အခန်း (၄၆) သောက်ကျိုးနည်း ဖုန်လိုင်တိမ်ပင်လယ်
ယခုအခါ ကျိုးဖိန်သည် "ဖောင်ဒေးရှင်း" ဟူသော စကားလုံးကို ကြားလိုက်ရုံနှင့် စိတ်ဒဏ်ရာရနေသူ တစ်ယောက်လို ဖြစ်နေသည်။ မတော်တဆ စိတ်လှုပ်ရှားသွားသဖြင့် ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများ ကမောက်ကမဖြစ်ကာ စိတ်လွတ်သွားမတတ် ဖြစ်သွားရသည်။ သူသည် အမြန် မျက်လုံးမှိတ်ကာ အသက်ရှူနှုန်းကို ပြန်လည်ထိန်းညှိလိုက်ရသည်။
အတော်ကြာမှ အခြေအနေ ပြန်လည်တည်ငြိမ်သွားပြီး မောဟိုက်စွာဖြင့် မေးလိုက်သည် - "မင်း ဘာပြောလိုက်တာလဲ ဖောင်ဒေးရှင်း... အလှူရှင်ကြီးတွေ ဟုတ်လား"
အိုရန်ချူးက သဘာဝကျကျပင် ပြန်ဖြေသည် - "အေးလေ၊ ဘာပြဿနာရှိလို့လဲ"
ကျိုးဖိန်က နှာခေါင်းရှုံ့လိုက်သည် - "အဲဒီပြက်လုံးက နည်းနည်းလေးမှ မရယ်ရဘူး"
အိုရန်ချူး: "......"
သူ နောက်ဆုံးတွင် တစ်ခုခု မှားနေသည်ကို သတိထားမိသွားသည်။ ကျိုးဖိန်၏ အခြေအနေကို စစ်ဆေးကြည့်ပြီးနောက် သူ အံ့ဩတုန်လှုပ်သွားသည်။
"မင်းသောက်ထားတဲ့ ဆေးလုံးက အာနိသင် တော်တော်ညံ့တာပဲလား ဒါ ဖောင်ဒေးရှင်းက ထုတ်ပေးတာ မဟုတ်ဘူးလား"
ကျိုးဖိန်: "..."
အိုရန်ချူး မျက်မှောင်ကြုတ်လိုက်သည် "မင်းဒဏ်ရာနဲ့ဆိုရင် ယွီရွှီဆေးလုံးတစ်လုံးတည်းနဲ့ မလောက်ဘူး။ တော်သေးတာပေါ့၊ ငါ့မှာ ပိုနေတာ တစ်လုံးရှိသေးတယ်။ ဒါကို အကြွေးမှတ်ထားလိုက်၊ နောက်မှ ပြန်ဆပ်ရမယ်"
ပြောပြောဆိုဆိုဖြင့် သူသည် လက်ကို ဝှေ့ယမ်းကာ လိမ္မော်ဝါရောင် ဆေးလုံးတစ်လုံးကို ထုတ်ယူပြီး ကျိုးဖိန်ထံသို့ ဝိညာဉ်စွမ်းအားဖြင့် ပို့ပေးလိုက်သည်။
"ဒီဆေးနံ့က..."
ကျိုးဖိန်၏ မျက်လုံးများ ချက်ချင်းပြူးကျယ်သွားသည်။ ပါးစပ်ထဲ မရောက်ခင်မှာတင် ဤယွီရွှီဆေးလုံးမှာ ထိပ်တန်းအရည်အသွေး ဖြစ်ကြောင်း သူ ချက်ချင်း ဆုံးဖြတ်နိုင်လိုက်သည်။ ၎င်းသည် သူ ဝိညာဉ်ကျောက်တုံး တစ်သောင်းပေးပြီး ဝယ်ခဲ့ရသည့် အမှိုက်နှင့် ယှဉ်လျှင် အဆပေါင်းများစွာ သာလွန်သည်။
အာနိသင်မှာလည်း အနည်းဆုံး ၅၀ ရာခိုင်နှုန်း ပို၍ ပြင်းထန်သည်။
အိုရန်ချူးသည် ဆေးလုံးကို ကျိုးဖိန်အား ချေးပေးလိုက်သည်။ ကျိုးဖိန်၏ မျက်လုံးထဲတွင် ကျေးဇူးတင်ရိပ်ကို မြင်ရသော်လည်း၊ ထို့ထက်ပိုသည်မှာ... သနားကရုဏာရိပ်များပင် ဖြစ်သည်။
အိုရန်ချူး: "....."
"မင်း ငါ့ကို ဘာလို့ အဲဒီလို ကြည့်နေတာလဲ"
"ဒီဆေးလုံးအတွက် မင်းဘယ်လောက် ပေးခဲ့ရလဲ" ကျိုးဖိန်၏ပါးစပ်မှာ မထိန်းနိုင်ဘဲ တွန့်သွားသည်။ သူသည် အမှိုက်ယွီရွှီဆေးလုံးကိုပင် ဝိညာဉ်ကျောက်တုံး တစ်သောင်း ပေးခဲ့ရသည် မဟုတ်ပါလား။ ဤမျှ အရည်အသွေးမြင့်သော ဆေးလုံးဆိုလျှင် အနည်းဆုံး ငါးသောင်း သို့မဟုတ် တစ်သိန်းလောက် ပေးရမည်ဟု သူ ထင်နေသည်။
မိမိ၏ရန်ဘက်ဟောင်းကြီး အကြီးအကျယ် အလိမ်ခံလိုက်ရသည်ကို တွေးပြီး ကျိုးဖိန်သည် ရင်ထဲတွင် တိတ်တဆိတ် ကျေနပ်နေသလို၊ တစ်ဖက်တွင်လည်း သနားစိတ် ဝင်နေမိသည်။
မထင်မှတ်ဘဲ အိုရန်ချူးက ရယ်မောလိုက်သည် - "ပေးရတယ် ဘာပေးရမှာလဲဒါတွေက ဖောင်ဒေးရှင်းက လူတွေ ငါ့ကို အလကားပေးတာ စုစုပေါင်း သုံးလုံးတောင် ပေးတာ... သူတို့က ငါ့ကို သေမင်းလက်ထဲကနေ တကယ်ကို ဆွဲခေါ်လာပေးတာပဲ"
ကျိုးဖိန်: "......"
အိုရန်ချူးက ဆက်ပြောသည် - "ဒါတင်မကဘူး၊ ငါ့ခန္ဓာကိုယ်ထဲက ပင်လယ်အအေးဓာတ်တွေကို ဖယ်ရှားပေးဖို့ နေမင်းအားဖြည့်စွပ်ပြုတ်ကိုတောင် သေချာ တိုက်ကျွေးကြသေးတယ်..."
ကျိုးဖိန်: "....."
အိုရန်ချူး: "အမှန်အတိုင်း ပြောရရင် ငါ့တစ်သက်မှာ ငယ်ငယ်တုန်းက မိဘတွေဆီကကလွဲရင် ဒီလိုမျိုး ဂရုစိုက်တာ တစ်ခါမှ မခံဖူးဘူး ငါ့ရဲ့ နောက်ဆုံးကျန်တဲ့ မိုးပြာရောင်ကျောက်စိမ်းဆွဲသီးရတနာကို ကျေးဇူးတုံ့ပြန်ဖို့ ပေးတာတောင် သူတို့က လုံးဝ လက်မခံဘူး။ ပြောစမ်းပါဦး... ဒါက ငါ့အတွက် ဘယ်လောက် အားနာစရာကောင်းလဲ ငါ သူတို့ကို အကြွေး အများကြီး တင်သွားပြီ"
ကျိုးဖိန်: "......."
သူသည် အိုရန်ချူးကို ကြည့်ပြီး "ဆက်ပြီးတော့သာ လုပ်ကြံပြောနေလိုက်ပါဦး" ဟု ပြောချင်နေသည်။ အကယ်၍ သူသာ ဖောင်ဒေးရှင်းက လူတွေရဲ့ ရုပ်ဆိုးတဲ့ မျက်နှာတွေကို ကိုယ်တိုင် မမြင်ခဲ့ရဘူးဆိုရင် အခုပြောတာတွေကို တကယ် ယုံသွားမိမှာ အမှန်ပဲ။
ထိုစဉ်မှာပင်။
"စီနီယာ အိုရန်" အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ဦး အပြေးရောက်လာသည်။ သူမ၏ နဖူးတွင် ချွေးစက်ကလေးများ စို့နေပြီး သက်ပြင်းချလိုက်သည် - "ဒီမှာ ရှိနေတာကိုး။ ကျွန်မဖြင့် တစ်ခုခု ဖြစ်သွားပြီလားလို့ စိတ်ပူနေတာ"
အိုရန်ချူးက ပြုံးရွှင်လျက် - "မိန်းကလေး ရှောင်ရိုကို ဒုက္ခပေးမိပြီ။ သူငယ်ချင်းဟောင်းနဲ့ တွေ့လို့ စကားခဏ ပြောနေတာပါ။ ဘာမှ မဖြစ်ပါဘူး"
ရှောင်ရိုက ကျိုးဖိန်ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး အကြံပေးသည် - "စီနီယာ အိုရန်၊ ရှင့်ဒဏ်ရာက အရှင်းမပျောက်သေးဘူး။ ပြန်ပြီး အနားယူသင့်တယ်။ ခဏနေရင် ဒဏ်ရာတွေ မြန်မြန်သက်သာအောင် နှိပ်နယ်ပေးမယ့်သူ လွှတ်ပေးလိုက်မယ်... နောက်ဆက်တွဲ ဝေဒနာတွေ မကျန်အောင်လို့ပါ"
ကျိုးဖိန်: "....."
အိုရန်ချူးက ထပ်ခါတလဲလဲ ကျေးဇူးတင်နေသည် - "အို... ဒါမျိုးအထိတော့ ငါ မခံယူဝံ့ပါဘူး။ ကျေးဇူးတင်ပါတယ်ကွယ်။ သူငယ်ချင်းနဲ့ နှစ်ခွန်းလောက် ထပ်ပြောပြီးရင် ချက်ချင်း ပြန်လာခဲ့ပါ့မယ်"
"ဒါဆို မြန်မြန်လုပ်နော်"
ကျိုးဖိန်သည် ရှောင်ရို ထွက်သွားသည်ကို ကြည့်ပြီး မျက်လုံးများ ပြူးကြောင်နေတော့သည်။
အိုရန်ချူးက လှမ်းကြည့်ကာ - "မင်း အသက်အရွယ်ကြီးမှ ဘာတွေ ကြည့်နေတာလဲ ကလေးမလေးကို စိတ်ယိုင်နေတာလား"
"..." ကျိုးဖိန်၏ မျက်နှာမှာ တွန့်လိမ်သွားသည် - "ဒါ ဘယ်ဖောင်ဒေးရှင်းကလဲ"
"လန်ယာပရဟိတ ဖောင်ဒေးရှင်းပေါ့။ တခြား ဘယ်အဖွဲ့ ရှိဦးမှာလဲ"
အိုရန်ချူးသည် ကျိုးဖိန်၏ ဝမ်းချုပ်နေသလို ဖြစ်နေသော မျက်နှာထားကို ကြည့်ပြီး တစ်ခုခုကို နားလည်သွားပုံရသည်။ သူ၏ ပါးစပ်ထောင့်များမှာ မထိန်းနိုင်ဘဲ တွန့်တက်သွားသည် - "မင်းကို... ဟို ဖုန်လိုင်တိမ်ပင်လယ်ဖောင်ဒေးရှင်းက ကယ်ခဲ့တာလား"
ကျိုးဖိန်ကတော့ ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်နေလိုက်သည်။ သို့သော် အိုရန်ချူး၏ အမြင်တွင်မူ ဤသည်မှာ ဝန်ခံလိုက်ခြင်းပင်။
"ဟို အညံ့စားယွီရွှီဆေးလုံးက သူတို့ပေးတာ မဟုတ်လား"
"နေဦး... မင်း အဲဒီအမှိုက်ဆေးကို တကယ်ပဲ ပိုက်ဆံပေးပြီး ဝယ်ခဲ့တာလား"
ကျိုးဖိန်သည် ဒေါသတကြီးဖြင့် တစ်ဖက်သို့ မျက်နှာလွှဲလိုက်သည်။
"မဖြစ်နိုင်တာ၊ မဖြစ်နိုင်တာ။ အကြီးအကဲချုပ်ကြီး ကျိုးဖိန်က တကယ့်ကို သိုးဖြူလေး (အလိမ်ခံရသူ) အဖြစ် အဆက်ဆံခံရတာလား"
အိုရန်ချူးက ရယ်မောရင်း နောက်က လိုက်မေးနေသည် - "ဘယ်လောက် ပေးခဲ့ရလဲ ငါ့ကို ပြောပြပါဦး။"
"ငါးရာလား"
"တစ်ထောင်လား"
"သုံးထောင်လား"
"အဲဒီအမှိုက်ဆေးကို သူတို့ကမင်းကို တစ်လုံး ဝိညာဉ်ကျောက်တုံး တစ်သောင်းနဲ့ ရောင်းလိုက်တာတော့ မဟုတ်ပါဘူးနော်"
ကျိုးဖိန်: "...အိုရန်ချူး၊ မင်း ပါးစပ် ပိတ်ထားစမ်း"
ကျိုးဖိန် ပို၍စိတ်ဓာတ်ကျလာသည်။ သောက်ကျိုးနည်း ဖောင်ဒေးရှင်းချင်း အတူတူကို ဘာလို့ ဒီလောက် ကွာခြားနေရတာလဲ တစ်ဖက်က ဆေးပေး၊ စွပ်ပြုတ်တိုက်၊ နှိပ်ပေးနဲ့ တကယ့်ကို နွေးထွေးလှသည်။ ဒီကံဆိုးမိုးမှောင်ကျတဲ့ ဖုန်လိုင်တိမ်ပင်လယ် ဖောင်ဒေးရှင်းကတော့ လိမ်မယ်၊ ညာမယ်၊ ခြိမ်းခြောက်မယ်၊ လာဘ်ထိုးမယ် ဒီနှိုင်းယှဉ်ချက်က တကယ်ကို နာကျင်စရာပဲ
အလားတူ မြင်ကွင်းမျိုးများမှာ ရှင်းလော့ကျွန်းစု တစ်ခုလုံးတွင် ဆက်တိုက် ဖြစ်ပွားနေသည်။ ဖောင်ဒေးရှင်း နှစ်ခုမှာ နယ်မြေခွဲထားသော်လည်း ကျင့်ကြံသူများမှာ ကူးသန်းသွားလာနေကြသူများ ဖြစ်သည်။
မကြာမီမှာပင် ဖောင်ဒေးရှင်း နှစ်ခု၏ ဆန့်ကျင်ဘက် အမူအရာများကြောင့် ဆူညံပွက်လောရိုက်ကုန်သည်။
"ဟာဟိုဘက်မှာ လန်ယာဖောင်ဒေးရှင်းက ယွီရွှီဆေးလုံးတွေကို အလကား ပေးနေတာတဲ့"
"တကယ်လား ငါကတော့ ဖုန်လိုင်ဆီမှာ ဝိညာဉ်ကျောက်တုံး နှစ်သောင်း ပေးခဲ့ရတယ်"
"လန်ယာက စွပ်ပြုတ်တောင် တိုက်သေးတယ်၊ လူတွေကလည်း သဘောကောင်းလိုက်တာ"
"ဖုန်လိုင်က လူယုတ်မာတွေကတော့ ဒဏ်ရာရနေတဲ့ ကျင့်ကြံသူဆီက ရတနာကိုတောင် လုဖို့ ကြိုးစားနေကြတယ်"
"ဖုန်လိုင်နောက်က ကုန်သည်အဖွဲ့ကြီး ၃ ခုက လန်ယာထက် ပိုချမ်းသာပြီး အလှူငွေတွေလည်း သန်းနဲ့ချီ ရထားတာ မဟုတ်လား ဘာလို့ ငါတို့ကို အမှိုက်ဆေးတွေပဲပေးနေတာလဲ"
"ပိုက်ဆံတွေ ဘယ်ရောက်ကုန်ပြီလဲ"
"မေးနေဖို့ လိုသေးလား လန်ယာက တကယ် ပိုက်ဆံအကုန်ခံပြီး ပရဟိတလုပ်တာ၊ ဖုန်လိုင်ကတော့ ဒုက္ခရောက်နေသူတွေဆီကနေ ပိုက်ဆံရှာနေတာပဲ"
"သောက်ကျိုးနည်း ဖုန်လိုင်တိမ်ပင်လယ် ထွက်သွားစမ်း မင်းတို့ ကယ်ဆယ်ရေးကို မလိုချင်ဘူး"
"ငါတို့ လန်ယာပရဟိတ ဖောင်ဒေးရှင်းကိုပဲ လိုချင်တယ် ဖုန်လိုင်တိမ်ပင်လယ်... လစ်လိုက်တော့"
တစ်ခဏအတွင်းမှာပင် ကျွန်းကြီးများတစ်ခွင်၌ ထိုအသံများ ပျံ့နှံ့သွားတော့သည်။ အမြတ်ငွေများကို တွက်ချက်ရင်း ပြုံးဖြဲနေကြသော ကျန်းယန်နှင့် အခြားဖုန်လိုင်အဖွဲ့သားများမှာ ရုတ်တရက် ကျောချမ်းသွားပြီး မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရတော့သည်။