အခန်း (၄၉) - သူတို့ အိမ်ပေါက်ဝအထိ ရောက်လာကြပြီ
ရှီယီမင်းသည် ဒေါသထွက်နေသော ကျင့်ကြံသူ လူအုပ်ကြီး၏ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ သူ၏ စူးရှသော အော်ဟစ်သံများက လူအုပ်ထဲမှ အဆက်မပြတ် ထွက်ပေါ်နေသည်။
"အား.. တော်ကြပါတော့ ငါက အလှူရှင်ပါ၊ အလှူရှင်ကြီးပါ အား.."
"အလှူရှင်ဟုတ်လား ဖုန်လိုင်ယွမ်ဟိုင်ဖောင်ဒေးရှင်းက လူယုတ်မာတွေနဲ့ပေါင်းပြီး ငါတို့ကို နှိပ်စက်တဲ့တိရစ္ဆာန်ထက် မိုက်တဲ့ကောင်၊ မင်းကို အသေသတ်မှ ဖြစ်မယ်"
"စီးပွားရေးသမား အပုပ်ကြီး ငါတို့ ပိုက်ဆံတွေ ပြန်ပေး"
"ဒီခွေးကောင်တွေက ဟွမ်ဖူဆေးလုံးတစ်လုံး ငါးရာပဲတန်တာကို မင်းတို့က သုံးထောင်နဲ့ ရောင်းတယ်ပေါ့လေ ငါ့ပိုက်ဆံတွေ အခု ပြန်ပေးစမ်း"
ရှီယီမင်း: "...."
ဘာပိုက်ဆံပြန်ပေးရမှာလဲ ဘယ်က သုံးထောင်လဲ ငါဘာမှမသိဘူး။
ဒါတွေက ငါနဲ့ဘာဆိုင်လို့လဲ မင်းတို့က ငါ့ကို ဘာလို့ ရိုက်နေတာလဲ
ရှီယီမင်း၏မျက်လုံးများမှာ ဇဝေဇဝါဖြစ်မှုနှင့် အပြစ်ကင်းစင်မှုတို့ဖြင့် ပြည့်နှက်နေသော်လည်း ဒေါသထွက်နေသော ကျင့်ကြံသူများကတော့ သူ့ကို မြေကြီးထဲ နစ်ဝင်မတတ် အချိန်အတော်ကြာ နင်းခြေပစ်ကြသည်။
"ဒါ... ဒါက ဘယ်လိုဖြစ်ရတာလဲ"
မုန့်ချိုးယွဲ့သည် ရှီယီမင်း လူအုပ်ကြီးကြားတွင် အရိုက်ခံနေရသည်ကို ကြည့်ပြီး မျက်လုံးပြူးသွားကာ နားမလည်နိုင် ဖြစ်နေသည် "သခင်လေးရှီကလည်း ပရဟိတအတွက် ဝိညာဉ်ကျောက်တုံး တစ်သန်းကျော် လှူထားတာ မဟုတ်ဘူးလား"
လျိုရို့အန်းလည်း အနည်းငယ်ဇဝေဇဝါ ဖြစ်နေသည်။ အချိန်အနည်းငယ်ကြာ နားထောင်ပြီးမှသာ ဖုန်လိုင်ယွမ်ဟိုင်ဖောင်ဒေးရှင်းသည် စတားဖောကျွန်းစုတွင် မည်မျှယုတ်မာသော အမှုများကို လုပ်ဆောင်ခဲ့သည်ကို သူတို့ နားလည်သွားကြသည်။
"သောက်ကျိုးနည်း အဲဒီလိုကိုး"
"ဖုန်လိုင်ယွမ်ဟိုင်ဆိုတဲ့ နာမည်ကြားတာနဲ့ လူတွေ ဘာလို့ဒီလောက် ဒေါသထွက်နေကြလဲဆိုတာ အခုမှ သိတော့တယ်"
"ညီအစ်ကိုရှီကတော့ တကယ်သနားစရာပဲ။ ဒီကျင့်ကြံသူတွေက သူဟာဖုန်လိုင်နဲ့ ပေါင်းပြီး သူတို့ဆီက ပိုက်ဆံညှစ်တဲ့သူလို့ ထင်နေကြတာပဲ"
လျိုရို့အန်းက တရားမျှတမှုကို လိုလားသော အမူအရာဖြင့် "ငါ သိသားပဲ အဲဒီဖုန်လိုင်ယွမ်ဟိုင်ဆိုတာ စီးပွားရေးသမားအပုပ်တွေ စုထားတဲ့ အဖွဲ့ပဲ ပရဟိတဖောင်ဒေးရှင်းဆိုတာနဲ့ လုံးဝ မထိုက်တန်ဘူး... ရထားတဲ့ အလှူငွေတွေထဲက တစ်သောင်းပုံ တစ်ပုံတောင် တကယ့် ပရဟိတအတွက် သုံးရဲ့လား မသိဘူး"
မုန့်ချိုးယွဲ့၏မျက်လုံးများ တောက်ပလာပြီး လျိုရို့အန်းကို ပို၍လေးစားသလို ကြည့်လိုက်သည် "ဒါကြောင့် သခင်လေးလျိုက လန်ယာဖောင်ဒေးရှင်းကိုပဲ ရွေးပြီး လှူခဲ့တာပေါ့နော်"
လျိုရို့အန်းက ရင်ကိုကော့ကာ ဖြောင့်မတ်သော လေသံဖြင့် - "အတိအကျပဲ။ လန်ယာကုန်သည်အဖွဲ့မှာသုံးလိုက်တဲ့ ကျောက်တုံးရဲ့ တစ်ရာခိုင်နှုန်းပဲ လှူတာဆိုတော့ နည်းတယ်လို့ ထင်ရပေမဲ့... လန်ယာသခင်လေးက ကတိတည်တဲ့သူပဲ။ အဲဒီ တစ်ရာခိုင်နှုန်းက တကယ့် ဒုက္ခရောက်သူတွေဆီရောက်သွားတာတခြား ကုန်သည်အဖွဲ့ကြီး ၃ ခုကတော့ ပရဟိတအမည်ခံပြီး လှူသမျှ အကုန်သုံးတယ်လို့ ပြောပေမဲ့... တကယ်တော့ အဲဒီပိုက်ဆံအများစုက သူတို့ အိတ်ထဲပဲ ပြန်ရောက်ကုန်တာ ငါတို့ ကောင်းမှုလုပ်တာဟာ သူများမြင်ဖို့ မဟုတ်ဘူး၊ ကိုယ့်စိတ်ကိုယ် ဖြောင့်ဖို့ပဲ"
မုန့်ချိုးယွဲ့၏မျက်လုံးများ ရွှန်းလဲ့သွားသည် - "ဒါဆို သခင်လေးလျိုက လန်ယာဖောင်ဒေးရှင်း တစ်ခုတည်းကသာ စိတ်ရင်းနဲ့ ကောင်းမှုလုပ်နေတာကို စောစောစီးစီး မြင်ခဲ့တာပေါ့နော်"
လျိုရို့အန်းက ယုံကြည်မှု အပြည့်ဖြင့် "သဘာဝကျကျပဲ မိန်းကလေးမုန့်က မြောက်ပိုင်းဒေသကို ခုမှရောက်တာဆိုတော့ လန်ယာသခင်လေးရဲ့ဂုဏ်သတင်းကို မကြားဖူးသေးလို့နေမှာ"
မုန့်ချိုးယွဲ့က မျက်တောင်လေး ခတ်လိုက်ပြီး - "ကြားဖူးပါတယ်ရှင်။ သူက မြောက်ပိုင်းဒေသရဲ့ အဆိုးဆုံး လူရှုပ်လူပွေလို့ ပြောကြတယ်လေ"
"ကောလာဟလတွေပါ သက်သက်မဲ့ ကောလာဟလတွေ"
လျိုရို့အန်းက အားတက်သရော ပြောသည် - "ဒါတွေက ကမ္ဘာကြီးက ဝမ်မိသားစု သခင်လေးရဲ့ မြင့်မြတ်တဲ့ စရိုက်ကို မနာလိုလို့ တိုက်ခိုက်နေကြတာ ဝမ်သခင်လေးက နတ်ဘုရားတက်လှမ်းပွဲကို ကျင်းပပြီး သာမန်လူတွေကို အခမဲ့ စစ်ဆေးပေးတယ် လူတိုင်းကို ကျင့်ကြံခြင်းလမ်းပေါ် တက်ခွင့်ပေးချင်တာ။ အရည်အချင်းရှိသူတွေကို ဆိုရင် ဝိညာဉ်ကျောက်တုံးတွေနဲ့ ကျင့်စဉ်တွေကိုပါ လန်ယာအမည်နဲ့ လက်ဆောင်ပေးပြီး လမ်းမှန်ပေါ် ရောက်အောင် ကူညီပေးသေးတယ်။ မြောက်ပိုင်းဒေသမှာ လန်ယာပရဟိတဖောင်ဒေးရှင်းကို အရင်ဆုံး တည်ထောင်ပြီး ဘေးသင့်ဒေသက ကျင့်ကြံသူတွေကို တစ်ပြားမှ မယူဘဲ အခမဲ့ ကူညီပေးခဲ့တယ်။ ဒီလိုလူက ဘယ်လိုလုပ် လူဆိုး ဖြစ်နိုင်မှာလဲလောကကြီးက သူ့ကို စွပ်စွဲပေမဲ့ ငါတို့လို သိက္ခာရှိတဲ့သူတွေကတော့ အဲဒါကို လုံးဝ လက်မခံနိုင်ဘူး"
ထိုစကားကို ကြားရသောအခါ မိန်းကလေး၏ မျက်လုံးထဲမှ အလင်းရောင်များ ပိုမိုတောက်ပလာပြီး ရှေ့မှ လူငယ်လေးထံမှ ကောင်းကင်အထိ လွှမ်းခြုံနေသော ဖြောင့်မတ်ခြင်း အရှိန်အဝါများကို ခံစားလိုက်ရသည်။ မိန်းကလေးတစ်ဦး၏ လေးစားကြည်ညိုသောအကြည့်မှာ အပြင်းထန်ဆုံး လက်နက်ပင်။ လျိုရို့အန်းသည် သွေးများ ဆူပွက်လာပြီး ခန္ဓာကိုယ်ထဲတွင် အင်အားများ ပြည့်လျှံလာကာ သူ့အဖေကို လန်ယာကုန်သည်အဖွဲ့မှာပိုက်ဆံတွေ ထပ်ပြီး အကုန်အကျခံခိုင်းဖို့ပင် စိတ်ကူးမိသွားသည်။
အားရလိုက်တာ တကယ်ကို အားရလိုက်တာ
သူရွေးချယ်မှု မမှားခဲ့ပေ။ တော်သေးတာပေါ့၊ သူသာ ဖုန်လိုင်ကို လှူခဲ့ရင်... အခု ခွေးသေတစ်ကောင်လို အရိုက်ခံနေရမှာက သူ ဖြစ်နေမှာ ပိုက်ဆံလည်းကုန်၊ အရိုက်လည်း ခံရတာမျိုးဆိုရင် ဘယ်သူ့သွားတိုင်ရမလဲ။
ရှီယီမင်းသည် အော်ဟစ်နိုင်စွမ်းပင် မရှိတော့သည်အထိ အချိန်အတော်ကြာ အရိုက်ခံလိုက်ရသည်။ ထိုအခါမှ လျိုရို့အန်းက ရှေ့သို့တက်ကာ ဝင်တားပေးလိုက်သည်။ လူအုပ်ကြီးက လန်ယာဖောင်ဒေးရှင်း၏အလှူရှင်ဖြစ်သော လျိုရို့အန်း၏မျက်နှာကို ထောက်ထားသဖြင့် ရှီယီမင်းကို နောက်ဆုံးတစ်ချက်စီ ထပ်ကန်ပြီးမှ ထွက်သွားကြသည်။
ရှီယီမင်းမှာ မြေပြင်ပေါ်တွင် ဖုန်တသောသောဖြင့် လဲကျနေပြီး မျက်နှာမှာလည်း ဖူးရောင်ကာ လူရုပ်ပင် မပေါ်တော့ချေ။ သူသည် မြေကြီးကို ထုရိုက်ကာ ငိုကြွေးတော့သည် - "ကောင်းကင်ကြီးနဲ့ မြေကြီးကြီးရေ... ကျွန်တော် တကယ် မသိခဲ့ပါဘူး..."
လျိုရို့အန်းက ချောင်းနှစ်ချက် ဟန့်လိုက်ပြီး - "ညီအစ်ကိုရှီ၊ မင်းမသိလို့ဆိုပေမဲ့ လူယုတ်မာတွေကို အားပေးအားမြှောက် လုပ်သလို ဖြစ်နေပြီ။ နောင်ဆိုရင် မျက်စိဖွင့်ထားဖို့ သင်ခန်းစာယူလိုက်ပါ ပရဟိတဆိုတာ အလေးအနက်ထားရမယ့် ကိစ္စပဲ... အမြတ်အစွန်းလေး နည်းနည်းကို မက်မောလို့ မရဘူး"
ရှီယီမင်းမှာစိတ်ဓာတ်တွေ အကုန်ပျက်စီးနေပြီ ဖြစ်သည်။ လျိုရို့အန်း၏စကားကို ကြားသောအခါ ထရပ်ပြီး သူ့ကို သတ်ချင်စိတ်ပေါက်သွားသော်လည်း... ဘေးမှ မိန်းကလေးမုန့်က လျိုရို့အန်းကို လေးစားစွာ ကြည့်နေသည်ကို မြင်လိုက်ရသောအခါ...ချက်ချင်းပင် ရှီယီမင်း တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
ဂျောက်~
"ဟင် ဘာအသံလဲ" ဘေးမှ လူငယ်တစ်ဦးက နားမလည်ဘဲ မေးလိုက်သည်။ ရှီယီမင်းသည် သူ၏ ရင်ဘတ်ကို ဖိကာ သွေးတစ်လုတ် အန်ထုတ်လိုက်ပြီး မျက်စိများ ပြာဝေကာ သတိလစ်သွားတော့သည်။
ဖေးရှန်းကျွန်း၊ ဖုန်လိုင်ယွမ်ဟိုင် ဖောင်ဒေးရှင်း
မန်နေဂျာကျုံးသည် ဈေးကြီးသော ငါးမန်းသား ကုလားထိုင်ပေါ်တွင် ထိုင်ကာ လက်ဖက်ရည် သောက်နေသည်။ အစေခံမလေး နှစ်ဦးက သူ့ခြေထောက်ကို နှိပ်ပေးနေကြသည်။
"မန်နေဂျာ၊ စတားဖောကျွန်းစုမှာ ကျွန်တော်တို့ ဖောင်ဒေးရှင်းက စေလွှတ်တဲ့သူတွေ အကုန် မောင်းထုတ်ခံလိုက်ရတယ်လို့ ကြားပါတယ်။
ကျွန်တော်တို့နာမည်ကလည်း အတော်ဆိုးနေပြီး ပိုက်ဆံလှူထားတဲ့ ဖောက်သည် အများအပြားကလည်း လာတိုင်နေကြပါတယ်" ဟု အစေခံတစ်ဦးက စိုးရိမ်တကြီး ပြောသည်။
မန်နေဂျာကျုံးကတော့ ဂရုမစိုက် "အေးအေးဆေးဆေး နေစမ်းပါ တိုင်တော့ ဘာဖြစ်လဲ ဒီချမ်းသာတဲ့ဖောက်သည်တွေက ကိုင်တွယ်ရတာ အလွယ်ဆုံးပဲ၊ သူတို့က မျက်နှာ (ဂုဏ်သတင်း) ကိုပဲ ဂရုစိုက်ကြတာ။ အဆိုးဆုံး ဖြစ်လာရင် တောင်းပန်လိုက်ပေါ့၊ ဒါက လက်အောက်ငယ်သားတွေ လုပ်တာပါ၊ ငါတို့နဲ့ မဆိုင်ပါဘူးလို့ ပြောလိုက်ရင် ရပြီ။ သူတို့က ငါတို့ကို ဘာလုပ်နိုင်မှာမို့လို့လဲ"
"ငါတို့အိမ်ပေါက်ဝအထိ ရောက်လာရဲမှာ ကျနေတာပဲ" ဟု ပြောရင်း သူက ရယ်လိုက်သည်။
သို့သော် သူပြောပြီးသည်နှင့်...
ဝုန်း—
တံခါးဝမှကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။ အဆောက်အအုံတစ်ခုလုံး တုန်ခါသွားသည်။ မန်နေဂျာကျုံးမှာ ကုလားထိုင်အောက်သို့ လွင့်ကျသွားပြီး ကြောင်တောင်တောင်ဖြင့် မေးလိုက်သည် - "ဘာဖြစ်တာလဲ"
ကင်းစောင့်နှစ်ဦး ပြေးဝင်လာသည် - "မန်နေဂျာ၊ ဒုက္ခပဲ အလှူရှင်သူဌေးမိသားစုတွေ အကုန်လုံး အိမ်ပေါက်ဝကို ရောက်လာကြပြီ သူတို့က ရှင်းပြချက် တောင်းနေကြတယ်"
မန်နေဂျာကျုံး: "....."
လူတိုင်း: "....."