အခန်း (၆၇) ငါ့သားဝမ်မုမှာ ဧကရာဇ်ဖြစ်လာမယ့် အရည်အချင်းတွေ ရှိတယ်
ရှယောင်ယောင်သည် နောင်တကြီးစွာ ရနေမိသည်။
အကယ်၍ ဤကဲ့သို့ ဖြစ်လာမည်ကို ကြိုသိခဲ့လျှင် သူမသည် ဝမ်မုကိုကိုင်တွယ်ရန် တခြားတပည့်တစ်ဦးကိုသာ တိုက်ရိုက် တာဝန်ပေးခဲ့မိမှာ သေချာသည်။ လက်ကျန်ငွေကို မရရှိခဲ့လျှင်တောင်မှ ယခုအခြေအနေထက် အဆပေါင်းသောင်းခြောက်ထောင်မက ပို၍ သက်သာဦးမည် ဖြစ်သည်။
မြောက်ပိုင်းဒေသတွင် ကျော်ကြားလှသော အမျိုးသမီးဓားသမားမသေမျိုးတစ်ဦးသည် အချိန်မရွေး သူမ၏ဓားကို ထုတ်နိုင်စွမ်းရှိသည်။ ထိုကဲ့သို့သော ဖိအားမျိုးကို ကြုံတွေ့ဖူးသူများသာ သိနိုင်လိမ့်မည်။
သို့သော် သူမ၏စကားများ မဆုံးခင်မှာပင် (၁၂) ခုမြောက် အမြုတေလိုင်းမှာ ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့် မြေပြင်ကြားရှိ ဝိညာဉ်စွမ်းအားများမှာ ရုန်းရင်းဆန်ခတ် ဖြစ်လာပြီး ဖရိုဖရဲ ဖြစ်သွားတော့သည်။
ကောင်းကင်ဘုံကိုးထပ်၏ အထက်တွင် အလင်းရောင်အားလုံး ကွယ်ပျောက်သွားကာ လုံးဝ မှောင်အတိ ကျသွားသည်။
အဆုံးမရှိသော ဖရိုဖရဲ အမှောင်ထုပေါ်ထွက်လာပြီး၊ ကောင်းကင်နှင့် မြေပြင်မဖြစ်ပေါ်ခင် ရှေးကျသော အချိန်ကာလကဲ့သို့ ကျယ်ပြောလှကာ သက်ရှိပေါင်းများစွာ ထိုအထဲတွင် ပျက်စီးသွားသကဲ့သို့ ခံစားရသည်။ ရုတ်တရက် အလွန်တောက်ပသော အလင်းတန်းတစ်ခုသည် ထက်မြက်သော ပုဆိန်သွားကဲ့သို့ ပေါ်ထွက်လာကာ အဆုံးမရှိသောအမှောင်ထုကိုခွင်း၍ ဖရိုဖရဲ စွမ်းအားများကို ဖြိုခွဲလိုက်သည်။ ပျက်စီးခြင်းထဲမှ ကြယ်တာရာများ၊ ဂလက်ဆီများ၊ နယ်ပယ်များနှင့် နတ်ဘုရားများစွာ မွေးဖွားလာခဲ့သည်။
၎င်းမှာ (၁၂) လိုင်းရှိသော ထူးခြားဖြစ်ရပ်ဆန်း ရွှေအမြုတေ ဖရိုဖရဲဖန်ဆင်းခြင်းပင် ဖြစ်သည်။
ထိုဖြစ်ရပ်ဆန်းမှာ လျင်မြန်စွာပေါ်လာသလို လျင်မြန်စွာပင် ပြန်လည်ပျောက်ကွယ်သွားသည်။ ပတ်ဝန်းကျင် မြင်ကွင်းမှာလည်း မူလအတိုင်း လျင်မြန်စွာပြန်ဖြစ်သွားသည်။
"ငါ့သားဝမ်မုမှာ တကယ်ကို မဟာဧကရာဇ်တစ်ဦးဖြစ်လာမယ့် အရည်အချင်းတွေ ရှိတာပဲ"
လျော့ရွှမ်ရွှမ်းသည် ဖော်ပြ၍မရသော အံ့ဩမှုများမှ ပြန်လည်သတိဝင်လာကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမ၏ရင်ထဲတွင် ဂုဏ်ယူဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေသည်။
ထို့နောက် သူမ၏နက်ရှိုင်းသော အကြည့်များသည် ရှယောင်ယောင်ထံသို့ ကျရောက်သွားသည်။
"ဟဲ..."
ဤအခိုက်အတန့်တွင် ရှယောင်ယောင်သည် အရင်ကကဲ့သို့ မိမိကိုယ်မိမိ ကယ်တင်ရန် မကြိုးစားတော့ချေ။ ထိုအစား သူမသည် ခေါင်းကိုခါယမ်းကာ ရယ်မောလိုက်ပြီး မြေပြင်ပေါ်တွင် ပုံလျက်သား ထိုင်ချလိုက်သည်။
"ပျက်စီးချင်သလိုသာ ပျက်စီးပါတော့... ငါ ပင်ပန်းနေပြီ"
ဤကျိန်စာသင့်လောကကြီးက တကယ်ကို ကျိန်စာသင့်နေတာပဲ။
ခေတ်အဆက်ဆက် မရှိခဲ့ဖူးသော (၁၂) လိုင်းရှိ ရွှေအမြုတေ။ ၎င်းမှာ ဖြစ်ရပ်ဆန်းတစ်ခုတောင် ဖြစ်နေသေးသည်။ သူမ ဘာကြောင့်များ ဤအရာနှင့် တိုးခဲ့ရသနည်း။
ယခုအချိန်တွင် ရှယောင်ယောင်သည် ရုန်းကန်ရန် လုံးဝ လက်လျှော့လိုက်ပြီ ဖြစ်သည်။ လျော့ရွှမ်ရွှမ်း၏အမြင်အရဆိုလျှင် သူမကို သတ်ရန် အကြောင်းရင်းပေါင်း တစ်သောင်းမက ရှိနေသည်။ သွေးကတိ၊မှတ်ဉာဏ်ဖျက်ခြင်း၊ မဟာသန့်စင်ရာမြေများ၏နည်းလမ်းများအရ ရှယောင်ယောင်၏ ဝိညာဉ်တစ်ခုလုံး လုံးဝ ချုပ်ငြိမ်းသွားပြီး ပြန်လည်ဝင်စားခြင်းပင် မပြုနိုင်တော့သည်အထိ မလုပ်ဆောင်သရွေ့... သူမထံမှ သတင်းအချက်အလက်ကို ထုတ်ယူရန် နည်းလမ်း အမြဲရှိနေမည် ဖြစ်သည်။
သံသယဖြစ်စရာမလိုချေ။ (၁၂) လိုင်းရှိ ထူးခြားဖြစ်ရပ်ဆန်း ရွှေအမြုတေဆိုသည်မှာ မဟာသန့်စင်ရာမြေများအတွက် မည်သည့်စျေးနှုန်းမျိုးမဆို ပေးဆပ်ရန် ထိုက်တန်လှသည်။ သူတို့၏ ဂုဏ်သိက္ခာဆိုသည်မှာ တန်ဖိုးအနည်းဆုံးအရာသာ ဖြစ်သည်။ ဝမ်မုသာ ကြီးပြင်းလာပါက ကမ္ဘာပေါ်ရှိ လူတိုင်းသည်သူ့ထံတွင် ဒူးထောက်ရမည် ဖြစ်ကာ သန့်စင်ရာမြေများပင်လျှင် ခွေးနှင့် ဝက်ကဲ့သို့သာ ဖြစ်သွားလိမ့်မည်။
ဝမ်မု မျက်လုံးဖွင့်လိုက်သောအခါ သူသည် ရှယောင်ယောင်၏လက်နက်သွန်းလုပ်ခန်းထဲတွင် ရှိနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။ လျော့ရွှမ်ရွှမ်းမှာလည်း သူ့ဘေးတွင် ရှိနေသည်။
"အမေ... အမေ ဘာလို့ ဒီကို ရောက်နေတာလဲ" သူသည် ရွှေအမြုတေအဆင့်သို့ တက်လှမ်းစဉ်ရရှိသော သိမြင်မှုများထဲတွင် နစ်မြောနေသဖြင့် အပြင်လောကတွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို လုံးဝမသိလိုက်ချေ။
"မေးနေသေးတာလား"
လျော့ရွှမ်ရွှမ်းက ဝမ်မုကို စိတ်ဆိုးသလိုမျိုး မျက်စောင်းထိုးလိုက်သော်လည်း သူမ၏ မျက်လုံးများထဲတွင် ကြင်နာမှုများက ပို၍ ပြည့်နှက်နေသည် "ငါ့သားရယ်... အဆင့်တက်တာက အရမ်းအရေးကြီးတဲ့ ကိစ္စလေ အမေ့ကို ကြိုပြောမှပေါ့၊ ဒါမှအမေက လျှို့ဝှက်အခန်းတွေ ဘာတွေ ပြင်ဆင်ပေးလို့ ရမှာပေါ့..."
ဝမ်မုက သူ့ဦးခေါင်းနောက်ကို ကုပ်လိုက်ပြီး "ကျွန်တော့်မှာ အတွေ့အကြုံသိပ်မရှိလို့ပါ။ အရင်ကလည်း ဘယ်နေရာမဆို အဆင့်တက်နေကျဆိုတော့ ဒီတစ်ခါ ဒီလောက် ကွာခြားလိမ့်မယ်လို့ မထင်ထားဘူး"
ရှယောင်ယောင် : "..."
"စီနီယာအမ ယောင်ယောင်... ဘာဖြစ်လို့လဲ ဘာလို့ ကျွန်တော့်ကို မကျေမနပ်ဖြစ်နေတဲ့ မိန်းမတစ်ယောက်လို ကြည့်နေရတာလဲ"
ဝမ်မုသည် ရှယောင်ယောင်ကို ထူးဆန်းစွာ ကြည့်လိုက်မိသည်။ သူမ တစ်ခုခုပြောင်းလဲသွားသလို ခံစားရပြီး သူမ၏အကြည့်များမှာ ရှုပ်ထွေးကာ နက်ရှိုင်းသော မကျေနပ်မှုများဖြင့် ပြည့်နေသကဲ့သို့ပင်။
"ဘာမှမဟုတ်ပါဘူး။" ရှယောင်ယောင်သည် လျော့ရွှမ်ရွှမ်းကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်ကို လျင်မြန်စွာလွှဲလိုက်သည်။
လျော့ရွှမ်ရွှမ်းသည် သူမကို မသတ်ခဲ့သော်လည်း လွှတ်လည်း မလွှတ်ပေးခဲ့ချေ။ ထိုအစား သူမ၏ ဝိညာဉ်ထဲတွင် အထူးတားမြစ်ချက်တစ်ခုကို ထည့်သွင်းထားခဲ့သည်။ အကယ်၍ ရှယောင်ယောင်က ဝမ်မု၏ (၁၂) လိုင်းရှိ ရွှေအမြုတေအကြောင်းကို ပေါက်ကြားရန် စိတ်ကူးမိသည်နှင့် သူမ၏ ဝိညာဉ်သည် ချက်ချင်း ချုပ်ငြိမ်းသွားမည် ဖြစ်ကာ မည်သည့် အရိပ်အယောင်မျှ မကျန်ဘဲ ပျောက်ကွယ်သွားမည် ဖြစ်သည်။
"အဆင့်တက်ပြီးခါစဆိုတော့ အဆင့်တည်ငြိမ်အောင် လုပ်ဖို့ လိုတယ်။ အမေနဲ့အတူ ခဏ လိုက်ခဲ့ဦး"
"မရဘူးအမေ၊ နောက်မှပေါ့ ကျွန်တော့်မှာ လုပ်စရာ အရေးကြီးတဲ့ ကိစ္စတွေရှိသေးတယ်" ဝမ်မုက ဆက်သွယ်ရေးအဆောင်တစ်သန်း ပါဝင်သော သူ၏လက်စွပ်ကို ထိရင်းပြောလိုက်သည်။
"ဘာကိစ္စမှ မင်းရဲ့ခန္ဓာကိုယ်ထက် အရေးမကြီးဘူး အမေပြောတာ နားထောင်စမ်း။" လျော့ရွှမ်ရွှမ်း၏ မျက်နှာမှာ တည်ကြည်သွားသည်။
"ကောင်းပါပြီဗျာ။"
မိခင်ဖြစ်သူကို မငြင်းဆန်နိုင်သဖြင့် ဝမ်မုသည် အရှင်သခင်၏နန်းတော်သို့ လိုက်သွားကာ နှစ်ရက်ကြာ နေထိုင်ခဲ့ရသည်။ တစ်ချိန်တည်းမှာပင် သူသည် တင်းတင်းထံသို့ဆက်သွယ်ကာ ထိုဆက်သွယ်ရေးအဆောင်များကို လန်ယာကုန်သည်အဖွဲ့ ထံသို့ပေးပို့ပြီး စတင် ရောင်းချရန် ပြင်ဆင်ခိုင်းလိုက်သည်။
သူသည် အဓိကအချက်များကိုလည်း သေချာစွာ ညွှန်ကြားခဲ့သည်- "ဆက်သွယ်ရေးအဆောင်တွေကို မရောင်းခင်မှာ အစီအရင်အပြားတွေကို အရင် ဖြန့်ထားရမယ် ငါ ပေးထားတဲ့မြေပုံအတိုင်း ပထမအသုတ် အပြား ၁၂၈ ပြားကို တိတိကျကျ ချထားရမယ်... တစ်ချက်မှ မလွဲစေနဲ့"
"ပြီးတော့ ငါတို့ရဲ့ဆက်သွယ်ရေးအဆောင်တွေက စျေးကွက်ထဲက ပစ္စည်းတွေထက် အများကြီး ပိုစျေးကြီးတယ်၊ ဒါက ကျင့်ကြံသူတွေကို တွန့်ဆုတ်စေလိမ့်မယ်၊ ဒါကြောင့် ငါတို့တခြားသူတွေကို အရင်ရှာထားရမယ်..."
"အကုန် မှတ်ထားမိရဲ့လား"
"မှတ်ထားမိပါတယ်" တင်းတင်း ဆက်သွယ်ရေးအဆောင်များကို ဆုပ်ကိုင်ထားရင်း လေးလေးနက်နက် ပြန်ဖြေလိုက်သည်။
"ကောင်းပြီ၊ သွားတော့"
"ဟုတ်ကဲ့ပါ"
လျော့ရွှမ်ရွှမ်းသည် ဘေးမှနေ၍တက်ကြွစွာ ညွှန်ကြားနေသော ဝမ်မုကို စိတ်ဝင်တစား ကြည့်နေပြီး သူမ၏မျက်လုံးများမှာ ချစ်လှစွာသော သားဖြစ်သူအတွက် ချစ်ခြင်းနှင့် အားကျမှုများဖြင့် ပြည့်နှက်နေသည်။
"ငါ့သားက တကယ့်ကို ခန့်ညားတာပဲ" ဟု သူမ ရင်ထဲမှ တွေးမိသည်။
"ဘာဖြစ်လို့လဲ အမေ ဘာလို့ကျွန်တော့်ကို အဲဒီလို ကြည့်နေတာလဲ ကျွန်တော့်မျက်နှာမှာ တစ်ခုခု ပေနေလို့လား" ဝမ်မုက ဇဝေဇဝါဖြင့် သူ၏မျက်နှာကို ထိရင်း မေးလိုက်သည်။
လျော့ရွှမ်ရွှမ်းက အလေးအနက် ခေါင်းညိတ်ပြသည် - "မင်းမှာ မဟာဧကရာဇ်ရဲ့ရုပ်ရည် ရှိနေတာပဲ"
ဝမ်မုက အော်ရယ်လိုက်ပြီး - " အမေရယ် အဲဒီလို မပြောပါနဲ့လို့ ကျွန်တော် ပြောထားသားပဲ"
လျော့ရွှမ်ရွှမ်းက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည် - "ဒါက အမှန်တရားပဲလေ မဟာသန့်စင်ရာမြေတွေက ဂုဏ်ယူနေကြတဲ့ ဆက်ခံသူတွေ၊ သူတော်စင်တွေ ဒါမှမဟုတ် ရှေးဟောင်းမျိုးနွယ်စုတွေရဲ့နတ်ဘုရားရင်သွေးတွေတောင် ငါ့သားရှေ့မှာဘာမှ မဟုတ်တော့ဘူး"
ဝမ်မုက စိတ်ပျက်လက်ပျက်ဖြင့် - "အမေ... ကျွန်တော်သာ မြောက်ပိုင်းဒေသရဲ့နံပါတ်တစ် အလေလိုက်လူရှုပ်လူပွေဖြစ်သွားရင် အမေ့မှာ တာဝန် အပြည့်ရှိတယ်နော်"
"အဲတော့ ဘာဖြစ်လဲ" လျော့ရွှမ်ရွှမ်းက လက်တစ်ဖက်ဖြင့် မေးထောက်ကာ ရှက်ရွံ့ခြင်းမရှိဘဲ ဂုဏ်ယူစွာ ပြောလိုက်သည် - "ငါ့သားကို ငါမချစ်ရင် ဘယ်သူက ချစ်မှာလဲ"
... ရက်အနည်းငယ် ကြာပြီးနောက်။
မြောက်ပိုင်းပင်လယ် ဒေသတစ်ခုလုံးရှိ လန်ယာကုန်သည်အဖွဲ့ အခွဲအားလုံး၏ တံခါးဝတွင် ဆိုင်းဘုတ်တစ်ခုကို တစ်ပြိုင်နက်တည်း ချိတ်ဆွဲလိုက်ကြသည်။
ထုတ်ကုန်အသစ် မိတ်ဆက်ခြင်း။
ယခုအခါ လန်ယာကုန်သည်အဖွဲ့၏နာမည်မှာ အလွန် ကျော်ကြားနေပြီ ဖြစ်သည်။ သူတို့၏ လှုပ်ရှားမှုမှန်သမျှမှာ အထူးပင် လူအများ စိတ်ဝင်စားမှုကို ရရှိစေသည်။
ချင်းယွန်းကျွန်းစု ၊ လန်ယာအခွဲတွင်ကျင့်ကြံသူ မြောက်မြားစွာမှာ တံခါးရှေ့တွင် စုဝေးနေကြသည်။
ကျန်းရှန်းသည် အဆင့်နိမ့် အကြောသန့်စင်ခြင်းအဆင့်ကျင့်ကြံသူ တစ်ဦးဖြစ်သည်။ သူသည် ဂိုဏ်းငယ်လေးတစ်ခုသို့ ဝင်ခဲ့ဖူးသည်။
ကံကောင်းထောက်မစွာဖြင့် မပြည့်စုံသော အဆောင်လုပ်နည်းပညာရပ်တစ်ခုကို ရရှိခဲ့သည်။ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးနောက် သူသည် ပတ်ဝန်းကျင်တွင် လူသိများသော ပထမအဆင့် အဆောင်ဆရာတစ်ဦး ဖြစ်လာခဲ့ကာ တစ်ကိုယ်တော် ကျင့်ကြံသူအများစုထက် စည်းစိမ်ချမ်းသာ ပိုရှိသည်။
ယခုအခါ သူသည် လန်ယာအခွဲရှေ့ရှိ လူအုပ်ကြီးထဲတွင် ရောက်နေပြီး ဆိုင်မန်နေဂျာ၏ ပြောကြားချက်များကို နားထောင်နေသည်။
"အားလုံးပဲ ခင်ဗျာ၊ ဒီနေ့ ကျွန်တော်တို့ ကုန်သည်အဖွဲ့ကနေ ထုတ်ကုန်အသစ် တစ်ခုကို မိတ်ဆက်ပေးပါ့မယ်"
"ဒါကတော့ ခေတ်သစ်ရဲ့ဆက်သွယ်ရေး အဆောင်ပဲ ဖြစ်ပါတယ်။ မြောက်ပိုင်းအမှောင်ထု သန့်စင်ရာမြေ၊ လက်နက်သန့်စင်ရေးနန်းဆောင်က လက်နက်သန့်စင်မှု ပညာရှင်ပေါင်း ရာချီပြီး တီထွင်မွမ်းမံထားတာ ဖြစ်ပြီး၊ အရင်က တစ်ခါမှ မမြင်ဖူးသေးတဲ့ အရာမျိုးပါ"
"..."
ထိုစကားကို ကြားသောအခါ လူအုပ်ကြီးမှာ အနည်းငယ် တိတ်ဆိတ်သွားသည်။
"အမလေးဗျာ... ရှေ့ကနေ ကြွားလိုက်တာမှ ကြောရိုးထဲအထိ စိမ့်သွားတာပဲ၊ တစ်ခုခု အကြီးအကျယ်ထွက်လာပြီ ထင်နေတာ နောက်ဆုံးတော့... ဆက်သွယ်ရေး အဆောင်လား"
"ပျင်းစရာကြီး ဆက်သွယ်ရေးအဆောင်ကဘာများ ထူးခြားမှာလဲ သူ့မှာပါတဲ့ အသုံးဝင်မှုက ဒီလောက်ပဲ ရှိတာ မဟုတ်ဘူးလား"
"ဒီစီးပွားရေးသမားတွေက အမြဲတမ်း ပိုပြောတတ်တာပဲ။ သွားကြစို့၊ သွားကြစို့..."
ကျန်းရှန်းသည်လည်း နှာခေါင်းရှုံ့ကာ ခေါင်းခါယမ်းလိုက်ပြီး စိတ်မဝင်စားစွာဖြင့် ထွက်ခွာရန် ပြင်လိုက်သည်။ ရုတ်တရက် ဘေးနားရှိ ကျင့်ကြံသူနှစ်ဦး၏ စကားသံကြောင့် သူ ရပ်တန့်သွားမိသည်။
_