အခန်း (၅၄) မမျှော်လင့်ထားသော အံ့သြစရာ
ထိုအသံသည်ပင်လယ်ပြင်ရှိ လေပြင်းနှင့် လှိုင်းသံများကိုပင် လွှမ်းမိုးသွားသည်။
ကျင့်ကြံသူအားလုံးသည် တစ်ခဏချင်းမှာပင် ထူးဆန်းစွာ တိတ်ဆိတ်သွားကြပြီး သူတို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပေါ်လာသည်။
နေပါဦး၊ ဘာလဲ ဒီလိုကောင်းတဲ့အရာမျိုး တကယ်ရှိလို့လား ဒါက ယုံရခက်လွန်းနေတာ မဟုတ်ဘူးလား။
"ဝမ်မိသားစုသခင်လေးလား လန်ယာဖောင်ဒေးရှင်းက အဲဒီလန်ယာသခင်လေးလား"
"သူပဲပေါ့။ ငါကြားဖူးတယ်၊ သူက ကုန်သည်အဖွဲ့ကြီး ၄ခုကတောင် အသိအမှတ်ပြုရတဲ့ မြောက်ပိုင်းဒေသရဲ့အကြီးမားဆုံး အလှူရှင်ကြီးလေ။
နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်ကို လုပ်ခဲ့တာလည်း သူပဲ"
"ဒါပေမဲ့ ငါကြားတာတော့ သူက မြောက်ပိုင်းဒေသရဲ့ နံပါတ်တစ် လူရှုပ်လူပွေဆို မကောင်းတာတွေပဲ လုပ်နေတာဆို"
"အဲဒါတွေက ရှေးဟောင်းနှောင်းဖြစ်တွေ ဖြစ်ကုန်ပြီ"
"ငါ့ဝမ်းကွဲအစ်ကိုရဲ့ တပည့်တစ်ယောက်ဆိုရင် လန်ယာဖောင်ဒေးရှင်းဆီကနေ အကူအညီ ရဖူးတယ်လေ။ သူပြောတာတော့ ဝမ်မိသားစု သခင်လေးဟာ ကမ္ဘာပေါ်မှာ အကြင်နာဆုံး အလှူရှင်ကြီးတဲ့..."
"မထူးဆန်းတော့ပါဘူး၊ ဒါက သူလုပ်မယ့် အလုပ်မျိုးပဲ"
ကျင့်ကြံသူများသည် သတိပြန်ဝင်လာကြပြီး အလွန်ပင် စိတ်လှုပ်ရှားသွားကြကာ သူတို့၏ မျက်နှာများမှာ ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေသည်။ ခံ့ညားထည်ဝါလှသော ဝိညာဉ်အသွင်ပြောင်းအဆင့်ပညာရှင်တစ်ဦးက ကျင့်ကြံခြင်းအဆင့်နိမ့်ပါးလှသော သူတို့အတွက် လမ်းဖွင့်ပေးသည်ဆိုသည်မှာ အိမ်မက်ထဲတွင်ပင် မဖြစ်နိုင်သည့် အရာမျိုး ဖြစ်သည်။ ယခုမူ ထိုအရာက သူတို့၏ မျက်စိရှေ့တွင် တကယ်ဖြစ်ပျက်နေပြီ ဖြစ်သည်။
"သခင်လေးကို ကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်ပါတယ် သခင်လေး"
လူတိုင်းက တညီတညွတ်တည်း အော်ဟစ်ကျေးဇူးတင်ရင်း ကျွန်းပေါ်သို့ စိတ်မရှည်စွာ တက်လှမ်းခဲ့ကြသည်။ ထို့နောက်တွင် သူတို့ တစ်ခုကို ရှာတွေ့လိုက်ကြသည်။
လျှို့ဝှက်ဂူဗိမာန်၏အဝင်ဝတွင် ဖောင်ဒေးရှင်း၏ အဖြူရောင် ဝတ်စုံဝတ်ထားသူများက ဆိုင်ခန်းများ ဖွင့်ကာ စောင့်ဆိုင်းနေကြသည်။ ဆိုင်ခန်းများပေါ်တွင် လိပ်စာစာလိပ်ပုံကြီးများ ရှိနေသည်။
"ဒါက ဘာလဲ" ကျင့်ကြံသူတစ်ဦးက စပ်စုလိုစိတ်ဖြင့် လျှောက်သွားကာ မေးလိုက်သည်။
"နဂါးဂူရတနာမြေပုံပါ ဒီလျှို့ဝှက်နယ်မြေထဲမှာရှိတဲ့ စက်ယန္တရားတွေ၊ ရတနာသိုက်တွေနဲ့ အန္တရာယ်ရှိတဲ့ နေရာတွေကို မှတ်တမ်းတင်ထားတာပါ။ အပြည့်အစုံ မဟုတ်ပေမဲ့ အနည်းဆုံး ၈၀ ရာခိုင်နှုန်းတော့ မှန်ကန်ပါတယ်" ဟု ဖောင်ဒေးရှင်းမှ အမျိုးသမီးတစ်ဦးက ယဉ်ကျေးစွာ ပြုံး၍ ပြောလိုက်သည်။
ရှူး—
ထိုစကားကို ကြားသည်နှင့် လူအုပ်ကြီးထံမှ အသက်ရှူသံပြင်းပြင်းများ ထွက်ပေါ်လာသည်။
လူတိုင်းသိကြသည့်အတိုင်း မသိနားမလည်သော နေရာကို စူးစမ်းရှာဖွေခြင်းဆိုသည်မှာ အန္တရာယ်ကြားတွင် အခွင့်အရေးကို လောင်းကြေးထပ်ရခြင်း ဖြစ်သည်။ ရတနာရှာတွေ့ပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူများထက်၊ ထိုနေရာတွင် ထာဝရကျန်ရစ်ခဲ့ရသူများက ပို၍များပြားလှသည်။ ကမ္ဘာပေါ်ရှိ ရတနာသိုက်တိုင်းသည် အရိုးများစွာအပေါ်တွင် တည်ဆောက်ထားခြင်း မဟုတ်ပါလား။
သို့သော် အကယ်၍လက်ထဲတွင် ရတနာမြေပုံရှိပါက အသက်ရှင်နိုင်ခြေမှာ များစွာ မြင့်မားသွားမည် ဖြစ်သည်။ ရတနာ မရလျှင်ပင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်လျှင် တော်သေးသည် မဟုတ်ပါလား အသက်ရှင်နေဖို့က အရေးကြီးဆုံးပဲ။
"ဝိညာဉ်ကျောက်တုံး ဘယ်လောက်လဲ" ကျင့်ကြံသူတစ်ဦးက နှုတ်ခမ်းကို လျက်ရင်း တုန်တုန်ရင်ရင် မေးလိုက်သည်။
"ဝိညာဉ်ကျောက်တုံး မလိုပါဘူး" ဖောင်ဒေးရှင်း ဝန်ထမ်းမလေးက ခေါင်းခါပြုံးပြလိုက်သည်။
"ကျွန်မတို့ သခင်လေးက ပြောပါတယ်... လျှို့ဝှက်နယ်မြေထဲကို စွန့်စားဝင်ရောက်ရဲသူတွေဟာ လူသားမျိုးနွယ်ရဲ့သတ္တိရှိတဲ့ ထူးချွန်သူတွေဖြစ်ပြီး လူသားမျိုးနွယ်ရဲ့ အနာဂတ် မျှော်လင့်ချက်တွေပါတဲ့... ဒီမြေပုံက အားလုံးအတွက် လက်ဆောင်ပါ။ ဘာပဲရရ၊ မရရ အားလုံး ဘေးကင်းကင်း ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် ဘယ်သူပဲ အသက်ပေးလိုက်ရပါစေ၊ အဲဒါဟာ လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပဲလို့ သူက ဆိုပါတယ်"
ထိုစကားကို ကြားသောအခါ လူတိုင်းမှာ စိတ်လှုပ်ရှားသွားကြသည်။
လူသားမျိုးနွယ်ရဲ့ ထူးချွန်သူတွေ
အနာဂတ် မျှော်လင့်ချက်တွေ
ဘယ်သူလဲ ငါလား
ဒီမှာ ရှိနေတဲ့သူတွေဟာ ကျင့်ကြံခြင်းလောကရဲ့ အနိမ့်ဆုံးအဆင့်မှာရှိတဲ့ ကျင့်ကြံသူတွေသာ ဖြစ်ကြသည်။ သူတို့သည် ပညာရှင်ကြီးများ၏ မောက်မာမှုနှင့် သူစိမ်းများ၏ ရက်စက်မှုများကိုသာ ယဉ်ပါးနေခဲ့သူများ ဖြစ်သည်။ ဤနေရာကို လာကတည်းက ပြန်မလာရတော့ဘူးဟု ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ ကျင့်ကြံလာခဲ့သည့် နှစ်တစ်လျှောက်လုံးတွင် သူတို့ကိုလူသားမျိုးနွယ်ရဲ့ မျှော်လင့်ချက်ဟု သတ်မှတ်ပေးသူ၊ သူတို့ ဆုံးရှုံးသွားမှာကို နှမြောပေးသူ တစ်ယောက်မှ မရှိခဲ့ဖူးချေ။
ထိုစကားလုံးများက သူတို့ကို ကြောင်အမ်းအမ်း ဖြစ်သွားစေသည်။ လက်တွေ့မဟုတ်ဘဲ အိပ်မက်ထဲ ရောက်နေသလိုမျိုး ခံစားလိုက်ရသည်။ ဖောင်ဒေးရှင်းမှ လူများက သူတို့၏ လက်ထဲသို့ လတ်လတ်ဆတ်ဆတ် ရတနာမြေပုံများ ထည့်ပေးလိုက်သည့် အခါမှသာ ဤအရာအားလုံးမှာ... တကယ်ဖြစ်ပျက်နေခြင်း ဖြစ်ကြောင်း သူတို့ ယုံကြည်သွားကြတော့သည်။
"ဆရာ ဒါ... ဒါက တကယ်ပဲလား" လင်းယန်သည် သူ၏ လက်ထဲမှ မြေပုံကိုကြည့်ကာ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
"ဆရာကိုယ်တိုင်လည်း ဒီဂူဗိမာန်ထဲ မဝင်ဖူးတော့ အတိအကျ မပြောနိုင်ဘူး" တန်းရွှမ်က ခေါင်းခါရင်း ဆက်ပြောသည် "ဒါပေမဲ့ ဝမ်မိသားစု သခင်လေးရဲ့အဆင့်အတန်းနဲ့ဆိုရင် ဒီလိုအဆင့်ရှိတဲ့ လျှို့ဝှက်နယ်မြေမှာ မင်းတို့ကို လိမ်ညာလှည့်ဖြားနေဖို့ အကြောင်းမရှိဘူး။ အဲဒါက သူ့အတွက် ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး"
လင်းယန်၏မျက်နှာမှာ ရှုပ်ထွေးသွားသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ဖောင်ဒေးရှင်းအကြောင်း နာမည်ကြီးနေစဉ် သူသည် နဂါးနယ်မြေဟောင်းထဲတွင် ပိတ်မိနေခဲ့သည်။ ထွက်လာပြီးနောက် ဖောင်ဒေးရှင်း၏လုပ်ရပ်များကို ကြားရသောအခါ အံ့ဩမိသော်လည်း သူတစ်ပါးစကားသာ ဖြစ်သဖြင့် ခံစားချက် သိပ်မပြင်းထန်ခဲ့ပေ။ သို့သော် ယခုမူ မြေပုံက သူ၏လက်ထဲတွင် ရှိနေပြီ ဖြစ်သည်။
သူက... မကြာခင် ရောက်လာတော့မယ့် ကပ်ဘေးကြီးအတွက် ကြိုးစားပြင်ဆင်နေတာလား။
သူ၏စိတ်ထဲတွင် ထိုနေ့က ဝမ်မုနှင့် သူ ပြောခဲ့သော စကားများ ပြန်လည် ပေါ်လာသည် -
"ညီအစ်ကိုလင်း၊ ငါတို့ကမ္ဘာကြီးက မကြာခင်မှာ ပျက်စီးစေမယ့် ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ရတော့မယ်..."
"ငါ မင်းအပေါ် လုပ်ခဲ့သမျှ အရာအားလုံးက မင်းကောင်းဖို့အတွက်ပဲ..."
"... ညီအစ်ကိုလင်း၊ မင်းက ဒီကမ္ဘာကြီးရဲ့ အနာဂတ်ကို ပခုံးထမ်းထားရသူပဲ... ငါ နာမည်ဆိုး အဖတ်တင်ရင်တောင်... ငါ တွန့်ဆုတ်နေမှာ မဟုတ်ဘူး"
အတိတ်က အဖြစ်အပျက်များကို ပြန်တွေးကြည့်ပြီး ဝမ်မု၏မကြာသေးမီက လုပ်ရပ်များနှင့် ယှဉ်ကြည့်သောအခါ၊ လင်းယန်သည် ဝမ်မု ပြောခဲ့သည့် စကားများကို အရင်ကထက် ပို၍ ယုံကြည်လာမိသည်။
"ဆရာ" လင်းယန်က ခါးသက်သက် ပြုံးရင်း ပြောလိုက်သည် - "အကယ်၍ ဝမ်မုက ကျွန်တော့်ကို တကယ် မလိမ်ခဲ့ဘူးဆိုရင် ကျွန်တော် ဘာမှမပြောဘဲ ထွက်လာခဲ့တာက သူ့အပေါ် အရမ်းလွန်ရာ မကျဘူးလား"
တန်းရွှမ်က နှစ်သိမ့်လိုက်သည် - "အများကြီး မတွေးပါနဲ့။ အဲဒီအချိန်က အခြေအနေအရ မင်းမှာ ရွေးချယ်စရာ မရှိခဲ့ဘူး တကယ်လို့ အမှန်တရား ပေါ်လာတဲ့နေ့ကျရင် သူ့ကိုသေချာတောင်းပန်လိုက်ပေါ့။ သူက တကယ်ပဲ မင်းအတွက် စေတနာထားတာဆိုရင် မင်းရဲ့ ဆုံးဖြတ်ချက်ကို သူ နားလည်ပေးနိုင်ပါလိမ့်မယ်"
လင်းယန် ခေါင်းညိတ်လိုက်ပြီး မြေပုံကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ ရုတ်တရက် သူ တစ်ခု သတိထားမိသွားသည် - "ဒါနဲ့ ဆရာ ဒီမြေပုံမှာ စက်ယန္တရားတွေနဲ့ ရတနာသိုက်တွေကို အသေးစိတ် ပြထားပေမဲ့၊ အဲဒီ နဂါးပျံရဲ့ အလောင်း ရှိတဲ့နေရာကိုတော့ ဘာမှ ပြမထားဘူး"
တန်းရွှမ်က ပြောသည် - "မလောပါနဲ့ ခုနက ကောင်မလေးပြောသွားတယ် မဟုတ်လား ဒီမြေပုံက ၈၀ ရာခိုင်နှုန်းပဲပြည့်စုံတာလို့... အရင်က ဝင်ဖူးတဲ့သူတွေရဲ့မှတ်တမ်းကို ယူထားတာ ဖြစ်ရမယ်။ ဒါက ကောင်းတဲ့အချက်ပဲ။ အကယ်၍ နဂါးပျံရဲ့ အနှစ်သာရသွေးသာ တစ်ယောက်ယောက် ရှာတွေ့ထားပြီးသား ဆိုရင် မင်းအတွက် ဘယ်မှာ အခွင့်အရေး ကျန်တော့မှာလဲ"
လင်းယန် ခေါင်းညိတ်လိုက်သည်။ "မှန်ပါတယ် ဆရာ။" ထို့နောက် သူသည် အတွေးများကို ရပ်တန့်ကာ လျှို့ဝှက်နယ်မြေ အဝင်ဝသို့ အမြန် လျှောက်လှမ်းသွားတော့သည်။
"သူ ဒီမှာ ပေါ်လာတာပဲ။"
ဝမ်မုသည် အကြည့်ကို လွှဲလိုက်ပြီး အနည်းငယ် အံ့ဩသွားသည်။ လင်းယန် ထွက်ပြေးသွားသည်မှာ အတော်ကြာပြီ ဖြစ်သဖြင့် မြောက်ပင်လယ်နယ်မြေမှ ထွက်သွားလောက်ပြီဟု သူ ထင်ထားခဲ့သော်လည်း... မထင်မှတ်ဘဲ သူက စွန့်စားရှာဖွေဖို့ ရောက်လာခဲ့သည်။
ကံကြမ္မာသားတော်ဆိုတော့ တကယ်ပဲ သတ္တိရှိတာပဲ။
ဝမ်မုသည် လင်းယန်ကိုပြန်လည် ထိန်းချုပ်ရန် မစဉ်းစားတော့ပေ အဘယ်ကြောင့်ဆိုသော် စွန့်စားရမှုက ကြီးမားလွန်းသောကြောင့် ဖြစ်သည်။
ထို့ပြင် ခက်ခက်ခဲခဲ တည်ဆောက်ထားသည့် ယုံကြည်မှုမှာလည်း ပျက်စီးသွားနိုင်သည်။ သူ သွားချင်ရင် သွားပါစေ။
သို့သော်လည်း အဓိကဇာတ်လိုက်ပေါ်လာသည့် နေရာမျိုးတွင် ကောင်းသည့်အရာများ ရှိတတ်စမြဲ ဖြစ်သည်။ လီယွမ်ဟွာ ပြောပြချက်အရ ဤနေရာကို အရင်က နှစ်ကြိမ်တိုင်တိုင် လူတွေ ဝင်မွှေထားပြီးသား ဖြစ်သဖြင့် ကောင်းသည့်အရာ ဘာမှ ကျန်တော့မှာ မဟုတ်ချေ။
"အဘိုးကြီးလီ၊ ဒီနေရာမှာ တကယ်ပဲ ကောင်းတာ ဘာမှ မကျန်တော့ဘူးဆိုတာ သေချာလား"
"အဲ... ပြောရမယ်ဆိုရင်တော့ အဲဒီ နဂါးယုတ်ရဲ့ အလောင်းကတော့ ပျက်ကျသွားကတည်းက ဘယ်သူမှ ရှာမတွေ့ခဲ့ပါဘူး အရင်က ဝင်တဲ့သူတွေလည်း နဂါးအကြေးခွံ တစ်ခုတောင် မတွေ့ခဲ့ရဘူး" ဟု လီယွမ်ဟွာက ပြန်ပြောသည်။
ထိုစကားကို ကြားသောအခါ ဝမ်မုကတော့ သေချာသွားပြီ ဖြစ်သည်။ သူများ ရှာမတွေ့သည့် အရာများသည် များသောအားဖြင့် ကံကြမ္မာသားတော်အတွက်သာ ကြိုတင်ပြင်ဆင်ထားသည့် အရာများ မဟုတ်ပါလား။
ဘာပဲဖြစ်ဖြစ် သူသည် လင်းယန်၏ ရင်းနှီးမြှုပ်နှံမှုအမှတ် ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ အကယ်၍ လင်းယန်သာ အထဲမှ အခွင့်အရေးများကို ရရှိပြီး အင်အား တိုးတက်လာခဲ့လျှင်... ဝမ်မုအတွက်လည်း လုံးဝ အကျိုးရှိမည် ဖြစ်သည်။
အင်း... ဒါကတော့ မမျှော်လင့်ထားတဲ့ အံ့သြစရာပဲ။