အခန်း (၆) နေမင်းဧကရာဇ်ကျမ်းစာ၊ လင်းယန် ထွက်ပြေးခြင်း
တကယ့်ကို ကံကြမ္မာသားတော် ပီသပါပေတယ်။
ဒီရင်းနှီးမြှုပ်နှံမှုရဲ့ကုန်ကျစရိတ်က တကယ့်ကို ကောင်းကင်ထိအောင် မြင့်မားလှသည်။ ဝိညာဉ်မီးလျှံစာရင်းမှာ အဆင့်၃၆ ရှိတဲ့ ဝိညာဉ်မီးကို ပေးလိုက်တာတောင် ရင်းနှီးမြှုပ်နှံမှု အခြေအနေက ၃၀ ရာခိုင်နှုန်းပဲ တက်လာခဲ့သည်။
ဝမ်မုရဲ့ လက်ထဲမှာတောင် ဒီလိုအဖိုးတန် ရတနာမျိုးက လက်ချိုးရေလို့ရတဲ့အထိ ရှားပါးတာကို သတိပြုရမည်။ ဒီလိုကြည့်မယ်ဆိုရင်... လင်းယန် ရဲ့ရင်းနှီးမြှုပ်နှံမှုကို အပြည့်ဖြည့်ဖို့ဆိုတာ ဝမ်မုအတွက်တောင် မလွယ်ကူတဲ့ကိစ္စပင်။
ဝမ်မု သက်ပြင်းကို တိုးတိုးလေး ချလိုက်သည်။ မိမိကိုယ်ကိုယ်လည်း အားပေးလိုက်မိသည်။ ဘာပဲဖြစ်ဖြစ် ဒါက ကောင်းမွန်တဲ့ အစပြုမှုတစ်ခုပဲ။
ဝမ်မုက လက်ယမ်းပြလိုက်ပြီး ပြုံးကာ - "ညီအစ်ကို လင်းလို ကောင်းကင်ကပေးတဲ့ ပါရမီရှင်တစ်ယောက်အတွက် ဒါက ထိုက်တန်ပါတယ်"
ခဏအကြာတွင် သူက ဆက်ပြောသည် - "အခု မင်းရဲ့ကျင့်ကြံမှုနှလုံးသားက ပြန်လည်ကောင်းမွန်လာပြီဆိုတော့ ငြိမ်ငြိမ်သက်သက် ကျင့်ကြံဖို့လိုအပ်တယ်။ ဆေးသမားအလုပ်ကို ဆက်လုပ်နေစရာ မလိုတော့ဘူး။ ငါနဲ့အတူ ထာဝရအသက်ကျွန်းကို လိုက်ခဲ့ပါလား အဲဒီမှာ ဝိညာဉ်စွမ်းအင်တွေပေါများသလို အရင်းအမြစ်တွေလည်း အပြည့်အစုံရှိတယ်။ မင်းရဲ့ ပါရမီကို တောက်ပစေဖို့ လုံလောက်ပါတယ်"
ဒါကို ကြားလိုက်ရတဲ့အခါ လင်းယန်ရဲ့မျက်လုံးထဲမှာ တောင့်တမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သို့သော် ထိုအရိပ်အယောင်က ချက်ချင်းပင် ပျောက်ကွယ်သွား၏။
"သခင်လေးဝမ်ရဲ့ စေတနာကို ကျွန်တော်အရမ်းအားနာမိပါတယ်၊ သေချာပေါက် လက်ခံချင်တာပေါ့ ဒါပေမဲ့ ကျွန်တော်ဒီကျွန်းမှာ နေခဲ့တာ သုံးနှစ်ရှိပြီဆိုတော့ မထွက်ခွာခင် သူငယ်ချင်းတွေကိုတော့ နှုတ်ဆက်သင့်တယ်လို့ ထင်ပါတယ်"
"သခင်လေးဝမ် အရင်ကြွနှင့်ပါလား ကျွန်တော် ဒီမှာ ကိစ္စလေးတွေ ရှင်းလင်းပြီးတာနဲ့ အမြန်ဆုံး လိုက်လာခဲ့ပါ့မယ်" ဟု လင်းယန်က ပြောလိုက်သည်။
လင်းယန်က အကြောင်းပြချက် ပေးနေမှန်း ဝမ်မု ချက်ချင်း သိလိုက်သည်။ တစ်ဖက်လူက သူ့ကို အပြည့်အဝ မယုံကြည်သေးတာ ရှင်းနေပါသည်။
သို့သော် သူ ထိုလိမ်ညာမှုကို မဖော်ထုတ်ခဲ့ပေ။ လူကောင်းအဖြစ် သရုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပြီးမှတော့ သရုပ်ဆောင်ချက် ပျက်သွားလို့ မဖြစ်ပေ၊ သို့မဟုတ်ပါက ရင်းနှီးမြှုပ်နှံမှုအားလုံး အချည်းနှီး ဖြစ်သွားလိမ့်မည်။
"ကောင်းပြီလေ" ဝမ်မုက ခေါင်းညိတ်ပြသည် - "ငါ အကုန်မှာထားခဲ့မယ်။ မင်းအဆင်သင့်ဖြစ်တဲ့အခါ တစ်ယောက်ယောက်က မင်းကို လာခေါ်လိမ့်မယ်"ထို့နောက် ဝမ်မု အကြာကြီး မနေတော့ဘဲ သူ၏ ရွှေတောင်ပံ ဂဠုန်ကို စီးနင်းကာ ထွက်ခွာသွားတော့သည်။
လင်းယန်သည် လူနှင့်ငှက် အဝေးသို့ ပျောက်ကွယ်သွားသည်အထိ ကြည့်နေခဲ့သည်။
သူက စိတ်ထဲကနေ မေးလိုက်သည် - "ဆရာ... ဒီလူကို ယုံလို့ရပါ့မလား"
"ပြောရခက်တယ်၊ ဒီကောင်လေးရဲ့အပြုအမူတွေက ထူးဆန်းလွန်းတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကို ငါတောင် ခန့်မှန်းလို့ မရဘူး" ဟု တန်ရွှမ်းက ခေါင်းခါရင်း ဖြေလိုက်သည်။
လင်းယန်က ထပ်မေးသည် - "ဒါဆို ကျွန်တော် သူ့ဖိတ်ခေါ်မှုကို လက်ခံသင့်သလား"
တန်ရွှမ်းက ခဏစဉ်းစားပြီး - "ပုံမှန်မဟုတ်တဲ့ နောက်ကွယ်မှာမိစ္ဆာရှိတတ်တယ် ဆိုတဲ့ စကားအတိုင်းပဲ။ ဒီနေ့ သူ့အပြုအမူက စေတနာရှိပုံပေါ်ပေမဲ့ ငါတို့သတိထားရမယ်။ ဒီပင်လယ်ပြင်ရဲ့ အစွန်အဖျားမှာတော့ မင်း ထွက်ပြေးဖို့ အခွင့်အရေးရဦးမယ်။ ဒါပေမဲ့ အဓိကဇုန်ထဲ ရောက်သွားရင်တော့ ဘယ်သူ့ကိုမှ အကူအညီတောင်းလို့ ရမှာမဟုတ်တော့ဘူး"
"ငါ့အမြင်အရတော့ ငါတို့ဒီမြောက်ပိုင်းပင်လယ်ကနေ အမြန်ဆုံးထွက်သွားသင့်တယ်။ ဒါက ဝမ်မိသားစုရဲ့ နယ်မြေဖြစ်နေတုန်းပဲ။ သူက မကောင်းတဲ့စိတ်ပြတာနဲ့ မင်းဒုက္ခရောက် လိမ့်မယ်"
လင်းယန် ခေါင်းညိတ်လိုက်သည် - "မှန်ပါတယ်၊ အခုအရေးကြီးဆုံးက အစွမ်းကိုမြှင့်ဖို့၊ ပင်လယ်ဝိညာဉ်မီးလျှံကိုသန့်စင်ဖို့၊ အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်မြင်အောင် လုပ်ဖို့နဲ့ မြောက်ပိုင်းပင်လယ်ကနေ ထွက်သွားဖို့ပဲ"
တန်ရွှမ်းက "မသန့်စင်ခင် ငါအရင်စစ်ဆေးပေးမယ်၊ အဲဒီကောင် တစ်ခုခုလုပ်ထားမှာ စိုးလို့" ဟု ပြောရာ လင်းယန်က "ကျေးဇူးတင်ပါတယ် ဆရာ" ဟု ကျေးဇူးတင်စကား ဆိုလိုက် သည်။
...
အဓိကဇုန်ရှိ ထာဝရအသက်ကျွန်းသို့ ပြန်ရောက်သောအခါ။
ဝမ်မုသည် ရေပူစမ်းမှာစိမ်နေရင်း လှပသော အစေခံမိန်းကလေးများ၏ ပြုစုမှုကို ခံယူကာ မျက်လုံးမှိတ် အနားယူနေသည်။ သူ စိတ်ထဲမှာ သက်ပြင်းချလိုက်မိသည်။
"ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ လင်းယန်ကို ချော့ထားနိုင်ပြီ"
"ရက်နည်းနည်းခြားတစ်ခါ ရတနာတွေ ပို့ပေးနေမယ်၊ သူ့ကို စိတ်မပြောင်းအောင် လုပ်နိုင်မယ်လို့ ငါယုံကြည်တယ်"
ဝမ်မုသည် ရေပူစမ်းမှာစိမ်နေရင်း အိပ်ပျော်သွားသည်။ ဘယ်လောက်ကြာသွားသည် မသိလိုက်ဘဲ စနစ်၏ သတိပေးသံက နားထဲမှာ ရုတ်တရက် မြည်လာသည်။
【ဂုဏ်ယူပါသည် သင်သည် လင်းယန်၏ ကျင့်ကြံမှုရလဒ်မှ ပြန်အမ်းငွေ ရရှိပါသည်】
【ရရှိသည့်အရာ: ပင်လယ်ဝိညာဉ်မီးလျှံ (အပိုင်းအစ) x ၁】
【ရရှိသည့်အရာ: နေမင်းဧကရာဇ်ကျမ်းစာ (အပိုင်းအစ)】
ဝုန်း—
သူ့ရဲ့ အရှိန်အဝါတွေ မြင့်တက်လာသည်။ ရေပူစမ်းမှ ရေများမှာအမြင့်သို့ ပန်းထွက်ကုန်သဖြင့် အစေခံများမှာ လန့်သွားကြသည်။
ဝမ်မု မျက်လုံးဖွင့်လိုက်သည် - "ငါ အဆင့်တက်သွားပြီ၊ ဝိညာဉ်စွမ်းအင်စုဆောင်းခြင်း အဆင့် ၈"
ဒါတင်မကသေးပေ။ သူ၏ဒန်ထျန်းအတွင်းကို ကြည့်လိုက်သောအခါ အပြာရောင် မီးလျှံလေးတစ်ခု ငြိမ်သက်စွာ မျောလွင့်နေသည်ကို တွေ့ရသည်။ ၎င်းမှာသူပေးလိုက်သော ပင်လယ်ဝိညာဉ်မီးလျှံနှင့် ထပ်တူကျသော်လည်း အရွယ်အစားကတော့ ပိုသေးငယ်သည်။
သူက ဘိယွန်းကျွန်းဘက်ကို လှမ်းကြည့်လိုက်သည် - "ဒါဆို လင်းယန်က ပင်လယ်ဝိညာဉ်မီးလျှံကို သန့်စင်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်မြင်သွားပြီပေါ့"
ကံကြမ္မာသားတော်က တကယ်ကို အံ့ဩစရာကောင်းလှသည်။ နေ့လယ်ကမှ မီးကို ရတာကို၊ အခုလို အချိန်တိုအတွင်းမှာပဲ အောင်အောင်မြင်မြင် သန့်စင်ပြီး ဝမ်မုကိုပါ ပြန်အမ်းငွေ ရောက်လာစေခဲ့သည်။
တစ်ချိန်တည်းမှာပင် အလွန်နက်နဲသော ကျင့်စဉ်တစ်ခုဝမ်မု၏ စိတ်ထဲတွင် ပေါ်လာသည်။
"နေမင်းဧကရာဇ်ကျမ်းစာ"
ဒါကတန်ရွှမ်းက လင်းယန်ကိုပေးခဲ့တဲ့ ကျင့်စဉ်ဖြစ်ရမည်။ ပိုမိုအစွမ်းထက်တဲ့ မီးလျှံတွေကို ဝါးမြိုခြင်းဖြင့် အကန့်အသတ်မရှိ တိုးတက်နိုင်တဲ့ မဟာဧကရာဇ်အဆင့်ထိ ရောက်နိုင်တဲ့ အထူးကျင့်စဉ်ကြီး ဖြစ်သည်။
"နှမြောစရာပဲ၊ ဒါက အပိုင်းအစပဲ ဖြစ်နေတယ်" ဟု ဝမ်မု သက်ပြင်းချလိုက်သည်။ အကယ်၍ အပြည့်အစုံသာ ရခဲ့ရင် တခြားပါရမီရှင်တွေကို ရင်းနှီးမြှုပ်နှံဖို့အတွက် အလွန်ကောင်းတဲ့ အခွင့်အရေး ဖြစ်လာမှာပါ။ သို့သော် လင်းယန်အပေါ် ရင်းနှီးမြှုပ်နှံမှုက ၃၀ ရာခိုင်နှုန်းပဲ ရှိသေးတာကြောင့် အပိုင်းအစသာ ရရှိခြင်း ဖြစ်သည်။
သို့သော်လည်း ဒီလို ဘာမှမလုပ်ဘဲ လှဲနေရင်း သန်မာလာရတဲ့ ခံစားချက်က တကယ်ကို ကောင်းလှသည်။ ရေစိမ်ပြီးနောက် ဝမ်မုသည် အစေခံများ ဝတ်ပေးသော အဝတ်အစားများ ကို ဝတ်ဆင်ကာ အိပ်စက်ရန် ပြင်ဆင်နေစဉ်... "ကျွန်တော်မျိုး အမှားလုပ်မိပါပြီ၊ သခင်လေး ကျွန်တော့်ကို " ဟု စိုးရိမ်တကြီး အော်သံတစ်သံ ညမှောင်မှောင်ထဲမှ ထွက်လာသဖြင့် ဝမ်မု မျက်မှောင်ကြုတ်လိုက်သည်။
အသံလာရာကို ကြည့်လိုက်သောအခါ ဘိယွန်းကျွန်းက ဝဝတုတ်တုတ် မန်နေဂျာမှာ ကြောက်လန့်တကြား ဒူးထောက်နေပြီး သူ့မျက်နှာကိုသူ အားရပါးရ ပြန်ရိုက်နေသည်ကို တွေ့ရသည်။
ဝမ်မု လျှောက်သွားပြီး "ဘာဖြစ်တာလဲ" ဟု မေးလိုက်သည်။
မန်နေဂျာက ငိုယိုရင်း - "သခင်လေး... လင်းယန် ထွက်ပြေးသွားပါပြီ"
"......"
ဝမ်မု မျက်ခုံးပင့်လိုက်သည် - "ဘယ်တုန်းကလဲ"
"အခုလေးတင်ပါပဲကျွန်းရဲ့ အပြင်ဘက်အကာအကွယ်မှာ လှုပ်ခတ်မှုတစ်ခု ခံစားရလို့ သွားစစ်ကြည့်တဲ့အခါ... နောက်ကျသွားပါပြီ"
မန်နေဂျာမှာ ဝမ်မု၏ဒေါသကို ကြောက်လှသဖြင့် နဖူးနှင့် မြေကြီး တိုက်မိမတတ် ဦးညွှတ်ကာ တုန်ရင်နေသည်။ သို့သော် ဝမ်မုက ဒေါသထွက်ခြင်း သို့မဟုတ် သေဒဏ်ပေးခြင်း မလုပ်ခဲ့ပေ။
"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ကံကြမ္မာသားတော်က လွယ်လွယ်နဲ့လိမ်လို့မရဘူးပဲ" ဝမ်မု စိတ်ထဲကနေ သက်ပြင်းချရင်း ညအမှောင်ထဲကို လှမ်းကြည့်လိုက်သည်။
ပြောရရင် သူအရင်က လုပ်ခဲ့တဲ့ ဗီလိန်ပုံစံက အရမ်းအားကောင်းခဲ့တော့ တစ်ဖက်လူက မယုံကြည်တာ သဘာဝပါပဲ။ အခုတော့ အလားအလာ အရှိဆုံး ရင်းနှီးမြှုပ်နှံမှု ပစ်မှတ်က ထွက်ပြေးသွားပြီ။ သူ ဘာဆက်လုပ်ရမလဲ။
"သခင်လေး... ကျွန်တော်မျိုးကို အမှားပြင်ခွင့်ပေးပါ။ ကျွန်တော့်အသက်နဲ့လဲပြီး လင်းယန်ကို ပြန်ဖမ်းလာခဲ့ပါ့မယ်" ဟု မန်နေဂျာက အရဲစွန့်ပြောလိုက်သည်။
ဝမ်မုက သူ့ကို တစ်ချက်ကြည့်ပြီး လက်ယမ်းပြလိုက်သည် - "ထားလိုက်တော့။ သူသွားချင်ရင် သွားပါစေ"
လိုက်ဖမ်းရမယ် ဟာသလုပ်နေတာလား။
ဒီလောက်ကံကောင်းခြင်းတွေရှိတဲ့သူကို ဖမ်းဖို့ဆိုတာ လွယ်ပါ့မလား။ လိုက်ဖမ်းတဲ့သူကသာ အသတ်ခံရပြီး လင်းယန်က အဲဒီဘေးဒုက္ခကနေ နောက်ထပ် အခွင့်အရေးတွေတောင် ရသွားဦးမှာ။
ဒါ့အပြင်သူကပင်လယ်ဝိညာဉ်မီးလျှံကိုပေးပြီးစေတနာပြထားပြီးသား။အခုမှလူလွှတ်ပြီးလိုက်ဖမ်းရင်လင်းယန်ကသူ့မှာမကောင်းတဲ့ရည်ရွယ်ချက်ရှိတယ်လို့ပိုသေချာသွားပြီးအကုန်လုံးအချည်းနှီးဖြစ်ကုန်လိမ့်မည်။