အခန်း (၅) ထိပ်တန်း ဝိညာဉ်မီးလျှံ အလကားပေးလိုက်ခြင်း
ဘေးဒုက္ခကြီး ဟုတ်လား
အလွန်အမင်း တည်ကြည်လေးနက်နေသော ဝမ်မု ကိုကြည့်ပြီး လင်းယန်က သံသယဖြင့် မေးလိုက်သည် - "သခင်လေး... အဲဒါက နည်းနည်းတော့ ကြောက်စရာကောင်းအောင် လျှောက်ပြောနေတာ မဟုတ်ဘူးလား"
ဝမ်မုက ခေါင်းခါလိုက်သည် - "ငါက ကြောက်စရာကောင်းအောင် လျှောက်ပြောနေတာ မဟုတ်ပါဘူး၊ ကောင်းကင်ဘုံက ငါ့ကို ကြိုတင်သတိပေးချက် ပေးထားလို့ပါ။"
"ညီအစ်ကိုလင်းလည်း ကြားဖူးမှာပေါ့၊ ငါက တားမြစ်နယ်မြေထဲမှာ မွေးခဲ့တာလေ။ ငါမွေးတဲ့အချိန်ကစပြီး တားမြစ်နယ်မြေရဲ့ ကျိန်စာစွမ်းအားက ငါ့ကိုယ်ထဲမှာ စွဲကပ်နေလို့ ကျင့်ကြံလို့မရခဲ့တာ။"
"ဒါပေမဲ့..."
"ဒီကျိန်စာကြောင့် ငါကျင့်ကြံလို့မရဘူးဆိုတာကိုပဲ လောကက သိထားကြတာ။ ဒါပေမဲ့ ဒီကျိန်စာက ငါ့ကို အထူးစွမ်းရည်တစ်ခု ပေးထားတယ်ဆိုတာကိုတော့ သူတို့မသိကြဘူး။ အဲဒါကတော့ 'အနာဂတ်ကို ကြိုမြင်နိုင်စွမ်း' ပဲ။"
"ဒီ ၁၈ နှစ်အတွင်းမှာ..."
"ငါ့ရဲ့အိပ်မက်တွေထဲမှာ အနာဂတ်ရဲ့အပိုင်းအစတွေကို ခဏခဏ မြင်ခဲ့ရတယ်။"
"ကြောက်မက်ဖွယ်ကောင်းတဲ့ ဘေးဒုက္ခကြီး ကျရောက်လာတာကို ငါမြင်ခဲ့တယ်။ တစ်လောကလုံး ပျက်စီးသွားပြီး ထာဝရရပ်တည်ခဲ့တဲ့ မိသားစုကြီးတွေနဲ့ သန့်စင်နယ်မြေတွေ တစ်ခုပြီးတစ်ခု ပြိုလဲသွားကြတယ်။"
"အစွမ်းထက်တဲ့ပညာရှင်တွေ အများကြီး စစ်မြေပြင်ကို ပြေးထွက်သွားကြပေမဲ့ ရန်သူရဲ့ လက်ဝှေ့ယမ်းလိုက်ရုံနဲ့ ပုရွက်ဆိတ်တွေလို အသတ်ခံရပြီး သွေးမိုးတွေ ရွာချခဲ့ရတယ်။"
"ဒေသကြီး ၅ ခုလုံးစစ်မီးတွေ လောင်ကျွမ်းနေတာကို ငါမြင်ခဲ့တယ်။ အိမ်ခြေ ၁၀ အိမ်မှာ ၉ အိမ်က အလောင်းတွေပဲကျန်တော့တယ်။ ငိုကြွေးသံတွေက မြေပြင်မှာ ပြည့်နှက်နေပြီး ကုဋေကုဋာမကတဲ့ အလောင်းတွေက စစ်မြေပြင်မှာ ပြန့်ကျဲနေတယ်။ စစ်တပ်တစ်ခုလုံး ချေမှုန်းခံရပြီး ပြိုင်ဘက်ကင်း မဟာဧကရာဇ် အနည်းငယ်ပဲ ခက်ခက်ခဲခဲ တောင့်ခံထားနိုင် တော့တယ်။"
"အဲဒီအချိန်မှာ မင်းလည်းပါတယ်၊ လင်းယန်"
"မင်းက အဲဒီသူတွေထဲက တစ်ယောက်ပဲ။ မင်းက အနာဂတ်ရဲ့ မှောင်မိုက်တဲ့စစ်မြေပြင်မှာ ကိုယ့်သွေးကို မီးအဖြစ်ပြောင်း၊ ကိုယ့်အရိုးကို လောင်စာအဖြစ်သုံးပြီး လူသားမျိုးနွယ်ရဲ့ နောက်ဆုံးမျှော်လင့်ချက် မီးစကို ကိုယ့်အသက်နဲ့ လောင်ကျွမ်းစေခဲ့တဲ့သူ... မီးလျှံဧကရာဇ် ပဲ"
လင်းယန်: ဘယ်သူလဲ ကျွန်တော်လား
မီးလျှံဧကရာဇ် ဟုတ်လား။ ဒါက တကယ်ပဲလား။ ဝမ်မုပြောတဲ့ စကားတွေထဲမှာ တုန်လှုပ်စရာ သတင်းအချက်အလက်တွေ အများကြီး ပါနေတာကြောင့် လင်းယန် တစ်ယောက် ခဏလောက် ကြောင်သွားမိသည်။
လင်းယန်: "အနာဂတ်မှာ ဘေးဒုက္ခကြီး ကျရောက်လာမယ်ဆိုတာ မင်းသေချာလို့လား"
ပေါက်ကွဲစရာ သတင်းပဲ။
ဝမ်မုက မျက်လုံးလှန်လိုက်သည်။ ပါရမီရှင်အမှိုက်ဖြစ်သွားသူ၊ ထူးကဲအရိုးအလုခံရသူ၊ တောရိုင်းသန့်စင်ခန္ဓာကိုယ်ပိုင်ရှင်... ဒီလောက်တောင် ဇာတ်လိုက်ကံနဲ့တစ်ပြိုင်တည်း ပေါ်လာတာပဲ။ အကယ်၍အနာဂတ်မှာအကျပ်အတည်းကြီးတစ်ခုသာ မရှိရင် ဇာတ်လမ်းက ဘယ်လိုရေးမလဲ ဇာတ်လိုက်တွေ အကုန်လုံးစုပြီး ဖဲထိုင်ရိုက်နေကြမှာလား။
သေချာပေါက် သူတို့အားလုံးဝိုင်းထုရမယ့် စူပါဗီလိန်ကြီး တစ်ယောက်တော့ ရှိမှာပေါ့။
ဒါ့အပြင်...
ငါက အနာဂတ်မှာဘေးဒုက္ခကျမယ်လို့ပဲ ပြောတာ၊ ဘယ်တော့လဲလို့ မပြောဘူးလေ။ အခုတော့ ဒီကောင့်ကို အရင်လိမ်ထားဦးမယ်။
"လုံးဝ သေချာတယ်။" ဝမ်မုက သက်ပြင်းချလိုက်သည် - "ညီအစ်ကို လင်း... ငါမြင်ခဲ့တဲ့ အနာဂတ် အပိုင်းအစထဲမှာ..."
"မီးလျှံဧကရာဇ်က လူသားမျိုးနွယ်ရဲ့ မျှော်လင့်ချက်မီးစကို သူ့အသက်နဲ့ လောင်ကျွမ်းစေပြီး ပြင်ပလောကက အစွမ်းထက်တဲ့ ရန်သူတွေကို သူနဲ့အတူ သေတွင်းထဲ ဆွဲခေါ်သွားခဲ့တယ်။ ကောင်းကင်ယံက သွေးမျက်ရည်တွေ ကျခဲ့ပြီး တစ်ကမ္ဘာလုံးက ဝမ်းနည်းပူဆွေးခဲ့ကြရ တယ်။"
"သူမသေခင်မှာ..."
"သူက နောင်တရသလို ပြောခဲ့သေးတယ်။ အကယ်၍ သူသာ ငယ်စဉ်ကသာယာမှုတွေထဲမှာ နစ်မွန်းမနေခဲ့ရင်၊ ဒါမှမဟုတ် အချစ်ရေးတွေမှာ ပိတ်မိပြီး တန်ဖိုးရှိတဲ့ အချိန်တွေကို မဖြုန်းတီးခဲ့ရင် နောက်ဆုံး တိုက်ပွဲမတိုင်ခင် သူ အခုထက် ပိုသန်မာနေမှာတဲ့။"
"အဲဒါဆိုရင် သူ့ရဲ့ မိဘတွေ၊ ရဲဘော်တွေနဲ့ ညီအစ်ကိုတွေက သူ့ရှေ့မှာ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားမှာ မဟုတ်ဘူးတဲ့။"
မိဘတွေ။
ရဲဘော်တွေ။
ညီအစ်ကိုတွေ။
လင်းယန်က ရေရွတ်လိုက်ပြီး သူ့စိတ်ထဲမှာ လူရိပ်တွေ ပေါ်လာသည်။ အကယ်၍ အနာဂတ်မှာ အစွမ်းထက်တဲ့ ရန်သူတွေ တကယ်ရောက်လာပြီး ကိုယ့်မိဘတွေနဲ့ ညီအစ်ကိုတွေ သေတာကို ဘာမှမလုပ်ပေးနိုင်ဘဲ ကြည့်နေရမယ်ဆိုရင်... အဲဒါက... ဘယ်လောက်တောင် နာကျင်ရမလဲ။ ကျင့်ကြံမှု ဆုံးရှုံးတာ ဒါမှမဟုတ် ချစ်သူအလုခံရတာ ထက် အဆပေါင်းများစွာ ပိုနာကျင်ရမှာ သေချာသည်။
"ဒါဆိုရင်..." လင်းယန်က ဝမ်မုကို မယုံနိုင်သလို ကြည့်လိုက်သည် - "မင်း ငါ့ကျင့်ကြံမှုကို ဖျက်ဆီးခဲ့တာနဲ့ ငါ့ချစ်သူကို လုခဲ့တာတွေက... အကုန်လုံး ငါ့ကောင်းဖို့အတွက်ပဲပေါ့"
ဝမ်မုက ခေါင်းကို လေးလေးနက်နက် ညိတ်ပြလိုက်သည် - "ဟုတ်တယ်။"
"သုံးနှစ်တုန်းက မင်းက ပါရမီထူးချွန်ပြီး အသက် ၁၅ နှစ်နဲ့ အခြေခံတည်ဆောက်ခြင်း အဆင့်ကို ရောက်ခဲ့ပေမဲ့မင်းရဲ့ အခြေခံကမခိုင်မာဘူး၊ မင်းရဲ့ နှလုံးသားက ယိမ်းယိုင်နေ တယ်၊ မင်းရဲ့ အဆင့်က အမြစ်မရှိတဲ့ မှော်ပင်လိုပဲ။"
"အဲဒီချစ်သူဆိုတာကလည်း ပိုဆိုးတယ်။ သူက မင်းရဲ့ပါရမီနဲ့ အဆင့်အတန်းကိုပဲ ကြည့်တာ၊ မင်းကို တကယ်ချစ်တာ မဟုတ်ဘူး။"
"ညီအစ်ကို လင်း... မင်းက တစ်လောကလုံးနဲ့ လူသားမျိုးနွယ် တစ်ရပ်လုံးရဲ့ အနာဂတ်ကို ပခုံးပေါ် ထမ်းထားရတဲ့သူ။"
"ဒါကြောင့် ငါက မင်းကိုအပေါ်ယံ ဂုဏ်ဒြပ်တွေနဲ့ အချစ်ဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ အရာတွေထဲ မှာ နစ်မွန်းမနေစေချင်တော့ဘူး။"
"အဲဒါကြောင့်..."
"ငါက ဗီလိန်အဖြစ် ခံယူခဲ့တာ။ ငါ့နာမည် ပုပ်စော်နံရရင်တောင်၊ ငါရွံရှာတဲ့ အဲဒီမိန်းမယုတ်နဲ့ နီးစပ်အောင် နေရရင်တောင် ငါဝန်မလေးခဲ့ဘူး" ထိုသို့ပြောပြီးနောက် ဝမ်မုသည် သူ၏ မျက်ဝန်းမှ မျက်ရည်စကို သုတ်လိုက်ပြီး ကြေကွဲစရာ သူရဲကောင်းတစ်ဦး၏ ပုံစံကို ဖမ်းလိုက်သည်။
"ဒါက..."
"ငါက လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ထမ်းထားရတာလား"လေးနက်နေသော ဝမ်မုကို ကြည့်ပြီး လင်းယန်မှာ ကြောင်တောင်တောင် ဖြစ်သွားသည်။ တစ်ခုခုတော့ လွဲနေသလို ခံစားရသော်လည်း...ဒီကောင်ပြောတာတွေက တကယ်ပဲ ကျိုးကြောင်းဆီလျော်နေသလိုပဲ အရေးအကြီးဆုံးကတော့... အကယ်၍ သူပြောတာ မှန်ရင် ငါက အနာဂတ်မှာ လူသားမျိုးနွယ်ရဲ့ သူရဲကောင်းနဲ့ ပြိုင်ဘက်ကင်း မဟာဧကရာဇ် ဖြစ်လာမှာလေ။
စဉ်းစားကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားစရာကြီးပဲ။ အလွန်ကို ကျေနပ်စရာ ကောင်းလှသည်။
"တကယ်ပဲ... သူက ငါ့ကောင်းဖို့အတွက် လုပ်ခဲ့တာလား" လင်းယန်၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်လာသည်။
လင်းယန်၏သဘောထား ပျော့ပျောင်းလာသည်ကို မြင်သောအခါ ဝမ်မုက အခွင့်ကောင်းယူ ပြီး လက်ကို ဆန့်ထုတ်လိုက်သည်။
အေးမြသော ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် ရတနာသေတ္တာတစ်လုံး ရုတ်တရက် ပေါ်လာသည်။ ပတ်ဝန်းကျင် အပူချိန်မှာလည်း ချက်ချင်း ကျဆင်းသွားပြီး ဆေးဖက်ဝင် အပင်များပေါ်တွင် နှင်းခဲများ ဖုံးလွှမ်းသွားသည်။
"ဒီ နှစ်တစ်ထောင် အေးမြကျောက်စိမ်းသေတ္တာထဲမှာ ညီအစ်ကို လင်းအတွက် ငါပြင်ဆင်ထားတဲ့ လက်ဆောင်ရှိတယ်။ တကယ်တော့... ဒါကို လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ပေးသင့်တာ"
"အခုပေးတာက ဒီနှစ်တွေအတွင်း ငါ့ကြောင့် မင်းခံစားခဲ့ရတာတွေအတွက် လျော်ကြေးလို့ပဲ မှတ်ယူလိုက်ပါ"
လင်းယန်မှာ လုံးဝကို အံ့အားသင့်သွားပြီး သေတ္တာကို လှမ်းယူလိုက်သည်။ သူ ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သောအခါ နှင်းခဲများကြားတွင် ချိပ်ပိတ်ထားသော အပြာရောင် မီးလျှံတစ်ခုကို မြင်လိုက်ရသည်။
"ပင်လယ်ဝိညာဉ်မီးလျှံ"
လင်းယန်၏ စိတ်ထဲမှ တန်ရွှမ်းက လန့်အော်လိုက်သည် - "ဝိညာဉ်မီးလျှံစာရင်းမှာ အဆင့် ၃၆ ရှိတဲ့ ဝိညာဉ်မီးပဲ ဒီကလေးက တကယ်ကြီး ပေးလိုက်တာလား"
တန်ရွှမ်းက ရှင်းပြသည် - "ဒါက လောကမှာရှိတဲ့ ဝိညာဉ်မီးလျှံ ၉၉ မျိုးထဲက တစ်ခုပဲ။ အဲဒီအထက်မှာ မသေမျိုးမီးလျှံတွေ ရှိသေးတယ်။ ဒါပေမဲ့ မသေမျိုးမီးလျှံတွေက တွေ့ရခဲသလို မင်းရဲ့အခုအဆင့်နဲ့ဆိုရင် ဝါးမြိုဖို့ မဖြစ်နိုင်ဘူး၊ သေသွားလိမ့်မယ်။"
"ဒါပေမဲ့ ဒီ ပင်လယ်ဝိညာဉ်မီးလျှံကတော့ အဆင့်မြင့်သလို အခြားမီးတွေထက် သဘာဝက ပိုပြီး ငြိမ်သက်တယ်။ ဒါကြောင့် ဝါးမြိုရတာ အန္တရာယ် ပိုနည်းတယ်။ မင်း အခု အခြေခံ တည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့အတွက်ဆိုရင် ဒါက အသင့်တော်ဆုံးပဲ" လင်းယန်၏ မျက်နှာထားမှာ ပြောင်းလဲသွားသည်။
တကယ်ပဲ... ဝမ်မုပြောတာတွေက အမှန်လား
သူက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စီစဉ်နေခဲ့တာလား။
မဟုတ်ရင် ငါ့အတွက် ဒီလောက် အံကိုက်ဖြစ်နေတဲ့ ဝိညာဉ်မီးလျှံကို ဘယ်လိုလုပ် အခုမှ အတိအကျ ထုတ်ပေးနိုင်မှာလဲ။ ဝမ်မုကတော့ လင်းယန် ဘာတွေးနေလဲ မသိပေ။ သိရင်တော့ - "ဒါက တိုက်ဆိုင်မှုကြီးပါကွာ" လို့ပဲ ပြောမိမှာပါ။
ဘာလို့လဲဆိုတော့ မြောက်ပိုင်းမှောင်မိုက်သန့်စင်နယ်မြေက ပင်လယ်ဒေသဖြစ်လို့ ပင်လယ်နဲ့ဆိုင်တဲ့ ရတနာတွေပဲ အပေါဆုံးလေ။
"ကျေးဇူးတင်ပါတယ်... သခင်လေး"
လင်းယန်က သေတ္တာကိုလက်ခံလိုက်ပြီး ခေါင်းငုံ့အလေးပြုလိုက်သည်။ သူ့အတွက် အလွန်အံကိုက်ဖြစ်နေသော ရတနာကို သူ တကယ်မငြင်းနိုင်ခဲ့ပေ။
တစ်ချိန်တည်းမှာပင် ဝမ်မု၏ စိတ်ထဲ၌ အသံမြည်လာသည်။
【ဂုဏ်ယူပါသည်၊ သင်သည် လင်းယန်ထံသို့ ပင်လယ်ဝိညာဉ်မီးလျှံ ၁ ခုအား အောင်မြင်စွာ ရင်းနှီးမြှုပ်နှံနိုင်ခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှု အခြေအနေမှာ ၃၀% သို့ ရောက်ရှိသွားပါပြီ】
【သင်သည် လင်းယန်၏ နောင်တွင် ရရှိလာမည့် ကျင့်ကြံမှု ရလဒ်အားလုံးမှ ၃၀% ကို ပြန်လည်ရရှိမည် ဖြစ်သည်】