အခန်း (၅၃) - နက်ရှိုင်းသော ပင်လယ်နဂါးဂူ
"ဒါ... ဒါက ဘာကြီးလဲ"
ပင်လယ်ပြင်တစ်ခုလုံးမှာ ဖရိုဖရဲ ဖြစ်သွားသည်။
ဧရာမအနက်ရောင် အရိပ်ကြီးများသည် ပင်လယ်ကြမ်းပြင်မှ တစ်ခုပြီးတစ်ခု တက်လာကြသည်။ ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော နဂါးပျံများကဲ့သို့ ဟင်းလင်းပြင်ထဲတွင် အစွယ်တငေါငေါ၊ လက်သည်းတဖြဖြဖြင့် မယုံကြည်နိုင်လောက်အောင် ကြောက်စရာကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။
ထိုမရေတွက်နိုင်သော နဂါးရိပ်များ စုစည်းသွားပြီး အလျားပေတစ်ထောင်ကျော်ရှိသော ဧရာမ နဂါးကြီးကိုးကောင် ဖြစ်သွားသည်။ ၎င်းတို့သည် ပင်လယ်ပြင်ကို ခွဲထွက်ကာ ပေတစ်ထောင်ကျော် မြင့်သော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေလျက် ရေပြင်ပေါ်သို့ ပေါ်ထွက်လာကြသည်။
မရေတွက်နိုင်သော ရေမှုန်ရေမွှားများသည် ကောင်းကင်အမြင့်ဆုံးသို့ ပန်းထွက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော လေဆင်နှာမောင်းများနှင့် ရေတံခွန်ကြီးများကို ဖြစ်ပေါ်စေကာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော မြင်ကွင်းမှာ တကယ့်ကို ထူးခြားဆန်းပြားလှသည်။
နဂါးရိပ်ကိုးကောင်သည် ပင်လယ်ပြင်မှ ထွက်လာကြပြီး ၎င်းတို့၏ ဧရာမ ခန္ဓာကိုယ်ကြီးများသည် တုတ်ခိုင်သော အနက်ရောင် ကြိုးကြီးများအလား ဖြစ်နေကာ၊ ခန္ဓာကိုယ်၏ အခြားတစ်ဖက်မှာမူ ဧရာမ ကျွန်းကြီးတစ်ကျွန်းနှင့် ဆက်သွယ်ထားသည်။
ဝုန်း
ထိုကျွန်းကြီးမှာ ပင်လယ်ပြင်ကို ဖောက်ထွက်ကာ ပေါ်ထွက်လာတော့သည်။ မရေတွက်နိုင်သော ပင်လယ်ရေများမှာ ကျွန်းပေါ်မှ စီးကျလာပြီး လေထုကို တွန်းထုတ်ကာ လေပြင်းများ တိုက်ခတ်လာစေသည်။
"ဒါ... ဒဏ္ဍာရီထဲက နဂါးနက်သခင်ရဲ့ ဂူဗိမာန်လား" ကျင့်ကြံသူတစ်ဦးက ဧရာမကျွန်းကြီးကို ဆွဲလာသော နဂါးရိပ်ကိုးကောင်ကို ကြည့်ရင်း ဒဏ္ဍာရီတစ်ခုကို သတိရသွားကာ မျက်လုံးများ ပြူးသွားတော့သည်။
"လွန်ခဲ့တဲ့ နှစ်ခုနစ်ရာက ဒီပင်လယ်ပြင်ကို စိုးမိုးခဲ့တဲ့ နဂါးနက်သခင်လား"
"အတိအကျပဲ"
"ဒါက မိစ္ဆာအကြီးစားပဲ။ အဲဒီတုန်းက လူသားလောကမှာသောင်းကျန်းခဲ့လို့ ငါတို့လူသားမျိုးနွယ်ရဲ့ ဝိညာဉ်အသွင်ပြောင်းအဆင့်ပညာရှင်တစ်ယောက်က ဒီမှာပဲ သတ်ပစ်ခဲ့တာ... နှစ် ၁၀၀ ဒါမှမဟုတ် ၂၀၀ကြာတိုင်း သူ့ရဲ့ဂူဗိမန်က ကမ္ဘာပေါ်မှာ ပြန်ပေါ်လာတတ်တယ်။ အထဲမှာ သူတစ်သက်လုံး စုဆောင်းခဲ့သမျှတွေ ရှိသလို အမွေအနှစ်တွေတောင် ကျန်ခဲ့တယ်လို့ ပြောကြတယ်"
"မိစ္ဆာမျိုးနွယ်ရဲ့အမွေအနှစ်က ငါတို့လူသားကျင့်ကြံသူတွေအတွက်တော့ တန်ဖိုး သိပ်မရှိပါဘူး ဒါပေမဲ့ ဒီမိစ္ဆာကြီးက သူ့တစ်သက်မှာ လူသားပညာရှင်အများကြီးကို သတ်ခဲ့တာဆိုတော့ ရတနာတွေ အများကြီး ရှိမှာပဲ။ ပြီးတော့ နဂါးပျံမျိုးနွယ်တွေက နဂါးစစ်စစ်တွေလိုပဲ လောဘကြီးပြီး ရတနာစုရတာ ဝါသနာပါကြတယ်။ အထဲကိုသာ ဝင်ခွင့်ရရင်တော့..."
ဆွေးနွေးနေကြရင်း ကျင့်ကြံသူအများအပြား၏ မျက်လုံးများမှာ ရဲရဲတောက်လာကြသည်။
ကာကွယ်ရေးအစီအရင်များ မပြယ်သေးသော ကျွန်းကြီးကိုကြည့်ကာ သူတို့၏အသက်ရှူသံများမှာ မြန်လာသည်။ အခုချက်ချင်းပင် ပြေးဝင်ပြီး အကုန်လုယူချင်နေကြပြီ ဖြစ်သည်။
ကောင်းကင်အမြင့်ဆုံးနေရာတွင် လီယွမ်ဟွာက အောက်မှ မြင်ကွင်းကို ကြည့်ကာ ရိုသေစွာရှင်းပြနေသည် - "အဲဒီနဂါးယုတ်ရဲ့ကျင့်ကြံမှုက မသေခင်မှာ နတ်ဘုရားသန္ဓေအဆင့်ကိုးကြိမ်မြောက် အသွင်ပြောင်းခြင်း အထွတ်အထိပ်ပဲ ရှိပါသေးတယ်။ သူက သွေးမျိုးဆက် အားကောင်းတာရယ်၊ ထူးခြားတဲ့ ကျင့်စဉ်တစ်ခု ရထားတာရယ်၊ ပြီးတော့ မိစ္ဆာမျိုးနွယ်ရဲ့ခန္ဓာကိုယ်က အားကောင်းတာရယ်ကြောင့် လူသားတွေရဲ့ ဝိညာဉ်အသွင်ပြောင်းအဆင့် အစောပိုင်း ပညာရှင်တစ်ယောက်နဲ့ ယှဉ်တိုက်နိုင်တဲ့ အင်အား ရှိခဲ့တာပါ"
"ဒါဆို ဒါကနတ်ဘုရားသန္ဓေအဆင့် အထွတ်အထိပ် ဒါမှမဟုတ် ဝိညာဉ်အသွင်ပြောင်းအဆင့်ခြေတစ်လှမ်းအလိုက နဂါးပျံတစ်ကောင် ချန်ထားခဲ့တဲ့ အကြွင်းအကျန်ပေါ့" ဝမ်မုသည် ရွှေရောင်ခြင်္သေ့၏ ကျောပေါ်တွင် မှီလျက် အေးအေးလူလူ မေးလိုက်သည်။
"အတိအကျပါပဲ" လီယွမ်ဟွာက ခေါင်းညိတ်ကာ ပြောသည်။
"ပြီးတော့ ဒီအကြွင်းအကျန်က ပထမဆုံးအကြိမ် ပေါ်လာတာ မဟုတ်ပါဘူး။ နှစ်ခုနစ်ရာအတွင်းမှာ နှစ်ခါ ပေါ်ခဲ့ဖူးပြီးပြီ၊ အခုက တတိယအကြိမ်ပါ"
ဝမ်မုက ခေါင်းစောင်းကာ ပြောလိုက်သည် - "ဒါဆို အထဲမှာ တန်ဖိုးရှိတာ ဘာမှ ကျန်တော့မှာ မဟုတ်ဘူးပေါ့"
လီယွမ်ဟွာက ဖားသည့်အပြုံးဖြင့် - "သခင်လေးအတွက်ဆိုရင်တော့ ဒီနဂါးယုတ်တစ်သက်လုံး စုဆောင်းခဲ့သမျှတောင် ပြောပလောက်တာ မရှိပါဘူး၊ အခုလို အကြွင်းအကျန်ဆိုရင်တော့ ပိုတောင် ပြောစရာ မရှိပါဘူး။ ဒါပေမဲ့ အောက်က ကျင့်ကြံသူတွေ အတွက်တော့ အထဲဝင်ခွင့်ရရင် တကယ့်ကို ကံကောင်းမှုတွေ တွေ့နိုင်ပါတယ်"
ဝမ်မု ခေါင်းညိတ်လိုက်သည်။ ၎င်းမှာ အမှန်ပင်။ ဤလောကတွင် သူ စိတ်ဝင်စားလောက်သည့် လျှို့ဝှက်နယ်မြေ ဟူ၍ သိပ်မရှိချေ။ သာမန် မြေကမ္ဘာနတ်ဘုရားတစ်ဦး၏ လျှို့ဝှက်နယ်မြေပင် ထူးခြားသည့်အရာမပါလျှင် ဝမ်မု ရဖူးသည့် မွေးနေ့လက်ဆောင်များလောက် တန်ဖိုးမရှိနိုင်ချေ။ အနည်းဆုံးတော့ မဟာဧကရာဇ်တို့၏လျှို့ဝှက်နယ်မြေမျိုးမှသာ သူစိတ်ဝင်စားမည် ဖြစ်သည်။
ရုတ်တရက် ဝမ်မု တစ်ခုခုကို တွေးမိသွားကာ မေးစေ့ကို ပွတ်လိုက်သည် - "ဒီလျှို့ဝှက်နယ်မြေထဲက အခြေအနေကို မင်း ဘယ်လောက် သိလဲ"
လီယွမ်ဟွာက အတည်ပေါက် ဖြေသည် - "ဒီနေရာ အရင်နှစ်ခါပေါ်တုန်းက ကျွန်တော့်ရဲ့ လီမိသားစုက လူငယ်တွေ ဝင်ခဲ့ဖူးတော့ အခြေအနေကို တော်တော်လေး သိထားပါတယ်"
ထို့နောက် သူကရိပ်မိသွားပြီး မေးလိုက်သည် -"သခင်လေး အထဲဝင်ပြီး ကစားချင်လို့လား အခုချက်ချင်းပဲ လူတွေကို အဲဒီနေရာကနေ ဖယ်ခိုင်းလိုက်ပါ့မယ်"
ဝမ်မု၏နှုတ်ခမ်းမှာ အနည်းငယ် တွန့်သွားသည် "ပြန်လာခဲ့စမ်းပါ။ ဘာကို ဖယ်ခိုင်းမှာလဲ မင်းကို လုပ်ခိုင်းစရာ တခြားကိစ္စ ရှိသေးတယ်"
ပင်လယ်ပြင်ပေါ်မှ ဖြစ်ရပ်ဆန်းများမှာ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်သည်။ နတ်ဘုရားသန္ဓေအဆင့်အထွတ်အထိပ် နဂါးပျံတစ်ကောင်၏အင်အားကို လျှော့တွက်၍ မရပေ။ သူ သေဆုံးသွားသည်မှာ နှစ်ပေါင်းရာချီကြာပြီ ဖြစ်သော်လည်း ဤလျှို့ဝှက်နယ်မြေ၏ ကာကွယ်ရေး အစီအရင်မှာ အားကောင်းနေဆဲ ဖြစ်ကာ အပြင်မှ စိတ်လှုပ်ရှားနေသော ကျင့်ကြံသူများကို မြဲမြံစွာ တားဆီးထားသည်။
"ဒီပုံစံအတိုင်းဆိုရင် အစီအရင်ပျောက်သွားဖို့က အနည်းဆုံး နှစ်ရက် သုံးရက်တော့ စောင့်ရဦးမယ်"
"ဘယ်သူမဆို အတင်းဝင်ဖို့ ကြိုးစားရင်တော့ သေဖို့ပဲ ရှိတယ်"
လူအုပ်ကြီး၏ထောင့်တစ်နေရာတွင် ဝတ်ရုံစွပ်ထားသော အနက်ရောင်ဝတ် လူငယ်တစ်ဦးက တိတ်ဆိတ်စွာ ရပ်နေသည်။
ဆရာ ဒီနဂါးပျံက သေတာ နှစ်ခုနစ်ရာ ရှိပြီဆိုတော့ အထဲမှာ သူ့ရဲ့အနှစ်သာရသွေးကို ရှာတွေ့နိုင်ဦးမလား။ မင်းရဲ့ကံတရားကို စမ်းကြည့်သင့်တယ်။
သူ၏စိတ်ထဲတွင် အိုမင်းသော အသံတစ်ခုက ထွက်ပေါ်လာသည် - "မင်းလက်ထဲက ကောင်းကင်နဂါးအသွင်ပြောင်းကျင့်စဉ် က အားကောင်းတယ်။ အကယ်၍ နတ်ဘုရားသန္ဓေအဆင့်နဂါးပျံရဲ့ အနှစ်သာရသွေးကို ရပြီး သန့်စင်နိုင်ရင် မင်းရဲ့ခန္ဓာကိုယ် ချို့ယွင်းချက်တွေကို အပြည့်အဝ ကုသနိုင်လိမ့်မယ် ဒါက မင်းရဲ့ နောင်ကျင့်ကြံမှုအတွက်လည်း အကျိုးအမြတ် အများကြီး ရှိလိမ့်မယ်"
တန်းရွှမ်၏ အသံတွင် စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်။ သူ၏တပည့်ဖြစ်သူမှာ တကယ့်ကို ကံကောင်းလှသည်။ မကြာခင်ကပင် ပင်လယ်မိစ္ဆာများနှင့်လူသားများ တိုက်ပွဲတွင် ဝင်ကူညီရင်း ဒဏ်ရာအပြင်းအထန်ရကာ ပင်လယ်ကြမ်းပြင်သို့ နစ်မြုပ်သွားခဲ့သော်လည်း၊ ကံကောင်းထောက်မစွာဖြင့် ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခုထဲသို့ ရောက်သွားပြီး ရှေးဟောင်းနဂါးမျိုးနွယ်၏နယ်မြေ လျှို့ဝှက်နေရာတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ ထိုမှတစ်ဆင့် အစွမ်းထက်သော နတ်ဘုရားစွမ်းရည်တစ်ခုကို ရရှိခဲ့သည်။
ထိုနေရာမှ ထွက်လာပြီးနောက် ဤစွမ်းရည်ကို ကျင့်ကြံရန် နဂါးမျိုးနွယ်၏အနှစ်သာရသွေး လိုအပ်သည်ကို သိရသဖြင့် စိတ်ညစ်နေစဉ်မှာပင်၊ ဤနဂါးပျံဂူဗိမာန် ပေါ်ထွက်လာခြင်းနှင့် တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေ့ရခြင်း ဖြစ်သည်။
နားလည်ပါပြီ လင်းယန်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဆုံးဖြတ်ချက်ချလိုက်သည်။ သူ၏လက်ရှိကျင့်ကြံမှုဖြင့် နတ်ဘုရားသန္ဓေအဆင့်နဂါးပျံသွေးကို သန့်စင်ရန်မှာ သူ၏ အကန့်အသတ်ဖြစ်သလို အကောင်းဆုံး ရွေးချယ်မှုလည်းဖြစ်သည်။
လျှို့ဝှက်နယ်မြေရဲ့အစီအရင်ပျောက်ဖို့ ရက်နည်းနည်း စောင့်ရဦးမယ်။ အခုတော့ နားနေပြီး အင်အားစုဆောင်းထားလိုက်ဦးဟု တန်းရွှမ်က ပြောသည်။
ဟုတ်ကဲ့ပါ ဆရာ
ဝုန်း—
သူပြောပြီးသည်နှင့် ကောင်းကင်ယံမှ ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်း မော့ကြည့်လိုက်ကြရာ ကောင်းကင်တွင် အနက်ရောင်ဝတ် အဘိုးအိုတစ်ဦးက ဟင်းလင်းပြင်ထဲသို့ လက်ညှိုးထိုးလိုက်သည်ကို မြင်လိုက်ရသည်။ ဟင်းလင်းပြင်ထဲမှ လှိုင်းတစ်ခု ထွက်ပေါ်လာပြီး ကျွန်းပေါ်ရှိ စီရင်ထုံးကို အပြင်းအထန် ရိုက်ခတ်လိုက်သည်။
ဂျောက်—
ကျွန်းကြီးမှာ တုန်ခါသွားပြီးအစီအရင်မှာ ဝုန်းခနဲ ပေါက်ကွဲပျက်စီးသွားကာ ကောင်းကင်တစ်ခုလုံး အလင်းမှုန်များ မိုးရွာသလို ပင်လယ်ပြင်ပေါ်သို့ ကျဆင်းလာတော့သည်။ တစ်ခဏချင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ဒါ... ပညာရှင်တစ်ယောက်က အတင်းအဓမ္မ အင်အားသုံးပြီးအစီအရင်ကို ဖျက်ဆီးလိုက်တာလား။
နဂါးနက်သခင်ရဲ့အစီအရင်ကို ဒီလောက်လွယ်လွယ် ဖျက်နိုင်တာဆိုရင်... အဲဒီစီနီယာက ဝိညာဉ်အသွင်ပြောင်းအဆင့် ပညာရှင် ဖြစ်ရမယ်။
ကျင့်ကြံသူအားလုံးမှာ ခံစားချက်မျိုးစုံဖြင့် အပေါ်မှလူရိပ်ကို ကြောက်ရွံ့စွာ ကြည့်နေကြသည်။ ဤအဆင့်ရှိ ပညာရှင်တစ်ဦးက ဝင်ပါလာလျှင် ဤအကြွင်းအကျန်မှာ သူတို့နှင့် ဘာမှမဆိုင်တော့ဟု ထင်နေကြသည်။
သို့သော် နောက်တစ်ခဏတွင် သူတို့၏ နားထဲသို့ အသံတစ်သံ ကြားလိုက်ရသည်။
"ငါတို့ဝမ်မိသားစု သခင်လေးရဲ့ အမိန့်အရ... မင်းတို့ လူငယ်ထူးချွန်သူတွေအတွက် လမ်းကို ကြိုတင်ဖွင့်ပေးလိုက်တာပဲ။ မင်းတို့အားလုံး တစ်ခုခု ရရှိပြီး ဒီခရီးမှာ အောင်မြင်စွာ ပြန်လာနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်"