အခန်း (၄၈) ဒီကောင်က ဖုန်လိုင်ယွမ်ဟိုင်ကလား သတ်လိုက်ကြ
"မင်း..."
လျိုရို့အန်း၏ မျက်နှာမှာ နီရဲသွားသည်။ သူ ပြန်ပြောချင်သော်လည်း မည်သို့စပြောရမည်ကို မသိချေ။ အဘယ်ကြောင့်ဆိုသော် ရှီယီမင်းပြောသွားသည်မှာ အမှန်တရား ဖြစ်နေသောကြောင့်ပင်။
အခြားတစ်ဖက်တွင်မူ မိန်းကလေး မုန့်ချိုးယွဲ့မှာ အခြေအနေကို သေချာနားမလည်ဘဲ ဇဝေဇဝါဖြင့် မေးလိုက်သည် - "ဒါက ဘာလို့လဲဟင်"
ရှီယီမင်းက သူ၏ယပ်တောင်ကို ခတ်ရင်း လျိုရို့အန်းကို ပြုံးစိစိဖြင့် ကြည့်လိုက်သည် - "ညီအစ်ကိုလျို လှူထားတဲ့ လန်ယာဖောင်ဒေးရှင်းက ကုန်သည်အဖွဲ့မှာ သုံးလိုက်တဲ့ ဝိညာဉ်ကျောက်တုံးရဲ့ တစ်ရာခိုင်နှုန်းကိုပဲ ပရဟိတရန်ပုံငွေထဲ ထည့်တာလေ"
"တစ်နည်းပြောရရင် ပရဟိတလုပ်တာက နောက်ဆက်တွဲပဲ။ ညီအစ်ကိုလျိုက... အဓိကအားဖြင့် မိမိကိုယ်ကိုယ်အတွက် ပိုက်ဆံသုံးချင်တာပေါ့"
"ဒါပေမဲ့ ဒါကလည်း နားလည်ပေးလို့ ရပါတယ်။ လူတိုင်းက ငါ့လိုရက်ရက်ရောရော မလှူနိုင်ကြဘူးလေ။ ငါကတော့ ဘာပစ္စည်းမှဝယ်မနေတော့ဘဲ ဝိညာဉ်ကျောက်တုံး အများကြီးကို ဒီအတိုင်း လှူပစ်လိုက်တာ" ဟု ပြောရင်း သူက မိမိကိုယ်ကိုယ် လှောင်ပြောင်သလိုမျိုး သက်ပြင်းချလိုက်သည်။
"သခင်လေးရှီ ရှင် မှားနေပြီ။ ဒီနေ့ခေတ်လောကမှာ ရှင့်လိုမျိုး ကိုယ်နဲ့မဆိုင်တဲ့သူတွေကို ကူညီဖို့ ဝိညာဉ်ကျောက်တုံးတွေကို ရက်ရက်ရောရော ပေးလှူတဲ့ ကရုဏာစိတ်ရှိသူဟာ တကယ့်ကို ရှားပါတယ်။ ချိုးယွဲ့ ရှင့်ကို တကယ်လေးစားမိတယ်"
နှိုင်းယှဉ်ချက်မရှိလျှင် အနာတရမရှိဟု ဆိုရမည်။ အဖွဲ့နှစ်ခု၏ကွာခြားချက်ကို နားလည်သွားပြီးနောက် မုန့်ချိုးယွဲ့၏မျက်လုံးထဲတွင် ရှီယီမင်းမှာ အလင်းရောင်များ တဖျတ်ဖျတ် ထွက်နေသူတစ်ဦးလို ဖြစ်သွားတော့သည်။
"သခင်လေးလျို ကျတော့လည်း... အင်း၊ သူလည်း အဆင်ပြေပါတယ်"
လျိုရို့အန်း: "....."
သူ ဒေါသထွက်လွန်း၍ အဆုတ်ပင် ပေါက်ထွက်တော့မည် "သူလည်း အဆင်ပြေပါတယ်" ဆိုတာက ဘာသဘောလဲ သူလည်း ပရဟိတအတွက် အဲဒီ နှစ်သန်း၊ သုံးသန်းကို သုံးခဲ့တာ မဟုတ်လား။
သူသည် ရှီယီမင်း၏ အောင်နိုင်သူအမူအရာဖြင့် ကြည့်နေမှုကို ခံစားရသောအခါ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး နောင်တများ တလိပ်လိပ် တက်လာသည်။ တောက် ငါ စောသွားပြီ သူသည် ပိုက်ဆံအားလုံးကို လန်ယာဖောင်ဒေးရှင်းထဲ အကုန်ပုံအောခဲ့သဖြင့် ဖုန်လိုင်ယွမ်ဟိုင် ပေါ်လာသောအခါ စာရင်း၏ ထိပ်ဆုံးကို ယူရန် ပိုက်ဆံမလောက်တော့ချေ။ မဟုတ်လျှင် ရှီယီမင်းကို ဤမျှ ဟန်လုပ်ခွင့် ပေးမည် မဟုတ်ပေ။
မုန့်ချိုးယွဲ့သည် မြောက်ပိုင်းဒေသ ပြင်ပမှ သူမ၏ ဆရာနှင့်အတူ ဖေးရှန်းကျွန်းသို့ လာရောက်အခြေချသူ ဖြစ်သည်။ လျိုရို့အန်းနှင့် ရှီယီမင်းတို့ သူမကို မြင်မြင်ချင်း စွဲလမ်းသွားကြပြီး ထိုအချိန်မှစ၍ ဗြောင်တစ်မျိုး၊ သွယ်ဝိုက်တစ်ဖုံ အပြိုင်အဆိုင် ဖြစ်လာခဲ့ကြသည်။ ယနေ့တွင်မူ သူ အရှုံးကြီး ရှုံးသွားပုံရသည်။
လျိုရို့အန်းက စိတ်ဓာတ်ကျကာ ထွက်သွားရန် ပြင်သော်လည်း ရှီယီမင်းက လွှတ်မပေးသေးပေ "ညီအစ်ကိုလျို စိတ်မဆိုးပါနဲ့ကွာ။ နောက်တာပါ၊ အဲလောက်အထိ အတည်ပေါက်ကြီး လုပ်မနေပါနဲ့။ မိန်းကလေးမုန့်ကလည်း မင်းကို ဘာမှမပြောပါဘူး။ ကြည့်ဦး မင်းမျက်နှာကြီးက တော်တော် ပျက်နေပြီ..."
လျိုရို့အန်းက အံကြိတ်ကာ အတင်းပြုံးပြလိုက်သည် - "မရှိပါဘူး၊ ငါက ဘာလို့ စိတ်ဆိုးရမှာလဲ"
မကြာမီ။
ထိုအဖွဲ့သည် လူစုဝေးရာ နေရာတစ်ခုသို့ ရောက်ရှိလာသည်။ ကျင့်ကြံသူ အများအပြားသည် ဆေးလုံးများ သောက်သုံးကာ ဒဏ်ရာများကို ကုသနေကြသည်။ သူတို့၏ သနားစဖွယ် အခြေအနေကို မြင်ရသောအခါ လျိုရို့အန်းတို့အဖွဲ့ သက်ပြင်းချမိကြသည်။
"မောင်ရင်တို့ တစ်ယောက်ယောက်ကို ရှာနေတာလား" အသက်ကြီးကြီး ကျင့်ကြံသူတစ်ဦးက သူတို့ကို မြင်သောအခါ မေးလိုက်သည်။
လူငယ်တစ်ဦးက ဖြေသည် - "အော်... ကျွန်တော်တို့ ဖောင်ဒေးရှင်းကို ပိုက်ဆံအချို့ လှူထားလို့ ကူညီပေးနိုင်တာရှိမလားဆိုပြီး လာကြည့်တာပါ"
ထိုစကားကို ကြားသောအခါ အဘိုးအို၏ မျက်လုံးများ တောက်ပသွားပြီး သူတို့ကို သေချာကြည့်ကာ မေးသည် - "ဘယ်ဖောင်ဒေးရှင်းကို လှူထားတာလဲ"
လျိုရို့အန်းသည် ရှီယီမင်းထက် နည်းနေသဖြင့် ပြောရန် ရှက်နေမိသည်။ သို့သော် ရှီယီမင်းကတော့ အခွင့်အရေးကို လက်မလွှတ်ဘဲ လှောင်ပြုံးဖြင့် - "စီနီယာ၊ ဒါက ဖေးရှန်းကျွန်း လန်ယာစာရင်းမှာ ပထမရထားတဲ့ သခင်လေးလျိုပါ။ သူက သောင်းဂဏန်း အထိ လှူထားတာ" ဟု ပြောရင်းသောင်းဂဏန်းဆိုသည့် စကားလုံးကို ရွဲ့ပြီး အလေးပေး ပြောလိုက်သည်။
လျိုရို့အန်း မျက်နှာ ပျက်သွားသည်။ ဤမျှကြီးမားသော ဘေးအန္တရာယ်တွင် သောင်းဂဏန်းဆိုသည်မှာ ဘာမျှမဟုတ်ကြောင်း သူ သိနေသည်။
သို့သော် မထင်မှတ်ဘဲ။
အဘိုးအို၏ မျက်လုံးများ အရောင်တောက်သွားပြီး လျိုရို့အန်း၏လက်ကို ဆွဲကာ အားရပါးရ ဦးညွှတ်တော့သည် "ငါအိုကြီး မျက်စိမှားသွားပါတယ်။ ကျေးဇူးရှင်ကိုမသိလိုက်ဘူး၊ ခွင့်လွှတ်ပါ ကျေးဇူးရှင်"
ရှီယီမင်း: "......"
လျိုရို့အန်း: "...."
မုန့်ချိုးယွဲ့: "..."
လျိုရို့အန်းမှာ အဘိုးအို၏အမူအရာကြောင့် လန့်သွားသည် - "စီနီယာ ထပါဦး။ ဘာလို့ ဒီလို လုပ်ရတာလဲ"
အဘိုးအိုက မျက်ရည်ဝဲလျက် လျိုရို့အန်း၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားသည် - "သခင်လေးလျိုတို့လို ဖြောင့်မတ်တဲ့သူတွေရဲ့ စေတနာကြောင့်သာ ငါအိုကြီး အသက်ဆက်နိုင်တာပါ။ မဟုတ်ရင် ငါ သေတာ ကြာလှပြီ" ထို့နောက် သူက လှည့်အော်လိုက်သည် - "အားလုံးပဲ၊ ကျေးဇူးရှင် ရောက်လာပြီဟေ့ ဒီသခင်လေးလျိုက ဖေးရှန်းကျွန်း လန်ယာစာရင်းမှာ ထိပ်ဆုံးက အလှူရှင်ကြီးပဲ..."
ဝုန်း—
ထိုစကားဆုံးသည်နှင့် ကျင့်ကြံသူ အားလုံးနီးပါး ရူးသွပ်သလို ပြေးထွက်လာကြသည်။ လျိုရို့အန်းတို့မှာ လန့်ပင်လန့်သွားကြသည်။
"သူက ဖေးရှန်းကျွန်း လျိုမိသားစုက သခင်လေးလား တကယ့်ကို ခန့်ညားတဲ့ ရုပ်ရည်ပဲ"
"လျိုမိသားစုက တကယ်ရက်ရောတာပဲ။ လန်ယာစာရင်းမှာ ပထမရဖို့ဆိုရင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး သန်းနဲ့ချီ သုံးခဲ့ရမှာပဲ"
"လန်ယာဖောင်ဒေးရှင်းရဲ့ အလှူရှင်တွေက တကယ်ကို ကြင်နာတတ်တဲ့သူတွေပဲ"
"ကျွန်တော်တို့ရဲ့ ဂါရဝကို လက်ခံပေးပါ"
တစ်ခဏအတွင်းမှာပင် ကျင့်ကြံသူ အများအပြားက လျိုရို့အန်းကို ဦးညွှတ်ဂါရဝပြုကြပြီး၊ သူ့ကို နေရာကောင်းပေးကာ လက်ဖက်ရည်နှင့် ဝိုင်များဖြင့် ဧည့်ခံကြတော့သည်။ ဤမြင်ကွင်းကို ကြည့်ပြီး ရှီယီမင်းနှင့် မုန့်ချိုးယွဲ့တို့မှာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
ရှီယီမင်းက မကျေမနပ် ဖြစ်လာသည် - "နေဦး၊ ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းလေး လှူတာကို ဒီလောက်အထိ ဆက်ဆံခံရတာလား ဒါက လွန်လွန်းမနေဘူးလား" သူသည် အသက်ပြင်းပြင်းရှူကာ လျိုရို့အန်း၏ ဘေးသို့ သွားရပ်လိုက်ပြီး အတင်းပြုံးကာ ပြောလိုက်သည် - "အားလုံးပဲ၊ ဒီလိုလုပ်စရာ မလိုပါဘူး။ ဒုက္ခရောက်သူကို ကူညီတာက ငါတို့လို လူငယ်ကျင့်ကြံသူတွေရဲ့ တာဝန်ပဲလေ".လူတိုင်းက သူ့ကို အံ့ဩသလို ကြည့်လိုက်ကြသည်။
အဘိုးအိုက မေးသည် - "မောင်ရင်ကရော ဖောင်ဒေးရှင်းက အလှူရှင်တစ်ယောက်ပဲလား"
ရှီယီမင်းက ဂုဏ်ယူစွာ ခေါင်းညိတ်ပြီး - "ငါကတော့ အရည်အချင်းမရှိပေမဲ့ ဝိညာဉ်ကျောက်တုံးတစ်သန်း လှူထားပါတယ်။ ငါက ဖေးရှန်းကျွန်း အနန္တကံအကျိုးပေး စာရင်းမှာ ထိပ်ဆုံးကပါ"
အဘိုးအို မျက်မှောင်ကြုတ်သွားသည် - "မောင်ရင်က ဘယ်ဖောင်ဒေးရှင်းကို လှူတာလဲ"
ရှီယီမင်းက ဝင့်ကြွားစွာ ပြောသည် - "သဘာဝကျကျပဲ ဖုန်လိုင်ယွမ်ဟိုင်ပေါ့ အဲဒီအဖွဲ့ကမှ ငါတို့လိုဒုက္ခရောက်နေတဲ့ ကျင့်ကြံသူတွေအတွက် တကယ်လုပ်ပေးချင်တဲ့ သိက္ခာရှိတဲ့ အဖွဲ့"ထိုစကားဆုံးသည်နှင့် တစ်ပတ်ဝန်းကျင်လုံး တိတ်ဆိတ်သွားသည်။
အဘိုးအိုက မျက်လုံးကို ကျဉ်းလိုက်ပြီး - "ထပ်ပြောစမ်းပါဦး... ဘယ်အဖွဲ့ကို လှူတာလဲ"
ရှီယီမင်းက နားမလည်ဘဲ ထပ်ပြောသည် - "ဖုန်လိုင်ယွမ်ဟိုင်"
"ဟက်"
အဘိုးအိုက နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ကိုယ်မှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာကာ ဟိန်းဟောက်လိုက်သည် "အားလုံးပဲ ဒီကောင်က ဖုန်လိုင်ယွမ်ဟိုင်က လူယုတ်မာတွေနဲ့ တစ်ဖွဲ့တည်းပဲ သတ်လိုက်ကြ"
ရှီယီမင်း: "......"
သူ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် အဘိုးအိုက သူ့လည်ပင်းကို ဆွဲကာ လူအုပ်ထဲသို့ ပစ်ထည့်လိုက်တော့သည်။