အခန်း (၆၈) အရမ်းခန့်ညားတာပဲ
"ဟိုး... လန်ယာကုန်သည်အဖွဲ့ နဲ့ မြောက်ပိုင်းအမှောင်ထု သန့်စင်ရာမြေတို့ ပူးပေါင်းပြီး အရမ်းမိုက်တဲ့ ဆက်သွယ်ရေးအဆောင်တစ်ခု ထုတ်မယ်လို့ ကြားထားတာ ကြာပြီ အခုတော့ တကယ် ထွက်လာပြီပဲ"
"ဒီတစ်သုတ် ဆက်သွယ်ရေးအဆောင်တွေကို ပုံစံလေးမျိုး ခွဲထားတယ်လို့ ကြားတယ်- နဂါးပြာ၊ ကျားဖြူ၊ ငှက်နီ နဲ့ လိပ်နက် ဆိုပြီးတော့လေ။ ပုံစံတစ်ခုစီမှာ အဆင့်တွေ ကွဲပြားပေမဲ့ အားလုံးက တကယ့်ကို ကြည့်ကောင်းပြီး ခန့်ညားလွန်းတယ်"
"ကြည့်ကောင်းရုံတင်မဟုတ်ဘူး ဒီအဆောင်တွေရဲ့ကုန်ကြမ်းတွေကို သေချာ ရွေးချယ်ထားတာလို့ ကြားတယ်... ကိုယ်ထည်ကို ပင်လယ်နက် လျှို့ဝှက်ရွှေနဲ့ နှင်းတောင်ရေခဲပုလဲတွေနဲ့ လုပ်ထားတာ။ အရည်အသွေးက အကောင်းစားကြီး၊ လက်ထဲမှာ ကိုင်ထားရတဲ့ ခံစားချက်က... တကယ့်ကို အံ့မခန်းပဲ"
"ဒီဆက်သွယ်ရေးအဆောင်အသစ်နဲ့ မိတ်ဆွေတစ်ယောက်ကို ဆက်သွယ်လိုက်ရင် ထူးခြားဖြစ်ရပ်တောင် ပေါ်လာတတ်တယ်လို့ ကြားတယ်။
မင်းကို ကာကွယ်ပေးဖို့ နတ်ဘုရားသားရဲတစ်ကောင်ကို ဆင့်ခေါ်လိုက်သလိုမျိုးပေါ့။ အဲဒီမြင်ကွင်းကို တွေးကြည့်ရုံနဲ့တင် ရင်ခုန်စရာကြီး..."
"ငါတော့ အမြန်လဲချင်နေပြီ။ အရင်က သုံးနေတဲ့ အဆောင်တွေက ရုပ်ဆိုးပြီး သုံးရတာလည်း ခက်တယ်... ငါတို့ခေတ်ကျင့်ကြံသူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကြည့်ကောင်းတာ ဆောင်ထားသင့်တာပေါ့"
"..."
ဘေးမှနားထောင်နေသော ကျန်းရှန်းမှာ ဇဝေဇဝါ ဖြစ်နေရသည် "ဒီကမိတ်ဆွေတို့က ကြားတယ် ကြားတယ်နဲ့ပဲ ပြောနေကြတာ။ ဘယ်ကနေ ကြားတာလဲ ကျွန်တော်ကျတော့ ဘာလို့တစ်ခါမှမကြားမိရတာလဲ"
ပျော်ပျော်ပါးပါး စကားပြောနေကြသော လူများက သူ့ကို သံသယဖြင့် ကြည့်လိုက်ကြသည် - "အဲဒါ မင်းနဲ့ မဆိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့ကတော့ ကြားထားတာပဲ"
ကျန်းရှန်း : "..."
ဤကဲ့သို့သော အခြေအနေမျိုးမှာ... လန်ယာကုန်သည်အဖွဲ့၏ အခွဲတိုင်းတွင် ဖြစ်ပျက်နေခြင်းပင်။
လူအများစုမှာ ဆက်သွယ်ရေးအဆောင်အသစ်အပေါ် အစပိုင်းတွင် စိတ်ဝင်စားမှု သိပ်မရှိကြချေ။ သို့သော် အကြောင်းရင်းတစ်ခုကြောင့်... သတင်းအချက်အလက် စုံလင်လှသော လျှို့ဝှက်ကျင့်ကြံသူ အချို့က အနီးအနားတွင် ထိုအဆောင်၏ အံ့ဖွယ်စွမ်းဆောင်ရည်များကို ကောင်းကင်အထိ ရောက်အောင် မြှောက်ပင့်ချီးမွမ်းပြီး လူတိုင်း၏ စူးစမ်းလိုစိတ်ကို ဆွပေးနေကြသည်။
"တကယ်ပဲ အဲဒီလောက် အံ့ဩဖို့ ကောင်းလို့လား"
သံသယများဖြင့် ပြည့်နှက်နေသော ကျန်းရှန်းက ချက်ချင်းထွက်မသွားတော့ဘဲ ရပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အခွဲမန်နေဂျာမှာ ယဉ်ကျေးပျူငှာသော စကားများကို ပြောကြားနေဆဲ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကိုလည်း စောင့်ကြည့်နေသည်။
မျှော်မှန်းထားသည့်အတိုင်း ကျင့်ကြံသူများစွာ စုဝေးလာသောအခါမှသာ... သူသည် အလွန်တရာ ဆန်းပြားလှပသော သတ္တုသေတ္တာတစ်ခုကို အလေးအနက် ထုတ်ယူလိုက်သည်။ ထို့နောက် သေတ္တာကို ဖွင့်လိုက်သည်။
လက်နှစ်ဖက်ဖြင့် လက်ဖဝါးခန့်ရှိသော ဆက်သွယ်ရေးအဆောင်တစ်ခုကို သူ မြှောက်ပြလိုက်သည်။ ၎င်းမှာ ကြေးနီရောင်ရှိပြီး ကျောဘက်တွင် သက်ရှိထင်ရှား ကျားဖြူရုပ်ကို ထွင်းထုထားသဖြင့် အလွန် ခန့်ညားလှပေသည်။
အခွဲမန်နေဂျာက မိတ်ဆက်ပေးသည် "ဒါကတော့ ကျွန်တော်တို့ရဲ့ကြယ်တာရာအဆင့် ကျားဖြူ ဆက်သွယ်ရေး အဆောင်ပဲဖြစ်ပါတယ်။ အားလုံးပဲ ကြည့်ရှုပေးကြပါအုန်း"
"ထွင်းထုထားတာ တကယ်ကို လက်ရာမြောက်တာပဲ တစ်ချက်ကြည့်လိုက်ရုံနဲ့ ပညာရှင်တစ်ယောက်ရဲ့လက်ရာဆိုတာ သိသာတယ်"
"ဒါက တကယ် စိတ်ဝင်စားစရာပဲ"
"ဒါက ဆက်သွယ်ရေးအဆောင်လား ရှေးဟောင်းနေရာကရလာတဲ့ ရတနာတစ်ခုလိုပဲ။ တကယ့်ကို မျက်စိကျစရာပဲ"
သေချာပေါက်ပင် ထိုကျားဖြူအဆောင်ပေါ်လာသည်နှင့် ကျင့်ကြံသူများစွာ၏ မျက်လုံးများမှာ တောက်ပြောင်သွားကြသည်။ သူတို့ နေ့စဉ်သုံးနေသောအဆောင်များမှာ လက်ညှိုးခန့်ရှိသော ကျောက်စိမ်းပြားပေါ်တွင် စာလုံးအချို့ ထွင်းထားရုံသာ ဖြစ်သဖြင့် အသွင်အပြင်မှာ နှိုင်းယှဉ်၍ပင် မရနိုင်ချေ။
သို့သော် တည်ငြိမ်သော ကျင့်ကြံသူအချို့က မေးမြန်းသည် "ဒါက တခြားဆက်သွယ်ရေးအဆောင်တွေထက် ပိုလှတာပဲ ရှိတာပါ။ အဓိကအချက်က... ဆက်သွယ်ရေးအဆောင်ဆိုတာ သုံးလေးခါ သုံးပြီးရင် စာလုံးတွေ ပျက်သွားပြီး အသစ်လဲရတာပဲ မဟုတ်လား ဒီလောက် လှအောင် လုပ်ထားတာက သိပ်ပြီး အသုံးမဝင်လှဘူး မဟုတ်လား"
ဆက်သွယ်ရေးအဆောင်များမှာ ကုန်ခမ်းတတ်သော ပစ္စည်းများသာ ဖြစ်ကြသည်။
"မေးခွန်းကောင်းပါပဲ" အခွဲမန်နေဂျာက ပြုံးရွှင်စွာဖြင့် "လူကြီးမင်းတို့ခင်ဗျာ ဒါက ကျွန်တော်တို့ အဆောင်ရဲ့ဒုတိယမြောက် လုပ်ဆောင်ချက်ပါ အားလုံးပဲ ကြည့်ပေးကြပါဦး"
မန်နေဂျာက ကျားဖြူရုပ် ထွင်းထားသော ဘေးဘက်ကို ပြသလိုက်သည်။ ထို့နောက် အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ယူကာကျားဖြူ၏ ပါးစပ်ရှေ့တွင် ထားလိုက်သည်။
ဝိန်း~
အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကျားဖြူ၏ ပါးစပ်တွင် ဝဲဂယက်တစ်ခု ဖြစ်ပေါ်ကာ ဝိညာဉ်ကျောက်တုံးကို ဝါးမြိုလိုက်သည်။ ၎င်း၏ ကိုယ်ထည်ပေါ်ရှိ အရောင်အဝါမှာ ပိုမို တောက်ပလာပြီး သက်ရှိထင်ရှား ကျားတစ်ကောင်နှင့်ပို၍ တူလာတော့သည်။
ကျင့်ကြံသူများမှာ အံ့ဩခြင်းများဖြင့် ကြည့်နေကြသည်။
"ကျွန်တော်တို့ရဲ့အဆောင်အသစ်က ဝိညာဉ်ကျောက်တုံးတွေကို ဝါးမြိုပြီး စွမ်းအင်ကို အဆက်မပြတ် ဖြည့်တင်းနိုင်ပါတယ်။ အနိမ့်စားဝိညာဉ်ကျောက်တုံး ၂၀ ဆိုရင် အကြိမ်ရေ ၂၀၀၀ အထိ အသုံးပြုနိုင်မှာပါ။"
"သီအိုရီအရဆိုရင် လူကြီးမင်းတို့ ဒီအဆောင်ကို တစ်ခါဝယ်ပြီးရင် နောက်ထပ် ဘယ်တော့မှ အသစ်ထပ်ဝယ်ဖို့ မလိုတော့ပါဘူး"
ဝုန်း—
လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ တစ်နည်းအားဖြင့် ဤအဆောင်မှာ ကုန်ခမ်းတတ်သော ပစ္စည်း မဟုတ်တော့ဘဲ အချိန်အကြာကြီး ကိုင်တွယ်အသုံးပြုနိုင်သည့် မှော်လက်နက်တစ်ခု ဖြစ်သွားခြင်းပင်။ စွမ်းအင်ကုန်လျှင် ပြန်ဖြည့်ရုံသာ ရှိသည်။
"စျေးကွက်ထဲက သာမန်အဆောင်တွေက တစ်ခုကို ဝိညာဉ်ကျောက်တုံး ၂၀ ပေးရပြီး အကြိမ် ၁၀၀၀ ပဲ သုံးလို့ရတယ်။ ခဏခဏ သုံးရင် နှစ်လ သုံးလနဲ့ ကုန်ပြီ"
"အဲဒီလို တွက်ကြည့်ရင် ဒါက ပိုပြီး တွက်ခြေကိုက်တာပဲ။ ပိုက်ဆံ အတူတူပေးရပေမဲ့ အသုံးပြုရတဲ့ အကြိမ်ရေက နှစ်ဆ ဖြစ်သွားတာပဲ"
"ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒီကျားဖြူအဆောင်ရဲ့ ကုန်ကြမ်းတွေနဲ့ လက်ရာကို ကြည့်ရင်... စျေးကတော့ မနည်းလောက်ဘူး"
"ဒါပေမဲ့ အသစ်ထပ်လဲစရာ မလိုတော့ဘူးလေ။ တစ်ခုဝယ်ထားရင် တစ်သက်လုံး သုံးလို့ရမှာပဲ။ စျေးက အလွန်အကျွံကြီး မဟုတ်ရင်တော့ ဝယ်သင့်တာပေါ့"
ကျင့်ကြံသူများမှာ စတင် စိတ်ဝင်စားလာကြပြီး မျက်လုံးများ တောက်ပလာကြသည်။
"မန်နေဂျာ စျေးနှုန်းကိုပဲ ပြောပါတော့။ ဒီအဆောင်က ဘယ်လောက်လဲ"
"ဟုတ်တယ် ဘယ်လောက်လဲ"
"ဟီးဟီး။" မန်နေဂျာက ပြုံးပြုံးကြီးဖြင့် - "အားလုံးပဲ မလောကြပါနဲ့ဦး။ ကျွန်တော် မိတ်ဆက်လို့ မပြီးသေးပါဘူး။ အခု ပြောမှာက အရေးကြီးဆုံး အစိတ်အပိုင်းပါ"
"ကျန်သေးတယ်လား"
"အားလုံးပဲ ကြည့်ပါဦး"
မန်နေဂျာသည် ဝိညာဉ်စွမ်းအား အနည်းငယ် ထည့်သွင်းကာ ကျားဖြူအဆောင်ကို အသက်သွင်းလိုက်သည်။
"ဟိန်း—"
နောက်တစ်ခဏတွင် အဆောင်တစ်ခုလုံး တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုကျားဖြူရုပ်မှာ တကယ်ပဲ အသက်ဝင်လာသကဲ့သို့ ရောင်စုံဝိညာဉ်ခန္ဓာကိုယ်တစ်ခု ဖြစ်ပေါ်လာကာ မန်နေဂျာ၏ ဦးခေါင်းထက်တွင် ခန့်ညားစွာ ပျံဝဲနေသည်။ တစ်ချက်ကြည့်လိုက်လျှင် မန်နေဂျာသည် ရှေးဟောင်း နတ်ဘုရားသားရဲတစ်ကောင်ကို ဆင့်ခေါ်လိုက်သည့် လျှို့ဝှက်ကျင့်စဉ်တစ်ခုကို သုံးလိုက်သကဲ့သို့ပင်။
ကျင့်ကြံသူများမှာ မှင်သက်သွားကြတော့သည်။
"ဟာ... တကယ်ကြီးလား"
"အဲဒီလိုတောင် လုပ်လို့ရတာလား"
"ဘုရားရေ... စောစောက အချက်တွေကိုတော့ ငါ ထိန်းနိုင်သေးတယ်၊ ဒါကိုတော့ ငါ မအောင့်နိုင်တော့ဘူး"
"အရမ်း ခန့်ညားတာပဲ"
ကျင့်ကြံသူများမှာ စတင် အုတ်အော်သောင်းနင်း ဖြစ်လာကြပြီး အခင်းအဖြစ်မှာ အလွန် အရှိန်အဟုန် ပြင်းလာသည်။
ထိုအချိန်တွင် "ဟဲဟဲ... ဒါက အလင်းနဲ့ အရိပ်ကို သုံးပြီး လှည့်စားထားတဲ့ ကလေးကစားစရာလေးတွေပဲ မဟုတ်လား တကယ့် နတ်ဘုရားသားရဲ ဝိညာဉ်မှမဟုတ်တာ" အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။
လူတိုင်း လှည့်ကြည့်လိုက်ရာ၊ တန်ဖိုးကြီး ဝတ်စုံများကို ဝတ်ဆင်ထားသော လူသုံးဦးကို တွေ့လိုက်ရသည်။ အလယ်က လူမှာ အထင်အမြင်သေးသော မျက်နှာပေးဖြင့် ရှိနေသည်။
လန်ယာအခွဲမှ မန်နေဂျာဝမက မျက်မှောင်ကြုတ်လိုက်ပြီး ပြုံးလိုက်သည် - "ဪ... မန်နေဂျာ ချိုး၊ မန်နေဂျာ ဆုန့် နဲ့ မန်နေဂျာ လီတို့ပါလား"
ဤသုံးဦးမှာ ကျွန်းပေါ်ရှိ တခြားသောကုန်သည်အဖွဲ့ သုံးဖွဲ့၏ အကြီးအကဲများ ဖြစ်ကြသည်။ လန်ယာကုန်သည်အဖွဲ့က ယနေ့တွင် ဤမျှ အုန်းအုန်းကျွက်ကျွက် လုပ်နေသဖြင့် သူတို့ လာကြည့်ကြသည်မှာ မဆန်းပေ။
"မင်းတို့ သုံးယောက်က အချိန်ကိုက် ရောက်လာတာပဲ။ ကျွန်တော့်ကို ကူညီပေးပါဦးလား" မန်နေဂျာ ဝမ်က ပြုံးပြုံးလေး ပြောလိုက်သည်။
"ဘာကူညီရမှာလဲ" ပိန့်လိုင်အခွဲမှ မန်နေဂျာ ဆုန့်က မျက်မှောင်ကြုတ်လိုက်သည်။
"ရိုးရှင်းပါတယ်၊ မင်းရဲ့အရှိန်အဝါအစအနလေး တစ်ခုလောက် ပေးပါ။ ဒီအဆောင်က တခြားသူကို ဆက်သွယ်တဲ့အခါ ဘယ်လို ဖြစ်လာမလဲဆိုတာ ပြချင်လို့ပါ"
မန်နေဂျာ ဆုန့်၏နှုတ်ခမ်းမှာ တွန့်သွားသည်။ ၎င်းမှာ သူ့ကို အလကားခိုင်းစားနေခြင်းပင်။
သို့သော် လူအများရှေ့တွင် စိတ်ကျဉ်းမြောင်းသူဟု အထင်မခံလိုသဖြင့် - "အဲဒါ ဘာခက်တာမှတ်လို့" ဟု ပြောကာ အရှိန်အဝါ အနည်းငယ်ကို ပေးလိုက်သည်။
မန်နေဂျာ ဝမ်က ၎င်းကို ဖမ်းယူကာအဆောင်ထဲသို့ ထည့်လိုက်သည်။ ထိုအခါ မျက်နှာပြင်ပေါ်တွင် စာလုံးလေးများ ပေါ်လာသည် "အဆက်အသွယ် ထည့်သွင်းခြင်း အောင်မြင်သည် နာမည်ရေးပေးပါ''
မန်နေဂျာဝမ်က စိတ်ထဲမှ ညွှန်ကြားလိုက်ရာ ပိန့်လိုင်မန်နေဂျာဆုန့်ဆိုသည့် စာလုံးများ ပေါ်လာသည်။ ထို့နောက် သူက လေထဲတွင် တစ်ချက်နှိပ်လိုက်သည်။
ထိုကျားဖြူမှာ ချက်ချင်းပင် ဟိန်းဟောက်လိုက်ပြီး ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ပြေးထွက်သွားသည်။
ချက်ချင်းဆိုသလိုပင်... ၎င်းသည် မန်နေဂျာ ဆုန့်၏ဦးခေါင်းထက်တွင် တောင်ပေါ်မှ ဆင်းလာသော ကျားရဲတစ်ကောင်ကဲ့သို့ ပေါ်လာတော့သည်။ ကျယ်လောင်လှသော ဟိန်းဟောက်သံကြီးကြောင့် မန်နေဂျာ ဆုန့်မှာ လန့်ဖျန့်သွားကာ နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်လိုက်ရပြီး လဲကျလုနီးပါးပင်ဖြစ်သွားတော့သည်။