟုတ်ပြီ၊ ဒါပေမဲ့ ငါတို့ရဲ့ အဓိက ရည်မှန်းချက်ကို မမေ့နဲ့ဦး"
"လန်ယာကုန်သည်အဖွဲ့က ပထမအသုတ်အဖြစ် ထုတ်လိုက်တဲ့အဆောင်တစ်သန်းက တစ်ရက်တည်းနဲ့ ကုန်သွားတယ်လို့ ကြားတယ်။ ဒီအတိုင်းသာဆိုရင် သူတို့ ပိုက်ဆံတွေ အများကြီးပြန်ရပြီး အင်အားတွေ ပြန်တောင့်တင်းလာလိမ့်မယ်..."
"အဲဒီလိုသာဖြစ်လာရင် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ငါတို့လန်ယာကုန်သည်အဖွဲ့အပေါ် လုပ်ခဲ့တဲ့ ထိုးနှက်ချက်တွေက အချည်းနှီး ဖြစ်ကုန်လိမ့်မယ်"
ကော်အန်းရှီ၏ မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားပြီး ပို၍ တည်ကြည်သွားသည် "သခင်လေးထန်... ဘာကို ဆိုလိုတာလဲ"
ထန်ချန်းက ခေါင်းညိတ်ပြသည် - "ငါတို့ မြန်မြန်လုပ်ရမယ် ငါတို့ရဲ့စျေးနှုန်းက သူတို့ထက် ပိုသက်သာရမယ် ဒီလောကမှာ ပိုက်ဆံမရှိတဲ့ ကျင့်ကြံသူတွေက အမြဲတမ်း ပိုများတယ်"
"လူတွေက ပိုပြီး ဆင်းရဲလေလေ ချမ်းသာတဲ့သူတွေကို ပိုပြီး မုန်းတီးလေလေပဲ"
"ဝမ်မုက နာမည်ကောင်းရဖို့ လုပ်ချင်နေတာ မဟုတ်လား"
"ငါတို့က စျေးကြီးတဲ့အဆောင်တွေကို မဝယ်နိုင်တဲ့ကျင့်ကြံသူ အများစုကို ဆွဲဆောင်မယ် ပြီးရင် လန်ယာရဲ့အဆောင်တွေက စျေးကြီးပြီး အရည်အသွေး မမှီဘူးဆိုတဲ့ သတင်းတွေကို ဖြန့်ခိုင်းမယ်"
ထိုစကားကို ကြားသောအခါ ကော်အန်းရှီနှင့် လျိုယန်ရှုဝမ်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ရင်ထဲမှာ စိမ့်သွားကြသည်။
ဒီထန်ချန်းကတော့ တကယ့်ကို ယုတ်မာတဲ့စိတ်ရှိတာပဲ။
အရင်က နှစ်ဖက်စလုံးက ဖောင်ဒေးရှင်းတွေ တည်ထောင်ပြီး ပြိုင်ခဲ့စဉ်က ပိန့်လိုင်မိုးတိမ်ပင်လယ်အရှုံးကြီး ရှုံးခဲ့သည်။ ထန်ချန်းက အငြိုးအတေးထားကာ လန်ယာ၏ ဂုဏ်သိက္ခာ အုတ်မြစ်ကို ဖြိုဖျက်ရန် ကြံစည်နေခြင်း ဖြစ်သည်။
လူဆိုးတစ်ယောက်က တစ်သက်လုံး မကောင်းတာလုပ်ပြီး တစ်ခါလောက် ကောင်းတာလုပ်ရင် လူတွေက သူသိပ်မဆိုးဘူးလို့ ထင်တတ်ကြသည်။ ဒါပေမဲ့ လူကောင်းတစ်ယောက်က တစ်သက်လုံး ကောင်းတာလုပ်ပြီး တစ်ခါလောက် မှားသွားရင် သူလုပ်ခဲ့သမျှ ကောင်းမှုတွေက အလဟဿ ဖြစ်သွားတတ်သည်။
ဒီအကြံအစည်သာ အောင်မြင်သွားရင် လန်ယာကုန်သည်အဖွဲ့အပေါ်မှာ အမည်းစက်ထင်ကျန်ရစ်လိမ့်မယ်။ လန်ယာဖောင်ဒေးရှင်းက လူပေါင်းများစွာကို ကယ်တင်ခဲ့ပြီး ကောင်းမှုတွေ အများကြီး လုပ်ခဲ့ရင်တောင်မှအောက်ခြေကျင့်ကြံသူတွေရဲ့ ဝေဖန်မှုကို တားဆီးနိုင်မှာ မဟုတ်ဘူး။
နောက်ဆုံးတော့ လန်ယာကုန်သည်အဖွဲ့ရဲ့အဆောင်တွေက အဆင့်မြင့်တာကိုကိုင်ပြီး ကြွားတာက ကောင်းပေမဲ့... အဲဒီလို အကြွားခံရတဲ့သူတွေရဲ့ရင်ထဲမှာတော့ မကျေနပ်မှုတွေ ပြည့်နေမှာပဲ။
သူတို့မှာ ပိုက်ဆံရှိလို့အဆင့်မြှင့်နိုင်ရင် တော်သေးတယ် ဒါပေမဲ့ ပိုက်ဆံမရှိရင်တော့ အဲဒီ မကျေနပ်မှုတွေကို တခြားနည်းနဲ့ ဖောက်ထုတ်ကြမှာပဲ။ ဒီလောကမှာ အပေါဆုံးကလည်း ပိုက်ဆံမရှိတဲ့ ဆင်းရဲသား ကျင့်ကြံသူတွေ မဟုတ်လား။
ဘာလဲ မင်းက လန်ယာမှာစျေးသက်သာတဲ့အဆောင်တွေလည်း ရှိတယ်လို့ ပြောချင်တာလား။ ဝိညာဉ်ကျောက်တုံး တစ်ရာလောက်နဲ့ ဝယ်လို့ရတာတွေ ရှိတယ်လို့ ပြောမလို့လား။
ဘယ်သူကဂရုစိုက်မှာလဲ ဘယ်သူက သူတို့ကို အကြွားခံခိုင်းလို့လဲ ဘယ်သူက သူတို့ကို အကောင်းစား လိုချင်ပေမဲ့မရနိုင်အောင် လုပ်ခိုင်းလို့လဲ။