အခန်း (၇၄) ငါက အများကြီးခိုင်းသလို၊ အခကြေးငွေကိုလည်း အများကြီးပေးတယ်
အခန်းတွင်း၌ သေလောက်အောင် တိတ်ဆိတ်သွားသည်။
ပထမအသုတ်အနေဖြင့် ဆက်သွယ်ရေးအဆောင် စုစုပေါင်း တစ်သန်းသာ ထုတ်လုပ်ခဲ့သည်။ ထိုအထဲတွင် ကမ္ဘာ့အဆင့်မှာ အခုရေ နှစ်သောင်းသာ ပါဝင်သည်။
သို့သော်လည်း... တစ်ရက်အတွင်းမှာတင် အဆောင်များအားလုံး ရောင်းကုန်သွားရုံသာမက ကမ္ဘာ့အဆင့်အမျိုးအစားကို ရရှိရန်အတွက် စရန်ငွေပေးပြီး တန်းစီစောင့်ဆိုင်းနေသူ အရေအတွက်မှာ တစ်သိန်းကျော်သွားပြီ ဖြစ်သည်။
''တကယ်ပဲ... ငါတို့ မြောက်ပိုင်းပင်လယ်ပြင်မှာ ဒီလောက်တောင် ချမ်းသာတဲ့သူတွေ အများကြီး ရှိနေတာလား'' မန်နေဂျာချုပ် တစ်ဦးက မချိပြုံးပြုံးရင်း ရေရွတ်လိုက်မိသည်။
ကုန်သည်အဖွဲ့တစ်ခုအနေဖြင့် မြောက်ပိုင်းပင်လယ်ရှိ အင်အားကြီးမျိုးနွယ်စုတိုင်း သုံးစွဲနိုင်စွမ်းမြင့်မားသည့် နယ်မြေနှင့် နိမ့်ကျသည့် နယ်မြေများကို သူတို့ ကောင်းကောင်းသိကြသည်။ သို့သော် သူတို့ကိုယ်တိုင်ပင်လျှင် ဤမျှအထိ ရူးသွပ်ဖွယ်ကောင်းသော မြင်ကွင်းမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။
ကမ္ဘာ့အဆင့် ဆက်သွယ်ရေးအဆောင်တစ်ခုလျှင် ဝိညာဉ်ကျောက်တုံး ၁၀၈,၈၈၈ တောင် ကျသင့်သည်။ အဆောင်တစ်ခုတည်းကိုလေပင်။
ဒီလူတွေက ဝိညာဉ်ကျောက်တုံးတွေကို ကျောက်ခဲလေးတွေလို သဘောထားနေကြတာလား။
ယန့်ဖင်းစိန့်က အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ခွဲခြမ်းစိတ်ဖြာပြလိုက်သည် - "အမှာစာ တစ်သိန်းဆိုတာ လူတစ်သိန်းကိုဆိုလိုတာ မဟုတ်နိုင်ဘူး။ အခုအဆောင်တွေက အရမ်းခေတ်စားနေတော့ တချို့လူတွေကအများကြီး ဝယ်စုထားပြီး စျေးတင်ပြန်ရောင်းဖို့ ကြံစည်ကြမှာသေချာတယ်"
ကျင့်ကြံခြင်းလောကသည် အဆင့်အတန်း ခွဲခြားမှု အလွန်ပြင်းထန်သည်။ အဆင့်တစ်ခု မြင့်တက်လာတိုင်းမိမိပိုင်ဆိုင်သည့် အာဏာနှင့် အရင်းအမြစ်မှာ ဆယ်ဆ၊ အဆမတန် မြင့်တက်သွားတတ်သည်။
သာမန်ကျင့်ကြံသူတစ်ဦးသည် တစ်သက်လုံး ကြိုးစားလျှင်တောင် ကမ္ဘာ့အဆင့်ဆက်သွယ်ရေး အဆောင်တစ်ခုကို ဝယ်နိုင်မည်မဟုတ်သော်လည်း ၎င်းအတွက်ပိုက်ဆံပုံအော သုံးနိုင်သူများမှာမူ တစ်ခုမက ဝယ်ယူနိုင်စွမ်းရှိကြသည်။
ရာစုနှစ်ပေါင်းများစွာ၊ ထောင်စုနှစ်ပေါင်းများစွာ စည်းစိမ်ဥစ္စာ စုဆောင်းထားသည့် ဂိုဏ်းများနှင့် မျိုးနွယ်စုများအတွက် ဝိညာဉ်ကျောက်တုံး ဆိုသည်မှာ ဂဏန်းသက်သက်သာ ဖြစ်သည်။ ပိုက်ဆံနှင့် ဝယ်မရသည့်အရာကသာ တကယ့်ကို တန်ဖိုးရှိလှသည်။
"ငါတို့က ကျင့်ကြံသူတွေရဲ့ တစ်ဦးနဲ့တစ်ဦး အသာစီးရချင်တဲ့ စိတ်ဆန္ဒကို လျှော့တွက်ခဲ့မိတာပဲ"
"သခင်လေး ခန့်မှန်းခဲ့တဲ့အတိုင်းပဲ သူကဒါတွေကို ကြိုမြင်လို့သာ ဒီလောက်အထိ မြင့်မားတဲ့ စျေးနှုန်းတွေကို သတ်မှတ်ရဲတာပေါ့" ယန့်ဖင်းစိန့်က လှိုက်လှိုက်လှဲလှဲ ချီးမွမ်းလိုက်သည်။
လူတိုင်းကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ကြသည်။ သူတို့ ဝမ်မုဆီမှ စျေးနှုန်းစာရင်းနှင့် လိုအပ်ချက်များကို စတင်လက်ခံရရှိစဉ်က ဤမျှစျေးကြီးသောအဆောင်များကို ဝယ်မည့်သူ ရှိလိမ့်မည်မဟုတ်ဟု ထင်ခဲ့ကြသည်။
သို့သော် ယခုအခြေအနေမှာ သူတို့၏မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်နေသည်။
"သခင်လေးက တကယ်ကို ပုန်းအောင်းနေတဲ့ နဂါးတစ်ကောင်ပါပဲ။ နှစ်ပေါင်းများစွာ ငြိမ်နေပြီးမှ အခုလိုတစ်ချက်တည်းနဲ့ ငါတို့ရဲ့သာမန်အရည်အချင်းတွေကို ရှက်သွားအောင်လုပ်နိုင်တာပဲ" အခြား မန်နေဂျာချုပ် တစ်ဦးက သက်ပြင်းချလိုက်သည်။
လက်ရှိတွင် သူတို့အနည်းငယ်သာ ရှိနေပြီး နာလန်ရုံယွန်းနှင့် ဝမ်မုတို့ မရှိကြသဖြင့် ဤစကားများမှာ မြှောက်ပင့်ခြင်း မဟုတ်ဘဲ ရင်ထဲမှလာသည့် စကားများသာ ဖြစ်သည်။
ဤတစ်ကြိမ်တွင် ဆက်သွယ်ရေးအဆောင်များ၏ ဒီဇိုင်းပြုလုပ်ပုံမှစ၍ နောက်ပိုင်း ကြော်ငြာခြင်း၊ ရောင်းချခြင်းနှင့် ကြိုတင်မှာယူခြင်းအထိ အဆင့်ဆင့်တိုင်းကို ဝမ်မု တစ်ဦးတည်းက စီစဉ်ခဲ့ခြင်းဖြစ်သည်။ သူတို့က သခင်လေး ခိုင်းသည့်အတိုင်း အကောင်အထည်ဖော်ပေးရုံသာရှိသည်။ ရလဒ်မှာမူ အထင်အရှားပင် ပစ္စည်းများမှာ မရောင်းရမှာ စိုးရိမ်စရာ မလိုလောက်အောင်ပင်ဖြစ်နေသည်။
ဤအရောင်းအဝယ်တစ်ခုတည်းနှင့်တင် လန်ယာကုန်သည်အဖွဲ့၏အမြတ်ငွေမှာ စိတ်ကူးယဉ်ရန်ပင် ခက်ခဲသော ပမာဏအထိ ရောက်ရှိသွားပေလိမ့်မည်။
"ကဲ... စိတ်လှုပ်ရှားနေတာတွေတော်ပြီ။ ငါတို့ ဂိုဒေါင်တွေအကုန် ဗလာဖြစ်နေပြီ၊ မြောက်ပိုင်းအမှောင်ထုသန့်စင်ရာမြေရဲ့ လက်နက်သန့်စင်နန်းဆောင်ကို ဆက်သွယ်ပြီး နောက်ထပ်တစ်သုတ် အမြန်လုပ်ပေးဖို့ တိုက်တွန်းရမယ်"
"ငါပဲသွားလိုက်ပါ့မယ်" ဟု ယန့်ဖင်းစိန့်က ပြောသည် "အဲဒီကိုရောက်တုန်း သခင်လေးဆီကနေ နောက်ထပ်လုပ်ဆောင်ရမယ့် အဆင့်တွေကိုလည်း လမ်းညွှန်ချက်တောင်းခံခဲ့မယ်။"
".အကုန်ရောင်းကုန်ပြီ ဟုတ်လား"
ဝမ်မုက မြောက်ပိုင်းအမှောင်ထုသန့်စင်ရာမြေရှိ လိုရွှမ်းရှ၏နန်းဆောင်တွင် သူ၏ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင် ပြုလုပ်နေဆဲ ဖြစ်သည်။ ယန့်ဖင်းစိန့်နှင့် တင်းတင်းတို့၏ အစီရင်ခံစာကို ကြားသောအခါ သူအနည်းငယ် အံ့ဩသွားသည် - "ကျင့်ကြံခြင်းလောကရဲ့ သုံးစွဲနိုင်စွမ်းက ငါထင်ထားတာထက်ပိုတောင် အစွမ်းထက်သေးတာပဲ"
သူသည် ဤအဆောင်များ အောင်မြင်မည်ကို ယုံကြည်ထားသော်လည်း အခြေအနေများမှာ သူ မျှော်လင့်ထားသည်ထက် ပို၍ ချောမွေ့နေသည်။
တစ်ရက်အတွင်း တစ်သန်းရောင်းကုန်သွားသည်ဆိုသည့် အရှိန်မှာကြောက်စရာ ကောင်းလှသည်။
အထူးသဖြင့် ကမ္ဘာ့အဆင့် အမျိုးအစားအတွက် အများအပြား မှာယူနေကြသည်မှာ ဝမ်မုကိုပင် အံ့အားသင့်စေသည်။
"သခင်လေး... ပစ္စည်းတွေ ပြတ်သွားပြီဆိုတော့ လက်နက်သန့်စင်နန်းဆောင်ကို ဆက်သွယ်ပြီး နောက်ထပ်တစ်သုတ် ထပ်လုပ်ခိုင်းရမလား အခု အခွဲတွေမှာလည်း မှာယူချင်တဲ့သူတွေက တံခါးဝမှာ ပြည့်နှက်နေပါတယ်" ယန့်ဖင်းစိန့်က မေးလိုက်သည်။
ဝမ်မုက ခေါင်းညိတ်ပြသည် - "အင်း ခဏနေရင် တင်းတင်းက ငါနဲ့အတူ လက်နက်သန့်စင်နန်းဆောင်က ဆရာကြီးတွေနဲ့ သွားတွေ့မယ်။ အခုကစပြီး မင်းကဒီကိစ္စအတွက် အဆက်အသွယ် လုပ်ပေးရမယ့် တာဝန်ကို ယူရမယ်"
တင်းတင်းက အလျင်အမြန်ပင် "ဟုတ်ကဲ့ပါ သခင်လေး"
ဝမ်မုက ဆက်ပြောသည် "ကြယ်တာရာအဆင့်၊ လရောင်အဆင့်နဲ့ နေရောင်အဆင့်တွေကိုတော့ အမြောက်အမြား ထုတ်လို့ရတယ် ကျင့်ကြံသူတွေ လိုအပ်သမျှ အချိန်မရွေး ဖြည့်ဆည်းပေးရမယ ဒါပေမဲ့ကမ္ဘာ့အဆင့်ကတော့ မတူဘူး တစ်လကို အခုရေ တစ်သောင်းပဲ ထုတ်ပေးရင် လုံလောက်ပြီ။"
ယန့်ဖင်းစိန့်၏ မျက်ခွံမှာ တွန့်သွားသည် - "တစ်သောင်း သခင်လေး... အဲဒါက လိုအပ်ချက်ထက် အများကြီး နည်းနေလိမ့်မယ်"
"ဒါက ငါ့ရဲ့ရည်ရွယ်ချက်ပဲလေ" ဝမ်မုက ပြုံးလိုက်သည် "ရှားပါးမှုက တန်ဖိုးကိုမြှင့်တင်ပေးတယ်။ လူတွေက လုယူမှရတဲ့အရာကို ပိုပြီး မက်မောကြတာ။ လူတိုင်းမှာ ရှိနေရင် အဲဒါက တန်ဖိုးမရှိတော့ဘူး။"
ကြယ်တာရာ၊ လရောင်နှင့် နေရောင်အဆင့် အဆောင်များမှာ လူသုံးကုန်ပစ္စည်းများဖြစ်သဖြင့် အကန့်အသတ်မရှိ ရောင်းချနိုင်သည်။
ပိုင်ဆိုင်သူများလေ ဝမ်မုအတွက် နောက်ပိုင်းတွင် ဆက်သွယ်ရေးအဆောင်ကို အခြေပြုသည့် စီးပွားရေး စီမံကိန်းများကို လုပ်ဆောင်ရန် ပိုလွယ်လေ ဖြစ်သည်။ ကမ္ဘာ့အဆင့်မှာမူ လုပ်ဆောင်ချက်ချင်း အတူတူပင် ဖြစ်သော်လည်း ၎င်း၏ ရည်ရွယ်ချက်မှာ လန်ယာဆိုသည့် အမှတ်တံဆိပ်ကို အမြဲတမ်း စိတ်ဝင်စားမှု အထွတ်အထိပ်မှာ ရှိနေစေရန်နှင့် ကြော်ငြာရန်အတွက်သာ ဖြစ်သည်။
ယန့်ဖင်းစိန့်က အနည်းငယ်သာ နားလည်သလို ခေါင်းညိတ်ပြီး ဆက်မေးသည် - "သခင်လေး... အခုအင်အားစု တော်တော်များများက ကမ္ဘာ့အဆင့်အဆောင်ကို အများကြီးဝယ်စုပြီး စျေးတင်ရောင်းဖို့ ကြံနေကြတယ်။ ငါတို့ တစ်ခုခု လုပ်သင့်သလား"
"စျေးကစားတဲ့သူတွေရှိတာက ပုံမှန်ပါပဲ။ အဆင့်မြင့် ပစ္စည်းတစ်ခုမှာ စျေးကစားသူ မရှိရင် အဲဒါက တကယ့် အဆင့်မြင့်ပစ္စည်း မဟုတ်တော့ဘူး"
"ဘာတွေလဲ သခင်လေး" တင်းတင်းမှာ ဇဝေဇဝါ ဖြစ်သွားသည်။
"ပွဲစားတွေလို့ပဲ မှတ်ထားလိုက်ပါ" ဝမ်မုက အကျဉ်းချုံး ရှင်းပြလိုက်ပြီး - "သူတို့ကိစ္စကို ဝင်ရောက် စွက်ဖက်စရာ မလိုပါဘူး။ သူတို့ ရှိနေတာက ငါတို့အတွက် မကောင်းတာ မဟုတ်ဘူး"
"နားလည်ပါပြီ"
ထို့နောက် ယန့်ဖင်းစိန့် ထွက်သွားသောအခါ ဝမ်မုသည် တင်းတင်းကို ခေါ်ဆောင်ကာ လက်နက်သန့်စင်နန်းဆောင်ရှိရာကျွန်းသို့ ရောက်ရှိလာသည်။
လမ်းတစ်လျှောက်တွင် တပည့်များစွာမှာ သူတို့ကို ကြည့်ကာ တိုးတိုးတိုးတိုးဖြင့် ဝေဖန်နေကြသည်။
"ဝမ်မျိုးနွယ်စုရဲ့သခင်လေး ပြန်လာပြီဟေ့"
"ပြီးခဲ့တဲ့တစ်ခါက ငါတို့ကို ဆက်သွယ်ရေးအဆောင် တစ်သန်း လုပ်ခိုင်းတဲ့သူ မဟုတ်လား ငါတို့မှာ မောလို့သေတော့မလို့ပဲ"
"ဒါပေမဲ့ မောရကျိုးတော့ နပ်ပါတယ် သူပေးတဲ့ အခကြေးငွေက တကယ်ကို များတာပဲ..."
"တော်စမ်းပါ မင်းကတော့ ပိုက်ဆံဆို အကုန်မေ့နေတာပဲ"
"အစ်မတော်... အမြဲတမ်း အလုပ်ရှုပ်နေတာပဲလား" ဝမ်မုက ပြုံးရွှင်စွာဖြင့် အခန်းတွင်းသို့ ဝင်လာပြီး တံခါးကိုပိတ်လိုက်သည်။
ရှယောင်ယောင်သည် ဝမ်မုကို မြင်လိုက်ရသောအခါ မနှစ်မြို့ဖွယ်ရာ ကိစ္စအချို့ကို သတိရသွားကာ ထိတ်လန့်သွားသည် - "မင်း... မင်း ဘာလို့ ထပ်ရောက်လာပြန်တာလဲ"
ဝမ်မုက ရယ်ပြသည် - "အစ်မတော်အတွက် စီးပွားရေး လာပေးတာပေါ့"
ရှယောင်ယောင် သွားကြိတ်လိုက်သည် - "သခင်လေးဝမ် ပြီးခဲ့တဲ့တစ်ခါက ငါတို့မှာ ပိုက်ဆံ တကယ် လိုအပ်နေလို့ ကူညီပေးခဲ့တာ ဒါပေမဲ့ ငါတို့ လက်နက်သန့်စင်နန်းဆောင်က သာမန် ပန်းပဲဖိုတွေနဲ့ မတူဘူးဆိုတာ မင်း သိပါတယ်နော်"
ဝမ်မုက ခေါင်းညိတ်ပြသည် - "ငါ နားလည်ပါတယ်။ အစ်မတော်တို့က သုတေသန လုပ်နေရတာလေ သုတေသနက ပိုက်ဆံအများကြီး ကုန်တာပဲ။ ပြီးခဲ့တဲ့တစ်ခါက ရတဲ့ပိုက်ဆံက အစ်မတော်တို့ရဲ့ မီးဖိုတွေကို ဘယ်နှစ်ရက်စာလောက် ကျွေးနိုင်မှာလဲ"
ရှယောင်ယောင်က အသက်ပြင်းပြင်းရှူကာ - "အတိုချုပ် ပြောရရင်... အဲဒီလိုမျိုးတွေ ငါတို့ ထပ်မလုပ်တော့ဘူး"
ဝမ်မုက - "သေချာ စဉ်းစားပါဦး"
ရှယောင်ယောင်က ခေါင်းခါလိုက်သည် "မလိုတော့ဘူး။ ငါက ဒီကလက်နက်သန့်စင်နန်းဆောင်နဲ့ တခြားညီငယ် ညီမငယ်တွေအတွက် တာဝန်ယူရမှာ။ သူတို့ကို လမ်းမှားကို အရောက်မခံနိုင်ဘူး"
ဝမ်မုက ပြန်ပြောလိုက်သည် - "ဒီတစ်ခါ ငါလိုချင်တာက အခြေခံအခုရေ ဆယ်သန်း၊ ပြီးတော့ စျေးနှုန်းကိုလည်း ပြီးခဲ့တဲ့တစ်ခါထက် ၃၀ ရာခိုင်နှုန်း ပိုပေးမယ်"
ထိုစကား ထွက်ပေါ်လာသည်နှင့် ရှယောင်ယောင် မှာ ခဏမျှဆွံ့အသွားသည် - "ငါ သဘောတူရင်တောင် ငါ့ရဲ့ ညီငယ် ညီမငယ်တွေက သဘောတူမှာ မဟုတ်..."
ဒုန်း
တံခါးမှာ ဝုန်းခနဲ ပွင့်သွားပြီး လူငယ်များစွာ အခန်းထဲသို့တိုးဝင်လာကြသည်။
"မဟုတ်တာ အစ်မတော်"
"ကျွန်တော်တို့ သဘောတူပါတယ် တကယ်ကို သဘောတူပါတယ်"
"အစ်မတော်... သူ့ကို အမြန် သဘောတူလိုက်ပါ"
ရှယောင်ယောင် : "..."