အခန်း (၆၆) - ဝိညာဉ်ပြောင်းလဲခြင်းအဆင့်
ရှယောင်ယောင်သည် မဆဲဘဲ မနေနိုင်တော့ချေ။
မနီးမဝေးတွင်ရှိသော လျော့ရွှမ်ရွှမ်းသည် ချက်ချင်းပင် လှည့်ကြည့်လိုက်သည်။
ရှယောင်ယောင်သည် သူမ၏ပါးစပ်ကို အမြန်အုပ်လိုက်ပြီး - "သန့်စင်ရာမြေ အရှင်သခင်... ကျွန်မ သူ့ကိုဆဲတာ မဟုတ်ပါဘူး"
လျော့ရွှမ်ရွှမ်းသည် စကားမပြောဘဲ အကြည့်ကို ပြန်လွှဲလိုက်သည်။ အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း အမှန်တကယ်တွင် သူမ၏အတွင်းစိတ်လှုပ်ခတ်မှုမှာ ရှယောင်ယောင်ထက် မနည်းပေ။
ဝမ်မုကျင့်ကြံနိုင်ကြောင်း သူမ သိလိုက်ရကတည်းက သူမသည် သန့်စင်ရာမြေသို့ ပြန်သွားပြီး ဝမ်မုအတွက် နောက်ဆက်တွဲ ကျင့်ကြံခြင်းဆိုင်ရာ ကိစ္စရပ်အားလုံးကို စတင်စီစဉ်ခဲ့သည်။
မည်သည့် ကျင့်စဉ်ကို ကျင့်ရမည် အခြေခံတည်ဆောက်ခြင်းအဆင့်တွင် မည်သည့်ဝိညာဉ်ပစ္စည်းများကို သုံးရမည် နှစ်နှစ်တိုင်တိုင်နေ့တိုင်း မည်သည့် ဝိညာဉ်ဆေးရည်များဖြင့် ရေချိုးရမည် ထို့နောက် ရွှေအမြုတေကို မည်သို့ စုစည်းရမည်၊ နတ်ဘုရားသန္ဓေသားအဆင့် ၊ ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ၊ အဆင့်တက်ဘေးဒုက္ခ ကျော်ဖြတ်ခြင်း ....... အတိုချုပ်ပြောရလျှင် သူမသည် မိမိသားကို အကောင်းဆုံးအရာများသာ ပေးလိုခဲ့သည်။
သူမသည် နေ့တိုင်းအလုပ်ရှုပ်နေခဲ့သည်။ စိတ်ထဲတွင် အစီအစဉ်ပေါင်းများစွာကို စဉ်းစားခဲ့သော်လည်း အားလုံးက မပြည့်စုံသေးသလို ခံစားရသဖြင့် ပယ်ချခဲ့သည်။ သို့သော် ဤကိစ္စကို လျှို့ဝှက်ထားရမည် ဖြစ်သဖြင့် သန့်စင်ရာမြေမှ အကြီးအကဲများကိုလည်း အကြံမတောင်းနိုင်ပေ။
မြောက်ပိုင်းပင်လယ်၏အလွန်၊ မဟာရှီးယား မသေမျိုး မင်းဆက် စစ်တပ်တွင် တာဝန်ကျနေသော သတ်ဖြတ်ခြင်းဘုရင် ဝမ်ရှောင်ထံသို့ ဆက်သွယ်ကာ ဇနီးမောင်နှံနှစ်ဦး အတူတူ တိုင်ပင်ခဲ့ကြသည်။ မြေကမ္ဘာ မသေမျိုးနှစ်ဦး အတူတိုင်ပင်ကြသော်လည်း ယခုအခါတွင် သူတို့၏ ဗဟုသုတများမှာ မလုံလောက်သလို ခံစားနေရသည်။
သူမ တကယ်ကို မထင်မှတ်ထားခဲ့သည်မှာ... သူမ၏အစီအစဉ်များပင် မထွက်လာသေးခင်မှာပင် ဝမ်မုသည် အခြေခံတည်ဆောက်ခြင်းအဆင့် ပြည့်စုံခြင်းသို့ ရောက်ရှိသွားကာ ရွှေအမြုတေ စုစည်းရန် စတင်နေပြီ ဖြစ်ခြင်းပင်
ဤအရှိန်မှာ တကယ်ကို မြန်လွန်းလှသည်။
ထို့ပြင် သူမ၏အတွေ့အကြုံနှင့် အမြင်အရဆိုလျှင်တောင် ဝမ်မုသည် မည်သည့်လမ်းစဉ်ကို ကျင့်ကြံနေသည်ဆိုသည်ကို သူမ လုံးဝခန့်မှန်း၍ မရပေ။ ဝမ်မျိုးနွယ်စု၏အမွေအနှစ်ဖြစ်သော "နဂါးကိုးပါး မသေမျိုးကျမ်း" ကို ကျင့်နေသည်ကိုလည်း မတွေ့ရသလို၊ သူမ သင်ပေးခဲ့သော "မြောက်ပိုင်းအမှောင်ထုဓားကျမ်း"၏ အရိပ်အယောင်ကိုလည်း မတွေ့ရချေ။ သို့သော် လုံးဝ အဆင့်မရှိသော ကျင့်စဉ်အသုတ်လိုက်ကို ကျင့်ကြံခြင်းဖြင့် ဤမျှကြောက်မက်ဖွယ်ကောင်းသော အခြေခံအုတ်မြစ်ကို စုဆောင်းနိုင်ခဲ့သည်လား။
ဘာကြောင့်များ သူမ၏အဖိုးတန်သားသည် တစ်မျိုးတည်းသော မသေမျိုးလမ်းစဉ်ကို ကျင့်ကြံနေခြင်း မဟုတ်သလို ခံစားနေရသနည်း။
မည်သို့ပင်ဖြစ်စေ ဤကိစ္စမှာ သေးငယ်သော ကိစ္စမဟုတ်ပေ သူမ၏သားတွင်ကြီးမားသော လျှို့ဝှက်ချက် ရှိနေသည်။ အကယ်၍သာ ပျံ့နှံ့သွားပါက မြေကမ္ဘာမသေမျိုးများ သို့မဟုတ် ထိုထက် အစွမ်းထက်သော တည်ရှိမှုများပင် သူ့ကို လိုချင်တပ်မက်လာကြလိမ့်မည်။
လျော့ရွှမ်ရွှမ်းသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး အဝေးတွင်ရှိသော ရှယောင်ယောင်ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်။
ရှယောင်ယောင်၏ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ သူမ၏ဆဋ္ဌမအာရုံက ဘေးအန္တရာယ်ကို သတိပေးနေပြီ ဖြစ်သည်။ သူမသည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး - "အရှင်သခင် စိတ်မပူပါနဲ့ ကျွန်မဒီနေ့ကိစ္စကို ဘယ်သူ့ကိုမှ စကားတစ်လုံးတောင် မဟပါဘူး။ ကျွန်မ ရှယောင်ယောင်က ကတိတည်တဲ့သူပါ!မဟုတ်ရင် ကျွန်မရဲ့ဆရာက ကျွန်မကို သတ်ပစ်ပါစေ"
သူမက သူမ၏ရပ်တည်ချက်ကို မိမိဘာသာ အရင် ပြောလိုက်သည်ကို မြင်သောအခါ လျော့ရွှမ်ရွှမ်းသည် အကြာကြီး စဉ်းစားပြီးမှ ပြောလိုက်သည် - "မင်းက ထျန်ကုန်းအကြီးအကဲရဲ့အမွေဆက်ခံသူပဲ။ ငါ မင်းကို ယုံကြည်တယ်၊ ငါ့ကို စိတ်မပျက်စေနဲ့ မဟုတ်ရင် ငါကိုယ်တိုင် လက်မပါရင်တောင် မင်းရဲ့ဆရာက ဒီအကျိုးဆက်ကို ခံနိုင်မှာ မဟုတ်ဘူး"
ဤစကားမှာ လျော့ရွှမ်ရွှမ်းအနေဖြင့် ရှယောင်ယောင်၏ ဆရာကိုမျက်နှာထောက်ထားဆဲဖြစ်ကြောင်း ပြသခြင်းပင်။ ရှယောင်ယောင်သည် ခေါင်းကို တရစပ်ညိတ်လိုက်မိသည်။ သူမ၏ အဝတ်အစားများမှာ တစ်စုံတစ်ရာကြောင့် လေးလံနေသလို ခံစားလိုက်ရသဖြင့် ငုံ့ကြည့်လိုက်ရာ၊ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ချွေးအေးများဖြင့် စိုရွှဲနေသည်ကို တွေ့လိုက်ရသည်။
အရှင်သခင်၏ဖိအားမှာ တကယ့်ကို ကြောက်စရာကောင်းလှသည်။
ထိုအချိန်တွင် ဝမ်မု၏ခန္ဓာကိုယ်အတွင်းရှိစွမ်းအားများသည် အထွတ်အထိပ်သို့ ရောက်ရှိလာကာ သူ၏ဦးခေါင်းအထက် သုံးပေအကွာတွင် ပြင်းထန်စွာ ဖိသိပ်နေပြီး တောက်ပသော စက်လုံးပုံစံ ရွှေအမြုတေအဖြစ် စတင် ပုံပေါ်လာသည်။
ရွှေအမြုတေ စတင်ဖြစ်ပေါ်သည်နှင့် ကောင်းကင်နှင့် မြေပြင်မှာ သိသိသာသာ ပြောင်းလဲသွားသည်။ အထက်ရှိဝိညာဉ်စွမ်းအား မြူခိုးဝဲဂယက်မှာ ရုတ်တရက်ပုံပျက်သွားပြီး ကောင်းကင်ထိအောင် မြင့်မားသော ရေတံခွန်ကြီးအဖြစ် ပြောင်းလဲကာ အောက်သို့ ဝုန်းခနဲ စီးဆင်းလာသည်။
ဝုန်း
ပင်လယ်ရေများ လှိုင်းထန်လာပြီး ကောင်းကင်မှာ မှောင်မည်းသွားသည်။ ဝမ်မု၏ခန္ဓာကိုယ်မှာ အရောင်တောက်လိုက် မှိန်လိုက်နှင့် လွန်ကဲစွာ တောက်ပနေပြီး ဖရိုဖရဲ စွမ်းအားများက သူ့ကို ဝန်းရံထားသည်။ ကြောက်မက်ဖွယ်ကောင်းသော ထိုဝိညာဉ်စွမ်းအား ရေတံခွန်၏ရိုက်ခတ်မှုအောက်တွင် ဝမ်မု၏ရွှေအမြုတေမှာ အနည်းငယ်မျှသာ တုန်ခါသွားပြီး တည်ငြိမ်သွားသည်။
အလင်းတန်းများမှာ အဆက်မပြတ်တောက်ပနေပြီး မမြင်ရသော ကြီးမားသော ပါးစပ်ကြီးတစ်ခုက ကောင်းကင်နှင့် မြေပြင်ကြားရှိ ဝိညာဉ်စွမ်းအားများကို လောဘတကြီး ဝါးမြိုနေသကဲ့သို့ပင်။ ရွှေအမြုတေ၏မျက်နှာပြင်ပေါ်တွင် သေးငယ်သော ပုံရိပ်လွှာများ စတင် ပေါ်ပေါက်လာသည်။
ဤအခိုက်အတန့်တွင် ရှယောင်ယောင်နှင့် လျော့ရွှမ်ရွှမ်းတို့ နှစ်ဦးစလုံး အလွန်အလေးအနက်ထား၍ စောင့်ကြည့်နေကြသည်။ ထိုပုံရိပ်လွှာများကို အမြုတေလိုင်းများဟုခေါ်သည်။ လိုင်းတစ်ခုစီသည် အဆင့်တစ်ခုကို ကိုယ်စားပြုသည်။ အမြုတေလိုင်းများလေလေ ရွှေအမြုတေ၏ အဆင့်မြင့်လေလေဖြစ်ပြီး ၎င်းက ကျင့်ကြံသူ၏ အနာဂတ် အလားအလာကို ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။
"ဒီကောင်က ရွှေအမြုတေစုစည်းတာတောင် ဒီလောက် ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်ဆန်းတွေ ဖြစ်နေတာဆိုတော့ အနည်းဆုံး အဆင့်ခုနစ် ဒါမှမဟုတ် အဲဒီထက် မြင့်မှာပဲ..." ဟု ရှယောင်ယောင်က စိတ်ထဲမှ ရေရွတ်နေမိသည်။
သူမသည် ထောင်ချီသန့်စင်လျှို့ဝှက်ခန္ဓာကို ပိုင်ဆိုင်ထားပြီးပါရမီ အလွန်ထူးချွန်သူ ဖြစ်သည်။ အရင်က သူမသည် အဆင့်ခြောက် ရွှေအမြုတေကို စုစည်းနိုင်ခဲ့သဖြင့် နာမည်ကြီးခဲ့သူဖြစ်ကာ ထျန်ကုန်းအကြီးအကဲ၏လမ်းညွှန်မှုဖြင့်နောင်တွင် ဝိညာဉ်ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရန်မှာ သေချာသလောက် ရှိနေသည်။
ရွှေအမြုတေအဆင့်များကြားတွင် အဆင့်တစ်ခု ကွာခြားခြင်းမှာ ချောက်ကမ္ဘာတစ်ခု ကွာခြားသကဲ့သို့ပင်။ အထူးသဖြင့် အလယ်အလတ်အဆင့်နှင့် အထက်တန်းအဆင့်ကြားတွင် ဖြစ်သည်။ သန့်စင်ရာမြေ၏ဆက်ခံသူ အရှင်သခင်များပင်အားလုံးမှာ အဆင့်ရှစ် သို့မဟုတ် ကိုးကို မရရှိနိုင်ကြချေ။ အဆင့်ခုနစ်ဖြင့် အရှင်သခင်ဖြစ်လာသူများလည်း များစွာ ရှိသည်။ ထို့ကြောင့် ဝမ်မုအား အဆင့်ခုနစ်အထိ ခန့်မှန်းထားခြင်းမှာ သူမအတွက် အလွန် ရဲတင်းသော ခန့်မှန်းချက်ပင် ဖြစ်သည်။
သို့သော် လက်တွေ့အခြေအနေက သူမ၏ အမြင်မှာ အလွန် ကျဉ်းမြောင်းနေသေးကြောင်း သက်သေပြလိုက်သည်။
ရှပ် ရှပ် ရှပ်
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရွှေအမြုတေပေါ်၌ အမြုတေလိုင်း ခြောက်လိုင်းမှာ တစ်ပြိုင်နက်တည်း ပေါ်လာသဖြင့် ရှယောင်ယောင် တစ်ကိုယ်လုံး တုန်ရီသွားတော့သည်။ ထို့နောက် သိသိသာသာ ရပ်တန့်ခြင်း မရှိဘဲ
သတ္တမမြောက်လိုင်း ပေါ်လာသည်
အဋ္ဌမမြောက်လိုင်း
နဝမမြောက်လိုင်း
တစ်ဆက်တည်းမှာပင် မည်သည့် အခက်အခဲမှ မရှိဘဲပေါ်လာသဖြင့် သူတို့နှစ်ဦးစလုံး မှင်သက်သွားကြသည်။ အရင်က လျော့ရွှမ်ရွှမ်းသည် သူမ၏အဆင့်ကိုး ရွှေအမြုတေကို စုစည်းရန် တစ်လလုံး အချိန်ယူခဲ့ရသည်။ အထူးသဖြင့် အဆင့်ရှစ်မှ ကိုးသို့ တက်ရန် ရက်ပေါင်း ၂၀ ကြာခဲ့သည်။ ၎င်းမှာ မိမိ၏အခြေခံအုတ်မြစ်ကို အစွမ်းကုန်တွန်းထုတ်ရသည့် အလွန်ခက်ခဲသော ဖြစ်စဉ်ပင်။ သို့သော် ဝမ်မုမှာမူ အသက်ရှူရုံမျှဖြင့် ပြီးသွားခဲ့သည်။ သူ၏အခြေခံမှာ မည်မျှအထိ နက်ရှိုင်းနေသနည်း။
ထိုအချိန်တွင် သူတို့နှစ်ဦးစလုံးသည် အဆင့်ကိုး ရွှေအမြုတေမှာဝမ်မု၏ အကန့်အသတ် မဟုတ်ကြောင်း တစ်ပြိုင်နက်တည်း သိမြင်လိုက်ကြသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ခဏအကြာတွင် ဝမ်မု၏ရွှေအမြုတေ မျက်နှာပြင်ပေါ်တွင် အမြုတေလိုင်း အသစ်တစ်ခု မှိန်ဖျော့ဖျော့ ပေါ်လာပြန်သည်။
"အဆင့်တစ်ဆယ်"
"တကယ်ကြီး အဆင့်တစ်ဆယ်ပါလား"
ရှယောင်ယောင်သည် အသံပင် မထွက်နိုင်တော့ဘဲ ဝမ်မုကို လူသားစားဘီလူးတစ်ကောင်လို ကြည့်နေမိသည်။ ကျင့်ကြံခြင်း မတတ်သော အလေလိုက်သခင်လေးဟု အမြဲ သတ်မှတ်ခံရသော ဝမ်မျိုးနွယ်စုသခင်လေးမှာ ဤမျှ ကြောက်စရာကောင်းသောပါရမီကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူထင်ထားပါ့မနည်း။ အဆင့်တစ်ဆယ် ရွှေအမြုတေဆိုသည်မှာ အကန့်အသတ်ကို ကျော်လွန်သွားခြင်းပင်။ မြောက်ပိုင်းဒေသ တစ်ခုလုံးတွင် ဤသို့သော အရာမျိုး မတွေ့ရသည်မှာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ ရုတ်တရက် သူမ တစ်ကိုယ်လုံး တုန်ရီသွားပြီး အေးစက်သော အငွေ့အသက်များက သူမကိုဝန်းရံလာသည်။
သူမ မော့ကြည့်လိုက်ရာ လျော့ရွှမ်ရွှမ်း၏ နက်ရှိုင်းသော အကြည့်များနှင့် ဆုံသွားသည်။ ထိုအကြည့်တစ်ခုတည်းဖြင့် လျော့ရွှမ်ရွှမ်း ဘာတွေးနေသည်ကို သူမ နားလည်လိုက်သည်။
သူမသည် လက်ကို အမြန်မြှောက်ကာ - "ကျွန်မ နှလုံးသားနတ်ဆိုးသွေးကတိပြုပါ့မယ် အကယ်၍ ကျွန်မသခင်လေးရဲ့ ကျင့်ကြံမှု အသေးစိတ်ကို တစ်ယောက်ယောက်ကို ပြောပြမိခဲ့ရင် ကျွန်မရဲ့ ကျင့်ကြံမှုဟာ ဒီဘဝမှာ တစ်လက်မမှ တိုးတက်မှာ မဟုတ်ပါဘူး"
ရှယောင်ယောင်၏ အသက်ရှင်လိုစိတ်မှာ အထွတ်အထိပ်သို့ရောက်သွားကာ လျော့ရွှမ်ရွှမ်းရှေ့တွင်ချက်ချင်း ကတိသစ္စာ ပြုလိုက်တော့သည်။ ထိုအခါမှသာ လျော့ရွှမ်ရွှမ်း၏ မျက်လုံးများထဲမှ အေးစက်မှုမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ တခြားနည်းလမ်း မရှိပေ။ အဆင့်တစ်ဆယ်ရွှေအမြုတေဆိုသည်မှာ သာမန်ကိစ္စ မဟုတ်။ ပျံ့နှံ့သွားလျှင် တခြား သန့်စင်ရာမြေကြီးနှစ်ခုက ဝမ်မုကို မည်သို့ ကိုင်တွယ်ရမလဲဆိုသည်ကို အိပ်မက်မက်ရင်း အိပ်ပျော်ကြတော့မည် မဟုတ်ပေ။
သို့သော်လည်း ရှယောင်ယောင် ကတိသစ္စာပြုပြီး မကြာမီမှာပင် ဝမ်မု၏ရွှေအမြုတေပေါ်တွင် (၁၁) ခုမြောက် အမြုတေလိုင်းမှာ မှိန်ဖျော့ဖျော့ ပေါ်လာပြန်သည်။
ရှယောင်ယောင် : "..."
လျော့ရွှမ်ရွှမ်း : "..."
နှစ်ဦးစလုံး တိတ်ဆိတ်သွားကြသည်။ မှင်သက်ခြင်း၊ ထုံထိုင်းခြင်းနှင့်အတူ ဤလောကကို မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေသည်။
"ကျွန်မဆီကနေ ဒီမှတ်ဉာဏ်ကိုပဲ ဖျက်ပစ်လိုက်ရင် မကောင်းဘူးလား"
_