အခန်း (၅၅) - နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်ကို ရပ်တန့်၍ မရပါ
"ငါခိုင်းထားတာတွေ ပြင်ဆင်ပြီးပြီလား"
ရုတ်တရက် ဝမ်မုက လီယွမ်ဟွာဘက်သို့ လှည့်ကာ မေးလိုက်သည်။
လီယွမ်ဟွာက ရိုသေစွာ ပြန်ဖြေသည် - "အားလုံး အဆင်သင့်ပါပဲ ခင်ဗျာ"
ဝမ်မု ခေါင်းညိတ်လိုက်သည်။ "ဒီမှာ လူအချို့ ချန်ထားခဲ့လိုက်။ အထဲကနေ အသက်ရှင်လျက် ပြန်ထွက်လာတဲ့သူရှိတာနဲ့ သူတို့ကို လက်ဆောင်တွေ ပေးလိုက်ပါ။"
"အားလုံးကိုလား ခင်ဗျာ"
"ဟုတ်တယ်၊ အားလုံးကို။"
"နားလည်ပါပြီ။"
ဤလျှို့ဝှက်နယ်မြေမှာ အရင်ကနှစ်ကြိမ်တိုင်တိုင် ပွင့်ခဲ့ဖူးပြီး ရတနာနှင့် အခွင့်အရေး အတော်များများ အလုခံခဲ့ရပြီး ဖြစ်သော်လည်း၊ အဆင့်နိမ့် ကျင့်ကြံသူများအတွက်မူ ၎င်းမှာ ကြီးမားသော ကံကောင်းမှုကြီး ဖြစ်နေဆဲပင်။ နတ်ဘုရားသန္ဓေအဆင့်အထွတ်အထိပ်ရှိသော နဂါးမျိုးနွယ် ပညာရှင်တစ်ဦး၏စုဆောင်းမှုထဲမှ အစအနလေးတစ်ခုပင်လျှင် အခြေခံကျင့်ကြံခြင်းအဆင့်ရှိသူများ သို့မဟုတ် ရွှေအမြုတေအဆင့်ကျင့်ကြံသူများအတွက် အံ့ဖွယ်များကို ဖန်တီးပေးနိုင်သည်။
အကယ်၍ ထိုကျင့်ကြံသူများ အသက်ရှင်လျက် ပြန်ထွက်လာပါက သူတို့၏အင်အားမှာ ခဏအတွင်း မြင့်တက်လာမည်မှာ မြင်သာလှသည်။
ထိုသူတို့ကို ရင်းနှီးမြှုပ်နှံခြင်းမှာ အလွန်ကောင်းမွန်သော အကျိုးအမြတ်များကို ပေးစွမ်းနိုင်သည်။
အမှန်စင်စစ် ပို၍ အရေးကြီးသော ကိစ္စတစ်ခု ရှိသေးသည်။
"ပြီးတော့ လူတစ်ယောက်ကိုလည်း သတိထားကြည့်ထားပေး။" ဝမ်မုက လက်ကိုမြှောက်ကာ လက်ချောင်းများကို လှည့်လိုက်ရာ ဝိညာဉ်စွမ်းအား အမျှင်တန်းလေးတစ်ခု ထွက်ပေါ်လာသည်။ လီယွမ်ဟွာက ၎င်းကို လက်ခံယူကာ အာရုံခံကြည့်လိုက်ရာ ကျင့်ကြံမှုအဆင့် နိမ့်ပါးသော လူသားကျင့်ကြံသူတစ်ဦး၏ အငွေ့အသက် ဖြစ်ကြောင်း အတည်ပြုလိုက်သည်။
"အကယ်၍ သူ ထွက်လာတာကို မြင်ရင် ဒီသိုလှောင်အိတ်ကို သူ့လက်ထဲ ထည့်ပေးလိုက်ပါ။"
ဝမ်မုက အိတ်အလွတ်တစ်ခုကို ထုတ်ယူကာ ပစ္စည်းများ စတင်ဖြည့်တော့သည်။ ပင်လယ်ငြိမ်နဂါးပုလဲနှစ်လုံး၊ အရေးကြီးသော အချိန်တွင် အသက်ကယ်ပေးနိုင်သည့် နိဗ္ဗာန်ဆေးလုံးနှစ်ပုလင်း ထို့နောက် ဝိညာဉ်စွမ်းအားများ ပြည့်နှက်နေပြီး တောင်ပုံရာပုံရှိသော အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတစ်ရာကျော်။
"သခင်လေး... ဒီလူက ဘယ်သူမို့လို့လဲ ခင်ဗျာ" လီယွမ်ဟွာ၏မျက်လုံးများမှာ ပြူးထွက်မတတ် ဖြစ်သွားကာ နားမလည်နိုင်စွာ မေးလိုက်သည်။
"မင်း သိစရာမလိုပါဘူး။ ပစ္စည်းတွေကို သူ့လက်ထဲ ရောက်အောင်ပေးလိုက်ရုံပဲ။ အကယ်၍ သူက ဘာကြောင့်လဲလို့ မေးရင် ဒါမှမဟုတ် ငြင်းဆန်ရင် သူ့ကို ပြောလိုက်ပါ... ငါတို့အတွက် အချိန်သိပ်မကျန်တော့ဘူးလို့။" ဝမ်မုက အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ"
"မှတ်ထားပါ၊ သူ့လက်ထဲ တိုက်ရိုက်ရောက်အောင် ပေးရမယ်၊ သူ လက်ခံတာကိုလည်း မင်းကိုယ်တိုင် စောင့်ကြည့်ရမယ်။"
"နားလည်ပါပြီ။ ဒီအဖိုးကြီးကိုယ်တိုင် သေချာ ကိုင်တွယ်ပါ့မယ်။" ဝမ်မု၏ တည်ကြည်သော မျက်နှာကို မြင်သောအခါ လီယွမ်ဟွာကလည်း အသက်ပြင်းပြင်းရှူကာ အလေးအနက် ပြန်ပြောလိုက်သည်။
"ကောင်းပြီ။"
ဝမ်မုသည် အရင်းအနှီးနည်းနည်းဖြင့် အကျိုးအမြတ်များများရမည့် ရင်းနှီးမြှုပ်နှံမှု မူဝါဒကို ချမှတ်ထားသော်လည်း ကံကြမ္မာသားတော်နှင့်တိုးမိပါက ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။ အကျိုးအမြတ် ပြန်ရမှုမှာ အလွန်မြင့်မားလွန်းသောကြောင့် ဖြစ်သည်။
လက်ရှိတွင် သူသည် နန်းနန်းလေး၏ ရင်းနှီးမြှုပ်နှံမှု အမှတ်ကိုအပြည့်ရထားပြီး ဖြစ်သည်။ အကယ်၍ လင်းယန်၏ အမှတ်ကိုပါ အပြည့် ရရှိနိုင်ခဲ့ပါက ကံကောင်းခြင်း လက်ဆောင်ရထားသူနှစ်ဦး၏ကျင့်ကြံမှု ပြန်လည်ပေးဆပ်မှုနှင့် ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော ကျင့်ကြံသူများ၏ ပေးဆပ်မှုတို့ ပေါင်းစပ်လိုက်လျှင် သူ စိတ်အေးနိုင်မည် ဖြစ်သည်။ အနာဂတ်တွင် ကံကြမ္မာသားတော်ရွေးချယ်ခံရသူအချို့က သူ့ကိုလာရောက် ကဲ့ရဲ့တိုက်ခိုက်လျှင်ပင် သူပြန်လည် တိုက်ခိုက်နိုင်စွမ်း ရှိမည် ဖြစ်သည်။
လျှို့ဝှက်နယ်မြေမည်မျှကြာကြာ ပွင့်နေမည်ကို မည်သူမျှ မသိချေ။ နှစ်လ သုံးလ ကြာတတ်သည်မှာ ထုံးစံပင်။ ဝမ်မုအနေဖြင့် ထိုနေရာတွင် ထိုင်စောင့်နေ၍မရပေ။ ရင်းနှီးမြှုပ်နှံမှုများအတွက် စီစဉ်ပြီးနောက် သူသည် ရွှေရောင်ခြင်္သေ့ကို စီးကာ ထျန်ကျွယ်ကျွန်းရှိ ဖောင်ဒေးရှင်း ဌာနချုပ်သို့ ပြန်လာခဲ့သည်။
"သခင်လေးအပြင်ဘက် ကျွန်းပေါင်း တစ်ရာမှာရှိတဲ့ ပထမအသုတ်နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်တွေ ပြီးသွားပါပြီ။ အခု ဒုတိယအသုတ်အတွက် ပြင်ဆင်နေပါတယ်..."
တင်းတင်းသည် ယနေ့တွင် သူမ၏ခန္ဓာကိုယ် အလှကို ပေါ်လွင်စေသော ဝတ်စုံကို ပြောင်းဝတ်ထားသည်။ သူမသည် ဝမ်မု၏ညာဘက်တွင် ရပ်ကာ မျက်နှာတွင် အနည်းငယ် တွန့်ဆုတ်နေဟန် ရှိသည်။
ဝမ်မုက ပြုံး၍ "ဆက်ပြောပါ" ဟု ဆိုလိုက်သည်။
တင်းတင်းက "ဖောင်ဒေးရှင်းရဲ့ရန်ပုံငွေက နည်းနည်းနည်းလာလို့ပါ။ နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်ရဲ့ တိုးချဲ့မှုနှုန်းကို နည်းနည်း လျှော့ချဖို့ လိုအပ်နိုင်ပါတယ်" ဟု တင်ပြသည်။
ဝမ်မု ချမှတ်ထားသော ဒုတိယအသုတ် ကျွန်းအရေအတွက်မှာ တစ်ထောင်ကျော် ဖြစ်သည်။
ထိုကျွန်းများသည် အပြင်ဘက်တွင်ရှိသဖြင့် ထျန်ကျွယ်ကျွန်းကဲ့သို့ အရင်းအနှီး အများကြီး မလိုသော်လည်း အရေအတွက် များပြားလွန်းသဖြင့် ကုန်ကျစရိတ်မှာအလွန်ပင်များလှသည်။
လတ်တလောတွင် လန်ယာဖောင်ဒေးရှင်း၏ နာမည်ကြောင့် ကုန်သည်အဖွဲ့၏ဝင်ငွေ တိုးလာသော်လည်း ထိုဝင်ငွေ၏တစ်ရာခိုင်နှုန်းဖြင့် ကျွန်းပေါင်း တစ်ထောင်တွင် ပွဲကျင်းပရန်မှာ မလုံလောက်ချေ။
"နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်ကို ရပ်တန့်လို့ မရဘူး" ဟု ဝမ်မုက ပြတ်ပြတ်သားသား ပြောလိုက်သည်။
၎င်းမှာ သူ၏အခြေခံပင်။ တစ်ကြိမ်မျှ နှေးကွေးသွားပါက သူ၏ ကျင့်ကြံမှု အရှိန်မှာလည်း ထိခိုက်သွားမည် ဖြစ်သည်။
တင်းတင်းက သူမ၏နှုတ်ခမ်းလေးကို လျက်ကာ အကြံပေးသည် "ဒါဆိုရင် ကုန်သည်အဖွဲ့ထဲက ရန်ပုံငွေတွေကို ဖောင်ဒေးရှင်းထဲ လွှဲပြောင်းဖို့ စဉ်းစားမလား "
ဝမ်မု၏အဆင့်အတန်းဖြင့် ဖောင်ဒေးရှင်း လည်ပတ်ရန် ကုန်သည်အဖွဲ့ထဲမှ ပိုက်ဆံ ထုတ်ယူရန်မှာ မခက်ခဲပေ။ သို့သော် ဝမ်မုတွင် ထိုသို့လုပ်ရန် အစီအစဉ် မရှိသေးချေ။ တစ်ရာခိုင်နှုန်း ဆိုသည်မှာ သူ သေချာတွက်ချက်ထားသည့် အချိုးအစား ဖြစ်သည်။ ၎င်းမှာ အဖွဲ့အစည်း၏ အမြတ်ဝေစုကို မထိခိုက်စေဘဲ အကောင်းဆုံး လည်ပတ်နိုင်သည့် အချိုးဖြစ်သည်။
ထိုအချိုးကို ကျော်လွန်သွားပါက ကုန်သည်အဖွဲ့၏လည်ပတ်မှုမှာ အဆိုးဘက်သို့ ကျရောက်သွားနိုင်သည်။
ရေတိုတွင် သူ၏အဆင့်အတန်းကြောင့် မည်သူမျှ မပြောရဲသော်လည်း၊ ရေရှည်တွင်မူ မည်သူ သိနိုင်ပါ့မည်နည်း သူ့အဖွား နာလန်ရုံယွမ်က အခြေအနေကို ထိန်းနိုင်သော်လည်း ဝမ်မု အနေဖြင့် သူ့ကြောင့်အဖွားကို ကွယ်ရာတွင် အပြစ်တင်ခံရမည့် အခြေအနေမျိုး မဖြစ်စေချင်ပေ။
"နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်ကို မရပ်ဘူး၊ စီစဉ်ထားတဲ့အတိုင်း ဆက်တိုးချဲ့ပါ။ ပိုက်ဆံကိစ္စကိုတော့ ငါ နည်းလမ်းရှာပါ့မယ်" ဟု ဝမ်မုက အေးဆေးစွာ ပြောလိုက်သည်။
တင်းတင်းက အမိန့်ကို ရိုသေစွာ ခံယူလိုက်သည်။
ဝမ်မုသည် စားပွဲပေါ်ရှိစာရွက်ပုံကြီးထဲမှ တစ်ရွက်ကို ဆွဲထုတ်ကာ သူ၏လက်စွပ်ထဲ ထည့်လိုက်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
"ပြင်ဆင်ထားကြ။ ငါတို့ မြောက်ပိုင်းအမှောင်ထု သန့်စင်ရာမြေကို သွားမယ်"
ကျူးရှန်းကျွန်း။
၎င်းသည် မြောက်ပင်လယ်၏အဓိက ကျွန်း ၃၆ ကျွန်းထဲတွင် ပါဝင်သည်။ ထိုမြောက်ပင်၏ပင်လယ်အောက်တွင် မီးတောင်ရှိပြီး မြေအောက်မီး၏စွမ်းအင်နှင့် ဝိညာဉ်ကြောမှာ အံ့မခန်းပင်ဖြစ်သည်။ မြောက်ပိုင်းအမှောင်ထု သန့်စင်ရာမြေ၏အစီအရင်များဖြင့် ပေါင်းစပ်လိုက်သောအခါ ဆေးဖော်စပ်ခြင်း သို့မဟုတ် လက်နက်ဖန်တီးခြင်းအတွက် အမြင့်မြတ်ဆုံး နေရာတစ်ခု ဖြစ်လာသည်။
ကျွန်းကိုနှစ်ပိုင်းခွဲထားပြီး တောင်ဘက်ပိုင်းသည် လက်နက်ဖန်တီးမှုနန်းဆောင် ဖြစ်ပြီး မြောက်ဘက်ပိုင်းမှာ ဆေးဖော်စပ်မှု နန်းဆောင် ဖြစ်သည်။ ဆေးဖော်စပ်မှု နန်းဆောင်၏ အကြီးအကဲများနှင့် ဝါရင့်ပညာရှင်များသာ ဤကျွန်းတွင် အမြဲတမ်းနေထိုင်ခွင့် ရှိသည်။ တပည့်များထဲတွင်လည်း ထူးချွန်သော အမွေခံတပည့်များသာ သတ်မှတ်ထားသော အချိန်ကာလအတွင်း လာရောက် ကျင့်ကြံခွင့် ရကြသည်။
ဝုန်း—
ရွှေရောင်ခြင်္သေ့၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ကျွန်းပေါ်သို့ ဆင်းသက်လိုက်သည်နှင့် လူအများ၏ အာရုံကို ဖမ်းစားလိုက်သည်။
"ဟူး... သခင်လေးဝမ်ရောက်လာပြန်ပြီ"
"သူ ဘာလို့ထပ်လာတာလဲ?ယ ဒီတစ်ခါ ဘယ်ဘက်ကို ဒုက္ခပေးဦးမှာလဲ"
"ကျေးဇူးပြုပြီး ငါတို့ ဆေးဖော်စပ်မှု နန်းဆောင်ကိုတော့ မလာပါစေနဲ့ ငါတို့ ခက်ခက်ခဲခဲ ဖော်စပ်ထားတဲ့ အဆင့် ၅ ဆေးလုံးတွေကို သူလာဖျက်ဆီးမှာ ကြောက်လို့ပါ"
ဝမ်မု ကျွန်းပေါ်တွင် လမ်းလျှောက်သွားစဉ် သူ့ကို မြင်သမျှ သန့်စင်ရာမြေမှ တပည့်များသည် ကူးစက်ရောဂါသည်ကို မြင်ရသလို ထိတ်လန့်တကြား ထွက်ပြေးကုန်ကြသည်။ ဝမ်မု အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားမိသည်။
သန့်စင်ရာမြေမှ တပည့်များသည် လောကီရေးရာများကို စိတ်မဝင်စားဘဲ ကျင့်ကြံခြင်းအပေါ်မှာသာ အာရုံစိုက်သူများ ဖြစ်ကြသည်။ သူတို့၏ စိတ်ထဲတွင် ဝမ်မု၏ပုံရိပ်မှာ ယခင်ဝမ်မုအဟောင်း ချန်ထားခဲ့သော ပုံရိပ်ဆိုးကြီးသာရှိနေဆဲ ဖြစ်သည်။