အခန်း (၇၃) အရောင်းအဝယ် ပေါက်ကွဲထွက်ကုန်ပြီ
"ဘိုးဘေး... ဘာ... ဘာဖြစ်လို့လဲခင်ဗျာ" ရှီယီမင်သည် တုန်တုန်ရင်ရင်ဖြင့် ရှီဖန့်ကို ကြည့်ကာ တံတွေးကိုခက်ခဲစွာ မျိုချလိုက်မိသည်။
"ဘာဖြစ်လို့လဲ ဟုတ်လား"
ရှီဖန့်သည် အေးစက်သောမျက်နှာဖြင့် လက်ထဲမှ ဆက်သွယ်ရေးအဆောင်ကို ရှီယီမင်ထံသို့ ပစ်ပေါက်လိုက်ပြီး ဒေါသတကြီး အော်ဟစ်တော့သည် - "မင်းကြောင့် ငါ့မျက်နှာ အရှက်ရကုန်ပြီ"
ရှီယီမင်မှာ ဘာမှ နားမလည်နိုင်ဘဲ ကြောင်တောင်တောင်ဖြစ်နေရှာသည်။
ရှီဖန့်က ဒေါသတကြီး ပြောသည် - "ဘာလို့ မင်းရဲ့နဂါးက သူများ နဂါးထက် ဒီလောက်တောင် သေးနေရတာလဲ"
ရှီယီမင် မျက်မှောင်ကြုတ်သွားသည် - "သေးတယ် အဲဒါမဖြစ်နိုင်တာ ကျွန်တော် ဝယ်ခဲ့တာက နေရောင်အဆင့်လေ။ ကမ္ဘာ့အဆင့်ကလွဲရင်... ဒါက အကောင်းဆုံး အမျိုးအစားပဲ"
ရှီဖန့်သည် လန်ယာကုန်သည်အဖွဲ့၏အဆောင် အဆင့်သတ်မှတ်ချက်များကို နားမလည်ပေ။ သို့သော် ရှီယီမင်၏စကားကို ကြားသောအခါ ၎င်းမှာ အမြင့်ဆုံးအဆင့်မဟုတ်သည်ကို သူ နားလည်သွားသည်။
"ဘာလို့ဟာကလွဲရင်လဲဆိုတာ ဘာကိုပြောတာလဲလို့ ငါမေးနေတာ"
ရှီဖန့်သည် ရှီယီမင်ကို စိုက်ကြည့်လိုက်သည် - "ငါ့ရဲ့ခန့်ညားထည်ဝါလှတဲ့ ရှီမျိုးနွယ်စုက သူများထက် နိမ့်ကျတဲ့အရာကိုပဲ သုံးရမယ်လို့ မင် ထင်နေတာလား ဒီလိုအရာမျိုးကို ထုတ်သုံးပြီး သူများရှေ့မှာ အရှက်ကွဲမှာကို မင်း မကြောက်ဘူးလား"
ရှီယီမင်မှာ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်ဘဲ "ဘိုးဘေး... ကျွန်တော်က အကောင်းဆုံးကို မဝယ်ချင်လို့ မဟုတ်ပါဘူး ဒါပေမဲ့ ကမ္ဘာ့အဆင့် ဆက်သွယ်ရေးအဆောင်တွေကို အခုချက်ချင်း ဝယ်လို့မရဘူးလေ။ ကြိုတင်မှာယူရမယ် တန်းစီရမယ် ပြီးမှဖြည်းဖြည်းချင်း စောင့်ရတာပါ"
"ပေါက်ကရ" ရှီဖန့်၏ ဒေါသမှာပို၍ ထွက်လာသည် - "ဒါဆို လျိုမျိုးနွယ်စုမှာ ဘာလို့ ရှိနေရတာလဲ"
လျိုမျိုးနွယ်စု။
ရှီယီမင် ခဏမျှမှင်သက်သွားပြီးနောက် အခြေအနေကို ချက်ချင်း ရိပ်မိသွားကာ ဘိုးဘေး ဘာကြောင့် ဤမျှဒေါသထွက်နေရသည်ကို နားလည်သွားသည်။ သူ၏ တစ်ကိုယ်လုံးတွင် ချွေးစေးများ ထွက်လာတော့သည်။
ရှီချန်က ဘေးမှနေ၍ မေးခွန်းထုတ်လိုက်သည် - "ဘိုးဘေးက မင်းကို မေးနေတယ်လေ လျိုမျိုးနွယ်စုက ဝယ်တဲ့ဟာက မင်းဝယ်တဲ့ဟာထက် ဘာလို့ ပိုကောင်းနေရတာလဲ"
"ဘာလို့လဲဆိုတော့... ဘာလို့လဲဆိုတော့..."
".သူတို့ဟာကဝယ်တာ မဟုတ်ဘဲ လန်ယာကုန်သည်အဖွဲ့က လက်ဆောင်ပေးလိုက်တာမို့လို့ပါ"
ထိုစကားကို ကြားလိုက်ရုံနှင့် လူတိုင်း မှင်သက်သွားကြသည်။
ဘိုးဘေးရှီဖန့်၏ မျက်နှာထားမှာလည်း တည်ကြည်သွားသည် - "မင်း ဘာပြောလိုက်တယ် လန်ယာကုန်သည်အဖွဲ့က ပေးတဲ့ လက်ဆောင် ဟုတ်လား"
ရှီမျိုးနွယ်စုနှင့် လျိုမျိုးနွယ်စု၏အင်အားမှာ ဤပင်လယ်ပြင်တွင် ထိပ်တန်းအဆင့် ဖြစ်သော်လည်း လန်ယာကုန်သည်အဖွဲ့၏ ရှေ့တွင်မူ ဘာမှမဟုတ်သေးပေ။ သူ ကျင့်ကြံနေသည့် နှစ်များအတွင်း လျိုမျိုးနွယ်စုက လန်ယာကုန်သည်အဖွဲ့ကဲ့သို့ အင်အားကြီးအဖွဲ့နှင့် အဆက်အသွယ် ရသွားခဲ့သည်လား မဟုတ်လျှင် လန်ယာကုန်သည်အဖွဲ့က လျိုမျိုးနွယ်စုကို ဘာကြောင့် လက်ဆောင် ပေးရမည်နည်း။
"တကယ်ဘာဖြစ်ခဲ့တာလဲ အစကနေ အဆုံးထိ ငါ့ကို ရှင်းပြစမ်း"
ရှီယီမင်မှာ မတတ်သာတော့ဘဲ လန်ယာဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့သည့် ကိစ္စမှစ၍ အသေးစိတ် အကုန်လုံးကို ရှင်းပြလိုက်ရတော့သည်။
နားထောင်ပြီးနောက် ရှီဖန့်၏မျက်နှာမှာ အမူအရာ အမျိုးမျိုး ပြောင်းလဲနေသည်။
အခြေအနေမှာ သူထင်သလောက် မဆိုးဝါးဘဲ လျိုမျိုးနွယ်စုနှင့် လန်ယာကုန်သည်အဖွဲ့မှာ အမှန်တကယ် ပတ်သက်မှုမရှိသေးသည်ကို သိရသဖြင့် သူ စိတ်အနည်းငယ် လျော့သွားသော်လည်း သူ၏ မျက်နှာမှာမူ ဆိုးဝါးနေဆဲ ဖြစ်သည်။
သူ စိတ်မသက်မသ ဖြစ်ရသည်မှာ သူ၏ မျိုးဆက်သစ်မှာ လျိုမျိုးနွယ်စု၏ မျိုးဆက်သစ်ထက် သိသိသာသာ နိမ့်ကျသွားခြင်းကြောင့်ပင်။
ရွေးချယ်မှု မှားယွင်းခဲ့သည်။ လှေမှား စီးခဲ့မိသည်။
"အသုံးမကျတဲ့ အမှိုက်ကောင်"
ရှီဖန့်သည် ရှီယီမင်ကို ကြည့်ရာမှ မျက်နှာလွှဲလိုက်ပြီး လက်ရှိမျိုးနွယ်စုခေါင်းဆောင် ရှီချန်ကို ကြည့်ကာ အော်ဟစ်တော့သည် - "ငါ ကျင့်ကြံနေတဲ့ အချိန်အတွင်းမှာ မင်း ပျိုးထောင်ပေးခဲ့တဲ့ မျိုးဆက်သစ်တွေက ဒါပဲလား"
ရှီချန်သည် ခေါင်းငုံ့ကာဝန်ခံနေရသော်လည်း ရင်ထဲတွင်မူ ကျိန်ဆဲနေမိသည်။ ထိုစဉ်က ရှီယီမင်သည် ပိန့်လိုင်မိုးတိမ်ပင်လယ်တွင် ရင်းနှီးမြှုပ်နှံရန် သူ့ထံမှခွင့်တောင်းခဲ့ခြင်း ဖြစ်သည်။
မဟုတ်လျှင် ရှီယီမင်သည် ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာကို သုံးစွဲပိုင်ခွင့် ဘယ်မှာ ရှိပါ့မနည်း။
ခဏတာဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် ဘိုးဘေး၏ဒေါသတကြီး အပြစ်တင်ခြင်းကို ခံနေရပြီ။ ဘိုးဘေးသာ စိတ်မကျေနပ်၍ သူ့ကို ခေါင်းဆောင်ရာထူးမှ တိုက်ရိုက် ဖယ်ရှားလိုက်လျှင် အကုန်လုံး ပြီးသွားပေလိမ့်မည်။
တောက်... ပိန့်လိုင်မိုးတိမ်ပင်လယ် မင်းတို့ကတော့ ငါ့ကိုကောင်းကောင်း ဒုက္ခပေးလိုက်တာပဲ။
"မင်းတို့ ဘယ်နည်းလမ်းပဲ သုံးသုံး အချိန်တိုအတွင်းမှာ အကောင်းဆုံး အမြင့်ဆုံးအဆင့် ဆက်သွယ်ရေးအဆောင်ကို ငါ့ရှေ့ကို ယူလာပေးရမယ် မင်း မလုပ်နိုင်ဘူးဆိုရင် မျိုးနွယ်စုခေါင်းဆောင် ဆက်မလုပ်နဲ့တော့"
ရှီဖန့်သည် ထိုစကားများကို ချန်ထားခဲ့ပြီး လှည့်ထွက်သွားတော့သည်။ ရှီချန်သည် ဘိုးဘေး ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်ပြီးမှ ဖြည်းဖြည်းချင်း ထရပ်ကာ လူတိုင်းကို တင်းမာသော မျက်နှာဖြင့် ကြည့်လိုက်သည်။
"မင်းတို့ ဘာရပ်ကြည့်နေကြတာလဲ ဘိုးဘေး ပြောတာ မကြားဘူးလား"
"မျိုးနွယ်စုဝင် အားလုံး ပြင်ဆင်ထားကြ မနက်ဖြန် မနက်ကျရင် လန်ယာကုန်သည်အဖွဲ့ကို ချက်ချင်းသွားပြီး ကြိုတင်မှာယူဖို့ တန်းစီကြ။ ကမ္ဘာ့အဆင့် ဆက်သွယ်ရေးအဆောင် ဝယ်ခွင့်ရတဲ့လူကို ဝိညာဉ်ကျောက်တုံး တစ်သိန်း ဆုချမယ်"
"ဟုတ်ကဲ့ပါ"
တစ်ဖက်တွင်... လျိုမျိုးနွယ်စု။
ဆက်သွယ်မှုပြီးဆုံးသွားပြီးနောက် လျိုယင်သည် ကမ္ဘာ့အဆင့်နဂါးပြာ ဆက်သွယ်ရေးအဆောင်ကို ကိုင်တွယ်ကစားနေပြီး ကြည့်လေ သဘောကျလေ ဖြစ်နေသည်။ သူသည် ထိုအဘိုးကြီးနှင့် တစ်သက်လုံး ပြိုင်ဆိုင်လာခဲ့သူ ဖြစ်ရာ ယခုကဲ့သို့ အနိုင်ယူလိုက်ရသည်မှာ အလွန်ပင် ကျေနပ်စရာ ကောင်းလှသည်။ အားရစရာကြီး။
"ဘိုးဘေး ဘိုးဘေး" လျိုရှီရန်က ဘေးမှနေ၍ တိုးတိုးလေး ခေါ်လိုက်သည်။
"ဘာလဲ" လျိုယင်က လှည့်ကြည့်လိုက်သည်။
"ဒီ ဆက်သွယ်ရေးအဆောင်က..."
"အင်း... ဒီအဆောင်က ကောင်းတယ် အရမ်းကောင်းတယ်၊ ငါ အများကြီး သဘောကျတယ် ဟားဟားဟား..."
လျိုရှီရန်၏နှုတ်ခမ်းမှာ တွန့်သွားသည်။
သူ၏ရင်ထဲတွင်မူ "ဘိုးဘေးပဲ မြေးငယ်တွေရဲ့ ပစ္စည်းကို မလုဘူးလို့ ခုနက ပြောထားတာ မဟုတ်လား'' ဟု တွေးနေမိသည်။
သူသည် မကျေမနပ်ဖြစ်သော်လည်း စကားလုံးများကို ပြင်ဆင်ကာ အတင်းပြုံး၍ ပြောလိုက်သည် "ဘိုးဘေးက ချီးမွမ်းလွန်းနေပါပြီ။ ဒါကလည်း ဘိုးဘေးရဲ့ဆုံးမမှုတွေကြောင့် လန်ယာကုန်သည်အဖွဲ့က ကျွန်တော့်ကိုပေးလိုက်တာပါ"
သူသည် ကျွန်တော့်ကိုဆိုသည့် စကားလုံးကို အထူး အလေးပေး ပြောလိုက်ခြင်း ဖြစ်သည်။
လျိုယင်မှာ မြေခွေးအိုကြီး ဖြစ်သဖြင့် လျိုရှီရန်၏ ဆိုလိုရင်းကို နားလည်ပြီးသား ဖြစ်သည်။
သူက မျက်မှောင်ကြုတ်ကာ ခဏကြည့်လိုက်ပြီး - "စိတ်မပူပါနဲ့ ငါက မင်းရဲ့ပစ္စည်းကို ဘယ်လိုလုပ် လုယူမှာလဲ"
လျိုရှီရန်သည် စိတ်အေးသွားကာ - "ဟုတ်ကဲ့ပါ၊ မဟုတ်ပါဘူး ဘိုးဘေးရယ်"
"ဒါပေမဲ့" လျိုယင်က လေသံပြောင်းလိုက်သည် - "မင်းက အခု မျိုးနွယ်စုခေါင်းဆောင် ဖြစ်နေတာဆိုတော့ မျိုးနွယ်စုတိုးတက်ဖို့အတွက် တည်တည်ငြိမ်ငြိမ်နဲ့ စံပြဖြစ်နေရမယ် ဒီပစ္စည်းက ကောင်းပေမဲ့ အလွန်အမင်းတန်ဖိုးကြီးပြီး ကြွားဝါလွန်းတယ်၊ မင်းနဲ့ မကိုက်ညီဘူး အဲဒါကြောင့် ဒါကို ငါပဲ ခဏ သိမ်းထားပေးမယ်။ မင်း ခေါင်းဆောင်ရာထူးက ဆင်းတဲ့နေ့ကျမှ မင်းကို ငါ ပြန်ပေးမယ်"
လျိုရှီရန် : "......"
တောက်... တကယ်ကြီးပဲ သူသည် ရင်ထဲတွင် မကျေနပ်သော်လည်း ဘိုးဘေး၏မငြင်းသာသော မျက်နှာထားကို ကြည့်ကာ 'ဟင့်'တစ်ခွန်းတောင် မပြောရဲချေ။ သူသည် ထိုအဆောင်ကို နောက်ဆုံးအကြိမ်အဖြစ် နှမြောတသစွာ ကြည့်လိုက်ရတော့သည်။
"ကဲ... ဆက်မကြည့်နဲ့တော့ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ကလေးလို လုပ်နေတာ သိက္ခာမရှိဘူး သွားတော့"
" ဟုတ်ကဲ့ပါ"
လန်ယာကုန်သည်အဖွဲ့ ရုံးချုပ်။
ကျယ်ဝန်းလှသော အခန်းတစ်ခုအတွင်း၌ လူပေါင်းများစွာမှာ ဟိုဟိုဒီဒီ သွားလာရင်း အလုပ်ရှုပ်နေကြသည်။ အဝတ်ချင်း ပွတ်တိုက်သံများနှင့် ဆွေးနွေးသံများမှာ နေရာအနှံ့ ထွက်ပေါ်နေသည်။
"ရှန်းယန်ကျွန်းအခွဲက ဆက်သွယ်ရေးအဆောင်တွေကုန်သွားပြီ ရုံးချုပ်ကနေ အမြန်ပို့ပေးဖို့ တောင်းဆိုနေပါတယ်"
"ဘယ်လောက်လဲ"
"အနည်းဆုံး တစ်သိန်းလို့ ပြောပါတယ်၊ များလေ ကောင်းလေပါပဲ"
"တစ်သိန်း ငါတို့မှာအဲဒီလောက် ဘယ်ရှိလဲ အများဆုံးနှစ်သောင်းပဲ ပေးနိုင်မယ်"
"ချုံကျန်းကျွန်းကလည်း ကုန်သွားပြီ၊ နှစ်သိန်း ပို့ပေးဖို့ တောင်းဆိုနေပါတယ်"
"တောက်... ဒါက ပိုတောင် ဆိုးသေးတယ်။ နှစ်သိန်း မရှိဘူး၊ အများဆုံး ငါးသောင်းပဲ ပေးလိုက်"
ဆူညံနေသော နေရာကိုဖြတ်ကျော်ကာ အသံလုံအစီအရင်ပြုလုပ်ထားသည့် အခန်းတစ်ခုအတွင်း၌လည်း အငြင်းအခုံများမှာ မနည်းလှပေ။
"ဒီ ကမ္ဘာ့အဆင့် ဆက်သွယ်ရေးအဆောင်တွေကို ငါတို့ အနောက်တောင်ပိုင်းခရိုင်ကို အရင်ပေး"
"ဘာလို့လဲ ငါတို့ မြောက်ဘက်ခရိုင်ကလည်း လိုချင်တာပဲ"
"ငါတို့ အနောက်တောင်ပိုင်းမှာ ကျွန်းကြီးတွေ အများကြီး ရှိတယ်၊ အဲဒီက ကျင့်ကြံသူတွေက ချမ်းသာပြီး ပိုက်ဆံလည်း သုံးရဲတယ်။ ကမ္ဘာ့အဆင့် တစ်ခုရဖို့ စျေးနှစ်ဆ ပေးမယ်လို့တောင် ပြောနေကြပြီ"
"နှစ်ဆ ဟုတ်လား ငါတို့ဘက်က ကျွန်းသခင်တွေက စျေးငါးဆကနေ စပြောနေတာ၊ တချို့ဆို ဆယ်ဆတောင် ပေးမယ်လို့ အော်နေကြတယ်"
"ဘာတွေလဲ" မန်နေဂျာချုပ်အချို့မှာ ထိုစကားကို ကြားသောအခါ မှင်သက်သွားကြသည် - "နေဦး... ဒီလူတွေ ရူးကုန်ကြတာလား အဆောင်တစ်ခုကို ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်ဆိုတာ တကယ် စျေးကြီးနေပြီ။ အခု နှစ်ဆတောင် မဟုတ်ဘဲ ဆယ်ဆအထိ ပေးမယ်ဆိုတာလား"
သူတို့နားမလည်နိုင်ဘဲ ဖြစ်နေကြသည်။ သူတို့ ဖြန့်ချိလိုက်သော ဆက်သွယ်ရေးအဆောင်များမှာ ပုံစံလှပပြီး ကုန်ကြမ်းများမှာ သာမန်ထက် သာလွန်သည်မှာ မှန်သော်လည်း... အဆုံးစွန်ထိ ပြောရလျှင် ၎င်းမှာ ဆက်သွယ်ရေး စာချွန်လွှာတစ်ခုသာ ဖြစ်သည်။ ကျင့်ကြံခြင်းလောကမှ ထိပ်တန်းပညာရှင်များအတွက် ဤကဲ့သို့သော ရတနာမျိုးကို မမြင်ဖူးစရာ အကြောင်းမရှိပေ။
ဆက်သွယ်ရေးအဆောင်တစ်ခုအတွက် ထိုမျှအထိ လုနေကြစရာ လိုလို့လား။
ထိုစဉ် တံခါးအပြင်ဘက်မှ ငွေခေါင်းလောင်းသံ မြည်လာသည်။ မန်နေဂျာချုပ်တစ်ဦးက နံရံပေါ်မှ ခလုတ်တစ်ခုကို နှိပ်လိုက်ရာတံခါးမှ လမ်းပွင့်သွားသည်။ ကုန်သည်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးသည် အမြန်ဝင်လာပြီး နဖူးမှ ချွေးများကို သုတ်ကာ ပြောလိုက်သည် - "မန်နေဂျာချုပ်တို့... ပစ္စည်းတွေ အကုန်ပြတ်သွားပါပြီ"
ယန့်ဖင်းစိန့် မှာ မှင်သက်သွားပြီး မျက်မှောင်ကြုတ်လိုက်သည် - "မင်း ဘာပြောလိုက်တယ်"
ထိုသူက ထပ်ပြောသည် - "ပစ္စည်းပြတ်သွားပါပြီ ရုံးချုပ်မှာ စုဆောင်းထားတဲ့ ဆက်သွယ်ရေး အဆောင်တွေ အကုန်လုံးရောင်းကုန်သွားပါပြီ၊ ဒါပေမဲ့ နေရာအသီးသီးက ပစ္စည်းပို့ပေးဖို့ တောင်းဆိုချက်တွေက တရစပ် ရောက်နေတုန်းပါပဲ..."
အခြား မန်နေဂျာချုပ် တစ်ဦးက မျက်လုံးပြူးသွားသည် - "ဆက်သွယ်ရေးအဆောင် တစ်သန်းလုံး ကုန်သွားပြီလား"
ထိုသူက ခေါင်းညိတ်ပြသည် - "တစ်ခုတောင် မကျန်ပါဘူး အဲဒါအပြင် ကမ္ဘာ့အဆင့် ဆက်သွယ်ရေး အဆောင်အတွက် ကြိုတင်မှာယူမှု အရေအတွက်ဟာ တစ်သိန်းကျော်သွားပါပြီ"