အခန်း (၆၀) - လင်းယန်အပေါ် ရင်းနှီးမြှုပ်နှံမှု
【တောင်~】
【ဂုဏ်ယူပါသည် သင်သည် လင်းယန်ထံသို့ ပင်လယ်ငြိမ်သက် နဂါးပုလဲ ၁ လုံးကို အောင်မြင်စွာ ရင်းနှီးမြှုပ်နှံနိုင်ခဲ့သဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်မှုနှုန်း ၃၅% သို့ ရောက်ရှိသွားပါပြီ】
【ယခုမှစ၍ လင်းယန်၏ အနာဂတ် ကျင့်ကြံမှု အကျိုးအမြတ်များမှ ၃၅% ကို သင် ရရှိခံစားနိုင်မည် ဖြစ်သည်။】
【ဂုဏ်ယူပါသည် သင်သည် လင်းယန်ထံသို့ ပင်လယ်ငြိမ်သက် နဂါးပုလဲ ၁ လုံးကို အောင်မြင်စွာ ရင်းနှီးမြှုပ်နှံနိုင်ခဲ့သဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်မှုနှုန်း ၄၀% သို့ ရောက်ရှိသွားပါပြီ】
【...】
【ဂုဏ်ယူပါသည် သင်သည် လင်းယန်ထံသို့ နိဗ္ဗာန်ဆေးလုံးတစ်လုံးကို အောင်မြင်စွာ ရင်းနှီးမြှုပ်နှံနိုင်ခဲ့သဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်မှုနှုန်း ၄၃% သို့ ရောက်ရှိသွားပါပြီ】
【...】
【ဂုဏ်ယူပါသည် သင်သည် လင်းယန်ထံသို့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကို အောင်မြင်စွာ ရင်းနှီးမြှုပ်နှံနိုင်ခဲ့သဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်မှုနှုန်း ၅၂.၆% သို့ ရောက်ရှိသွားပါပြီ】
【...】
【ဂုဏ်ယူပါသည် သင်သည် လင်းယန်ထံသို့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကို အောင်မြင်စွာ ရင်းနှီးမြှုပ်နှံနိုင်ခဲ့သဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်မှုနှုန်း ၇၂.၉% သို့ ရောက်ရှိသွားပါပြီ】
【...】
【ဂုဏ်ယူပါသည် သင်သည် လင်းယန်ထံသို့ တာအိုသိမြင်မှု လက်ဖက်ရွက်များကို အောင်မြင်စွာ ရင်းနှီးမြှုပ်နှံနိုင်ခဲ့သဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်မှုနှုန်း ၁၀၀% သို့ ရောက်ရှိသွားပါပြီ】
"ဟူး၊ နောက်ဆုံးတော့ အပြည့်ဖြစ်သွားပြီ"
ထျန်ကျွယ်ကျွန်း၊ ဖောင်ဒေးရှင်း ဌာနချုပ်။
ဝမ်မုသည် အိမ်ခေါင်မိုးအောက်တွင် ထိုင်ရင်း၊ ရွှေရောင်သစ်ရွက်များ ရွှေမိုးရွာသကဲ့သို့ ရင်ပြင်ထဲသို့ ကြွေကျနေသည်ကို ကြည့်ကာ အလွန် ကျေနပ်နေမိသည်။
ယခုအခါသူသည် ကံတရား၏ ရွေးချယ်ခံနှစ်ဦးစလုံး၏ ရင်းနှီးမြှုပ်နှံမှုနှုန်းကို အပြည့်လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းသည် သူ့ကိုယ်စား ရူးသွပ်စွာ ကျင့်ကြံပေးနေသည့် ရွေးချယ်ခံ နှစ်ဦး ရှိနေခြင်းနှင့် အတူတူပင်။ သူ ပို့ပေးလိုက်သော အရင်းအမြစ်များဖြင့်ဆိုလျှင် လင်းယန်၏ ကျင့်ကြံမှုမှာ အချိန်တိုအတွင်း အရှိန်အဟုန်ဖြင့် တိုးတက်လာမည်မှာ သေချာသည်။
"ငါ ရွှေအမြုတေအဆင့်မရောက်ခင် သူ ပိုပြီး သန်မာလာပါစေလို့ မျှော်လင့်ရတာပဲ..." ဝမ်မု တွေးလိုက်သည်။
လွန်ခဲ့သော နှစ်ရက်အတွင်း သူ၏ကိုယ်ပိုင်ကျင့်ကြံမှု တိုးတက်နှုန်းမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုမြန်ဆန်လာသည်။ သူသည် အချိန်မရွေး ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်တော့မည်ဟု ခံစားနေရသည်။
ရွှေအမြုတေအဆင့်ဆိုသည်မှာ ကျင့်ကြံသူများအတွက် အလှည့်အပြောင်း တစ်ခုပင်။ ၎င်းသည် သာမန်လူနှင့် ပါရမီရှင်တို့ကြားရှိ အရေးကြီးသော ခြားနားချက်လည်း ဖြစ်သည်။ ရွှေအမြုတေများကို အဆင့် ၉ ဆင့် ခွဲခြားထားသည်။ ကျင့်ကြံသူတစ်ဦး၏ အခြေခံနှင့် စုဆောင်းမှု ပိုမို နက်ရှိုင်းလေလေ ဖြစ်ပေါ်လာသည့် အမြုတေအဆင့် ပိုမြင့်လေလေ ဖြစ်ကာ တိုက်ခိုက်ရေးစွမ်းရည်နှင့် အနာဂတ် အလားအလာ ပိုမို ကြီးမားလေလေ ဖြစ်သည်။
ကျင့်ကြံသူ အများစုအတွက်မူ သူတို့၏ ရွှေအမြုတေမှာအဆင့်တစ်ခု သတ်မှတ်ရန်ပင် မမီချေ။ သူတို့သည် ထိုအဆင့်သို့ မနည်း တိုးဝင်ခဲ့ရပြီး ပါရမီများအားလုံး ကုန်ဆုံးသွားသဖြင့် နတ်ဘုရားသန္ဓေအဆင့်သို့ ရောက်ရန် မျှော်လင့်ချက် မရှိတော့ချေ။ အောက်သုံးဆင့်အတွင်း ရောက်ရှိခြင်းမှာပင် ထူးချွန်သည်ဟု ဆိုရမည်ဖြစ်ကာ များသောအားဖြင့် ကံကောင်းမှုနှင့် ကောင်းမွန်သော ကျင့်စဉ်များ လိုအပ်သည်။ သူတို့သည် နတ်ဘုရားသန္ဓေအဆင့်သို့ ရောက်နိုင်သော်လည်း ၎င်းမှာ သူတို့၏ အကန့်အသတ် ဖြစ်ပေလိမည်။
အလယ်သုံးဆင့် သမားများမှာမူ နတ်ဘုရားသန္ဓေအဆင့်သို့ သေချာပေါက် ရောက်နိုင်ပြီး ထိုထက် မြင့်မားသော အဆင့်များကိုလည်း တက်လှမ်းနိုင်သည်။ အင်အားကြီး ဂိုဏ်းကြီးများမှ အဓိကတပည့်များ၊ အစွမ်းထက် ကျင့်စဉ်များကို ကျင့်ကြံပြီး ထူးခြားသော ဝိညာဉ်ခန္ဓာကိုယ် ပိုင်ဆိုင်သူများသာ ဤအဆင့် အမြုတေများကို ဖော်ဆောင်နိုင်သည်။
အထက်သုံးဆင့်မှာမူ ကြုံတောင့်ကြုံခဲ ဖြစ်ကာ ပြင်ပလောကတွင် တွေ့ရခဲလှသည်။ ၎င်းတို့သည် သန့်စင်ရာမြေများမှ အမွေခံတပည့်များ၊ ပြိုင်ဘက်ကင်း ပါရမီရှင်များတွင်သာ တွေ့ရတတ်သည်။
သေချာပေါက် ထိုအဆင့်များမှာ အကန့်အသတ် မဟုတ်ပေ။ ရှေးဟောင်း မှတ်တမ်းများအရ ခေတ်တစ်ခေတ်လုံးကို လွှမ်းမိုးနိုင်ခဲ့သော ကောင်းကင်ကို ဆန့်ကျင်သည့် ပါရမီရှင်များသည် ထူးခြားသော လမ်းစဉ်များကို လျှောက်လှမ်းခဲ့ကြသည်။ အချို့မှာ အဆင့် ၉ ကို ကျော်လွန်ကာ မကြုံစဖူးသော ဒသမအဆင့် ရွှေအမြုတေကို ဖော်ဆောင်နိုင်ခဲ့ကြသည်။ အချို့မှာမူ အဆင့် ၉ အတွင်းမှာပင် ထူးခြားဆန်းပြားသော အမြုတေများ ဥပမာ ပင်လယ်လေးစင်း ငြိမ်းချမ်းခြင်း၊ နဂါးကိုးကောင် ခေါင်းတလားဆွဲခြင်း သို့မဟုတ် ကောင်းကင်ထစ်ချုန်းမှု ထောင်ချောက်ဖြစ်လာခြင်း စသည်တို့ကို ဖြစ်ပေါ်စေသည်။ ဤသူများသည် သူတို့ထက် ကျင့်ကြံမှုအဆင့် မြင့်သူများကိုပင် ရေသောက်သလို အလွယ်တကူ နှိမ်နင်းနိုင်သည့် ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းရည်များ ရှိကြသည်။
မြောက်ပိုင်း အမှောင်ထု သန့်စင်ရာမြေ၌ ဝမ်မု၏ မိခင်သည် ကောင်းကင်ကိုးထပ်ကို ဖြတ်တောက်သောဓားဟူသည့် ထူးခြားဆန်းပြားသော အမြုတေကို ဖော်ဆောင်နိုင်ခဲ့ကာ သူမ၏ ဓားလမ်းစဉ်ကို အထွတ်အထိပ်သို့ ပို့ဆောင်ပေးခဲ့သည်။
ဝမ်မုသည် သူ၏ ကိုယ်ပိုင် အခြေခံအပေါ် ယုံကြည်မှု ရှိသည်။ ဝိညာဉ်စွမ်းအားဖြစ်စေ၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြစ်စေ သူသည် အကန့်အသတ်များကို ကျော်လွန်ထားပြီး ဖြစ်ကာ သန့်စင်ရာမြေများမှ ထိပ်တန်း ပါရမီရှင်များပင် သူ့ကို မယှဉ်နိုင်ချေ။ သို့သော် အခြေခံ ပိုမို နက်ရှိုင်းသည်ကို မည်သူက ငြင်းပယ်မည်နည်း။
အကယ်၍ လင်းယန်နှင့် နန်နန်လေးတို့က တာအိုများကို ပိုမိုသိမြင်လာပြီး ပိုမြန်မြန် တိုးတက်လာပါက ၎င်းသည် ဝမ်မုအတွက် ကြီးမားသော အထောက်အပံ့နှင့် စုဆောင်းမှု ဖြစ်လာမည်။
စဉ်းစားနေတုန်းမှာပင် စနစ်၏ အသိပေးချက်က ဝမ်မု၏ စိတ်ထဲတွင် မြည်လာသည်။
【တောင်~】
【သင် ရင်းနှီးမြှုပ်နှံထားသော နန်နန်လေးသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါပြီ】
【ဂုဏ်ယူပါသည် သင်သည် နန်နန်လေးထံမှ ကျင့်ကြံမှု အကျိုးကျေးဇူးများကို ရရှိခဲ့ပါပြီ】
【ဂုဏ်ယူပါသည် သင်၏ တာအိုသိမြင်မှု ထာဝရနှလုံးသားပိုမို သန်မာလာပါပြီ】
【ဂုဏ်ယူပါသည် သင်၏ကောင်းကင်လုယူခြင်း ဖန်တီးမှုကျင့်စဥ်အပေါ် သိမြင်မှု တိုးတက်လာကာ ကောင်းကင်လုယူခြင်းဖန်တီးမှုကျင့်စဥ် - အခြေခံတည်ဆောက်ခြင်းအခန်းကို နားလည်သွားပါပြီ】
..ခန္ဓာကိုယ်အတွင်း စီးဆင်းလာသော စွမ်းအားများနှင့် သိမြင်မှုအသစ်များကို ခံစားရင်း ဝမ်မုသည် ကျေနပ်စွာဖြင့် မျက်လုံးများကို မှေးလိုက်သည်။
ကြည်နူးစရာပင်။ နန်နန်လေးက ကောင်းကင်လုယူခြင်း ဖန်တီးမှုကျင့်စဥ်၏ အသက်ရှူခြင်းအခန်းကို စတင်ဖန်တီးခဲ့သည်မှာ တစ်လပင် မပြည့်သေးချေ။ တစ်လအတွင်းမှာတင် ကျင့်ကြံမှုအစမှ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တိုက်ရိုက်ရောက်ရှိသွားခြင်း ဖြစ်သည်။ ဤအရှိန်အဟုန်မျိုးမှာ သန့်စင်ရာမြေများမှ အမွေခံတပည့်များနှင့် ရင်ဘောင်တန်းနိုင်သည်။ နန်နန်လေး၏ ထူးခြားသော အခြေအနေနှင့် သူမ၏ ကျင့်စဉ် တိုးတက်လာမှုကြောင့် သူမ၏ ကျင့်ကြံမှု အရှိန်မှာ သာမန်ဆင်ခြင်တုံတရားကို ကျော်လွန်သည်အထိ ပိုမို မြန်ဆန်လာဦးမည် ဖြစ်သည်။
ကံကြမ္မာရွေးချယ်ခံ ကလေးငယ်ဆိုသည့်အတိုင်းပင်။
"ကဲ... အဲဒီကောင်မလေးဆီ သွားကြည့်ရအောင်"
လန်ယာဖောင်ဒေးရှင်း ဌာနချုပ်သည် အလွန် ကျယ်ဝန်းလှသည်။ နန်နန်လေးတွင် သူမ၏ ကိုယ်ပိုင် နေအိမ်နှင့် ရင်ပြင် ရှိသည်။ ဝမ်မုသည် သူမအတွက် ကျင့်ကြံမှုအခန်းများ၊ ကျမ်းစာဆောင်နှင့် ရတနာတိုက်တို့ကို အဆင့်မြင့်ဆုံး စံနှုန်းများဖြင့် ပြင်ဆင်ပေးထားသည်။ လျှို့ဝှက်ချက်ရှိနေသဖြင့် ဤနေရာများအားလုံးမှာ မြေအောက်တွင် ရှိပြီးအစီအရင်များဖြင့် ဖုံးကွယ်ထားသည်။
ဝမ်မုသည် နန်နန်လေး၏ထူးခြားမှုကို အစောတလျင် လူသိခံရန် အစီအစဉ် မရှိပေ။ ပြင်ပလူများအတွက်မူ သူမသည် သူ တိတ်တဆိတ် စောင့်ရှောက်ထားသော ညီမလေးတစ်ဦးသာ ဖြစ်သည်။
ဝမ်မု ရောက်သွားသောအခါ နန်နန်လေးသည် ခြေဗလာဖြင့် ကျင့်ကြံမှုအခန်းထဲတွင် တင်ပျဉ်ခွေထိုင်နေကာ သူမ၏ အဆင့်ကို တည်ငြိမ်စေရန် ကောင်းကင်နှင့်မြေပြင် ဝိညာဉ်စွမ်းအားများကို ရှူရှိုက်နေသည်။ ဝမ်မုက သူမကို မနှောင့်ယှက်ဘဲ တိတ်တဆိတ် စောင့်နေလိုက်သည်။
ခဏအကြာတွင် နန်နန်လေး မျက်လုံးဖွင့်လာသည်။ ဝမ်မုကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာလေးမှာ ပျော်ရွှင်မှုဖြင့် လင်းလက်သွားပြီး ခုန်ထလာကာ ခြေဗလာဖြင့် ပြေးလာပြီး သူ့ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်သည်။
"ဝမ်မု... ကျွန်မ လုပ်နိုင်ခဲ့ပြီ~"
"အင်း... နန်နန်လေးက တကယ် တော်တာပဲ၊ တကယ်ကို အားကိုးရတယ်" ဝမ်မုက သူမ၏ သေးငယ်သော ခန္ဓာကိုယ်လေးကို ထိန်းပေးရင်း ရယ်မောလိုက်သည်။
ဝမ်မု၏လေသံကို ကြားသောအခါ နန်နန်လေးက မကျေမနပ်ဖြင့် နှာခေါင်းရှုံ့လိုက်သည် - "ဝမ်မု၊ နင်က ငါ့ကို ကလေးတစ်ယောက်လို ပြန်ဆက်ဆံနေပြန်ပြီ"
ဝမ်မုက လက်ချောင်းလေးချောင်း ထောင်လိုက်သည် -"ကျိန်ဆိုရဲပါတယ် မဟုတ်ပါဘူး နန်နန်လေးက တကယ်ကို အံ့ဩဖို့ကောင်းတယ်လို့ ငါ တကယ် ထင်တာပါ"
"ဟွန့်~" ဝမ်မု၏မျက်လုံးထဲမှ ရိုးသားမှုကို မြင်လိုက်ရမှ နန်နန်လေးက သူ့ကို လွှတ်ပေးလိုက်ပြီး ဝမ်မု၏ ပုခုံးပေါ်တွင် ခေါင်းမှီထားလိုက်သည်။
ငယ်ငယ်ရွယ်ရွယ်နှင့် ဒုက္ခများစွာ ကြုံတွေ့ခဲ့ရပြီး လောကကြီး၏ မမြဲပုံကို မြင်ခဲ့ရသဖြင့် နန်နန်လေးသည် ကလေးတစ်ယောက်လို ဆက်ဆံခံရခြင်းကို မုန်းတီးသည်၊ ၎င်းက သူမကို မလုံခြုံသလို ခံစားရစေသောကြောင့် ဖြစ်သည်။ သို့သော် ဝမ်မုအတွက်မူ သူမသည် ဂရုစိုက်မှု လိုအပ်နေသော သနားစရာကောင်းပြီး ချစ်စရာကောင်းသည့် ညီမလေးတစ်ဦးသာ ဖြစ်သည်။
"ကဲ... ရေချိုးပြီး တစ်ခုခု စားရအောင်... ဒီထဲမှာ အောင်းနေတာ ဘယ်လောက်တောင် ကြာပြီလဲ နင့်ဆီက အနံ့တောင် ထွက်နေပြီ" ဝမ်မုက သူမကို အပြင်သို့ ချီထုတ်သွားသည်။
ထိုစကားကို ကြားသောအခါ နန်နန်လေး ပျာယာခတ်သွားပြီး သူမ၏ လက်မောင်းကို နမ်းကြည့်ကာ နှာခေါင်းရှုံ့လိုက်သည် - "လူဆိုး ဝမ်မု၊ နင် လိမ်နေတာပဲ ငါ့ဆီမှာ အနံ့မရှိပါဘူး"
ကျင့်ကြံသူများသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်သည်နှင့် ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးများကို စွန့်ထုတ်နိုင်ပြီး ဖြစ်ကာ သေဆုံးသွားလျှင်ပင် ခန္ဓာကိုယ်မှာ ပုပ်သိုးခြင်း မရှိချေ အနံ့ ဘယ်လိုထွက်နိုင်ပါ့မလဲ ဝမ်မုက သူမကို နောက်ပြောင်နေခြင်းသာ ဖြစ်သည်။
သူက ပြုံးလျက် - "အော်... ဟုတ်လား ဒါဆိုလည်း ခုနက နင် လေလည်လိုက်တာ ဖြစ်မှာပေါ့"
"အား... ဘာလို့ ငါ့ကို ကိုက်တာလဲ နန်နန်လေး"
"လူဆိုး ဝမ်မု၊ လျှောက်ပြောနေတာ ကိုက်သတ်ပစ်မယ်"