အခန်း (၆၁) - ထန်ချန်း- ငါ ဘယ်လောက်ပဲ ရှုံးရှုံး
【တောင်~】
【ဂုဏ်ယူပါသည် သင်သည် ကျန်းမုထံမှ ကျင့်ကြံမှု အကျိုးကျေးဇူးကို ရရှိခဲ့ပါပြီ- ဝိညာဉ်စွမ်းအား +၁၀၊ လျှို့ဝှက်ရွှေကျင့်စဉ် အတွေ့အကြုံ +၁၀၀】
【ဂုဏ်ယူပါသည်! သင်သည် ကျိုးယွဲ့ထံမှ ကျင့်ကြံမှု အကျိုးကျေးဇူးကို ရရှိခဲ့ပါပြီ- ဝိညာဉ်စွမ်းအား +၁၀၊ ကျောက်စိမ်းကညာကျင့်စဉ် အတွေ့အကြုံ +၁၀၀】
【ဂုဏ်ယူပါသည် သင်သည် ယင်ယန်တရားရှင် ထံမှ ကျင့်ကြံမှု အကျိုးကျေးဇူးကို ရရှိခဲ့ပါပြီ- ဝိညာဉ်စွမ်းအား +၂၀၊ ပျော်ရွှင်ခြင်းကျင့်စဉ် အတွေ့အကြုံ +၂၀၀၊ အိပ်ဆောင်ပညာရပ် အတွေ့အကြုံ +၁၀၀】
【...】
"..."
ဝမ်မုတယောက် စနစ်မျက်နှာပြင်ပေါ်တွင် အဆက်မပြတ် တက်လာနေသော အသိပေးချက်များကို ကြည့်ရင်း... တစ်ခုခု ထူးဆန်းတာတွေ ရောပါနေသလို ခံစားလိုက်ရသည်။
ဒီရက်ပိုင်းအတွင်း...
သူ ရရှိနေသောတစ်ဦးချင်း ကျင့်ကြံမှု အကျိုးအမြတ်များမှာ တစ်စထက်တစ်စ ပိုမို များပြားလာသည်ကို သူ သိသိသာသာ ခံစားနေရသည်။ ၎င်းက သူ ရင်းနှီးမြှုပ်နှံထားသော ကျင့်ကြံသူအချို့သည် အချိန်တိုအတွင်း သူတို့၏ ကျင့်ကြံမှုကို သိသိသာသာ မြှင့်တင်နိုင်ခဲ့ကြပြီး၊ ၎င်းမှာ အသုတ်လိုက် အသုတ်လိုက် ဖြစ်ပေါ်နေခြင်းပင်။
၎င်းမှာ သေချာသလောက် ရှိနေပြီ။ ဤလူများမှာ နဂါးဂူဗိမာန်အတွင်း အခွင့်အရေးများ ရရှိခဲ့ကြသည့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ထို့ကြောင့် ဝမ်မုသည် ဤလမ်းစဉ်မှာ အလုပ်ဖြစ်သည်ကို သေချာသွားတော့သည်။
"နောင်ကို လျှို့ဝှက်နယ်မြေတွေနဲ့ ရှေးဟောင်းနေရာတွေအကြောင်း သတင်းအချက်အလက်တွေကို ပိုပြီး ဂရုစိုက်ပါ။ ဘယ်သူမဆို ရောင်းချင်တယ်ဆိုရင် ငါတို့တိုက်ရိုက်တောင် ဝယ်ယူလို့ ရတယ်"
"ဟုတ်ကဲ့ပါ သခင်လေး"
တင်းတင်းသည် ယနေ့တွင် အလွန်ကိုယ်ကျပ်ဖြစ်သော အနက်ရောင်ဝတ်စုံရှည်ကို လဲလှယ် ဝတ်ဆင်ထားသည်။ ၎င်းက သူမ၏ ထင်ရှားသော ကိုယ်လုံးကိုယ်ပေါက်ကို ပိုမို ပေါ်လွင်စေရုံသာမက၊ ပုံမှန်ဆိုလျှင် ဝတ်စုံပွပွအောက်တွင် ဖုံးကွယ်နေသော သူမ၏ လှပသည့် ခန္ဓာကိုယ် အကွေးအကောက်များကိုပါ အံ့ဩဖွယ်ရာ ပေါ်လွင်စေသည်။
ဝမ်မုက သူမကို ကြည့်ပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ချေ - "တင်းတင်း မင်း ပြောင်းလဲသွားပြီပဲ"
တင်းတင ဇဝေဇဝါ ဖြစ်သွားသည် - "ကျွန်မလား ဘာတွေပြောင်းလဲသွားလို့လဲ"
"အရင်က မင်း ဒီလို အဝတ်အစားမျိုး မဝတ်ဖူးဘူးလေ။ ဒါက ငါ့ကို ဘယ်လောက်တောင် အာရုံပျံ့လွင့်စေပြီး ခုနက ဘာပြောလိုက်လဲဆိုတာတောင် မေ့သွားစေတယ်ဆိုတာ မင်းသိလား"
"ဒါဆို... နောက်ဆို ဒါမျိုး မဝတ်ရဘူးလား"
"မဟုတ်ဘူး ငါဆိုလိုတာက နောက်ဆို နေ့တိုင်း ဒီလိုပဲ ဝတ်သင့်တယ်လို့။ ငါ အမြဲ မြင်နေရရင်တော့ ကျင့်သားရသွားမှာပေါ့။ နားလည်လား"
"...ဟုတ်ကဲ့ပါ သခင်လေး"
ဝမ်မုက အဓိပ္ပာယ်မရှိတာကို အလေးအနက် မျက်နှာထားဖြင့် ပြောနေသည်ကို မြင်ရသဖြင့်တင်းတင်းသည် ပါးစပ်ကို အုပ်ကာ တခိခိ ရယ်မောမိတော့သည်။ သူမသည် စနောက်လိုသော စိတ်ဖြင့် သူမ၏ ရင်ဘတ်ကို ပို၍ပင် မတ်လိုက်သေးသည်။
အမှန်အတိုင်း ပြောရလျှင်... အရင်ကဆိုလျှင် သူမသည် ဝမ်မုရှေ့တွင် ဤသို့ ဝတ်ဆင်ရဲမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဝမ်မု၏ အရင်က နာမည်မှာ အလွန် ဆိုးရွားခဲ့သောကြောင့် ဖြစ်သည်။ သူသည် အမျိုးသမီးများအတွက် ဘေးအန္တရာယ် တစ်ခုကဲ့သို့ပင်။
သို့သော် ယခု ဝမ်မု၏ ဘေးတွင် အချိန်ကြာကြာ နေလာရသောအခါ အရင်က ကြားခဲ့ရသည်များမှာ ကောလာဟလများသာ ဖြစ်ကြောင်း သူမ ပို၍ ခံစားလာရသည်။ သို့မဟုတ်လျှင်လည်း သခင်လေးက သူ၏အရည်အချင်းကို ဖုံးကွယ်ထားခြင်းလည်း ဖြစ်နိုင်ပါသည်။ ဝမ်မု၏ ဘေးတွင် ရှိနေစဉ်အတွင်း သူသည် မဟာကုန်သည်အဖွဲ့ သုံးဖွဲ့ ၏အရှိန်အဝါကို မည်သို့ အသာလေး နှိမ်နင်းလိုက်သည်ကို သူမ ထပ်ခါတလဲလဲ မြင်တွေ့ခဲ့ရသည်။ ဆုံးဖြတ်ချက်တိုင်းမှာ အစပိုင်းတွင် အဓိပ္ပာယ်မရှိသလို ထင်ရသော်လည်း ပြန်စဉ်းစားကြည့်မှသာ သူ၏ နက်ရှိုင်းသော ရည်ရွယ်ချက်များကို သိရှိရသည်။
ဤကဲ့သို့သော သခင်လေးမှာ... တကယ်ကို ဆွဲဆောင်မှု ရှိလွန်းလှသည်။
"ဒါနဲ့... ငါ ဘယ်နား ရောက်သွားပြီလဲ" ဝမ်မုက မေးလိုက်သည်။
"လျှို့ဝှက်နယ်မြေ သတင်းအချက်အလက်တွေ ဝယ်ယူဖို့ကိစ္စပါ" ဟု တင်းတင်းက ပြုံးလျက် သတိပေးလိုက်သည်။
"ဪ ဟုတ်သားပဲ။ စျေးနှုန်းက သင့်တော်တယ်ဆိုရင် ဝယ်လို့ရတယ်။ စျေးနှုန်းကတော့ လျှို့ဝှက်နယ်မြေရဲ့ အဆင့်အတန်းပေါ်မှာ မူတည်တာပေါ့"
"သခင်လေးက ရတနာရှာဖို့ လူတွေကို လျှို့ဝှက်နယ်မြေထဲ လွှတ်ချင်လို့လား"
"မဟုတ်ဘူး" ဝမ်မုက ခေါင်းခါပြသည်။
"ရှေးဟောင်းနေရာတွေနဲ့ လျှို့ဝှက်နယ်မြေတွေ အားလုံးအတွက် ငါတို့ဆီမှာ အသေးစိတ် အချက်အလက်တွေ ရှိတယ်ဆိုရင် မြေပုံတွေနဲ့ လမ်းညွှန်ချက်တွေကို အလကား ပေးမယ်။ အဲလိုမှ မဟုတ်ရင်လည်း အဝင်ဝတွေမှာ ကူညီရေးစခန်းတွေ ဖွင့်ပေးမယ်"
"လျှို့ဝှက်နယ်မြေကနေ ထွက်လာတဲ့ ကျင့်ကြံသူအားလုံးကို ဆေးလုံးတွေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ပေးရမယ်"
တင်းတင်း၏လှပသော မျက်လုံးများမှာ အရောင်တောက်လာသည် - "နဂါးဂူဗိမာန်မှာ လုပ်ခဲ့သလိုမျိုးပေါ့"
ဝမ်မုက ခေါင်းညိတ်ပြသည်။ ဝမ်မု၏ဘေးတိုက်ပုံစံကို ကြည့်ရင်း တင်းတင်းက "သခင်လေးက တကယ့်ကို လူကောင်းတစ်ယောက်ပဲ" ဟု မပြောဘဲ မနေနိုင်တော့ချေ။
အရင်တုန်းက လုပ်ဆောင်ချက်များမှာ လူသိရှင်ကြား ဖြစ်စေရန် ပိုက်ဆံဖြုန်းခြင်းဟု ဆိုနိုင်သော်လည်း... ယခုအခါ လန်ယာ ကုန်သည်အဖွဲ့ နှင့် ဖောင်ဒေးရှင်း၏ နာမည်ဂုဏ်သတင်းမှာ ခိုင်မာနေပြီ ဖြစ်သည်။ နာမည်ကောင်း ပိုရလာလျှင်ပင် ကုန်သည်အဖွဲ့အတွက် အကျိုးအမြတ် အများကြီး တိုးလာတော့မည် မဟုတ်ပေ။
သို့သော် ဝမ်မုကရှုံးဖို့သေချာနေသည့် ဤလုပ်ငန်းမျိုးကို ဆက်လုပ်ရန် အခိုင်အမာ ဆုံးဖြတ်ထားသည်။ စိတ်ထားကောင်းခြင်းမှလွဲ၍ သူမ တခြား အကြောင်းပြချက် ရှာမရတော့ချေ။
ဝမ်မုက ပြုံးရုံသာ ပြုံးနေပြီး ဘာမှ ရှင်းမပြပေ။
အန္တရာယ်ကြားမှ အသက်ရှင်နိုင်ပြီး မိမိ၏ အကန့်အသတ်ကို အမြဲ ကျော်လွှားနေသော ကျင့်ကြံသူများ၏အလားအလာကို ဝမ်မု တန်ဖိုးထားကြောင်း တင်းတင်း ဘယ်လိုလုပ်သိနိုင်ပါ့မနည်း။ ဝမ်မုအတွက်မူ ထိုကဲ့သို့သော ကျင့်ကြံသူတိုင်းမှာ အလွန်ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှု တစ်ခုပင်။ သို့မဟုတ်လျှင်လည်း ၎င်းမှာ ရင်းနှီးမြှုပ်နှံမည့်သူကို ရွေးချယ်သည့် ပုံစံတစ်ခုဟုလည်း ဆိုနိုင်သည်။
အဆုံးတွင်မူ... ဤကျင့်ကြံခြင်းလောက၌ ဝမ်မုကဲ့သို့ အင်အားကြီးနောက်ခံမရှိသော အောက်ခြေကျင့်ကြံသူများ အနေဖြင့် လျှို့ဝှက်နယ်မြေများကို မစွန့်စားရဲကြလျှင်၊ သူတို့၏ အောင်မြင်မှုမှာ အကန့်အသတ်ရှိနေမည်ဖြစ်ကာ အနာဂတ်လည်း များစွာ ရှိလိမ့်မည် မဟုတ်ပေ။ သတင်းထွက်ပေါ်လာသည်နှင့် ချက်ချင်းပင် ကြီးမားသော လှုပ်ခတ်မှု ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင်... ပိန့်လိုင်ကုန်သည်အဖွဲ့၌
ထန်ချန်းသည်လည်း သတင်းရရှိသွားကာ မျက်မှောင်ကြုတ်နေမိသည်။
"ဝမ်မျိုးနွယ်စုက သခင်လေးက လျှို့ဝှက်နယ်မြေ သတင်းအချက်အလက်တွေကို ဘာလို့ စုဆောင်းနေတာလဲ" ဟု ကုအန်းရှီက ဇဝေဇဝါဖြစ်နေသည်။
"သူ့ရဲ့အဆင့်အတန်းနဲ့ဆိုရင် ဘယ်လို အရင်းအမြစ်မှ လိုအပ်မှာ မဟုတ်ဘူး။ သာမန် လျှို့ဝှက်နယ်မြေတွေက သူ့ရဲ့ အာရုံစိုက်မှုကို ရဖို့ မတန်ပါဘူး" ဟု လျိုယန့်ရွှမ်းကလည်း ဝေခွဲမရ ဖြစ်နေသည်။
"သူ ပျင်းလို့ လုပ်နေတာတော့ မဟုတ်ပါဘူးနော်"
ထန်ချန်းက လျိုယန့်ရွှမ်းကို မော့ကြည့်လိုက်သည် "သူ့ရဲ့လုပ်ရပ်တွေက အရင်နှစ်ခါတုန်းကနဲ့ အများကြီး ဆင်တူနေတယ်လို့ မင်း မထင်ဘူးလား"
လျိုယန့်ရွှမ်း : "....."
ထန်ချန်းက ဆက်ပြောသည် - "အရင်က သူက အလေလိုက်တဲ့ပုံစံကိုသုံးပြီး ကျားကိုစားမယ့် ဝက်လို ဟန်ဆောင်ခဲ့တယ်။ ပိုက်ဆံတွေကို အလဟဿ ဖြုန်းနေသလို ထင်ရပေမဲ့ အဲဒါကြောင့် မြောက်ပိုင်းပင်လယ်မှာ ငါတို့ရဲ့ အလုပ်တွေ အများကြီးဆုံးရှုံးခဲ့ရတယ်"
"အခုလည်း သူကအဲဒီ လှည့်ကွက်ကိုပဲ ထပ်သုံးချင်နေတာ သေချာတယ်"
ကုအန်းရှီ : "ဒါဆို ဝမ်သခင်လေးမှာ တခြား အစီအစဉ် ရှိနေတယ်လို့ ထန်သခင်လေးက ဆိုလိုတာလား"
ထန်ချန်းက ပြတ်ပြတ်သားသား ပြောလိုက်သည် "အတိအကျပဲ။"
ကုအန်းရှီ : "ဒါဆို အဲဒီ အစီအစဉ်က ဘာဖြစ်မလဲ"
ထန်ချန်း ခေတ္တ တိတ်ဆိတ်သွားပြီးမှ - "အခုလောလောဆယ် အတည်မပြုနိုင်သေးပေမဲ့ မကြာခင် ပေါ်လာတော့မယ့် လျှို့ဝှက်နယ်မြေတွေထဲမှာ သူ လိုချင်တာတစ်ခုခုရှိနေလို့ ဖြစ်ရမယ်။ မဟုတ်ရင် သူ ဒါမျိုးဘယ်တော့မှ မလုပ်ဘူး"
ကုအန်းရှီက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်သည် - "ဒါဆို ငါတို့က..."
ထန်ချန်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးများ အေးစက်သွားသည် - "သူ ဘာပဲ လိုချင်လိုချင် ငါတို့ရဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပဲ အဲဒါကတော့... သူ့ကိုနောက်ဆုံး အချိန်မှာ ကျရှုံးသွားအောင် လုပ်ဖို့ပဲ"
"သူ လျှို့ဝှက်နယ်မြေ သတင်းတွေကို ဝယ်နိုင်တယ်ဆိုရင် ငါတို့လည်း ဝယ်နိုင်တာပဲ"
"ငါတို့က သူ့ထက်ပိုမြင့်တဲ့ စျေးကို ပေးမယ်"
"ဒီတစ်ခါတော့ သူ့အလိုအတိုင်း ဖြစ်မလာစေရဘူးလို့ ငါယုံကြည်တယ်"
နှစ်ရက်အတွင်းမှာပင်... လန်ယာ ကုန်သည်အဖွဲ့ထံသို့ သတင်းအချက်အလက်များစွာ ရောက်ရှိလာသည်။
သို့သော် ၎င်းတို့မှာ အမှန်နှင့်အမှား ရောနှောနေသဖြင့် ခွဲခြားရန် ခက်ခဲလှသည်။ ထို့ပြင် အချက်အလက်အများစုမှာ ကောလာဟလများသာ ဖြစ်ပြီး ကြည့်လိုက်ရုံဖြင့် အတုမှန်း သိသာလှသည်။
၎င်းမှာ ပုံမှန်ပင် ဖြစ်သည်။ အဆုံးတွင်မူ ကျင့်ကြံခြင်းလောက၌ လျှို့ဝှက်နယ်မြေနှင့် ရှေးဟောင်းနေရာများမှာ နေရာတိုင်းတွင် ရှိမနေနိုင်ပေ။
သို့သော် သတင်းအရေအတွက်များပြားလာသည်နှင့်အမျှ အစစ်အမှန်အချို့လည်း ပါဝင်လာမည်မှာ သေချာသည်။
ဝမ်မုက တင်းတင်းကို အသိပေးကာ ကျင့်ကြံမှုအဆင့်မြင့်မားပြီး အတွေ့အကြုံများသော ကျင့်ကြံသူတစ်စုကို ဖွဲ့စည်းပြီး ရရှိလာသော သတင်းများကို ဦးစွာ ခွဲခြမ်းစိတ်ဖြာခိုင်းလိုက်သည်။
အသုံးမဝင်သော သတင်းအများစုကို ဖယ်ထုတ်လိုက်သည်။
ယုံကြည်စိတ်ချရမှု အရှိဆုံး သတင်းအချို့ကို ရွေးထုတ်လိုက်သည်။
ထို့နောက် လီယွမ်ဟွာနှင့် တခြားသူများကို လွှတ်၍တစ်ခုချင်းစီ သွားရောက် စစ်ဆေးခိုင်းလိုက်သည်။
ဤနည်းလမ်းက ပိုမို တိကျသော်လည်း... တခြားသူများနှင့် ယှဉ်လျှင် အလုပ်ဖြစ်နှုန်းမှာ များစွာ နှေးကွေးနေလိမ့်မည်။ တစ်ဖက်တွင်မူ ကျန်ရှိသော ကုန်သည်အဖွဲ့ကြီး သုံးဖွဲ့မှာ အလွန်မြင့်မားသော စျေးနှုန်းများကို ပေးနေကြသည်။
လန်ယာ ကုန်သည်အဖွဲ့က အသင့်အတင့် မှန်ကန်သော သတင်းတစ်ခုအတွက် ဝိညာဉ်ကျောက်တုံး ၁,၀၀၀ ပေးလျှင်၊ ထိုကုန်သည်အဖွဲ့ သုံးဖွဲ့က ၅,၀၀၀ အထိ ပေးနေကြသည်။ တိကျမှု ရှိမရှိကိုလည်း ဂရုမစိုက်ဘဲ အကုန် လက်ခံကြသည်။
သို့သော် ကတိကဝတ် တစ်ခုရှိသည် သူတို့ကို ရောင်းပြီးသောသတင်းကို လန်ယာ ကုန်သည်အဖွဲ့ထံသို့ ထပ်မရောင်းရဟူသည့် စာချုပ် ချုပ်ရမည် ဖြစ်သည်။
ခဏအတွင်းမှာပင်... မြောက်ပိုင်းပင်လယ်မှ ကျင့်ကြံသူအားလုံးမှာ ရူးသွပ်ကုန်ကြတော့သည်။