အခန်း (၇၂) နဂါးချင်း တူပေမဲ့ ကွာခြားချက်တွေ ရှိတယ်
တားမြစ်နယ်မြေအတွင်း၌ ဖြစ်သည်။
ရှီမျိုးနွယ်စု၏ ဘိုးဘေး ရှီဖန့်သည် ရှေ့မှနဂါးပြာကြီးကိုမျက်လုံးပြူးပြီး အကြာကြီး စိုက်ကြည့်နေမိသည်။ ထို့နောက်မှ တစ်ခုခု မှားယွင်းနေသည်ကို သူ သတိပြုမိလိုက်သည်။
၎င်းမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ဝိညာဉ်ပါ ပြည့်စုံသယောင် ရှိသော်လည်း... တကယ့် နတ်ဘုရားသားရဲတစ်ကောင်ထံမှ ရရှိရမည့် ဖိအားနှင့် အန္တရာယ်ရှိသော အငွေ့အသက်များကိုမူ သူ မခံစားရချေ။ ၎င်းမှာ အခွံသက်သက်သာ ဖြစ်ပုံရသည်။
ဘာဖြစ်တာလဲ
ထိုစဉ်မှာပင် နဂါးပြာကြီးအတွင်းမှ ထိန်းမနိုင်သိမ်းမရ လှောင်ပြောင်ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
"အဘိုးကြီးရှီ... ငါတို့ မတွေ့တာ ဆယ်စုနှစ်အနည်းငယ်ပဲ ရှိသေးတယ်၊ မင်းရဲ့ သတ္တိက ခြင်တစ်ကောင်လောက်တောင် မရှိတော့ဘူးလား။ ဟားဟားဟား..."
"အဖိုးကြီးလျို"
ထိုအသံကို ကြားလိုက်ရုံနှင့် ရှီဖန့်၏မျက်ခုံးများ ပင့်တက်သွားသည်။ သူသည် ဤအသံနှင့် အလွန် ရင်းနှီးလှသည်။ ၎င်းမှာ သူနှင့် တစ်သက်လုံး ပြိုင်ဘက်ဖြစ်ခဲ့သော လျိုမျိုးနွယ်စု ဘိုးဘေး လျိုယင်ပင် ဖြစ်သည်။
"ဒါ မင်းလက်ချက်လား"
"ဝိုး... ငါတော့ သေပြီ၊ အရမ်းကြောက်ဖို့ ကောင်းတာပဲ၊ ဟားဟားဟားဟား..."
နဂါးပြာကြီးသည် ခြေသည်းများကို ဝှေ့ယမ်းကာ ပါးစပ်ဟလိုက်ရာ မျက်နှာပြင်တစ်ခု ပေါ်လာပြီး လျိုယင်၏ဝိညာဉ်ပုံရိပ် ပေါ်လာသည်။ သူသည် ရှီဖန့်၏ ခုနက တုံ့ပြန်မှုကို အတုယူကာ ကြောက်လန့်တကြား အမူအရာ လုပ်ပြပြီးနောက် အားရပါးရ လှောင်ရယ်နေတော့သည်။
"..."
ရှီဖန့်၏ မျက်နှာမှာ အရှက်ရမှုနှင့် ဒေါသကြောင့် ပြာနှမ်းသွားကာ သွားကြိတ်လိုက်သည် - "အဖိုးကြီးလျို... မင်း ဘယ်လို လှည့်ကွက်တွေ သုံးနေတာလဲ"
လျိုယင်ကမူ တည်ငြိမ်စွာဖြင့် ပြုံးနေသည် - "ဘာလှည့်ကွက်လဲ ငါက မင်းကို မတွေ့တာ ကြာလို့ သတိရလို့ ဆက်သွယ်ရေးအဆောင်နဲ့ လာပြီး စကားပြောတာလေ"
"ဆက်သွယ်ရေး အဆောင်လား"
ရှီဖန့် မျက်မှောင်ကြုတ်လိုက်ပြီးမှ လျိုယင် ပြောသည်ကို သတိပြုမိသွားသည် - "ပေါက်ကရဒီလောကမှာ ဒီလိုဆက်သွယ်ရေးအဆောင်ဘယ်မှာ ရှိလို့လဲ"
လျိုယင်၏ နှုတ်ခမ်းများမှာ လှောင်ပြောင်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည် - "မင်းလို ရှေးဟောင်းရုပ်ကြွင်းကြီးကတော့ ကမ္ဘာကြီးနဲ့ ဝေးနေတာ ကြာပြီကိုး။ ဒါက လန်ယာကုန်သည်အဖွဲ့နဲ့ မြောက်ပိုင်းအမှောင်ထု သန့်စင်ရာမြေတို့ ပူးပေါင်းထုတ်ထားတဲ့ နောက်ဆုံးပေါ်အဆောင်လေ..."
"ထားလိုက်ပါတော့ ငါပြောပြလည်း မင်းနားလည်မှာ မဟုတ်ဘူး။ မင်းက အရမ်း အတာကိုး"
"မင်းကမှအတာ မင်းတစ်မျိုးနွယ်လုံး အတာ"
ရှီဖန့်၏နှုတ်ခမ်းမှာ တွန့်သွားသည် - "အဖိုးကြီးလျို... မင်း အသက် ရာနဲ့ချီ နေလာပြီးတော့ ကလေးတစ်ယောက်လို လုပ်နေတုန်းပဲ။ ဆက်သွယ်ရေး အဆောင်လေး တစ်ခုတည်းကို ငါ့ရှေ့မှာ ဒီလောက် ကြွားစရာ လိုလို့လား"
"ဟေး" လျိုယင်က ထူးထူးဆန်းဆန်း အော်လိုက်သည် - "မင်းမှာ မရှိလို့ ငါက လာနှိပ်စက်နေတာလေ။ ဒေါသထွက်နေပြီလား"
ရှီဖန့် : "... မင်းတော့ ရူးနေပြီ"
သူသည် တံတွေးထွေးလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။
"ဟင် ဖြတ်လိုက်တာလား ပြန်ဆက်မယ်" လျိုယင်သည် ပျောက်ကွယ်သွားသော မျက်နှာပြင်ကို ကြည့်ကာ ပြုံးလိုက်ပြီး ထပ်မံ ဆက်သွယ်လိုက်ပြန်သည်။
ဟိန်း—
နဂါးပြာကြီးသည် ဟင်းလင်းပြင်ကို ထပ်မံ ဖြတ်ကျော်ကာ ခဏအတွင်းမှာပင် ရှီဖန့်၏ရှေ့တွင် ပြန်လည် ပေါ်လာပြန်သည်။
ရှီဖန့် : "....."
"မင်း ရပ်အုန်းမှာလား"
"အဘိုးကြီးရှီ... ငါက တခြားရည်ရွယ်ချက် မရှိပါဘူး။ ငါ့နဂါးကြီးက ကြီးလား၊ မကြီးလားဆိုတာ မင်းကို ကြည့်ခိုင်းချင်လို့ပါ"
"..."
ရှီဖန့်၏နဖူးတွင် အကြောများ ထောင်ထွက်လာသည်။ သူသည် ဆက်သွယ်မှုကို ထပ်မံ ဖြတ်တောက်လိုက်ပြီး နောက်ထပ် အနှောင့်အယှက် မပေးနိုင်ရန် သူ၏ပတ်ဝန်းကျင်၌ တားမြစ်ချက် တစ်ခုကို ချက်ချင်း ပြုလုပ်လိုက်သည်။
အကုန်လုံး ပြီးစီးသွားသောအခါ သူသည် မျက်လုံးမှိတ်ကာ ဆက်လက် ကျင့်ကြံရန် ကြိုးစားသည်။ သို့သော် အကြောင်းရင်းတစ်ခုကြောင့် သူ၏ စိတ်မှာမတည်ငြိမ်နိုင်ဘဲ ဖြစ်နေသည်။
မျက်လုံးမှိတ်လိုက်သည်နှင့် ကြီးမားလှသော နဂါးပြာကြီးတစ်ကောင် သူ၏ရှေ့တွင် ဝင့်ကြွားနေသည်ကို မြင်ယောင်နေမိသည်။ သူ ဝန်ခံရမည်မှာထိုအဖိုးကြီးလျိုမှာ ရွံစရာ ကောင်းသော်လည်း ထိုနဂါးပြာကြီးမှာမူ တကယ့်ကို ခန့်ညားလွန်းလှသည်။
၎င်းမှာ ဆက်သွယ်ရေးအဆောင်တစ်ခု မဟုတ်ပါလား သူ ဝယ်နိုင်လျှင် ငါ့ရှီမျိုးနွယ်စုကရော မဝယ်နိုင်စရာ အကြောင်းရှိလို့လား။
ထိုသို့ တွေးမိပြီး သူသည် ဝိညာဉ်အာရုံတစ်ခုကို အပြင်သို့ ပို့လိုက်သည်။
ခဏအကြာတွင် ရှီမျိုးနွယ်စု၏ လက်ရှိခေါင်းဆောင် ရှီချန်သည် မျိုးဆက်သစ် လူငယ်များကို ဦးဆောင်ကာ တားမြစ်နယ်မြေသို့ ရောက်ရှိလာသည်။ သူတို့သည် ဘိုးဘေးအား ကြိုဆိုရန် တညီတညွတ်တည်း ဒူးထောက်လိုက်ကြသည်။
"ဘိုးဘေးကို ဂါရဝပြုပါတယ်"
"လန်ယာကုန်သည်အဖွဲ့က ဆက်သွယ်ရေးအဆောင်အသစ် ထုတ်တယ်လို့ ငါ ကြားတယ်။ အဲဒါ တကယ်လား" ရှီဖန့်က လက်ကို ဝှေ့ယမ်းကာ ရှီချန်နှင့် တခြားသူများကို ငုံ့ကြည့်ရင်း မေးလိုက်သည်။
"ဆက်သွယ်ရေး အဆောင်လား"
ရှီချန်မှာ မှင်သက်သွားပြီး ဘေးမှလူကို အလိုလို ကြည့်လိုက်မိသည်။ သူသည် မျိုးနွယ်စုရေးရာများနှင့် တစ်နေကုန် အလုပ်ရှုပ်နေသဖြင့် ထိုကဲ့သို့သော ကိစ္စများကို သတိမထားမိချေ။
"အဲဒါ တကယ်ရှိပါတယ် ဒီနေ့မှစပြီး ထုတ်တာပါ" ရှီမျိုးနွယ်စု၏ အကြီးအကဲက မျိုးနွယ်စုခေါင်းဆောင်၏ နားနားတွင် တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ဘိုးဘေး... တကယ် ရှိပါတယ်" ရှီချန်က အမြန် ပြန်ဖြေလိုက်သည်။
သို့သော် သူ၏ရင်ထဲတွင်မူ ဇဝေဇဝါ ဖြစ်နေသည်။ ဘိုးဘေးသည် ကျင့်ကြံရာတွင် အောင်းနေသည်မှာ နှစ်ပေါင်းများစွာ ရှိပြီ ဖြစ်သော်လည်း ဤကိစ္စကို သူ့ထက်ပင် ပိုသိနေသည်မှာ မည်သို့ ဖြစ်နိုင်ပါ့မနည်း ပြီးတော့ ဤကိစ္စအတွက်နှင့် ကျင့်ကြံရာမှ ထွက်လာပြီး သူတို့ကို ဆင့်ခေါ်ရသည်အထိလား။
ရှီဖန့်က လက်ကို ဝှေ့ယမ်းကာ - "အခုချက်ချင်း လူလွှတ်ပြီး သွားဝယ်လိုက်။ အကောင်းဆုံး အမျိုးအစား ဖြစ်ရမယ်ဆိုတာ မှတ်ထား"
ထိုစကားကို ကြားသောအခါ ရှီချန် မျက်နှာ ပျက်သွားသည် - "ဘိုးဘေး... ဒီအချိန်ဆို လန်ယာကုန်သည်အဖွဲ့ အခွဲတွေလည်း ပိတ်လောက်ပါပြီ"
ရှီဖန့်၏ မျက်မှောင်များ ချက်ချင်း ကြုတ်သွားပြီး အလွန် ပြင်းထန်သော ဖိအားတစ်ခု လူတိုင်းအပေါ်သို့ ကျရောက်လာသည်။ ရှီမျိုးနွယ်စုဝင်များမှာ ကျောချမ်းသွားကာ တိတ်ဆိတ်သွားကြသည်။
ဒုက္ခပဲ... ဘိုးဘေး စိတ်မရှည်တော့ဘူး။
ထိုစဉ် လူအုပ်ကြားထဲတွင် ရှိနေသော ရှီယီမင် သည် ဘိုးဘေး၏စကားကို ကြားသောအခါ တစ်ကိုယ်လုံး တုန်ယင်သွားသည်။ ဆက်သွယ်ရေးအဆောင်လား သူ့မှာရှိသည်လေ။
ဘိုးဘေးက ဤအရာကို ဘာလို့ စိတ်ဝင်စားနေသည်ကို သူ မသိသော်လည်း ဘိုးဘေး စိတ်တိုနေချိန်တွင် သူက ရှေ့သို့ တိုးကာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လျှင်... ၎င်းမှာ ကြီးမားသော ကုသိုလ်တစ်ခု မဟုတ်ပါလား ငါတော့ ကံကောင်းတော့မှာပဲ။
ရှီယီမင်၏ရင်ခုန်သံမှာ မြန်လာပြီး နှုတ်ခမ်းများ ခြောက်ကပ်လာကာ မျက်လုံးများ နီမြန်းလာသည်။ သူသည် သတ္တိကို မွေးကာ - "ဘိုးဘေး" ဟု အော်ဟစ်လိုက်သည်။
ရှီဖန့်မှာ လန့်သွားသည် - "ဘာလို့ ဒီလောက် အသံကျယ်ကျယ်နဲ့ အော်နေတာလဲ"
"... ကျွန်တော့်... ကျွန်တော့်မှာ တစ်ခု ရှိပါတယ်"
"မင်းမှာ ဘာရှိတာလဲ"
"ဆက်သွယ်ရေးအဆောင်ပါ"
ရှီဖန့်၏ မျက်လုံးများ တောက်ပသွားသည် - "တကယ်လား ယူလာခဲ့စမ်း"
ရှီယီမင်သည် သူယနေ့မှ စျေးကြီးပေးပြီး ဝယ်ထားသော နေရောင်အဆင့် နဂါးပြာ ဆက်သွယ်ရေးအဆောင်ကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။
ရှီဖန့်သည် ၎င်းကို ယူကာ အထပ်ထပ် ကြည့်ရှုပြီးနောက် ပို၍ သဘောကျလာသည် - "တကယ့်ကို ထူးခြားတာပဲ ဟားဟားဟား... အဘိုးကြီးလျို၊ ငါ့ကို လာကြွားနေတယ် ငါ့မှာလည်း ရှိတာပဲကို"
ထိုသို့ ပြောပြီး သူသည် ရှီချန်နှင့် တခြားသူများကို ဂရုမစိုက်တော့ဘဲ ကျောက်နံရံအခန်းသို့ ပြန်ဝင်သွားသည်။
သူသည် အဆောင်ကို ထုတ်ကာ လျိုယင်၏ အရှိန်အဝါ အစအနလေးကို ထည့်သွင်းလိုက်သည်။ ထို့နောက် ဆက်သွယ်လိုက်သည်။
မကြာမီ နဂါးပြာပုံရိပ်ယောင်မှာ ပျံတက်သွားပြီး မျက်နှာပြင်တစ်ခု ပေါ်လာသည်။ လျိုယင်၏ ပုံရိပ်မှာ ဖြည်းဖြည်းချင်း ပေါ်လာသည်။
ရှီဖန့်သည် မစောင့်နိုင်တော့ဘဲ ခါးထောက်ကာ ဝင့်ကြွားစွာ ရယ်မောလိုက်သည် - "အဖိုးကြီးလျို... ဘယ်လိုလဲ ဆက်သွယ်ရေးအဆောင်လေး တစ်ခုပဲလေ ဘယ်သူ့မှာ မရှိဘဲနေမှာလဲ ကြွားနေတုန်းလား ငါ့နဂါးက မင်းနဂါးနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ"
တစ်ဖက်တွင် လျိုယင်က ဘာမှ မပြောချေ။ သူ၏ အကြည့်မှာ ထူးဆန်းလာပြီးနောက် မျက်လုံးထဲတွင် နောက်ပြောင်လိုသော အရိပ်အယောင်များ ပေါ်လာသည်။
ရှီဖန့်၏ မျက်နှာပေါ်ရှိ အပြုံးများမှာလည်း မှိန်ဖျော့သွားသည်။ သူ တစ်ခုခု မှားနေသည်ကို သိလိုက်ရသည်။
သူ့ရှေ့မှ မျက်နှာပြင်ပေါ်တွင် နဂါးနှစ်ကောင်မှာ တစ်ကောင်နှင့်တစ်ကောင် မျက်နှာချင်းဆိုင် ဖြစ်နေသည်။
တစ်ကောင်မှာ ကြီးမားထွားကျိုင်းပြီး ကောင်းကင်ဘုံ ကိုးထပ်တွင် နေ၊ လ၊ ကြယ်တာရာများနှင့်အတူ မိုးကြိုးသံများ ခြံရံကာ ပျံသန်းနေသည်။
နောက်တစ်ကောင်မှာမူ ပါးလွှာပြီး တိုတောင်းလှကာ ထိုနဂါးကြီး၏ရှေ့တွင် ငါးရှဉ့်တစ်ကောင်ကဲ့သို့ပင်။
"ဟားဟားဟားဟား..." လျိုယင်သည် ဗိုက်ကို နှိပ်ကာ မျက်ရည်များ နှပ်များ ထွက်မတတ် အားရပါးရ ရယ်နေတော့သည်။
"ဒါ... ဒါက မင်းရဲ့နဂါးလား"
"ဟားဟား... မင်း ငါ့ကို ရယ်အောင်လုပ်ပြီး သတ်မလို့လား အဘိုးကြီးရှီ"
သူ၏ရယ်မောသံနှင့်အတူ ထိုနဂါးပြာကြီးမှာလည်း အလားတူ လှုပ်ရှားမှုမျိုး လုပ်ကာ ကောင်းကင်သို့ မော့၍ ဟိန်းဟောက်နေသည်။ ထို ငါးရှဉ့်လေးမှာမူ ရှီဖန့်ကဲ့သို့ပင် ငြိမ်သက်စွာဖြင့် ရယ်မောနေသော နဂါးကြီးကို မလှုပ်မယှက် ကြည့်နေရှာသည်။
ရှီဖန့်၏ နှုတ်ခမ်းမှာ အကြာကြီး တွန့်နေပြီး မျက်လုံးများမှာလည်း တလှုပ်လှုပ် ဖြစ်နေသည်။ သူသည် လက်ကို မြှောက်ကာ မျက်နှာပြင်ကို ရိုက်ခွဲလိုက်သည်။
သူသည် မျက်နှာပျက်ပျက်ဖြင့် တားမြစ်နယ်မြေမှ ထွက်လာခဲ့သည်။
တားမြစ်နယ်မြေ၏ အပြင်ဘက်တွင် ရှီမျိုးနွယ်စုဝင်များမှာ ရိုသေစွာ စောင့်နေကြဆဲ ဖြစ်သည်။
"ယီမင်... မင်း ဒီတစ်ခါ တကယ်ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။" ရှီချန်က ကျေနပ်သော မျက်နှာဖြင့် ရှီယီမင်ကို ချီးမွမ်းသည် - "မင်းကို ဆက်သွယ်ရေးအဆောင် ဝယ်ခိုင်းတာက ငါ ဖြစ်ပေမဲ့ မင်းက တာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်ခဲ့တယ်။ အခုကစပြီး မင်းနဲ့ မင်းမိဘတွေအတွက် မျိုးနွယ်စုက ပေးတဲ့ လစာတွေကို နှစ်ဆ တိုးပေးမယ် နောက်ထပ် တခြား တောင်းဆိုစရာ ရှိရင်လည်း ပြောနိုင်တယ်"
မင်း ငါ့ကို ဝယ်ခိုင်းတာ
ရှီယီမင်မှာ မှင်သက်သွားပြီးနောက် ချက်ချင်းပင် အခြေအနေကို နားလည်သွားကာ ရင်ထဲမှာ သွားကြိတ်လိုက်သည်။ ဒီအဘိုးကြီးက ငါ့ကုသိုလ်ကို လာလုနေတာပဲ။
သို့သော် သူသည် မအချေ။ သူ၏ စကားမှာ အလေးအနက် မရှိသလို မျိုးနွယ်စုခေါင်းဆောင်ကို ဆန့်ကျင်လျှင်လည်း ကောင်းကျိုးရှိမည် မဟုတ်သည်ကို သူ သိသည်။ သူသည် အတင်းပြုံးကာ ခေါင်းညိတ်လိုက်သည် - "ဒါတွေ အားလုံးက ခေါင်းဆောင်ရဲ့ ဆုံးမမှုတွေကြောင့်ပါ"
ရှီချန်၏မျက်လုံးများမှာ အနည်းငယ် ကျဉ်းသွားသည်။ ရှီယီမင်သည် အခြေအနေကို နားလည်သည်ကို မြင်သောအခါ သူကျေနပ်သွားပြီး - "ကောင်းတယ်၊ မာနလည်း မကြီးဘူး၊ စိတ်လည်း မလောဘူး။ မင်း အနာဂတ်မှာ ကြီးကြီးမားမား အောင်မြင်လိမ့်မယ်။ ငါ မင်းကို မျှော်လင့်ချက် ကြီးကြီးထားတယ်" ဟု ပြောလိုက်သည်။
"ချီးမွမ်းပေးလို့ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်" ရှီယီမင်က ပြုံး၍ပြန်ဖြေလိုက်သော်လည်း သူ၏ရင်ထဲတွင်မူ အလွန် စိတ်လှုပ်ရှားနေသည်။ ဒီတစ်ခါတော့ ငါ တကယ် အရှိန်တက်တော့မှာပဲ။
ထိုစဉ် ရှီဖန့်သည် တည်ငြိမ်သော မျက်နှာထားဖြင့် ထွက်လာသည်။ သူ၏အရှိန်အဝါမှာ အေးစက်နေပြီး ကြောက်စရာ ကောင်းလှသည်။ သူသည် လက်ထဲတွင် နေရောင်အဆင့် နဂါးပြာ ဆက်သွယ်ရေးအဆောင်ကို ကိုင်ထားရင်း လူတိုင်းကို ကြည့်ကာ - "ဒါ ဘယ်သူ့ဟာလဲ" ဟု မေးလိုက်သည်။
ရှီချန်သည် ဘိုးဘေး၏ မျက်နှာကို ကြည့်ကာ တစ်ခုခု မှားနေသည်ကို ချက်ချင်း သိလိုက်သည်။ သူ၏ မျက်နှာပေါ်ရှိ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားသည်။
သူသည် မျက်နှာသေဖြင့် အော်ငေါက်လိုက်သည် - "ရှီယီမင်... ဘိုးဘေးက မေးနေတယ်လေ။ မင်း ဆွံ့အသွားပြီလား"
ရှီယီမင် : "......"