အခန်း (၅၉) အခုအချိန်မှာ လင်းယန်ကို သစ္စာခံခိုင်းရင် နောက်ကျသွားပြီလား
ဝေဝါးနေသော အခြေအနေတစ်ခုတွင်...
ဂူချိုးပြန်လည်နိုးထလာသည်။
သူမ၏မျက်လုံးများထဲတွင် ဇဝေဇဝါဖြစ်မှုများ လွင့်ပျံနေပြီး မျက်လုံးဖွင့်လိုက်သည်နှင့် အဖြူရောင်ဝတ်စုံဝတ်ထားသူများ ဟိုဟိုဒီဒီ ပြေးလွှားနေကြကာ အသံများ ဆူညံနေသည်ကို မြင်လိုက်ရသည်။
"ငါ... မသေဘူးလား"
ဂူချိုး အံ့ဩသွားသည်။ မိကျောင်းနက်ကြီးက သူမ၏ ခန္ဓာကိုယ်တစ်ဝက်ကို ကိုက်ဖြတ်သွားသည်ကို သူမ သေသေချာချာ မှတ်မိနေသည်။ ထိုဒဏ်ရာမှာ ပြင်းထန်လွန်းလှသဖြင့် သူမသည် သေမင်းထံသို့ ခြေတစ်ဖက် လှမ်းထားပြီးသား ဖြစ်သည်။
သူမ ထထိုင်ရန် ကြိုးစားလိုက်သည်။ နာကျင်မှုက ရှိနေဆဲ ဖြစ်သော်လည်း... သူမ၏ ဒဏ်ရာများမှာ များစွာ သက်သာနေပြီဖြစ်ကာ ပျက်စီးသွားသော ခန္ဓာကိုယ်အပိုင်းအစများပင် ပြန်လည် ဖြစ်ပေါ်လာနေပြီ ဖြစ်သည်။
သူမ အံ့ဩသွားရသည်။ ကျင့်ကြံသူများအတွက် ခြေလက်အင်္ဂါ တစ်ခုခု ပြတ်တောက်သွားခြင်းမှာ ပြဿနာကြီးမဟုတ်ပေ ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ရန် နည်းလမ်းများစွာ ရှိသည်။ တကယ် ခေါင်းခဲရသည်မှာ ဒဏ်ရာနှင့်အတူ ဝင်ရောက်လာသော ပြင်ပစွမ်းအင်များမှာမိစ္ဆာစွမ်းအင်ဖြစ်ပြီး ၎င်းတို့က ဒဏ်ရာကို ပြန်မကျက်အောင် တားဆီးထားတတ်သည်။
သူမကို တိုက်ခိုက်ခဲ့သော မိကျောင်းနက်ကြီးမှာ အလွန်အင်အားကြီးလှသဖြင့် သူမ၏ ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေမည့် မိစ္ဆာစွမ်းအင်များမှာ ဖယ်ရှားရန် အလွန်ခက်ခဲပြီး ကုန်ကျစရိတ်လည်း များပြားမည်မှာ သေချာသည်။
"မလှုပ်နဲ့ဦး"
နူးညံ့သော်လည်း တည်ကြည်သော အသံတစ်ခု ဘေးနားမှ ထွက်ပေါ်လာသည်။
ဆေးစပ်နေသော အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးက သူမ၏ ပုခုံးကို ဖိထားလိုက်သည် -"မင်းရဲ့ ဒဏ်ရာက မကျက်သေးဘူး၊ ဟိုဟိုဒီဒီ မလှုပ်နဲ့ဦး"
အမျိုးသမီး၏ ဝတ်စုံပေါ်ရှိ တံဆိပ်ကို မြင်လိုက်ရသောအခါ ဂူချိုး လန့်သွားသည် - "မင်း... မင်းတို့က လန်ယာဖောင်ဒေးရှင်းကလား"
"အင်း။" အမျိုးသမီးက ခေါင်းညိတ်ပြပြီး ဆေးရည်တစ်ခွက်ကို သူမ၏ နှုတ်ခမ်းနားသို့ ကပ်ပေးလိုက်သည် - "ဒါကို အရင်သောက်လိုက်"
ကျင့်ကြံခြင်းလောကတွင် သူစိမ်းတစ်ယောက် ပေးသည့်အရာကို မျိုချခြင်းမှာ အလွန်ကြီးမားသော တားမြစ်ချက်တစ်ခု ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ... ဂူချိုးမှာ ကြောက်ရွံ့မှု မရှိတော့ဘဲ စကားနားထောင်ကာ ဆေးကို သောက်လိုက်သည်။
သူမ၏ မျက်ဝန်းများမှာ ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ သူမသည် ချင်းယွန်းကျွန်းစု၏ ပင်လယ်မိစ္ဆာ ကျူးကျော်မှုများကို မကြုံတွေ့ခဲ့ဖူးချေ။ လန်ယာဖောင်ဒေးရှင်းအကြောင်းကို တစ်ဆင့်စကားဖြင့်သာ ကြားဖူးသည်။ လျှို့ဝှက်နယ်မြေထဲ မဝင်ခင်က ရတနာမြေပုံ လက်ခံရရှိခဲ့ဖူးသဖြင့် သူတို့အပေါ် အထင်အမြင် ကောင်းခဲ့သည်။
သို့သော် ယခုအချိန်မှသာ... ဘာကြောင့် လူအများအပြားက လန်ယာဖောင်ဒေးရှင်းကို ချီးမွမ်းနေကြသည်ကို သူမ နားလည်သွားတော့သည်။
အရေးကြီးသော အချိန်တွင် မိမိအသက်ကို ကယ်တင်ပေးနိုင်သော အဖွဲ့အစည်းကို မည်သူက မနှစ်သက်ဘဲ နေမည်နည်း။
"ကဲ... ခဏလောက် ထပ်နားလိုက်ဦး၊ ငါ တခြား ဒဏ်ရာရတဲ့သူတွေကို သွားကြည့်ရဦးမယ်" ဖောင်ဒေးရှင်းမှ အမျိုးသမီးသည် ပန်းကန်လုံးကို ချထားခဲ့ပြီး သုတ်သုတ်သုတ်သုတ် ထွက်ခွာသွားသည်။
ထိုအခါမှ ဂူချိုးသည် သူမ၏ ပတ်ဝန်းကျင်တွင် ဒဏ်ရာရထားသူများစွာ ရှိနေသည်ကို သတိပြုမိသည်။ သူတို့၏ ဒဏ်ရာများကို ကြည့်ရုံဖြင့် လျှို့ဝှက်နယ်မြေထဲမှ ခုလေးတင် ထွက်လာသူများ ဖြစ်ကြောင်း သိနိုင်သည်။
"ကျွန်မ... ဘယ်တော့ ပြန်လို့ရမလဲ" ဂူချိုးက ရုတ်တရက် မေးလိုက်သည်။
"အဲဒါက မင်းသဘောပဲ။ မင်းကိုယ်မင်း သက်သာပြီလို့ ခံစားရရင် ဘယ်အချိန်မဆို ပြန်လို့ရတယ်ငါတို့ကို ပြောနေစရာ မလိုဘူး"
ဂူချိုး အံ့ဩသွားရပြန်သည်။ တစ်ဖက်လူမှာ ပိုက်ဆံတောင်းမည့် အရိပ်အယောင် လုံးဝမရှိချေ။
"ဒါဆို... ကျွန်မ ဝိညာဉ်ကျောက်တုံး ဘယ်လောက် ပေးရမလဲ"
"ဘာမှ ပေးစရာ မလိုဘူး"
အမျိုးသမီးမှာ အဝေးသို့ ရောက်နေပြီ ဖြစ်သည်။ ဘေးနားရှိ ကျင့်ကြံသူတစ်ဦးကို ကုသပေးနေသော ဖောင်ဒေးရှင်းမှ လူငယ်တစ်ဦးက ပြန်ဖြေလိုက်သည်။
"ငါတို့ ဖောင်ဒေးရှင်းက ဘယ်တော့မှ အခကြေးငွေ မယူဘူးဆိုတာ မင်းမသိဘူးလား"
ဂူချိုး : "..."
နေရောင်ခြည်သည် ပင်လယ်ပြင်ပေါ်သို့ ဖြာကျနေပြီး လှိုင်းလုံးများမှာ လင်းလက်နေသည်။
လင်းယန်သည် လျှို့ဝှက်နယ်မြေထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ သူ၏မုတ်ဆိတ်မွေးများမှာ ဖရိုဖရဲ ဖြစ်နေပြီး မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေသော်လည်း သူ၏ မျက်လုံးများမှာ ယခင်ကထက် ပို၍ တည်ကြည်နေကာ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည် - "ဒုက္ခမျိုးစုံ ခံပြီးမှ နောက်ဆုံးတော့ ရခဲ့ပြီတကယ် မလွယ်ဘူး"
သူ့ဆရာ တန်ရွှမ်း၏ လမ်းညွှန်မှုဖြင့်... သူသည် မည်သူမျှ ရှာမတွေ့သေးသော နဂါးအရိုးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး လျှို့ဝှက်ပညာရပ်ဖြင့် နဂါး၏ သွေးအဆီအနှစ် အစက်အချို့ကို သန့်စင်ယူနိုင်ခဲ့သည်။ သူ ပြန်ရောက်သည်နှင့် ကောင်းကင်နဂါး အသွင်ပြောင်းခြင်းကျင့်စဥ်ကို စတင် ကျင့်ကြံနိုင်ပြီ ဖြစ်သည်။
ရုတ်တရက် လင်းယန် တစ်ခုခု မှားယွင်းနေသည်ကို အာရုံခံမိလိုက်သည် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်လွန်းနေသည်။ သူ မော့ကြည့်လိုက်သောအခါ သူ့ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ မလှမ်းမကမ်းတွင် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအို တစ်ဦးသာ သူ့ကို ပြုံးကြည့်နေသည်။
"ဆရာ... ဘာတွေ ဖြစ်နေတာလဲ" လင်းယန် သတိထားလိုက်သည်။ ဤထူးဆန်းသော မြင်ကွင်းမှာ သူတစ်ခါမှ မကြုံဖူးသည့် အရာ ဖြစ်သည်။
"သတိထား ဒါကဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦး ဖန်တီးထားတဲ့ ကောင်းကင်မြေပြင်နယ်ပယ်ပဲ" တန်ရွှမ်း၏ အသံမှာ အလွန် အလေးအနက် ဖြစ်သွားသည်။
ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် လင်းယန်၏ မျက်လုံးများ ပြူးသွားသည်။ သူ၏ လက်ရှိအင်အားမှာ ဆရာ့၏ဝိညာဉ်စွမ်းအား အကူအညီဖြင့် အစွမ်းကုန် တိုက်ခိုက်လျှင်ပင် သာမန် ရွှေအမြုတေအဆင့်ပညာရှင်များကိုသာ ယှဉ်နိုင်မည် ဖြစ်သည်။ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ပညာရှင် ဆိုသည်မှာ သူ ယခုအချိန်တွင် ယှဉ်ပြိုင်နိုင်သည့် အဆင့် မဟုတ်ပေ။ သူ မည်မျှပင် စဉ်းစားစေကာမူ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးနှင့် မည်သည့်နေရာတွင် ငြိစွန်းခဲ့ဖူးသည်ကို မမှတ်မိချေ။
"မထိတ်လန့်နဲ့ သူ့မှာရန်လိုတဲ့ အရိပ်အယောင် မရှိဘူး။ သတိထားပြီး ကိုင်တွယ်ပါ" တန်ရွှမ်းလည်း စိတ်လေးနေမိသည်။ သူ၏အထွတ်အထိပ် အချိန်တွင်ဆိုလျှင် ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူကို သူ မျက်လုံးထဲတောင် ထည့်မည် မဟုတ်ပေ။ သို့သော် ယခု သူသည် ဝိညာဉ်အစအနလေးသာ ဖြစ်ပြီး လင်းယန်ကို ဤနယ်ပယ်ထဲမှ လွတ်အောင် ကူညီပေးဖို့ပင် မနည်း ကြိုးစားရမည် ဖြစ်သည်။
သူတို့ စဉ်းစားနေစဉ်မှာပင် အဘိုးအိုသည် လင်းယန်၏ရှေ့သို့ ရောက်လာသည် - "မောင်ရင်က လင်းယန်လား"
"ဂျူနီယာ လင်းယန်က စီနီယာကို ဂါရဝပြုပါတယ်" လင်းယန်သည် အသက်ပြင်းပြင်းရှူကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏စွမ်းအားများကို တိတ်တဆိတ် လှည့်ပတ်ထားပြီး လက်ဝါးထဲတွင် ရှေးဟောင်း ကြေးဝါအပိုင်းအစ တစ်ခုကို ဆုပ်ကိုင်ထားကာ အချိန်မရွေး ပစ်ပေါက်ရန် ပြင်ဆင်ထားသည်။
ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ပညာရှင်ကို ဤအရာဖြင့် မယှဉ်နိုင်မှန်း သူ သိသော်လည်း... တိုက်ခိုက်မှု မပြုဘဲ လက်လျှော့အရှုံးပေးခြင်းမှာ သူ၏ ပုံစံမဟုတ်ပေ။
"လင်းသခင်လေး စိတ်လျှော့ပါ၊ ဒီအဖိုးကြီးမှာ ရန်လိုတဲ့စိတ် မရှိပါဘူး။ ငါ့ကသခင်လေးရဲ့ အမိန့်အရ မင်းကို ဒီမှာ လာစောင့်နေတာပါ" ဟု လီယွမ်ဟွာက နွေးထွေးစွာ ပြောလိုက်သည်။
"သခင်လေး" လင်းယန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည် "ဝမ်မုလား"
လီယွမ်ဟွာက သိုလှောင်အိတ်တစ်ခုကို ကမ်းပေးလိုက်သည် "မှန်ပါတယ်။ ငါတို့သခင်လေးက မင်းအတွက် လက်ဆောင်အချို့ ပြင်ဆင်ပေးထားပါတယ်။"
လင်းယန်က သံသယဖြင့် လက်မခံဘဲ ခေါင်းခါလိုက်သည် - "အကြောင်းရင်း မရှိဘဲနဲ့ သူတစ်ပါးရဲ့ ကျေးဇူးကိုကျွန်တော် လက်မခံနိုင်ပါဘူး။"
လီယွမ်ဟွာက ပြုံးလိုက်သည် - "မင်း ငြင်းလိမ့်မယ်ဆိုတာ ငါတို့ သခင်လေး ကြိုသိပြီးသားပါ။ ဒါကြောင့် မင်းအတွက် မှာစကား တစ်ခွန်း ပါးလိုက်ပါတယ်။"
"ဘာစကားလဲ"
"ငါတို့အတွက် ကျန်ရှိနေတဲ့ အချိန်တွေက ကုန်ဆုံးတော့မယ်တဲ့။"
လင်းယန် မှင်တက်သွားသည်။ အချိန် ယဘယ်အချိန်ကို ပြောတာလဲဝမ်မု ပြောခဲ့ဖူးသည့် ကြီးမားသော ကပ်ဘေးကို ဆိုလိုတာလား။
"ဝမ်မျိုးနွယ်စုရဲ့ သခင်လေးက မင်းအပေါ် ရန်လိုပုံမရဘူး။ အခြေအနေက ဒီလိုဆိုမှတော့ လက်ဆောင်ကို လက်ခံလိုက်တာက ဘာမှ မထိခိုက်နိုင်ပါဘူး" ဟု ဒန်ရွှမ်းက အကြံပေးလိုက်သည်။
ခေတ္တ တိတ်ဆိတ်သွားပြီးနောက် လင်းယန်သည် နောက်ဆုံးတွင် သိုလှောင်အိတ်ကို လှမ်းယူလိုက်သည် - "သခင်လေးကို ကျွန်တော့်ကိုယ်စား ကျေးဇူးတင်စကား ပြောပေးပါဦး။"
"ပြောပေးပါ့မယ်။" လီယွမ်ဟွာက အနည်းငယ် ပြုံးပြပြီးနောက် ဟင်းလင်းပြင်ထဲသို့ ခြေလှမ်းလှမ်းကာ ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင်... လင်းယန်၏ မျက်စိရှေ့တွင် ကျင့်ကြံသူများ ပြန်လည် ပေါ်လာပြီး ဆူညံသံများလည်း ပြန်ကြားလာရသည်။ အိမ်မက်က နိုးလာသကဲ့သို့ ခံစားလိုက်ရသည်။
"ဒါဟာ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ပညာရှင်ရဲ့နတ်ဘုရားစွမ်းအင်ပေါ့ တကယ်ကို ကြောက်စရာကောင်းတာပဲ" လင်းယန်၏ မျက်လုံးများတွင် လိုလားတောင့်တမှုများ ဖြတ်ပြေးသွားသည်။
"ဒါက ဘာဆန်းလို့လဲ" တန်ရွှမ်းက နှာခေါင်းရှုံ့လိုက်သည် "မင်းရဲ့ပါရမီနဲ့ဆိုရင် အနာဂတ်မှာ ဒီထက်မက အောင်မြင်ဦးမှာပါ။ ဟိုဝမ်မျိုးနွယ်က ကောင်လေး ပြောသလို မင်းက မဟာဧကရာဇ် ဖြစ်လာမယ့်သူ မဟုတ်လား"
လင်းယန်၏ နှုတ်ခမ်းများ တွန့်သွားသည် - "ဆရာကလည်း... ဆရာပါ သူ့စကားကို ယုံနေတာလား"
"အင်း... သူ့ရဲ့ ပြောဆို ပြုမူပုံတွေကို ကြည့်ရသလောက် သူလိမ်နေပုံ မရဘူး။ ကဲသူ ဘာပေးလိုက်လဲ ကြည့်လိုက်ဦး"
"ဟုတ်ကဲ့။" လင်းယန်က သိုလှောင်အိတ်ကို ဖွင့်ပြီး သူ၏စိတ်အာရုံကို အတွင်းသို့ ပို့လိုက်သည်။
ခဏချင်းမှာပင် သူသည် ကျောက်ရုပ်ကဲ့သို့ မှင်တက်သွားတော့သည်။
"ဆရာ... အခုအချိန်မှာ ဝမ်မုဆီကို သွားပြီးတော့ သူ့လက်အောက်ကို ဝင်မယ်လို့ ပြောရင် နောက်ကျသွားပြီလား"
တန်ရွှမ်း"...."