အခန်း (၅၈) - ငါ့တစ်သက်မှာ ဒီလောက် ချမ်းချမ်းသာသာနဲ့ တိုက်ပွဲမတိုက်ဖူးဘူး
"သန်းငါးဆယ်ဆိုတာ သေချာရဲ့လား"
"သေချာတာပေါ့"
ရှယောင်ယောင်က လက်ဝါးကို ဖြန့်ပြီး သိုလှောင်လက်စွပ်ကို ပြလိုက်သည် "သမီးက ဘယ်လိုလုပ် မှားတွက်မှာလဲ"
အကြီးအကဲ ထျန်ကုန်း၏ စိတ်အာရုံမှာ လက်စွပ်ထဲသို့ ချက်ချင်း နစ်ဝင်သွားသည်။ ထို့နောက် သူ တိတ်ဆိတ်သွားတော့သည်။
"သန်းငါးဆယ်..."
"သန်းငါးဆယ်ပဲ"
"သန်းငါးဆယ်ဆိုတော့ ဘာဖြစ်လဲ" အကြီးအကဲ ထျန်ကုန်းသည် စိတ်ကို ပြန်ထိန်းကာ မျက်လုံးများ တည်ကြည်သွားသည် - "သန်းငါးဆယ်တောင် ပေးတာကို၊ သူ့ကို လက်ဖက်ရည်တစ်ခွက်တောင် မတိုက်ဘဲ ပြန်လွှတ်လိုက်တယ် ဟုတ်လား"
ရှယောင်ယောင် : "....."
"နင် သူ့ကိုလက်ဖက်ရည်တစ်ခွက်မှ မဖျော်ပေးလိုက်ဘူးလား"
"မ... မဖျော်ပေးလိုက်မိဘူး..."
"ငါ သိသားပဲ နောက်ခါ ဒီလိုမလုပ်နဲ့တော့။ တူလေးဝမ်မုက နေ့တိုင်းလာနေတာ မဟုတ်ဘူး။ ငါတို့ဆီက လက်ဖက်ရည်တောင် မမြည်းရဘဲ ပြန်သွားတယ်ဆိုရင် ငါတို့က ဧည့်ဝတ်မကျေဘူးလို့ နာမည်ထွက်ကုန်မှာပေါ့" အကြီးအကဲ ထျန်ကုန်းက အလွန်တည်ကြည်စွာ ပြောလိုက်သည်။
ရှယောင်ယောင်က သူမ၏ဆရာကို ကြောင်ကြည့်နေမိသည် "ဆရာ... စိတ်မဆိုးဘူးလား"
"စိတ်ဆိုးရအောင် ဘာရှိလို့လဲ ပိုက်ဆံဆိုတာ ငါတို့အတွက် အရေးမကြီးဆုံး အရာပဲ တူလေးဝမ်မုက ငါတို့ကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီလောက် အော်ဒါအကြီးကြီး ပေးတယ်ဆိုတာ ဒါဟာ ယုံကြည်မှုပဲ လောကကြီးမှာ ယုံကြည်မှုကိုပဲ ဘယ်တော့မှ သစ္စာမဖောက်ရဘူး။ နားလည်လား"
"နားလည်ပါပြီ"
"ကောင်းပြီ။ မှတ်ထား၊ ဒါကို လုံးဝ အမှားအယွင်း မရှိစေရဘူး"
"အကယ်၍အရည်အသွေး ညံ့လို့ ကျန်တဲ့ ပိုက်ဆံတွေကို အဆုံးသတ်မှာ မရခဲ့ရင်တော့ ငါကိုယ်တိုင် မင်းကို အပြစ်ပေးမယ်သိလား"
ရှယောင်ယောင်၏ နှုတ်ခမ်းထောင့်များ တွန့်သွားသည် - "ဟုတ်ကဲ့ပါ..."
"ကဲ၊ ဒါဆို ပြီးပြီ။"
အကြီးအကဲထျန်ကုန်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ကျောက်တံခါးထဲသို့ လှည့်ဝင်သွားသည်။ ခဏအကြာတွင် အတွင်းမှ အော်ဟစ်သံ ခပ်အုပ်အုပ် ထွက်ပေါ်လာသည်။
"သန်းငါးဆယ်... ဟားဟားဟား... ဒီအဖိုးကြီး တစ်သက်မှာ ဒီလောက် ချမ်းချမ်းသာသာနဲ့ တိုက်ပွဲမတိုက်ဖူးဘူး... ငါတို့ ချမ်းသာပြီ... ချမ်းသာပြီ ဂတ် (ဝမ်းသာလွန်း၍ သီးသွားသံ)~"
"..."
ရှယောင်ယောင်သည် သူမ၏ဆရာ မေ့သွားခဲ့သော အသံလုံအစီအရင်ကို တိတ်တဆိတ် အသက်သွင်းပေးလိုက်ပြီးနောက် ထိုနေရာမှ ထွက်လာခဲ့သည်။
နဂါးအရှင်သခင်၏ဂူဗိမာန်အတွင်းရှိ လျှို့ဝှက်နယ်မြေထဲတွင် နေမင်း သို့မဟုတ် လမင်းကို မမြင်ရသော်လည်း မှောင်မည်းမနေပေ။ နေရာတိုင်းတွင် အလင်းဖျော့ဖျော့လေးများ လွင့်မျောနေသည်။
ရေကန်ကြီးမှာလည်း မှိန်ပျပျ လင်းလက်နေသည်။ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦးကျင့်ကြံသူ သုံးဦးသည် ကမ်းခြေသို့ အတူတူ ရောက်ရှိလာကြသည်။ အားလုံးတွင် ဒဏ်ရာကိုယ်စီ ရှိနေကြပြီး သူတို့၏ မျက်လုံးများတွင် ဘေးအန္တရာယ်ကြီးမှ လွတ်မြောက်လာသည့် သက်ပြင်းချသံများ ပါဝင်နေသည်။
"ဟူး~"
အမျိုးသမီးက မြေပြင်ပေါ်သို့ လဲကျသွားကာ အသက်ကို ပြင်းပြင်းရှူလိုက်သည် "ကြောက်စရာကြီးပဲ ဒီလျှို့ဝှက်နယ်မြေက ယင်ဓာတ်တွေ ပေါက်ဖွားရာ နေရာဖြစ်နေပြီ။ ဒီမှာ သေသွားတဲ့ နဂါးက နာနာဘာဝဖြစ်သွားပြီး အမှောင်ထဲကနေ ကျူးကျော်သူမှန်သမျှကို ချောင်းမြောင်း တိုက်ခိုက်နေတာပဲ..."
အမျိုးသားတစ်ဦးက တုန်လှုပ်စွာဖြင့် - "ကံကောင်းလို့ လန်ယာဖောင်ဒေးရှင်းက ပေးတဲ့ မြေပုံမှာ သတိပေးချက်တွေနဲ့ အမှတ်အသားတွေ ပါနေလို့ ငါတို့သတိထားပြီး အသက်ရှင်ခဲ့တာ။
မဟုတ်ရင် ငါတို့လည်း ကျိုးလမ်းစဉ်ဖော်နဲ့ တခြားသူတွေလို ဖြစ်သွားမှာ..."
ကျိုးလမ်းစဉ်ဖော်ဟု ပြောလိုက်သည်နှင့် သုံးဦးစလုံး တိတ်ဆိတ်သွားကြသည်။ သူတို့ ခြောက်ဦး ခုနစ်ဦးခန့် အတူတူ ထွက်လာခဲ့ကြသော်လည်း ယခုသုံးဦးသာ ကျန်တော့သည်။ ကျန်တဲ့သူတွေကလည်း မြေပုံရခဲ့ကြသော်လည်း ဖောင်ဒေးရှင်း၏ စေတနာကို မယုံကြည်ခဲ့ကြဘဲ မြေပုံ၏ မှန်ကန်မှုကို သံသယဝင်ခဲ့ကြသည်။ အခွင့်အရေးကို လိုချင်ဇောဖြင့် သတိလက်လွတ် ဖြစ်သွားသည့် တစ်ချက်မှာ သူတို့၏ ကံကြမ္မာကို ဆုံးဖြတ်သွားခဲ့သည်။
လျှို့ဝှက်နယ်မြေမှာ အန္တရာယ်များလှသည်။ မြေပုံရှိသော်လည်း ရှောင်လွှဲမရသော အခက်အခဲများက ရှိနေမြဲပင်။ အန္တရာယ်နှင့် အခွင့်အရေးမှာ ဒွန်တွဲနေသဖြင့် အန္တရာယ်ကို ရှောင်လိုက်ခြင်းမှာ အခွင့်အရေးကို လက်လွှတ်လိုက်ခြင်းလည်း ဖြစ်နိုင်သည်။ သူတို့ကတော့ ကံကောင်း၍ အဖိုးတန် ဝိညာဉ်သစ်ပင်တစ်ပင်ကို ရှာတွေ့ခဲ့သည်။ ၎င်းကို သန့်စင်ပြီး စုပ်ယူနိုင်ပါက သူတို့၏ ကျင့်ကြံမှုမှာ များစွာ တိုးတက်လာမည် ဖြစ်သည်။ အရင်က သူတို့မှာ အခြေခံတည်ဆောက်ခြင်းအဆင့်မှာတင် ရပ်နေပြီး ရှေ့ဆက်ဖို့ မျှော်လင့်ချက် မရှိခဲ့သော်လည်း ယခုမူလမ်းစလေး မြင်လာရပြီ ဖြစ်သည်။
"ဟုတ်တယ်၊ ငါတို့ သူတို့ကို ကျေးဇူးတင်ရမယ်"
"ဒီမြေပုံမရှိရင် ငါတို့ ဒီနေရာကို ရောက်မှာတောင် မဟုတ်ဘူး"
"...ပုံပြင်တွေထဲကအတိုင်း လန်ယာဖောင်ဒေးရှင်းက တကယ်ပဲ စေတနာထားတဲ့ နေရာဖြစ်ပုံရတယ်။"
"လှည့်ဖြားမှုတွေ ပြည့်နေတဲ့ ဒီလောကကြီးမှာ ဖောင်ဒေးရှင်းက တကယ့်ကို သန့်ရှင်းတဲ့ နေရာလေးပဲ။"
သူတို့ စိတ်လှုပ်ရှားစွာ ရေရွတ်မိကြသည်။ မြေပုံက သူတို့အတွက် အလုပ်ဖြစ်ခဲ့သည်။ ရုတ်တရက် သူတို့၏အာရုံမှာ ရေကန်၏ အလယ်ဗဟိုသို့ ရောက်သွားသည်။ ထိုနေရာတွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သွေးရောင်နီနေသော သစ်ပင်လေးတစ်ပင် ရှိသည့် ကျွန်းငယ်လေးတစ်ခု ရှိနေသည်။ ထိုအပင်တွင် ထူးခြားသော အနီရောင် ဝိညာဉ်သီးများ သီးနေသည်။
"အဲဒါ ဘာလဲ"
"မြေပုံမှာတော့ အမှတ်အသားမပါဘူး။ ဒီရေကန်မှာ အန္တရာယ်ကြီးတယ်၊ သတိထားပြီး ချဉ်းကပ်ပါလို့ပဲ ရေးထားတယ်" အမျိုးသမီးက မြေပုံကို စစ်ဆေးရင်း စိုးရိမ်တကြီး ပြောလိုက်သည်။
"ဒါက ရှားပါးဝိညာဉ်သီး ဖြစ်ပုံရတယ်... သွားကြည့်ကြမလား" အမျိုးသားတစ်ဦး၏ မျက်လုံးများမှာ အရောင်တောက်လာသည်။ ထိုအသီးများမှ မွှေးရနံ့များ ထွက်ပေါ်နေပြီး ၎င်းကို ရှူရှိုက်လိုက်ရုံဖြင့် အင်အားများ တိုးလာသလို ခံစားရသည်။ သူတို့၏ လောဘစိတ်များ နိုးကြားလာသည်။
"မသွားတာ ပိုကောင်းလိမ့်မယ်။ မြေပုံက ဒီမှာ အန္တရာယ်ရှိတယ်လို့ သတိပေးထားတယ်..." အမျိုးသမီးက မျက်မှောင်ကြုတ်ကာ မသွားချင်ပေ။
"မြေပုံက ၈၀ ရာခိုင်နှုန်းပဲ မှန်တာလေ၊ ဒီအသီးတွေအကြောင်းလည်း မပါဘူးဆိုလိုတာက ဘယ်သူမှ ဒီနေရာကို မရောက်ဖူးသေးဘူး... ဒါမှမဟုတ်ခုမှ သီးတာလည်း ဖြစ်နိုင်တယ်လေ။" အမျိုးသားက မိမိကိုယ်ကို ဆင်ခြေပေးရင်း လောဘစိတ်ကို တွန်းအားပေးနေသည်။
သူက ကျန်တဲ့သူတွေကို ကြည့်ပြီး - "ဒါက ဘာကို ပြောနေတာလဲ ငါတို့အတွက် အခွင့်အရေး ရောက်လာပြီဆိုတာပဲ အလဟဿ အဖြစ်မခံကြနဲ့"
"ချင်းလမ်းစဉ်ဖော် ပြောတာမှန်တယ် ငါလည်း လိုက်မယ်" ဒုတိယ အမျိုးသားကလည်း သဘောတူလိုက်သည်။
"ကျွန်မ... ကျွန်မတော့ မလိုက်တော့ဘူး" အမျိုးသမီးက နှုတ်ခမ်းကို ကိုက်ကာ စဉ်းစားပြီးနောက် ခေါင်းခါပြလိုက်သည်။
"ကဲ... ဒါဆိုလည်း မတတ်နိုင်ဘူး။ ဒီမှာပဲ စောင့်နေ"
အမျိုးသား နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ လေထဲသို့ ပျံတက်ပြီး ရေကန်အလယ်သို့ အမြန် သွားကြတော့သည်။ သို့သော်လည်း သူတို့ အလယ်သို့ ရောက်သည်နှင့် ရေထဲမှ ဧရာမ အရိပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး ပါးစပ်ကို ဟကာ သူတို့ကို တစ်လုပ်တည်း မျိုချလိုက်တော့သည်။
"အား—"
"သတိထား"
သူတို့၏မျက်နှာများ ပျက်သွားပြီး ဓားပျံ နှင့် ဝိညာဉ်ကွင်းများဖြင့် ပြန်လည် တိုက်ခိုက်သော်လည်း မီးပွားများသာ ထွက်ပေါ်လာသည်။ နောက်တစ်ခဏတွင် အော်ဟစ်သံနှစ်သံ ထွက်ပေါ်လာပြီး ထိုအရိပ်ကြီးက သူတို့ကို ဝါးမြိုသွားတော့သည်။
ထိုအခါမှ အမျိုးသမီးက သေချာ မြင်လိုက်ရသည် - ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါရှိသည့် နဂါးပုံသဏ္ဌာန် မိကျောင်းနက်ကြီး တစ်ကောင်ပင် ဖြစ်သည်။ ထိုသားရဲကြီးသည် မတင်းတိမ်နိုင်သေးဘဲ အမျိုးသမီးရှိရာသို့ လှိုင်းလုံးကြီးများကို ကျော်ဖြတ်ကာ ဦးတည်လာတော့သည်။
သူမ မျက်နှာ ဖြူလျော့သွားပြီး ထွက်ပေါက်ရှိရာသို့ အမြန် ပြေးတော့သည်။
ဝုန်း
မိကျောင်းကြီးက အင်အားပြင်းသော ရေမြားများဖြင့် ထွေးထုတ်လိုက်ရာ သူမ ရှောင်လိုက်နိုင်သော်လည်း သူမ၏လက်မောင်းတစ်ခုမှာ ချက်ချင်း ကြေမွသွားသည်။ သူမသည် လက်ကျန်ဆေးလုံးများအားလုံးကို မဆင်မခြင် မျိုချလိုက်သည်။
စက္ကန့်ပိုင်းလေး နှောင့်နှေးလျှင်ပင် သေနိုင်သည်ကို သူမ သိသည်။ သို့သော်လည်း ဒဏ်ရာသစ်များမှာ လက်မောင်း၊ လည်ပင်းနှင့် ရင်ဘတ်တို့တွင် အဆက်မပြတ် ပေါ်လာသည်။ သူမ၏ ဆေးလုံးများ ကုန်သွားချိန်တွင် ထွက်ပေါက်မှာ လက်တစ်ကမ်းအကွာသို့ ရောက်လာသည်။
"ရောက်တော့မယ်... ရောက်တော့မယ်..."
သူမ လျှာကို ကိုက်ကာ ကျန်ရှိသော ဝိညာဉ်စွမ်းအား အားလုံးကို ထုတ်သုံးပြီး အပြင်သို့ ခုန်ထွက်လိုက်သည်။
အား—
ထိုအချိန်မှာပင် မိကျောင်းကြီးက သူမ၏ အောက်ပိုင်း တစ်ခုလုံးကို ကိုက်ဖြတ်သွားတော့သည်။
ဘုန်း
သူမ၏ မျက်စိရှေ့တွင် အလင်းများ ဖြာထွက်သွားသည်။ သူမသည် လျှို့ဝှက်နယ်မြေထဲမှ အပြင်သို့ လွင့်ထွက်လာခဲ့သည်။ သူမတွင် အပေါ်ပိုင်း ခန္ဓာကိုယ်သာ ကျန်တော့ပြီး လက်တစ်ဖက်လည်း မရှိတော့ဘဲ မြေပြင်ပေါ်သို့ သွေးအိုင်ထဲတွင် လဲကျသွားသည်။
သူမ၏ မျက်လုံးများ မှေးမှိန်လာသည်။ နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုများက သူမ၏ နှလုံးသားကို ပြည့်နှက်သွားသည်။ အပြင်သို့ ရောက်ခဲ့သော်လည်း ဆေးလုံးများ ကုန်သွားပြီဖြစ်ကာ ဤမျှ ပြင်းထန်သော ဒဏ်ရာဖြင့် အသက်ရှင်ဖို့ မဖြစ်နိုင်တော့ချေ။
"ငါ... ဒီမှာပဲ သေရတော့မှာလား"
သူမသည် မျှော်လင့်ချက်မဲ့စွာ ရေရွတ်မိသည်။ သတိမလစ်ခင်မှာပင် အဖြူရောင် ဝတ်စုံဝတ်ထားသူများ သူမဆီသို့ ပြေးလာသည်ကို မြင်လိုက်ရသည်။ အသံတစ်ခု သူမ နားထဲသို့ တိုးဝင်လာသည်။
"ဒီမှာ ဒဏ်ရာရထားသူ ရှိတယ် အနာပျောက်ဆေးကို အမြန် ယူခဲ့ကြ"